အာဏာသိမ်းမှုကို လက်နက်ကိုင် တော်လှန်နေသည့် ကယားပြည်နယ်တွင်း ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) များနှင့် စစ်ကောင်စီကြား စစ်ရေး အခြေအနေမှာ တင်းမာနေဆဲ ဖြစ်သည်။
ပြည်သူ့တပ်များနှင့် စစ်ကောင်စီကြား ဒီးမော့ဆို၊ လွိုင်ကော်နှင့် ဖရူဆိုမြို့နယ်တို့အတွင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်နေ သည့် တဖက်တွင် စစ်ကောင်စီက လက်နက်ကြီးများ မြို့ရွာအတွင်း ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ထားသည့်အပြင် ရာနှင့်ချီသည့် စစ်အင်အားများကိုလည်း ကယားပြည်နယ်အတွင်း ထပ်မံ ပို့ဆောင်နေပြီဖြစ်သည်။
စစ်ကောင်စီဘက်က ပြည်သူ့တပ်များကို တိုက်ခိုက် ချေမှုန်းတော့မည် ဖြစ်သဖြင့် အရပ်သားများ လုံခြုံသည့် နေရာများတွင် တိမ်းရှောင်ကြပါဟု ရေးသားထားသည့် စာတစောင်ကိုလည်း စစ်ကောင်စီ၏ ကယားပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီက ဒီးမော့ဆို၊ လွိုင်ကော်နှင့် ဖရူဆိုမြို့နယ်အတွင်းမှ အုပ်ချုပ်ရေးဌာနများထံသို့ ဇွန် ၄ ရက်က စာပေးပို့ထားသည်။
ကယားပြည်နယ်တွင်း ပြည်သူ့တပ်များကို ဒေသအခြေစိုက် ကရင်နီတော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့များကလည်း အကူ အညီပေးမှုများ ရှိနေသည်။ ထိုထဲတွင် တော်လှန်ရေး သက်တမ်း နှစ်ပေါင်း ၆၀ ကျော်ကြာပြီဖြစ်သည့် ကရင်နီ အမျိုးသား တိုး တက်ရေး ပါတီ (KNPP) သည်လည်း ပါဝင်ကူညီလျက် ရှိသည်။
ကယားပြည်နယ်တွင်း စစ်ရေးအခြေအနေ၊ ဒေသအခြေအနေနှင့် ပတ်သက်၍ KNPP ၏ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး (၁) ခူးဒယ်နီရယ်ကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ ကယားပြည်နယ်တွင်း စစ်ရေး ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ KNPP ရဲ့ပါဝင် လှုပ်ရှားနေမှု အခြေအနေကို သိချင်ပါ တယ်။
ဖြေ။ ။ ကျနော်တို့ ပါဝင်မှုက ဗဟိုကနေ တိုက်ပါ၊ ခိုက်ပါ ဆိုပြီး ပြောတာ မရှိဘူး။ သို့သော် ကျနော်တို့ နဂိုရှိပြီးသား သဘော ထားကတော့ လူထုနဲ့ တသားတည်း ရှိတယ်။ လူထုကို တိုက်မှတော့ ကျနော်တို့လည်း လိုက်ထိန်းသိမ်းပေးတာ ရှိပါတယ်။ အဲဒီလို အနေအထားမျိုးပဲ ရှိပါတယ်။
မေး။ ။ ကယားပြည်နယ်တွင်း ပဋိပက္ခမှာ စစ်ကောင်စီဘက်က မြို့ရွာထဲ လက်နက်ကြီးတွေနဲ့ ပစ်ချတာ တိုက်ခိုက်တာတွေ လုပ်နေတဲ့ အပေါ်ရော KNPP ရဲ့သဘောထားက ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ လူထုကို အဲဒီလိုလုပ်တာ ကျနော်တို့ သဘောမတူဘူး။ ဥပမာ PDF တွေ ရှိတယ်။ လက်နက်ကိုင်ထားတဲ့ အချင်းချင်း တိုက်တာကတော့ ကျနော်တို့ပြောစရာ မရှိဘူး။ မဆိုင်တဲ့ လူထုကို ဘာမှ တိုက်ခိုက်ဖို့ မသင့်ဘူး။ အိမ်တွေ မီးရှို့တာ လက် နက်ကြီးနဲ့ ရမ်းပစ်တာတွေ ကျနော်တို့ သဘောမတူဘူး။
မေး။ ။ မြေပြင်မှာရော စစ်ကောင်စီနဲ့ KNPP စစ်ရေးအခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ အစပိုင်းတုန်းက ကျနော်တို့ ထိပ်တိုက်တွေ့တာ တခေါက်၊ နှစ်ခေါက် ရှိတယ်။ ကျနော်တို့ သင်တန်းကွင်းကို သူတို့ လိုက်ရှာတုန်းကတော့ တခေါက်၊ နှစ်ခေါက် ထိပ်တိုက် တွေ့တယ်။ အဲဒီတခေါက်ပါပဲ။ ကျန်တာတွေကတော့ နဂို သတ်မှတ် ထားတဲ့အတိုင်းကို ကျနော်တို့ဘာသာ ကျနော်တို့ ရှိနေတယ်။ သူတို့ကလည်း လာတာ မရှိဘူး။ လူထုနဲ့ အနီးစပ်ဆုံးမြို့တွေမှာ ရွာတွေမှာ သူတို့ လုပ်နေတာရှိတယ်။ ကျနော်တို့ တပ်စခန်းတွေတော့ မဟုတ်ဘူး။ ကျေးရွာတွေ မြို့ပေါ်တွေမှာပဲ သူတို့ တိုက် ခိုက်မှုတွေ လုပ်နေတာပါ။
မေး။ ။ စစ်ကောင်စီနဲ့ KNPP ကြား အောက်ခြေမှာ စစ်ရေးတင်းမာမှု မရှိဘူးလို့ ဆိုလိုတာပါလား။
ဖြေ။ ။ အောက်ခြေရယ်လို့တော့ မဟုတ်ပါဘူး။ အဖွ့ဲအစည်းနဲ့တော့ စစ်ရေး တင်းမာတာတော့ မရှိပါဘူး။ သို့သော် ကျနော် တို့က လူထုနဲ့ တသားတည်း နေပါတယ်။ လူထုကိုထိတာ ကျနော်တို့ကို ထိတာနဲ့ အတူတူပါပဲ။
မေး။ ။ ဒါဆိုရင် KNPP အောက်ခြေတပ်ဖွဲ့တွေကတော့ တိုက်ခိုက်မှုတွေမှာ ပါဝင်ကူညီနေတယ်လို့ ယူဆလို့ ရပါသလား။
ဖြေ။ ။ ကျနော် မပြောသင့်တာကိုတော့ ကျနော် မပြောတော့ပါဘူး။ KNPP က ပါဝင်တိုက်ခိုက်နေပါတယ်၊ ဦးဆောင်နေပါ တယ် ဆိုတာမျိုး ကျနော် မပြောလိုဘူး။ သို့သော် ကျနော်တို့က လူထုနဲ့ တသားတည်း ရှိတယ်ဆိုတာ အမှန်ပါပဲ။
မေး။ ။ စစ်ကောင်စီနဲ့ တိုက်ခိုက်နေတဲ့ ပြည်သူ့တပ် PDF နဲ့ KNPP ဆက်ဆံရေးကိုလည်း ပြောပြပါဦး။
ဖြေ။ ။ အခု တိုက်ခိုက်နေတဲ့ PDF တို့ဆိုတာ လူထုကနေ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်။ တနိုင်ငံလုံးမှာလည်း ဖြစ်နေတယ်။ ဒါက လူထု တိုက်ပွဲပဲ။ လူထုက တိုက်ပြီဟေ့ဆိုရင် ကျနော်တို့က ပြောစရာ ကန့်ကွက်စရာ မရှိဘူး။ သို့သော် စစ်ရေးအရ တိုက်ခိုက်ရာမှာ (တိုက်ပွဲထဲ မပါတဲ့) လူထုကို ထိခိုက်မှု မရှိအောင်တော့ သူတို့ လုပ်ရမယ်။ သူတို့ စည်းမျဉ်းစည်း ကမ်းကိုတော့ နားလည်ရမယ်။ ဒါက နှစ်ဖက်စလုံးကို ပြောတာပါ။ တပ်ကလည်း ကျောင်း၊ ဆေးရုံဆေးခန်း၊ ဘုရားကျောင်း တို့ကို သူတို့ ပစ်စရာ အကြောင်းကို မရှိဘူး။ ဒါက တကမ္ဘာလုံးရဲ့စစ်စည်းမျဉ်းစည်းကမ်းပါ။ သူတို့က ဒါတွေကို မလိုက်နာဘဲ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ ကျောင်း၊ ဆေးရုံဆေးခန်းကအစ အကုန် ရမ်းပစ်တော့ ကျနော်တို့အနေနဲ့ လက်ခံစရာ အကြောင်းမရှိဘူး။
မေး။ ။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်မှာ ငြိမ်းချမ်းရေး ဆက်ဆွေးနွေးမယ်ဆိုပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို လိုက်ဆက်သွယ်တာတွေ ရှိခဲ့တယ်။ လက်ရှိ KNPP နဲ့စစ်ကောင်စီ ဆက်ဆံရေးက ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ ဒီနောက်ပိုင်း ဆက်သွယ်မှု သိပ်မရှိတော့ဘူး။ ကျနော်တို့ ဌာနချုပ်၊ ပါတီလိုင်းလည်း ရှိတော့ ပါတီလိုင်း နဲ့တော့ ရှိကောင်း ရှိနိုင်တယ်။ သို့သော် တရားဝင်တော့ ဆက်သွယ်တာ မကြားရဘူး၊ မရှိဘူး။
စစ်ရေးပိုင်းလည်း တရားဝင် ဆွေးနွေးတာ မရှိဘူး။ သို့သော် အောက်ခြေက ဆိုင်ရာတွေကတော့ ထိန်းကြဖို့ ပြောလာတာ တွေ ရှိတယ်။ ထိန်းကူပေးဖို့ ထိန်းကြဖို့ လာတော့ ပြောတယ်။ ကရင်နီလူမျိုး အချင်းချင်း၊ PDF တွေ G-Z တွေ လူငယ်တွေကို ထိန်း ကူပေးပါဦး ဆိုပြီး အဲ့တာတွေကတော့ ပုဂ္ဂိုလ်ရေးအရ ပြောလာတွေတော့ ရှိပါတယ်။ တရားဝင်စာတွေနဲ့ ပြောတာတော့ မရှိ ပါဘူး။
မေး။ ။ ကယားပြည်နယ်တွင်းက ဒီးမော့ဆို၊ လွိုင်ကော်၊ ဖရူဆိုက ဒေသခံတွေ ရှောင်တိမ်းကြဖို့ အုပ်ချုပ်ရေးပိုင်းတွေမှာ စာပို့ တာတွေ တွေ့ရပါတယ်။ PDF တွေကို ချေမှုန်းဖို့ စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်း တက်လာပြီလို့ ညာသံပေးတာ တွေလည်း ကြားနေရပါတယ်။ ဒီအခြေအနေတွေရော KNPP ဘက်က သိထားတာရှိရင် ပြောပြပေးပါဦး။
ဖြေ။ ။ တပ်တွေ တိုးချဲ့လာတာ ရှိတယ်။ ဥပမာ ပြီးခဲ့တဲ့ တိုက်ပွဲအကြီးအကျယ် ဖြစ်တုန်းက ရှမ်းပြည်နယ်က ဆင်းလာတာ ရှိတယ်။ လေယာဉ်တွေ စစ်လေယာဉ်တွေနဲ့ လာတာ ရှိတယ်။ စစ်ရေးအင်အားတိုးချဲ့တာ ရှိတယ်။ ကျနာ်တို့ ကတော့ လူထု ကို ပိုအာရုံစိုက်နေတယ်။ လူထုက တကယ်ဒုက္ခရောက်နေတယ်။သူတို့ စားနပ်ရိက္ခာတွေ ရှိမရှိကို လိုက်လံပြီး စီစဉ်ပေးနေ တယ်။ စစ်အင်အား တိုးချဲ့လာတဲ့ထဲမှာ တောင်ငူဘက်က တက်လာတာကတော့ ခန့်မှန်းခြေရာကျော်တယ်။ ၁၀၀ ကျော် တယ်။ ရှမ်းပြည်ကနေ လာတာကလည်း ၁၀၀ နဲ့ ၂၀၀ လောက် ရှိတယ်။ အတိအကျ ကတော့ ဘယ်တပ်လဲဆိုတာ ကျနော်တို့ မသိရသေးဘူး။ တပ်မ ၆၆ နဲ့ တပ်မ ၅၅ ထဲက လက်အောက်ခံတပ်ရင်းတွေပဲ ဖြစ်ပါလိမ့်မယ်။
မေး။ ။ လူငယ်တွေ စုဖွဲ့ထားတဲ့ PDF ကို တုံ့ပြန်နေတဲ့ စစ်ကောင်စီရဲ့ စစ်ရေး ဆောင်ရွက်မှုကိုရော သုံးသပ်ပေးပါဦး။
ဖြေ။ ။ သူတို့က အပြတ်ရှင်းမယ်၊ လုံးဝ အနိုင်ရရှိဖို့ တိုက်ခိုက်တာပဲပေါ့။ အရင်တုန်းက ကျနော်တို့ တိုင်းရင်းသားတွေနဲ့ တိုက်တာတောင် လေယာဉ် မသုံးဘူး။ လူထုနဲ့မှ လေယာဉ်နဲ့ အကြီးအကျယ်တိုက်နေတာ တွေ့တော့ ဒါတွေက မလုပ် သင့်ဘူး။ သူတို့ လုပ်ရပ်တွေကလည်း မတရားဘူး။ ရွာကိုလည်း မရှောင်ဘူး။ ဘုန်းကြီးကျောင်းလည်း မရှောင်တော့ဘူး။ ဆေးရုံဆေးခန်းလည်း မရှောင်ဘူး။ နောက်ပြီး လက်နက်ကိုင်လား၊ မကိုင်လား မကြည့်ဘူး။ မရှောင်တော့ဘူးဆိုတော့ သူတို့ အပြတ်ချေမှုန်းဖို့ စီစဉ်ထားလို့ပဲ ဒီလို လုပ်တာ။
ကျနော်တို့နဲ့ အရင်က ဖြစ်တဲ့ တိုက်ပွဲတွေထက်တောင် အခုက တုံ့ပြန်မှု ပိုပြင်းတယ်။ သူတို့ တုံ့ပြန်မှုက မမျှတဘူး။ အရင် တုန်းက တိုက်ပွဲတွေဆိုရင် ကျနော်တို့က လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းဆိုတော့ သင်တန်းကလည်း ကောင်း ကောင်းတက်ထားတယ်။ တိုက်လာတာလည်း ကြာပြီ။ လေ့ကျင့်ရေးကလည်း ကောင်းကောင်း ရှိတယ်။ အခု လူထုက လေ့ ကျင့်ရေးကလည်း ကောင်းကောင်းမရှိ။ နောက်ပြီး လက်နက်တွေကလည်း ရရာ လက်နက်ဆွဲကြတာ။ တချို့ကလည်း တုတ်၊ ဓားတွေပဲ ဆွဲပြီး တိုက်နေတာ။ သေနတ်ဆိုလည်း ယမ်းထောင်းတွေနဲ့ တိုက်နေတဲ့ ကြားမှာ တကယ့်စစ် စက်ယန္တရားတွေ သုံး တာ မမျှတဘူး။ သူတို့ ရည်ရွယ်ချက်က လုံးဝ ထိန်းချုပ်နိုင်ရမယ်။ လုံးဝ ရှင်းထုတ်နိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူတို့ လုပ် တာ ဖြစ်တယ်။
မေး။ ။ လက်ရှိ စစ်ရေး အခြေအနေတွေအတိုင်း ဆက်သွားနေရင် ကယားပြည်နယ် အနာဂတ် ဘာဖြစ်သွားမယ်လို့ ထင်ပါ သလဲ။
ဖြေ။ ။ ဒီအတိုင်းပဲ ဆက်သွားနေရင်တော့ လူထုကလည်း ဒီထက်မက နစ်နာမယ်။ လူထုက ထိခိုက်မှု များလာရင် လူထု ဘက်ကနေလည်း လျှော့တော့မှာ မဟုတ်ဘူး။ မထူးတော့ဘူး သေရင်လည်း သေပါစေတော့ ဆိုတဲ့စိတ် ပိုပြီး ပြင်းထန်လာ ပါလိမ့်မယ်။ ပိုပြီး တင်းမာလာပါလိမ့်မယ်။ လူထုတရပ်လုံးက ထလုပ်ပြီဟေ့ ဆိုရင် ဒီထက် ဆိုးဖို့ပဲ ရှိပါတယ်။ ဒီတော့ နှစ် ဖက်စလုံးက အထိနာမှာပဲ။
အခု ကယားပြည်နယ်တွင်းက လူထုအခြေအနေက စားနပ်ရိက္ခာအတွက် တချို့က နီးစပ်ရာ အကူအညီတွေ ပို့နေရတယ်။ အပြင်ကနေ ကူနေကြတာလည်း ရှိတယ်။ ဒါလည်း အကူအညီတွေ နေရာစုံ ရသလားဆိုတာ ကျနော်တို့ မသိရဘူး။ တော် တော်တော့ အခက်အခဲ ရှိနေကြတယ်လို့ သတင်းရတယ်။ ဒါက လူထုဘက် အခြေအနေပါ။ နောက်သတင်း ဆက်သွယ်မှုက လည်း ဖုန်းက လိုင်းရလိုက် မရလိုက်နဲ့ ဆက်သွယ်မှုတွေကလည်း အဆင်မပြေဘူး။ ဒီကြားထဲမှာ လိုက်ကူ ညီတဲ့ အသင်း အဖွဲ့တွေကလည်း သူတို့သွားလာဖို့ အတော်ခက်ခဲနေတယ် ပြောတယ်။ အဓိကတော့ လုံခြုံရေးကိစ္စပဲ။ သူတို့ သွားချင်တဲ့ နေရာသွားလို့ မရဘူး။ ဒီလိုတွေ ဖြစ်နေပါတယ်။
မေး။ ။ လက်ရှိ စစ်ရေးအခြေအနေမှာ နှစ်ဖက်လုံးက လျော့ဖို့ မမြင်ရတော့ ကယားပြည်နယ်မှာ စစ်ရေးပဋိပက္ခ ပိုဖြစ်လာရင် နောက်ပိုင်း KNPP ရဲ့ ရပ်တည်ချက်ကို ဘယ်လိုမျိုး မြင်ရဖို့ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့က ခုနပြောသလိုပဲ စစချင်းကတည်းကလည်း ကျနော်တို့ သဘောထား ထုတ်ပြန်ချက်တွေ ထုတ်ထားပါ တယ်။ ဒီလိုမျိုး (အာဏာသိမ်းတာ) လုပ်တာ လက်မခံဘူး။ KNPP က လူထုနဲ့ပဲ ရပ်တည်ရမှာပဲ။
You may also like these stories:
ကယားရှိ PDF များကို စုစည်းထားသည့် KNDF က စစ်ကောင်စီကို တိုက်မည်
မြဝတီတွင် အာဏာသိမ်းတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်
ကချင် PDF အဖွဲ့အနေဖြင့် KIO/KIA လက်အောက်၌သာ လှုပ်ရှားရမည်ဟုဆို
အာဏာပြန်မလွှဲသရွေ့ တိုက်ပွဲဆက်ဖြစ်လိမ့်မယ်ဆိုတဲ့ ဗိုလ်မှူးချုပ် စောကျော်သက်နဲ့ မေးမြန်းခြင်း