မီဒီယာများသည် “ဖ” သုံးလုံးကို တစိုက်မတ်မတ် ဆောင်ရွက်နေကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း က ဇွန်လ ၁၃ရက် နေပြည်တော် ပြန်ကြားရေး သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။
ဗိုလ်ချုပ် ဇော်မင်းထွန်း စွပ်စွဲသည့် “ဖ” သုံးလုံးဆိုသည်မှာ မီဒီယာများသည် အမှန်တရားကို ဖုံးကွယ်၍ “ဖာ”ပေးခြင်း၊ အမှန်တွေကို အမှားဖြစ်အောင် “ဖောက်”ပစ်ခြင်း၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် နိုင်ငံများကို “ဖား”နေခြင်း ဆိုကာ နိုင်ငံအဆင့် သတင်းစာ ရှင်းလင်းပွဲတွင် ရုန်ရင်းကြမ်းတမ်းစွာ ပြောဆိုခဲ့သည်။
စစ်ကောင်စီအနေဖြင့် အာဏာသိမ်းပြီး နောက်ပိုင်း မီဒီယာများကို ပစ်မှတ်ထား အရေးယူ တိုက်ခိုက်လျက်ရှိပြီး သတင်း ဌာနများကို ထုတ်ဝေခွင့် ရုပ်သိမ်းခြင်း၊ သတင်းသမားများကို ဖမ်းဆီးအရေးယူ ထောင်ချခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်းနှင့် လွတ်လပ်စွာ သတင်းရယူခွင့် မရအောင် နည်းလမ်းမျိုးစုံသုံး၍ ၎င်းတို့၏ မတရားမှုမျိုးစုံကို ဖုံးဖိနိုင်ရေး ကြိုးစားလျက် ရှိသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောဆိုချက်များသည် အမှန်တရားကို ထုတ်ဖော်သော၊ အများပြည်သူတို့၏ သိရှိပိုင်ခွင့်ကို လေးစားသော သတင်းဌာနများ၊ သတင်းသမားများကို ရန်သူသဖွယ် ဆက်ဆံလာပြီးနောက် ၎င်းတို့၏ ဝါဒမှိုင်းတိုက်မှုများ မအောင်မြင်သည့်အခါ သတင်းသမားများကို ပုံဖျက်ရန် ယခုလို “ဖ” သုံးလုံး ဖြင့် စွပ်စွဲတိုက်ခိုက်လာခြင်းလည်း ဖြစ်သည် ဟု ယူဆရပါသည်။
ထိုအတွက် မြန်မာသတင်း မီဒီယာသမားများ အနေဖြင့် စစ်ကောင်စီ၏ ယခုလို ပြောဆိုစွပ်စွဲလာမှုအပေါ် တုံ့ပြန်မှုများကို သိရှိနိုင်ရန် မေးမြန်း ဧရာဝတီက ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ကိုဆွေဝင်း (အယ်ဒီတာချုပ်)
Myanmar Now သတင်းဌာန
စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီးကတည်းက သတင်းမှား၊ အချက်အလက်မှားမျိုးစုံနဲ့ ပြည်သူတွေကို စိတ်ဓာတ် စစ် ဆင်ရေး လုပ်နေတာပါ။ သမ္မတကို ဖြုတ်ချပြီး ယာယီသမ္မတ ခန့်တာ စစ်တပ်ကို အာဏာလွှဲတာဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ မညီတာကို ညီတယ်လို့ လိမ်တယ်။ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေက ရွေးကောက်ပွဲဟာ လွတ် လပ်မျှတတယ်ဆိုပေမယ့် သူကတဖက်သတ် ပထမ မဲစာရင်းမှားတယ်လို့ပြောပြီး အခုမဲခိုးမှု၊ မဲမသမာမှု ဖြစ်တယ်ဆိုပြီး ပြည်သူတွေကိုလိမ်တယ်။ ဒီလို လိမ်ညာမှုမျိုးစုံ ကျူးလွန်နေတာကို ဖုံးကွယ်ဖို့ မီဒီယာသမား အယောက် ၅၀ လောက် ကိုဖမ်းတယ်။ လွတ်လပ်တဲ့ မီဒီယာ အဖွဲ့အစည်းတွေကို နည်းမျိုးစုံနဲ့ နှိပ်ကွပ်နေတာပါ။
စစ်ကောင်စီအနေနဲ့ ဒီကနေ့ခေတ်ဟာ ၁၉၈၈ လည်းမဟုတ်ဘူး၊ ၁၉၆၂ လည်း မဟုတ်ဘူး။ ၂၁ ရာစု သတင်းခေတ် ဆို တာကို မေ့နေပုံရပါတယ်။ ဘယ်လိုတွေလိမ်လိမ် သတင်းအချက်အလက်တွေကို နည်းလမ်းပေါင်းစုံက ရနေတဲ့ ပြည်သူ တွေကို လိမ်လို့မရတော့ဘူးဆိုတာ ပြောချင်ပါတယ်။
နောက်ပြီး စစ်ကောင်စီကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ မဘသတွေ၊ ပြည်ခိုင်ဖြိုးတွေ၊ စစ်ကောင်စီ ဒလန်တွေနဲ့ မေးခွန်းနဲ့ အဖြေတွေ စည်းဝါးကိုက်ပြီး လုပ်နေပြီဆိုကတည်းက စစ်ကောင်စီဟာ သတင်းမီဒီယာ အခန်းကဏ္ဍမှာ ဘယ်လောက်ကောက်ကျစ်၊ ဂုဏ်သိက္ခာ ကင်းမဲ့နေပြီဆိုတာ ပေါ်လွင် နေပါတယ်။

ကိုသာလွန်ဇောင်းထက် (အယ်ဒီတာချုပ်)
ခေတ်သစ် သတင်းဌာန
အရင်တုန်းက လူတွေက ကြားပဲကြားခဲ့တာ မယုံခဲ့တာတွေဟာ တကယ်အမှန်ဖြစ်လာတဲ့အခါ ဒါတွေကို မီဒီယာတွေက လည်း သေချာစုစည်းပြီး တင်ပြနိုင်တဲ့အခါ အဲဒီဟာတွေကို မခံနိုင်ဘူး။ အဲဒီဟာတွေက ဘယ်လောက်အထိ သွားစေလဲ ဆိုတော့ အခုချိန်ထိ တော်လှန်ရေးက မပြီးသေးပါဘူး။ ၈၈ တုန်းကဆိုရင် အာဏာသိမ်းပြီးတာနဲ့ အကုန်လုံး ပစ်သတ်ပြီး တော့ ကြမ်းကြမ်းတမ်းတမ်း ကိုင်လိုက်တာနဲ့ တလလောက်ဆိုရင် ကျသွားရော။
အခုတော့ သူတို့ ရက်စက်ယုတ်မာတာလေ။ သူတို့ရဲ့ အမုန်းတရားက ပိုကြီးလာပြီးတော့ ဒီနေ့ ယုတ်မာတယ်ဆိုရင် ခဏ လောက်နေရင် တတိုင်းပြည်လုံးက သိတာပဲ။ သူတို့ ဒါကို မထိန်းနိုင်ဘူး။ သူ့လူတွေကိုလည်း သူ မထိန်းနိုင်တဲ့ အခါကျ တော့ သူတို့ ယုတ်မာမှုတွေကိုလည်း မထိန်းချုပ်နိုင်တဲ့အခါ ဒါတွေကို ဖော်ထုတ်တဲ့ မီဒီယာတွေကို ရန်သူလို သတ်မှတ် တာပေါ့။ သူတို့ အရိုင်းအစိုင်းအဖြစ် ဖော်ထုတ်ပေးနေတဲ့ မီဒီယာတွေကို ရန်သူအဖြစ် သတ်မှတ်တာတော့ သိပ်မဆန်းဘူး လို့ပဲ ပြောချင်တယ်။

နန်းဖော့ဂေ (ဒါရိုက်တာနှင့် အယ်ဒီတာချုပ်)
Karen Information Center/KIC
အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက လက်ရှိကာလမှာဆိုရင်တော့ လွတ်လပ်တဲ့ မီဒီယာတွေနဲ့ စစ်ကောင်စီကနေပြီး တော့ ထုတ်လွှင့်နေတဲ့ မီဒီယာတွေနဲ့က ကွာဟချက်တွေက မတူဘူးပေါ့။ Independent မီဒီယာ အသိုင်းအဝိုင်းက ရေးတဲ့ ရေးသားဖော်ပြချက်တွေကို လူတွေက ပိုပြီးတော့ ယုံစားဖို့ များပါတယ်။
Independent မီဒီယာက သတင်းထောက်တွေကလည်း တကယ့် လူမှုအသိုင်းအဝိုင်းထဲမှာ ထဲထဲဝင်ဝင်နဲ့ သတင်း အ ချက်အလက်အမှန်ကို မူလ သတင်းအရင်းအမြစ်တွေ၊ မူလအချက်အလက်တွေကို ရပြီးတော့ ဖော်ပြတာ ဖြစ်တဲ့အတွက် ဒီအချက်အလက်တွေက လက်ရှိစစ်ကောင်စီရဲ့ ဖော်ပြတင်ဆက်နေတဲ့ သတင်းအချက်အလက်တွေနဲ့ မတူဘဲနဲ့ ကွဲလွဲ နေတဲ့ အခါကျတော့ Independent မီဒီယာက ထုတ်လွှင့်တဲ့ သတင်းကို မဖတ်စေချင်တာမျိုး၊ မကြည့်စေချင်တာမျိုး၊ မနားထောင်စေချင်တဲ့အခါ၊ တဖက်မှာလည်း သတင်းလုပ်ငန်းတွေ မလုပ်နိုင်လေ ပိုကောင်းလေဆို တာမျိုး ဖြစ်တဲ့အခါကျ တော့ လွတ်လပ်တဲ့ မီဒီယာသမားတွေကို အမြင်မကြည် မလိုမလားတဲ့ သဘော အဟန့်အတား လုပ်တာတွေ အများကြီးရှိ ပါတယ်။ ဒါကတော့ ၄ လကျော်ကာလအတောအတွင်း မီဒီယာတိုက်တွေကိုလည်း ပိတ်သိမ်း လိုက်တာမျိုးတွေ၊ လုပ်ငန်း ရပ်ဆိုင်းတာမျိုးတွေ၊ မီဒီယာသမားတွေကို ဖမ်းဆီးတာမျိုးတွေက သက်သေပါပဲ။

မဆိုင်းမိုင် (အယ်ဒီတာချုပ်)
မြစ်ကြီးနားဂျာနယ်
စစ်တပ်က ဖာဆန်တာကို မီဒီယာကို ဖာဆန်တယ်ပြောတာ တကယ်ကို ရယ်စရာ ကောင်းတယ်။ အမှန်တကယ် ဖာကျ နေတာ စစ်တပ်ဖြစ်တယ်။ စစ်တပ်ရဲ့ သတင်းစာရှင်းလင်းပွဲကို တက်လာတဲ့ လူတစု ဖြစ်တယ်။ သူတို့ မီဒီယာအပေါ်မှာ ကြမ်းကြုတ်စွာ ပြောဆိုတာက သူတို့ရဲ့စိတ်ဓါတ်ကို သူတို့ ဖော်ပြနေတာ ဖြစ်တယ်။
ဒီသတင်းစာ ရှင်းလင်းပွဲ ဆိုတာလည်း ကျနော်တို့ ချပြနေတဲ့ အမှန်တရားတွေကို သတင်းအမှားတွေနဲ့ ဖုံးဖိချင်လို့ နည်း လမ်းမျိုးစုံနဲ့ ကြိုးစားတဲ့ လုပ်ရပ်တခုဖြစ်တယ်လို့ မြင်တယ်။ အဲဒါကြောင့် ကျနော်က ဒီသတင်းစာ ရှင်းလင်းပွဲကို အသိ အမှတ်မပြုသလို ဒီသတင်းစာ ရှင်းလင်းပွဲကို နားလည်း မထောင်ဘူး။ အဲဒီ့ သတင်းစာရှင်းလင်းပွဲမှာ ဖာမကျပါနဲ့လို့ ပြောတာက ပြောဆိုတဲ့ စကားက သူတို့ရဲ့ ရုပ်လုံး၊ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ သူတို့ရဲ့ အဆင့်အတန်းကို ဖော်ပြလိုက်တာ ဖြစ်တယ်လို့ ကျနော် မြင်တယ်။

ဦးစိန်ဝင်း (စီမံခန့်ခွဲမှု အယ်ဒီတာ)
မဇ္ဈိမ သတင်းဌာန
နိုင်ငံတော်အဆင့်လို့ သူသုံးနှုန်းနေတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖ ၃ လုံးဆိုပြီး ပြောသွားတာတွေ့ရတယ်။ သဘောကတော့ အမှန်တရားကို ဖုံးကွယ်ပြီး လုပ်တယ်ပေါ့။ ဒါ့အပြင် မီဒီယာတွေ ဖာကျတယ်ဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြောတဲ့ဟာက ကျနော် တို့ ဆို ဒီအသုံးအနှုန်းတွေ ပါးစပ်က ပြောမထွက်ဘူး။ ဒီလိုဟာတွေကို ပြောဝံ့ဆိုဝံ့ရှိ တယ်ဆိုကတည်းက သူကလည်း ဒီအတန်းအစားကပဲ လာတာပေါ့။
မီဒီယာတွေ ဘက်လိုက်တယ်ဆိုတဲ့အမြင်က သူ့(ဗိုလ်ချုပ်ဇော်မင်းထွန်း) အနေနဲ့တော့ ရှိမှာပေါ့။ စစ်အာဏာသိမ်းတာကို မီဒီယာတွေက မကြိုက်ဘူး ကန့်ကွက်တယ်။ သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ မလုပ်ချင်ဘူး။ မီဒီယာလွတ်လပ်ခွင့်အရ လုပ် ချင်တယ်။ မီဒီယာတွေက အမှန်တရားကို ရှာချင်တယ်။ သူကတော့ အမှန်တရားကို မီဒီယာတွေအနေနဲ့ ဖုံးကွယ်စေချင် တယ်။ သူတို့ပြောတဲ့အတိုင်းကိုပဲ လိုက်ရေးစေချင်တာပေါ့။
ကျနော်တို့မီဒီယာတွေက လူထုပရိတ်သတ်ကို မျက်နှာမူရတယ်။ ကျနော်တို့က သတင်းအမှားကို ချပြလို့ရှိရင် လူထုက သ တင်းအမှားကို လက်ခံမှာမဟုတ်ဘူး။ လူသန်းပေါင်းများစွာက ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သိနေမှာပဲ။ လူတွေကို လိမ်လို့မရဘူး။ အမှန်ကိုပဲ ပြောရတယ်။ လိမ်ညာကောက်ကျစ်မှုတွေနဲ့ ယဉ်ပါးလာတဲ့သူတွေကတော့ ရိုးသားမှုတို့၊ အမှန် တရားတို့ ဆိုတာတွေကို နားလည်ပုံမရှိတာအပေါ် ကျနော်ကတော့ မအံ့ဩပါဘူး။
You may also like these stories:
စစ်ရှောင်များအတွက် ရိက္ခာနှင့် ဆေးဝါးများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
စပ်တပ်၏ သတ်ဖြတ်မှုကြောင့် ရက် ၁၀၀ ကျော်အတွင်း လူပေါင်း ၉၀၀ နီးပါး သေဆုံး
ICRC ဥက္ကဋ္ဌ အကျဉ်းထောင်များသို့ သွားရောက်ခွင့် ပြုဖို့ တောင်းဆို
NLD အမတ်တချို့ကို ပေါက်ကွဲ၊ ပစ်ခတ်မှုများဖြင့် တံဆိပ်ကပ်ဖမ်းဆီးရန် စစ်ကောင်စီကြိုးပမ်း