စစ်တပ်က အာဏာသိမ်းခဲ့တဲ့ကာလက ၄ လတာစွန်းစွန်းကို ရောက်လာခဲ့ပါပြီ။ လက်ရှိအချိန်ထိလည်း နယ်ပယ်အသီးသီးက ပြည်သူတွေက နေ့စဉ်ရက်ဆက် စစ်အာဏာရင်ကို အလိုမရှိကြောင်း ဆန့်ကျင် ကန့် ကွက်လျက် ရှိနေပါတယ်။ အဲဒီလို ဆန့် ကျင်ကြသူတွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးမှုတွေ၊ တရားစွဲဆို မှုတွေကို ပြုလုပ်နေတဲ့အတွက် ထွက်ပြေး တိမ်းရှောင် နေရသူတွေလည်း အများအပြား ရှိနေသလို၊ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတွေမှာလည်း အလွှာစုံ၊ နယ်ပယ် အသီး သီးက သူတွေ ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။
စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့အတွက် ဖမ်းဆီးခြင်းမခံရအောင် ရှောင်တိမ်းနေကြတဲ့အထဲမှာ ထင်ရှား ကျော်ကြား တဲ့ အနုပညာရှင်များစွာလည်း ပါဝင်နေပါတယ်။
အဲဒီအထဲမှာမှ စင်ပေါ်မှာ ပြက်လုံးများနဲ့ ပရိသတ်ကို ရယ်မောစေခဲ့တဲ့ ဟာသ လူရွှင်တော်အဖွဲ့ တဖွဲ့ဖြစ်တဲ့ ဟားငါးကောင် အဖွဲ့ဟာလည်း စစ်အာဏာရှင်ကို တော်လှန်ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်နယ် မြေတခုကို ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။
စစ်ကောင်စီကလည်း ဟားငါးကောင်အဖွဲ့ကို လိုက်လံဖမ်းဆီးနေတဲ့အတွက် အခုလို အဖွဲ့လိုက် တိုင်းရင်းသား လက်နက်ကိုင် နယ်မြေကို ရောက်ရှိလာရတာ ဖြစ်တယ်လို့ သိရပါတယ်။
တချိန်က လူတွေကို ပျော်ရွှင်မှုတွေရစေတဲ့သူတွေကနေ အခုအချိန်မှာ လက်နက်ကိုင်ဖို့အတွက် ဖြစ်လာရတဲ့ အကြောင်းအရာ များ၊ ခံယူချက်များကို အဖွဲ့ဝင် တိုင်းကျော် ကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ အာဏာသိမ်းမှု အစကနေ အခုအချိန်ထိ လုပ်ခဲ့တဲ့ လှုပ်ရှားမှုတွေကို ပြောပြပေးပါလား။
ဖြေ။ ။ အာဏာသိမ်းတယ်လို့ ကြားလိုက်ရတဲ့အချိန်က ချက်ချင်း တိုင်းပြည်ရဲ့အနာဂတ် ပျောက်သွားသလို ခံစားရတယ်။ အာဏာသိမ်းတဲ့အပေါ် သူတို့ပြောတာက လွတ်လပ်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးပေါ့။ မဲလိမ်လည် မှုတွေနဲ့လို့ ပြောတဲ့ အခါမှာ ဒီမဲကာလမှာ ကိုဗစ်ရောဂါကြီးကို အံတုပြီးတော့ တိုင်းပြည်မှာရှိတဲ့ ပြည်သူတွေက မိမိတို့ရဲ့အနာဂတ်ကို မိမိတို့ ရွေးချယ်ပြီးတော့ မဲပေးထားတာတွေကို စော်ကားလိုက်သလို ခံစားရတယ်။ အာ ဏာသိမ်းခြင်းဟာ ကျနော်တို့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပါ။
အဲဒါနဲ့ အာဏာသိမ်းမှုကို အဖွဲ့လိုက်အနေနဲ့ မဟုတ်ဘဲ တဦးချင်းစီ လိုအပ်တဲ့နေရာတွေမှာ ဆန္ဒဖော်ထုတ်ကြ တယ်။ ဘယ်မြို့နယ်မှာ ဘယ်လူငယ်တွေနဲ့အတူ ပူးပေါင်းဖို့ လိုအပ်တယ်ဆိုရင် ရှေ့ထွက်ပြီးတော့ ၅ ယောက်လုံး မသွားဘဲ တယောက် တနေရာချင်းစီမှာ လှုပ်ရှားကြတယ်။ ကျနော့် တကိုယ်ရည်မှာတော့ CDM တွေကို တတ်နိုင်သလောက် လိုက် လှူဒါန်းတယ်။ အလှူရှင်တွေနဲ့ချိတ်ပြီးတော့ လိုက်လှူဒါန်းပေးတယ်။ နောက်တခုက ကျဆုံးသွားတဲ့ ကလေးတွေကို ချိတ်ဆက်ပြီးတော့ လှူဒါန်းမှုတွေ လုပ်ပေးပါတယ်။
နောက်တော့ ကျနော်နဲ့ ပိုးလေး ၂ ယောက်လုံးကို အပူတပြင်း လိုက်ရှာနေကြပြီ ဆိုတဲ့ သတင်းတွေက ထွက်နေပြီ။ အဲဒါနဲ့ ကျနော်ရော ပိုးလေးရော ရှောင်ကြပြီ။ နောက်ပြီးတော့မှ သူတို့ကို လှောင်ပြောင်သရော်တဲ့ ဗီဒီယို ဖိုင်ကနေ စပြီးတော့ လှုပ် ရှားတယ်။
ကျနော်တို့ ဒီဘက်လွတ်မြောက်နယ်မြေ ရောက်တဲ့အခါမှာ အမြို့မြို့အနယ်နယ်မှာ ရှိတဲ့ ရည်ရွယ်ချက်က တခုတည်းပဲ လိုအပ်တဲ့ နေရာကို ဒီကနေ လှုံ့ဆော်မယ်။ တကယ့် တကယ် နွေဦးတော်လှန်ရေး စပြီ အဲဒီအချိန်ကျရင် ဘာလုပ်မလဲဆိုတာ အဖြေပေါ်လာပါလိမ့်မယ်။ ကျနော်တို့ ဘာလုပ်မလဲ ဆိုတာကို။
မေး။ ။ ဘာကြောင့် လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်လိုက်တာလဲ။
ဖြေ။ ။ ရှေ့မှာ ကိုဗစ်ကာလကြောင့် ပွဲမကရတာ ကြာပြီ။ ပြည်သူကလည်း စိတ်တွေ နွမ်းနယ်နေပြီ။ ဒီရွေးကောက်ပွဲကြီး ပြီးရင် ရောဂါကြီးပြီးရင် ကျနော်တို့ ဖျော်ဖြေကြတော့မယ့် အချိန်မှာ ဒီလို အာဏာသိမ်းမှုဖြစ်တော့ ထပ် စိတ်ညစ်ရပြန်ရော။
အဲဒီတော့ ကျနော်တို့က လက်နက်ကိုင်ဖို့ ဆိုတာထက် ရရာနေရာက တာဝန် ထမ်းဆောင်မယ်ပေါ့။ နောက်တခုက ဟိုဘက်မှာ မလုံခြုံတော့တဲ့အခါမှာ ကျနော်တို့က သူတို့နဲ့ ထိပ်တိုက်တွေ့စရာက ပြည်သူမှာရော အနုပညာသမားမှာပါ အင်အား မရှိဘူး။ ကျနော်တို့က သူတို့နဲ့ ထိပ်တိုက်တွေ့မယ့်နေရာ ထိပ်တိုက်တွေ့ဖို့ ပြီးပြည့် စုံတဲ့ နေရာကို လာခဲ့တာပါ။
သူတို့က လက်နက်နဲ့ ဖိအားပေးထားတယ်။ ကျနော်တို့က သူတို့ကို ပြန်ဖိအားပေးလို့ရတဲ့နေရာ လက်နက်မှ မဟုတ်ဘူး။ အနုပညာနဲ့ရော ဖိအားပေးလို့ ရတယ်။ လက်နက်က လိုအပ်တဲ့အခါကျရင် ကိုင်ရမှာပေါ့ဗျာ။
မေး။ ။ ဟာသ လူရွှင်တော်တွေဖြစ်ကြတဲ့အတွက် စင်ပေါ်မှာ မိုက်ကိုင်ရာကနေ သေနတ်ပြောင်းကိုင်ရတဲ့ အပေါ် စိန် ခေါ်မှုတွေကို ပြောပြပေးပါဦး။
ဖြေ။ ။ ကျနော်တို့ ဟားငါးကောင်က အဖွဲ့ စဖွဲ့တဲ့ အချိန်ကနေ အခုအချိန်ထိ တက်ညီလက်ညီ ရှိကြတဲ့အခါ ကျတော့ တခုခု လုပ်မယ်ဆိုရင် ကျနော်တို့က ဒီမိုကရေစီနည်းနဲ့ပဲ။ မဲများတဲ့ဘက်ကို မဲနည်းတဲ့သူက လိုက် ဖြည့်ပေးရတယ်။ ကျနော်တို့ အဖွဲ့ဟာ ဒီကာလမှာ အငြင်းအခုံ မရှိဘဲ တညီတညွှတ်ထဲ ထွက်တဲ့အသံပဲ။ ပြည်သူ အတွက်လိုအပ်ရင် လိုအပ်တဲ့နေရာက ထွက်မယ်။ လွတ်မြောက်နယ်မြေကို ရောက်လို့ ဒီလိုပြောတယ် ထင်ကြလိမ့်မယ်။ ကျနော်တို့ လိုအပ်တဲ့အချိန်ကျရင် ပြည်သူတွေအတွက် လက်နက်ကိုင်မှာပါ။
မေး။ ။ ဟာသလူရွှင်တော်တွေ ဘဝကနေ အခုလို လွတ်မြောက် နယ်မြေကို ရောက်ရှိလာပြီဆိုတော့ ပြည်သူတွေ ဘာများ ပြောချင်လဲ။
ဖြေ။ ။ ကျနော်တို့ အခုကျောင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ တချို့နေရာတွေမှာ ကလေးတွေကို ကျောင်းအပ်နေတာ မြင်ရ တယ်။ ကျောင်းတွေမှာလည်း သေနတ်တကားကားနဲ့ ကိုင်ပြီး စောင့်နေကြတဲ့သူတွေကို တွေ့ရတယ်။ မဲ မသမာမှုကြီး ရှိခဲ့တယ်ဆိုပြီး သူတို့ပြောကြတဲ့ အစိုးရ လက်ထက်မှာ ပေါက်ကွဲသံလည်း မကြားခဲ့ရ ဘူး။ သေနတ်ဆိုတာ မြင်ဖူးခဲ့မှာ မဟုတ်ဘူး။ အခုကျတော့ ကျောင်းတွေမှာပါ မြင်ဖူးတယ်။ အဲဒါကိုပါ စိုးရိမ် တယ်။
ကျနော်တို့ ဒီရောက်တဲ့အချိန်မှာ တချို့သံဃာတော်တွေက သင်္ဃန်းချွတ်ပြီးတော့ကို ဒီတိုက်ပွဲမှာ ပါဝင်ချင်နေ ပြီဆိုတော့ စိတ်လေးတွေ ထိန်းပေးကြပါဦး။ ကျနော်တို့ အချိန် အတိုင်းအတာတခုကို စောင့်ပေးဖို့ကို ဒီကနေ ပြောချင်ပါတယ်။ ကျနော် တို့ ပိုးလေးတို့ဆိုရင် ကွန်မန့်တွေမှာ လာပြောတဲ့သူတွေ အများကြီးပါပဲ။ ပြည်သူတွေ အနေနဲ့ ခဏလေး တောင့်ခံ ပေးထားပါ။ ကျနော်တို့နွေဦးတော်လှန်ရေးကြီးက အာဏာရှင်တွေအတွက် ကျရှုံးဖို့ အချိန်တန်ပါပြီ။
You may also like these stories:
အကြောက်တရားတွေ ဖိနှိပ်မှုတွေနဲ့ မရှင်သန်လိုဘူးဆိုတဲ့ ထားထက်ထက်နဲ့ မေးမြန်းခြင်း
အစိုးရနဲ့ ပြည်သူက စစ်သူပုန်ကို နှိမ်နင်းတာဖြစ်တယ်