အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ၏ အုပ်ချုပ်ရေးအဖွဲ့ (Governing Body) ၂၀၂၁ – ၂၀၂၄ သက် တမ်းအတွက် အလုပ်သမားအစုအဖွဲ့ ကိုယ်စားပြု၍ ဒုတိယကိုယ်စားလှယ် (Deputy Member) အဖြစ် မြန်မာနိုင်ငံလုံးဆိုင် ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ၏ လက်ထောက် အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုး အရွေးချယ် ခံခဲ့ရ သည်။
မြန်မာနိုင်ငံသည် လက်ရှိ အခြေအနေတွင် ၁၀၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံကို နိုင်ငံကိုယ် စားပြုတက်ရောက်ခွင့် ငြင်းပယ်ခံထားရသည်ဖြစ်ရာ ထိုကဲ့သို့ ILO အုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်ခွင့်ရခြင်းအားဖြင့် မြန်မာ နိုင်ငံအတွက် မည်သို့သော အကျိုးသက်ရောက်မှုများ ရှိနိုင်မည်ကို ဒေါ်ဖြိုးစန္ဒာစိုးအား ဧရာဝတီက ဆက်သွယ် မေးမြန်း ထားပါသည်။
မေး ။ ။ ILO ရဲ့ Governing Body မှာ Deputy Member အဖြစ် ဘယ်လို အရွေးချယ်ခံရလဲဆိုတာ ရှင်းပြပေးပါအုံး။
ဖြေ ။ ။ ပထမဦးဆုံးကတော့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့က ဒီနှစ် ၁၀၉ ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှာ ဒီ Governing Body လို့ ခေါ်တဲ့ အုပ်ချုပ်ရေးအဖွဲ့ပေါ့။ သာမန်အားဖြင့် နားလည် ရမယ်ဆိုရင် အလုပ်အမှုဆောင်အဖွဲ့ သဘောမျိုးပါပဲ။ အဲဒီ အလုပ်အမှုဆောင်အဖွဲ့မှာ Deputy Member ဒုတိယ ကိုယ်စား လှယ်အနေနဲ့ အရွေးချယ်ခံရပါတယ်။
အဲဒီမှာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ရှိပါတယ်။ ဒီအုပ်ချုပ်မှုအဖွဲ့ Governing Body မှာ သုံးပွင့်ဆိုင် ရှိတဲ့အထဲမှာ အလုပ်သမားကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရတာ ဖြစ်ပါတယ်။ ၁၀၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံကနေပြီး ဒီကိုယ်စားလှယ်တွေကို အတည်ပြု မဲခွဲပြီးတော့ ဆုံးဖြတ် ကြတာ ဖြစ်ပါတယ်။
မေး ။ ။ အခုလို ရွေးချယ်တာမျိုးကရော သုံးပွင့်ဆိုင်လုံး ရွေးချယ်တာမျိုးလားရှင့်။
ဖြေ ။ ။ ILO ရဲ့ ယန္တရားကတော့ အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင် သုံးပွင့်ဆိုင် သွားတာဖြစ်တဲ့အတွက် အုပ်ချုပ်ရေး အဖွဲ့မှာ အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင် ဖြစ်ပေမယ့် ဒီနှစ်မှာတော့ မြန်မာနိုင်ငံက အစိုးရကိုယ်စားလှယ် မပါဘူး၊ အလုပ် ရှင်ကိုယ်စားလှယ် မပါပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ရွေးချယ်ခံရတာကတော့ အလုပ်သမားအစုအဖွဲ့ရဲ့ ကိုယ်စားလှယ်အနေ နဲ့ ရွေးချယ်ခံရတာပါ။
မေး ။ ။ ဒါဆိုရင် အလုပ်သမားကိုယ်စားလှယ် တဦးတယောက်ထဲကပဲ ILO မှာ ဝင်ဆံ့တဲ့ အနေအထားမျိုး ဖြစ်သွားတာ လား။
ဖြေ ။ ။ ဟုတ်ပါတယ်။ အလုပ်သမား ကိုယ်စားလှယ်ကပဲ ILO အဖွဲ့ Governing Body အုပ်ချုပ်မှုအဖွဲ့ရဲ့ ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံရတာပါ။
မေး ။ ။ Governing Body အဖွဲ့ဝင်အဖြစ် ဘယ်နေ့ကစပြီး တာဝန်ထမ်းဆောင်ရမလဲ။
ဖြေ ။ ။ ၁၀၉ ကြိမ်မြောက် ILO ညီလာခံ ကျင်းပနေပြီ။ ဒီညီလာခံပြီးတာနဲ့ ပြီးပြီးချင်းမှာပဲ Governing Body အဖွဲ့ဝင် တာဝန် ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
မေး ။ ။ ILO Governing Body ရဲ့ တာဝန်ဝတ္တရားတွေက ဘာတွေဖြစ်မလဲ။
ဖြေ ။ ။ ILO Governing Body အုပ်ချုပ်မှုအဖွဲ့ရဲ့ တာဝန်ဝတ္တရားတွေကတော့ နှစ်စဉ်နှစ်တိုင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံကနေ ချမှတ်ပေးလိုက်တဲ့ မူဝါဒတွေ ရှိတယ်။ အဲဒီ မူဝါဒတွေကို အကောင်အထည် ဖော်ပေးရ တာ ရှိတယ်။ အဲဒီမှာမှ ILO ရဲ့ ညွှန်ကြားရေးမှူးချုပ် ရှိတယ်ပေါ့။ ညွှန်ကြားရေးမှူးချုပ်ကနေပြီး လုပ်ငန်းတွေကို ဖော်ဆောင် တယ်။
Governing Body လို့ခေါ်တဲ့ အုပ်ချုပ်မှုအဖွဲ့ကတော့ ILO ရဲ့ မူဝါဒတွေ ကြီးကြပ်ကွပ်ကဲရတာ ဖြစ်တဲ့အတွက် အလုပ် သမားရေးရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ရင် တကမ္ဘာလုံးရဲ့ အလုပ်သမားရေးရာ ကိစ္စရပ်တွေကို ILO ညီလာခံက နှစ်စဉ် နှစ်တိုင်း ချမှတ်လိုက်တဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ရတဲ့သူတွေ ဖြစ်ပါတယ်။ ကိုယ်စားလှယ်အဖြစ် ၁၈၇ နိုင်ငံက လူတွေ ရွေးကောက်တင်မြှောက်လိုက်တဲ့ အုပ်ချုပ်မှုအဖွဲ့ဝင် ဖြစ်တယ်ဆိုရင် မြန်မာနိုင်ငံအတွက်တင် မဟုတ်ဘူး ILO တစုံလုံး နိုင်ငံပေါင်း ၁၈၇ နိုင်ငံရဲ့ အလုပ်သမားရေးရာ ကိစ္စရပ်တွေကို ဆောင်ရွက်ရတာ ဖြစ်ပါတယ်။
မေး ။ ။ အရင်နှစ်တွေက ကိုယ်စားပြု ရွေးချယ်ခံရမှု အခြေအနေကရော ဘယ်လို ရှိပါသလဲ။
ဖြေ ။ ။ ဟိုးအရင်တုန်းကတော့ လွပ်လပ်ရေးရပြီးကာစလောက်က မြန်မာနိုင်ငံက ပါခဲ့ဖူးပါတယ်။ ILO ရဲ့ Governing Body ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ ၁၉၆၂ အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံက အလုပ်သမားရေးရာ ကိစ္စရပ်တွေမှာ ကျဆင်းလာတယ်။ ၁၉၈၈ အာဏာသိမ်းမှု ထပ်ဖြစ်တယ်။ အဲဒီ အချိန်မှာလည်း ပိုပြီးတော့ အလုပ်သမား အခွင့်အရေးတွေ၊ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံရလာတယ်။ အဲဒီကတည်းက မြန်မာနိုင်ငံဟာ ILO ရဲ့ အပြစ်ပေး အရေး ယူခြင်းကို ခံခဲ့ရတာဖြစ်တဲ့အတွက်ကြောင့် အဲဒီလို ယန္တရားတွေမှာ သုံးပွင့်ဆိုင် ကိုယ်စားလှယ်တောင် ပြည့်အောင် ထိုင်ခွင့် မရှိခဲ့ပါဘူး။
ဒါပေမယ့် ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အနေနဲ့ ပြည်တွင်းထဲကို ပြန်ဝင်လာတယ်။ အလုပ်သမားရေးရာ ကိစ္စရပ်တွေကို လုပ်လာခဲ့တယ်။ ပြီးတော့ ဒီမိုကရေစီလည်း တိုင်းပြည်မှာ အထိုက်အလျောက် ပြုပြင် ပြောင်းလဲရေးတွေ ပြုလုပ်ခဲ့တဲ့အချိန်မှာ မြန်မာနိုင်ငံက သုံးပွင့်ဆိုင် ယန္တရားကို ပြန်ပြီးအသက်သွင်းလာခဲ့တယ်။ အဲဒီလို သွင်းနိုင်ခဲ့ပြီး ၂၀၁၀ နောက်ပိုင်းမှာ ဒီမိုကရေစီကူးပြောင်းရေး နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံအနေနဲ့ Governing Body Member အနေနဲ့ ပြန်လည် ပါဝင်ခဲ့တယ်။ အဲဒီကနေစပြီးတော့ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်မှုအဖွဲ့ထဲမှာ အရွေးချယ်ခံခဲ့ရ တာတော့ CTUM ရဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်က ရွေးချယ်ခံခဲ့ရဖူးပါတယ်။ အခုက အလုပ်သမားကိုယ်စားလှယ်အနေနဲ့ ဒုတိယ အကြိမ်မြောက် ဖြစ်တယ်။ ပြီးခဲ့တဲ့ရှေ့နှစ် အကြိမ်တုန်းက အစိုးရကိုယ်စားလှယ်တယောက် ဖြစ်ခဲ့ဖူးပါတယ်။ အခုကတော့ အလုပ်သမား ကိုယ်စားလှယ် ဖြစ်တာပါ။
မေး ။ ။ အုပ်ချုပ်မှုအပိုင်းက အဖွဲ့ဝင်တယောက် ဖြစ်လာပြီဆိုတော့ ဘယ်လို ကိစ္စရပ်တွေကို ကိုင်တွယ်သွားမလဲ။
ဖြေ ။ ။ အဓိကက မြန်မာနိုင်ငံကို ကိုယ်စားပြုတယ်။ မြန်မာနိုင်ငံကို ဒီလိုကိုယ်စားပြုခွင့်ရအောင်၊ အဖွဲ့ဝင်အဖြစ် ပါ ဝင်အောင် ကြိုးစားပေးကြတာက အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ ညီအစ်ကိုမောင်နှမတွေ ဖြစ်တယ်။ ဘာဖြစ်လို့ ကြိုးစားပေးတာလဲဆိုရင် မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေကြောင့် ကြိုးစားပေးကြတာ ဖြစ်တယ်။ မြန်မာနိုင်ငံ သည် ဒီမိုကရေစီ နောက်ကြောင်း ပြန်လှည့်သွားပြီ။ စစ်အုပ်စု စစ်အာဏာရှင်ရဲ့ လက်အောက်မှာ လူ့အခွင့်အရေး၊ ဒီမို ကရေစီ မရှိတာ ဖြစ်တဲ့အတွက်ကြောင့် အလုပ်သမား အခွင့်အရေးဆိုတာက အဝေးကြီး ဖြစ်သွားပြီ။
စစ်အုပ်စုရဲ့ လက်အောက်မှာ အလုပ်သမားတွေရဲ့ အခွင့်အရေးပိုင်းဆိုင်ရာ၊ တည်ဆဲ အလုပ်သမားဥပဒေပါ အခွင့် အရေးတွေ ချိုးဖောက်ခံရတယ်။ လုံးဝ မရတော့ဘူး။ အကျိုးစီးပွားဆိုင်ရာ အကျိုးအမြတ်တွေဆို ပိုလို့တောင် ဝေးသွားပြီ။ အဲဒီလို အခြေအနေမျိုးမှာ ကြိုးစားရမှာ ဖြစ်တဲ့အတွက် တော်တော်ကြီးကို ခက်ခဲမှာပါ။ သို့သော် ကျမတို့က လုပ်ရမယ်။ အလုပ်သမားသမဂ္ဂတွေရဲ့ အခန်းကဏ္ဍသည် တိုင်းပြည်တခုရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အရေးကြီးတဲ့ အခန်း ကဏ္ဍက ပါဝင်တယ်။ ဒါကြောင့် အခွင့်အရေးရတုန်း၊ အခွင့်အလမ်းရတုန်း၊ နိုင်ငံတကာကနေ အခွင့်အရေးပေးတုန်းမှာ ကျမတို့နိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး ပြန်လည်ရရှိအောင် ကျမတို့က ကြိုးစားရမှာ ဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ ဒီမိုကရေစီအရေးကို ပြန်ကြည့်ရင်လည်း ဒါက တကမ္ဘာလုံးနဲ့ သက်ဆိုင်တယ်။ ဘာဖြစ်လို့လဲဆို စစ်အုပ်စု အာဏာရှင်များသည် လက်နက်အားကိုးနဲ့ ဒီလိုမျိုး လုပ်လို့ရတယ်ဆိုရင် အာဆီယံကိုပါ ကူးစက်မယ်။ ပြီးရင် အာရှနဲ့ ပစိ ဖိတ်ဒေသတွေပါ ကူးစက်မယ်။ တခြားနိုင်ငံတွေကိုပါ ကူးစက်သွားမှာ။ မြန်မာ့အရေးတင် မဟုတ်ဘူး ဒါတကမာ္ဘလုံးဆိုင်ရာ အရေးဖြစ်တယ်။ အဲဒါကြောင့် Governing Body အဖွဲ့ဝင်အနေနဲ့ ကမာ္ဘလုံးဆိုင်ရာ အရေးကိုလည်း ဆောင်ရွက်ရမယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီ ရရှိအောင်၊ အလုပ်သမားအခွင့်အရေးတွေ ပြန်လည်ရရှိအောင် ဒီ အခွင့်အလမ်းကို အသုံးပြုပြီးတော့ ကြိုးစားသွားရမှာ ဖြစ်ပါတယ်။
မေး ။ ။ ILO အုပ်ချုပ်ရေးအဖွဲ့ဝင် ဖြစ်သွားပြီဆိုတော့ မူဝါဒချမှတ်တဲ့ နေရာတွေမှာ ထဲထဲဝင်ဝင် ဆွေးနွေးလို့ရမယ်။ မူဝါဒတွေမှာ ဆုံးဖြတ်ချက်တွေ ပါလာမယ်ဆိုတော့ အခု မြန်မာနိုင်ငံက အရာအားလုံးမှာ ခေတ်နောက်ပြန် ဆွဲသွားတဲ့ အနေအထားမျိုး လည်းရှိတော့ ဘယ်လို အရာတွေမှာ ထဲထဲဝင်ဝင် ဆွေးနွေးလုပ်ကိုင်နိုင်မလဲ။
ဖြေ ။ ။ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ဖြစ်တဲ့အခါမှာ ကျမတို့က အရင်လည်း အလုပ်သမားရေးရာ ကိစ္စနဲ့ ပတ်သက်ရင် လွပ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် ချိုးဖောက်ခံရတာ၊ အဓမ္မလုပ်အားစေခိုင်းခံရတာ၊ ကလေးအလုပ် သမားတွေ ရှိနေသေးတာ။ ပြီးတော့ ဒီ Freedom of Expression လို့ ခေါ်တဲ့ လွပ်လပ်စွာ ဖော်ထုတ်ခွင့်၊ သမဂ္ဂတွေရဲ့ လွပ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် အစရှိသ၍ပေါ့ နှစ်စဉ်နှစ်တိုင်း ကျမတို့ နိုင်ငံရဲ့ အလုပ်သမားရေးရာနဲ့ ပတ်သက်ရင် ILO ပြဋ္ဌာန်းချက်တွေ ချိုးဖောက်တဲ့အခါကျလို့ရှိရင် ILO ကို တောက်လျှောက် အစီရင်ခံစာတင်တယ်။
တင်တဲ့အခါကျရင် Governing Body ရဲ့ တာဝန်ဝတ္တရားက နိုင်ငံတွေသည် ဒီစံနှုန်းတွေကို လေးစားလိုက်နာဖို့ ILO ရဲ့ ပေါ်လစီတွေ ချမှတ်ဖို့၊ ချမှတ်ထားတဲ့ စံနှုန်းတွေကို လေးစားလိုက်နာဖို့ တည့်မတ်ရတဲ့ အဖွဲ့ဖြစ်တဲ့အတွက်ကြောင့် ဒီ Governing Body ရဲ့ ပုံမှန်လုပ်နေကျ အစည်းအဝေးပေါ့။ မတ်လမှာ တကြိမ်၊ ဇွန်လမှာ တကြိမ်၊ ပြီးတော့ နိုဝင်ဘာလမှာ တကြိမ် စုစုပေါင်း သုံးကြိမ်။ အစည်းအဝေးလုပ်ပြီးတော့ နိုင်ငံတခုချင်းစီရဲ့ အနေအထားကို ဆုံးဖြတ်ရတာ ဖြစ်တယ်။
အဲဒီတော့ ကျမတို့က ပါဝင်ခွင့်ရခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေနဲ့ အလုပ်သမားရေးရာ ကိစ္စတွေ ကို ထဲထဲဝင်ဝင် ပိုပြီးတော့ ပြောနိုင်တယ်။ အရင်ကလည်း ပြောခွင့်ရပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ITUC ကနေတဆင့်၊ ILO ရဲ့ အလုပ်သမား အစုအဖွဲ့ကနေတဆင့် ပြောခွင့်ရပါတယ်။ သို့သော် ကိုယ်ကိုယ်တိုင် ပါ ဝင်ခြင်းအားဖြင့် အစည်းအဝေးထဲမှာ ကိုယ်သည် ပိုပြောနိုင်မယ်၊ ပါဝင်နိုင်မယ်။
ဒါပေမယ့် Governing Body ရဲ့ အခန်းကဏ္ဍက၊ Member တယောက်ရဲ့ အခန်းကဏ္ဍက မြန်မာနိုင်ငံ တခုတည်းအတွက် တင် မဟုတ်ဘူး။ တကမ္ဘာလုံးက ၁၈၇ နိုင်ငံရဲ့ အခန်းကဏ္ဍကို လုပ်ရမှာ ဖြစ်တဲ့အတွက် ၁၈၇ နိုင်ငံလုံးရဲ့ အရေးကိစ္စကို လုပ်ရမှာ ဖြစ်တယ်။ သို့သော်လည်းပဲ မြန်မာနိုင်ငံက ထူးခြားဖြစ်စဉ်ဖြစ်တယ်။ ILO ရဲ့ အဖွဲ့ဝင်နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ထူးခြားဖြစ်စဉ် ဖြစ်နေတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီကို နောက်ကြောင်းပြန်တဲ့ကိစ္စ ဖြစ်နေတယ်။ ဒါကြောင့် ILO ကနေ ပြီး ပိုပြီးတော့ ပြင်းထန်တဲ့ ဆုံးဖြတ်ချက်တွေ၊ အရေးယူမှုတွေ လုပ်ဖို့အတွက်တော့ ကျမတို့က ပိုကြိုးစားသွားရပါမယ်။ အခု ကိုယ်ပါဝင်ခြင်းအားဖြင့် ပိုပြီးတော့ ကြိုးစားနိုင်တယ်။ ပိုပြီးတော့ ကြိုးစားခွင့် ပိုရှိသွားတယ်။
You may also like these stories:
ILO ၏ အုပ်ချုပ်ရေးအဖွဲ့တွင် အလုပ်သမားအစုအဖွဲ့အတွက် မြန်မာနိုင်ငံမှ ရွေးချယ်ခံရ