တွန်းဇံမှာ outbreak ဖြစ်နေပြီ

ဧရာဝတီ
တွန်းဇံမြို့နယ်တွင် မေလ ၃၀ ရက်က ကိုဗစ်ရောဂါကြောင့် သေဆုံးခဲ့သော ကိုယ်ဝန်ဆောင် အမျိုးသမီး၏ ဈာပန / Chin World

စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေး အကျပ်အတည်းကြောင့် ကျန်းမာရေးယန္တရားတခုလုံး ပြိုကျလုလု အချိန်တွင် ကိုဗစ်ရောဂါ တကျော့ပြန် ခေါင်းထောင်လာရာ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် ကိုဗစ်ဖြစ်ပွားမှု မြင့်တက်လာ နေပြီး လတ်တလောတွင် ကိုယ်ဝန်ဆောင် တဦးနှင့် အသက် ၇၃ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့ပြီးဖြစ်သည်။

ထိုသို့ ကူးစက်မှုနှုန်းပြန်လည် မြင့်တက်လာသည့်အတွက် ကိုဗစ် ပိုးတွေ့လူနာများပြားနေသော ချင်းပြည်နယ် တွန်းဇံ မြို့နယ် နှင့် စစ်ကိုင်းတိုင်းရှိ တမူးမြို့နယ် ၂ မြို့ကို မေလ ၂၉ ရက်က စတင်ပြီး Stay at Home မြို့နယ်များအဖြစ် စစ်ကောင်စီက သတ် မှတ်လိုက်သည်။

လက်ရှိ နိုင်ငံရေး အကျပ်အတည်းများကြားတွင် ချင်းပြည်နယ် တွန်းဇံမြို့နယ်အနေဖြင့် ကိုဗစ်အန္တရာယ်ကို မည်သို့ ရင်ဆိုင် နေရသည်ကို သိရှိနိုင်ရန်အတွက် တွန်းဇံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထန်ရှင်းခိုင် ကို ဧရာဝတီ သတင်း ဌာနက ဆက်သွယ် မေးမြန်းထားပါသည်။

မေး။  ။ တွန်းဇံမြို့နယ်မှာ ဖြစ်နေတဲ့ ကိုဗစ်အခြေအနေကို သိချင်ပါတယ်။ လက်ရှိ ဘယ်လိုများ ဖြစ်နေသလဲရှင့်။

ဖြေ။  ။ မနေ့က တရက်ထဲ ကိုဗစ်လူနာ ၅၂ ယောက် ထပ်တိုးတယ်။ မနေ့က အများဆုံးပဲ။ ရှေ့ရက်တွေမှာတော့ ၂၀ ဝန်းကျင် လောက်ပဲ ရှိတာ။ မနေ့ကတော့ စံချိန်တင် အများဆုံး ဖြစ်သွားတာ။

မေး။  ။ ကူးစက်မှုက ဘယ်လို ဖြစ်တာလဲ။ ဘယ်ကနေ တဆင့် လာတာမျိုးဖြစ်မလဲ။

ဖြေ။  ။ အိန္ဒိယဘက်ကနေ ကူးလာတာ ဖြစ်မယ်။

မေး။  ။ ကုသရေးပိုင်းမှာက ဘယ်လို အခက်အခဲတွေ ဖြစ်နေလဲ။

ဖြေ။ ။ ကုသရေးမှာ အားဆေးလေးတောင် ပေးစရာ မရှိတော့ဘူး။ နိုင်ငံရေး အခြေအနေနဲ့ ဌာနကနေတင်တဲ့ တင်ဒါဆေး တွေလည်း ရောက်မလာတော့ဘူးလေ။ လုံးဝ ပြတ်သွားပြီလို့ ပြောလို့ရတယ်။ ကျနော်တို့ လူနာကိုပဲ ဆိုင်ကနေ ဝယ်ခိုင်း တာတို့ ဘာတို့ လုပ်ရတော့တယ်။ လောလောဆယ်တော့ ကျနော်တို့မှာ Tablet ပေါ့။ ဆရာဝန်တွေစုပြီး နည်းနည်းစီ ဝယ် ပေးလိုက်တာမျိုး ရှိတယ်။ ဒါပေမယ့် အားဆေးတို့ ဘာတို့ကျတော့ ကျနော်တို့ ဝယ်မပေးနိုင်ဘူးလေ။ ဈေးကြီးတယ်လေ။ ဆေးကတော့ ဘာမှ မရှိတော့ဘူး။

မေး။  ။ ကိုဗစ်အတွက်က အောက်ဆီဂျင်ကလည်း အရေးကြီးတာဆိုတော့ အဲဒါကရော ဘယ်လိုဖြေရှင်းနေလဲ။

ဖြေ။ ။ အောက်ဆီဂျင်ကတော့ အလှူရှင်တွေကလည်း ပေးတာတော့ ရှိပါတယ်။ ပြတ်လပ်တာတော့ မရှိသေးဘူး။ ဒါပေ မယ့် မကြာခင်တော့ ပြတ်လပ်မယ့် အနေအထား ရှိပါတယ်။ ရောဂါ ထပ်များလာရင်တော့ ပြတ်လပ်မယ့် အနေအထားပါ။ ကျနော် တို့ တကယ့် အသက်ရှူခက်ပြီးတော့ အရေးပေါ်လူနာအတွက် အသက်ရူအကူစက် (Ventilator) တို့ ဘာတို့လည်း မရှိဘူး လေ။ နယ်မြို့လေးဆိုတော့ အဲဒါတွေက မရနိုင်ဘူး။ အလှူရှင်တွေကလည်း အခုထိ ပေါ်မလာသေးဘူးပေါ့နော်။

မေး။  ။ အဲဒါဆိုရင် အခုအခြေအနေက ကျန်းမာရေးဝန်ကြီးဌာနကထက် ပြင်ပ အလှူရှင်ကို ပိုအားကိုးနေရတဲ့ အနေအ ထားလား။

ဖြေ။ ။ ဝန်ကြီးဌာနကလည်း Test Kit တွေ ဘာတွေ ပို့တာတော့လည်း ပို့ပါတယ်။ Test kit ဆိုလည်း ၃ ထောင် ပို့ပါတယ်။ Test Kit တော့ လောက်တယ်။ အဓိက က ဆေးဝါး၊ ဌာနကိုတော့ တောင်းထားတယ်။ ဌာနဘက်က ဆေးဝါးတော့ မရောက် သေးဘူး။

မေး။  ။ တွန်းဇံမှာဆိုရင် ကိုဗစ်ကြောင့် သေဆုံးသူလည်း ရှိနေတော့ သေဆုံးသူတွေထဲမှာ ဘယ်လို အခြေအနေတွေပါလဲ။

ဖြေ ။  ။ အဓိကတော့ ကိုယ်ခံအား ပိုနည်းတဲ့ အဖွဲ့တွေမှာ ဥပမာ ကိုယ်ဝန်သည်တို့ ဘာတို့ဆို သာမန်လူထက်ကို ကိုယ်ခံအား ပိုနည်းတာပေါ့။ ပြီးတော့ သိပ်မခံနိုင်ကြဘူး။ ကျနော်တို့ မနှစ်တုန်းက Control လုပ်တုန်းက ပိုးတွေနဲ့ သိပ်မတူတော့ဘူး။ ပိုး တွေရဲ့ဗီဇ ပိုပြင်းတယ်လို့ပဲ ပြောရမယ်။ ပြင်းထန်လာတယ်။ သာမန်ဖြစ်နေတဲ့ လူတွေဆိုလည်း အရင်က ဖြစ်နေတဲ့သူဆိုရင် အိပ်ရာပေါ်မှာ မလဲဘူးလေ။ အခုဖြစ်နေတဲ့ လူတွေ အများစုကပေါ့နော်။ နှစ်ရက်သုံးရက်လောက် ဖျားပြီးလို့ ရှိရင် လုံးဝ အိပ်ရာပေါ်လဲသွားတာ။ လုံးဝကို ဘာမှ လုပ်လို့ မရဘူး။ ဘာမှ မလုပ်နိုင်တော့ဘူး။ အားတအား ပြတ်တယ်။ အင်အားကုန် ခမ်းတာပေါ့။ အသက်ရှူ မကြပ်ရင်တောင်မှ ဘာမှ မလုပ်နိုင်တော့ဘူး။ နုံးချိပြီးတော့ အိပ်ရာပေါ်လဲကျတာ ဆိုတော့ တအား ပြင်းတယ်လို့ ပြောကြတယ်။

မေး။ ။ ဒါဆိုရင် အသွင်ပြောင်းလာတဲ့ လက္ခဏာကို တွေ့ရတာပေါ့။

ဖြေ။ ။ ဟုတ်တယ်။ အရင်ကနဲ့ လုံးဝ မတူပါဘူး။ အခုဖြစ်လာတဲ့ လူနာတွေဆိုရင် အကုန်လုံး အနံ့မရကြဘူး။ မေလဆန်း ပိုင်းကနေ စတာ။ ကျနော်တို့ ဝန်ထမ်းတွေလည်း အကုန် CDM ဝင်ပြီးသွားတော့ ဝန်ထမ်း မရှိတာနဲ့ ဘာနဲ့ဆိုတော့ လူနာတွေ လည်း သူတို့ တခြားလူနဲ့ ကုတာပေါ့။ နောက်ဆုံး မရတဲ့ အဆုံးကျတော့ ဒီကိုလာကြတယ်။ ဆေးရုံအပြည့်ဖြစ်သွားတဲ့အခါ သံသယဖြစ်ပြီး စစ်ကြည့်လိုက်တာ တွေ့တာပေါ့နော်။

မေး။  ။ အခုကျတော့ တွန်းဇံမှာ စစ်ဆေးတာရဲ့ ဘယ်နှစ်ရာခိုင်နှုန်းလောက် တွေ့ရတယ်လို့ ပြောလဲ။

ဖြေ။  ။ အခုက၂၈၊ ၃၀ ရာခိုင်နှုန်းကြားမှာ တွေ့ရတယ်။

မေး။  ။ ဘယ်လောက်ထိ သတိထားရမလဲ။ ဘယ်လောက် စိုးရိမ်စရာ ကောင်းနေတယ်လို့ပြောလို့ရလဲ။

ဖြေ။  ။ ဖြစ်နိုင်လို့ ရှိရင်တော့ အိမ်ထဲမှာ အပြင်မထွက်ဘဲ နေနိုင်တာ အကောင်းဆုံးပေါ့။ မဖြစ်မနေ ဈေးဝယ်တဲ့ လူတွေဆို ရင်တော့ အရင်တယောက်ပဲ ထွက်ပြီးတော့ ကိုဗစ်စည်းကမ်းနဲ့ မက်စ်တပ်ပြီးတော့ ဦးထုပ်ဖြစ်ဖြစ်၊ ဆောင်းပြီးတော့ အနည်း ဆုံး အေပရွန်တို့ ဘာတို့ ဝတ်ပြီးတော့ ကိုယ့်ဆီ ပြန်ရောက်လို့ရှိရင် အိမ်အပြင်ဘက်မှာ ချွတ်ပြီးတော့ မီးရှို့၊ အဲဒီလို မျိုး ပုံစံနဲ့ မနေနိုင်လို့ ရှိရင်တော့ တမြို့နယ်လုံး ကူးစက်မယ့် အခြေအနေ ဖြစ်နေတယ်။ တွန်းဇံမှာ Outbreak ဖြစ်နေပြီလို့ပဲ ပြောရ တော့မှာပေါ့။ Control လုပ်ဖို့တော့ တော်တော်လေးကို ခက်ခဲမယ့် အခြေအနေ ဖြစ်တယ်။

အခုတောင် လူနာတွေက သူတို့ဘာ သူတို့ ဆေးသောက်တယ်။ ဘယ်လိုမှ မပျောက်နိုင်ဘူးဆိုရင် ဆေးရုံကိုလာတယ်။ သူတို့ ဟာသူတို့ Request လုပ်ကြတာ များတယ်။ ကျနော်တို့ စစ်ထားတာထက် လူနာတွေက ကိုယ့်ကိုကိုယ် မသင်္ကာ ဖြစ်ပြီး ကိုဗစ် ဖြစ်ဖို့ များတယ်ဆိုပြီးတော့ သူတို့ဟာသူတို့ လာပြီးတော့ Request လုပ်ကြတာ ပိုများတယ်။ အရင်တုန်းကတော့ မတရားကို လိုက်ချော့နေရတာ။ အခုက အဲဒီလို မဟုတ်ဘူး။ ပြည်သူတွေက တအားကြောက်လန့်နေကြပြီ။ အနံ့မရဘူး။ အဲဒါလည်း ကြာ နေပြီ။ ဆေးသောက်တယ် ဘယ်လိုမှ မပျောက်နိုင်ဘူး။ ဆေးသောက်တဲ့ အချိန်မှာပဲ အဖျားကျတယ်။ ပြီးတော့ ပြန်ပြန်တက် နေတယ်ဆိုပြီးတော့ မသင်္ကာဖြစ်ပြီးတော့ ကျနော်တို့ဆီ Request လုပ်ကြတာ ပိုများတယ်။

မေး။  ။ ဖြစ်ပွားမှုမှာ သေဆုံးတာ ဘယ်လောက် ရာခိုင်နှုန်းလောက် ရှိလဲ။

ဖြေ။ ။ သေဆုံးတာကတော့ အခုလောလောဆယ် ကျနော်တို့ဆီမှာ ၁၃၄ ယောက် Positive တွေ့တဲ့အထဲမှာ အခု ၂ ယောက် ဆုံးသွားပြီ။ မနေ့ညက ၁ ယောက် ထပ်ဆုံးတယ်။ မနေ့ညက အသင်းတော်က Master ၇၃ နှစ် တယောက် ဆုံးသွားပြန် တယ်။ သူကတော့ အသက်ကြီးပါပြီ။ ပြီးတော့ ရောဂါ အခံ အဆုတ်ရောင်ရောဂါပေါ့။ ကိုဗစ် မဖြစ်ခင်ကလည်း ဒီရောဂါနဲ့ ဆေးရုံ ခဏခဏ ရောက်တဲ့သူပါ။

မေး။ ။ ကိုယ့်ဘာကိုယ် ဂရုစိုက်တဲ့သူများ လာတယ်ဆိုတော့ ဆေးရုံတက်တဲ့သူအခြေအနေကရော ဘယ်လိုရှိလဲ။ ဆေးရုံ တက်ကြလား။ ဆေးရုံကရော လက်ခံကုသနိုင်လား။

ဖြေ။  ။ ဆေးရုံက မထားနိုင်ဘူး။ နောင်ဖြစ်လာမှာက ဘယ်လောက်ဖြစ်မယ်ဆိုတာ ခန့်မှန်းလို့ မရတော့ဘူး။ ပြီးတော့ ဆေး ရုံမှာက အခန်းတွေကတော့ ကိုဗစ်စင်တာ အနေနဲ့ လုံးလုံးကို ပြောင်းလိုက်ပြီ။ လုံးဝအပြင် တခြားလူနာတွေကို လက်မခံ တော့ဘူး။ အပြင်မှာ Fever Clinic ဖွင့်ပြီးတော့ OPD ကိုလည်း အဲဒီမှာပဲ လက်ခံခိုင်းတယ်။ ဆေးရုံကတော့ Positive တွေ့ပြီ ဆိုမှ ဆေးရုံမှာ ထားလိုက်တယ်။ Quarantine Center တွေကို COVID Care Center လိုမျိုး ပြောင်း လိုက်တယ်။ အောက် ဆီဂျင်ပေးတဲ့ အဆင့်တွေပဲ ဆေးရုံတင်တယ်။ ကျန်တာတွေကို Quarantine Center မှာ Volunteer တွေနဲ့ ထားလိုက်တယ်။

ဆရာဝန်နဲ့ အနီးကပ်မှာ အဲဒီလူပဲ ထားတယ်။ ကျန်တာကို Quarantine Center မှာ Volunteer လူငယ်တွေနဲ့ပဲထားတယ်။ ဖုန်း Contact လုပ်တယ်။ ကျနော်တို့ ဆရာဝန်တယောက်ကို နေ့စဉ် သွားကြည့်ခိုင်းတာ။ မဟုတ်ရင်လည်း ဝန်ထမ်းတွေ လုံးဝ ကို မနိုင်တော့တာ။ ဝန်ထမ်းတွေ ၆၀ နဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို CDM ဝင်နေတာ။ ရှိတဲ့ ဝန်ထမ်းအင်အားနဲ့ ပေါင်းစပ်ပြီး အဲဒီလို လုပ်ကြတာပေါ့။

မေး။  ။ ဒါဆိုရင် ဝန်ထမ်းကလည်း မလောက်၊ ဆေးဝါး အထောက်အကူပစ္စည်းကလည်း မလောက်၊ ကိုဗစ်ကလည်း ဆက် တက်နေတော့ ရေရှည် ဘယ်လို လုပ်သင့်လဲ။

ဖြေ။  ။ လုံးဝ စိုးရိမ်ရတဲ့ အခြေအနေ ရောက်ရှိနေပါတယ်။ ရေရှည်မှာ ဖြစ်နိုင်လို့ ရှိရင် ကျနော်တို့ ဆရာဝန်တွေ၊ ကျန်းမာ ရေးဝန်ထမ်းတွေ တအား လိုအပ်ပါတယ်။ ဆေးဝါးပစ္စည်းတွေ ကိုယ်နိုင်သလောက်လေးတွေ ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။ နိုင်ငံ ရေး အခြေအနေအရ အမြင်အမျိုးမျိုးလည်း ရှိတာပေါ့။ သူတို့အနေနဲ့လည်း ပြောချင်စရာပေါ့။ ဒါပေမယ့် လူတွေ သေလာပြီ ဆိုတော့ နည်းနည်းတော့ စိုးရိမ်ရတဲ့ အခြေအနေဖြစ်သွားပြီပေါ့။ တခြားမြို့နယ်တွေ၊ တခြားဒေသတွေလည်း ဂရုစိုက်ကြပါ။ ကိုယ့်အိမ်တွင်းမှာပဲ အမြဲရှိနိုင်ပါစေ။ ဒီလိုအခြေအနေမျိုးမှာ။ ဘယ်သူမဆို တဦးချင်းဆီ ကိုဗစ်ကာကွယ်ရေး လုပ်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီလိုမှ မလုပ်ရင် အခုအချိန်က နိုင်ငံရေး အရှုပ်အထွေးကြားမှာ ဒီဥစ္စာကို ဘယ်သူမှ အရင်ကလို အာရုံမစိုက်နိုင်ကြတော့ဘူးလေ။

မေး။ ။ လက်ရှိက Quarantine Center ဘယ်နှစ်ခု ရှိလဲ။

ဖြေ။ ။ လက်ရှိအနေအထားက Quarantine Center တခုပဲ ရှိပါတယ်။ ကျနော်တို့ လိုအပ်လို့ရှိရင်တော့ ထားမယ့်နေရာ မရှိ တော့ရင်တော့ အားကစားခန်းမတို့၊ ဘုရားကျောင်းတို့ကို တောင်းမယ့် အခြေအနေ ရှိပါတယ်။

မေး။  ။ မေလကုန်က ဆုံးတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ကိုဗစ်ကူးစက်ခံရပြီး ကုသမှု အခြေအနေတွေက ဘယ်လိုမျိုး ဖြစ်ခဲ့တာလဲ။

ဖြေ။  ။ ကိုယ်ဝန်ဆောင်အမျိုးသမီးကတော့ သူက ကိုယ်ခံအားလည်း တအားနည်းနေတယ်။ ကိုယ်ဝန်ကလည်း ၈ လ ရောက် နေပြီ။ နောက်လဆိုရင် မွေးလ ရောက်နေပြီပေါ့။ သူ့ကို Care လုပ်ပေးမယ့် ဆရာဝန်ကောင်းကောင်းလည်း မရှိဘူး။ သူဆေးရုံ တက်တဲ့အချိန်မှာပေါ့။ သူဆေးရုံတက်ပြီး ၂ ရက် ၃ ရက်နေမှ Volunteer ဆရာဝန်တွေက ရောက်လာတာ။ အဲဒီ အရင်က သူနာပြုနဲ့ပဲ ကုသမှုယူတာပေါ့နော်။ ကုသမှုကလည်း ကောင်းကောင်း မရဘူးလို့ ပြောလို့ရတယ်။ ကလေးက တော့ အဖတ် မတင်ဘူး။ အထူးကုတွေဘာတွေ ရှိတယ်ဆိုရင် ဆုံးခါနီးမှာ ကလေးကို ကယ်လို့ရတာပေါ့။ ဒါပေမယ့် အဲဒီလိုမျိုး ခွဲခန်းဝင် နိုင်တဲ့ အဆင့် မရှိဘူး။

ဒီက တိုက်နယ်ဆရာဝန်တွေကလည်း အခြေအနေ အရပ်ရပ်ကြောင့် ရှောင်နေရတာ ဖြစ်နေတာပေါ့။ အခက်အခဲ ပေါင်းစုံ ကြားမှာ ဆုံးသွားတယ်လို့ ပြောရမှာပေါ့။ သူက အဆုတ်တအားကို ယောင်သွားတာ။ ၂၈ ရက်မှာ ဆေးရုံတက်ပြီး ၃၀ ရက် ညမှာဆုံးသွားတာ။

မေး။  ။ ဘာများ ဖြည့်စွက်ပြောချင်သေးလဲရှင်။

ဖြေ။  ။ အခုဖြစ်တဲ့ သေဆုံးသူအများစုက မကြာဘူး ၃ ရက်အတွင်းကို ဆုံးသွားတာ။ အရင်က ကိုဗစ်တွေနဲ့ကို မတူဘူး။ တအားကို ပြင်းထန်တယ်။ အသက်အရွယ်ကောင်းတဲ့ အုပ်စု လူငယ်တွေကဆိုရင် ၅ ရက် ၆ ရက်လောက်ဖျားပြီး လည် ချောင်းနာနေရင်တော့ ဝမ်းသာလိုက်တော့ အခုအခြေအနေက။ သေတဲ့လူတွေက အဲဒီအခြေအနေကို မရောက်ဘူး တခါ တည်း အဆုတ်ထဲကို ပိုးဝင်ပြီးတော့ ၂ ရက် ၃ ရက်နဲ့ သေသွားတယ်။ လုံးဝကို သတိထားရမယ့် အခြေအနေမျိုးပါ။ တအားကို ကြောက်စရာ ကောင်းပါတယ်။ တအားကြီးကို သတိထားရမယ့် အခြေအနေဖြစ်ပါတယ်။

ကိုဗစ်မကြောက်ဘူး ဘာမှမဖြစ်ဘူးလို့တော့ မပြောမိစေနဲ့။ တအားကို ခံစားရတယ်။ အခုဖြစ်တာက။ ဖျားသမျှ လူနာတွေက အိပ်ယာပေါ် လဲတာတွေချည်းပဲ၊ အဲဒီလိုဖြစ်နေတယ်။ ပြီးတော့ နေကောင်းပြီးနောက်ပိုင်း ၂ ပတ်အတွင်းမှာ ဘာမှလုပ်လို့ မရ ဘူး တအားနုံးချိတယ်။ တအားပြင်းထန်တယ် အခုလက္ခဏာတွေက။ ဘယ်သူမဆို ပေါ့ပေါ့တန်တန် မနေကြပါနဲ့။ ကိုဗစ် စည်း မျဉ်းစည်းကမ်းလေးတွေနဲ့ နေထိုင်ပေးကြပါ။ တကယ်ဖြစ်လာရင် မလွယ်ပါဘူးလို့ အဲဒီလိုလေး မှာကြားချင်ပါတယ်။

You may also like these stories:

ကိုဗစ်ဖြစ်ပွားမှုနှုန်း မြင့်တက်နေပြီး တရက်တည်း ပိုးတွေ့သူ ၁၀၀ ကျော်ရှိလာ

ကိုဗစ်ကူးစက်မှုနှုန်း ပြန်မြင့်တက်လာ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကိုဗစ်ပိုးရှိသူ ၄ ဦး တွေ့

ကိုဗစ်တတိယလှိုင်း ဖြစ်လာလျှင် မြန်မာ ခံနိုင်ရည် မရှိ

Loading