ယနေ့ ၂၀၂၁ ခုနှစ် ဇွန်လ ၁၉ ရက်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၆ နှစ်မြောက် မွေးနေ့ ဖြစ်သည်။ သို့သော် မွေးနေ့ ရှင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ သူ၏ ပါတီရွေးကောက်ပွဲတွင် မဲအပြတ်အသတ်နိုင်သော်လည်း စစ်တပ်က အာဏာ သိမ်းလိုက်သဖြင့် ၎င်းမှာ နေအိမ်အကျယ်ချုပ်ဖြင့် မွေးနေ့ကို ဖြတ်သန်းရတော့မည် ဖြစ်သည်။
အသက်အရွယ်အားဖြင့် အသက် ၈၀ နားသို့ ကပ်လာသူလည်းဖြစ် စစ်တပ်နှင့် ပြည်သူ ပြန်လည်ရင်ကြားစေ့ရေး မူဝါဒ မအောင်မြင်ခဲ့သူလည်း ဖြစ်သောကြောင့် မြန်မာ့နိုင်ငံရေးတွင် မည်မျှ ပါဝင်နိုင်ဦးမည် ဆိုသည့်အချက်ကို မေးခွန်းထုတ်လျက်ရှိပြီး သူ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍လည်း ပြီးဆုံးသွားပြီ ဆိုသည့် ယူဆချက်များလည်း ရှိနေသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် လူထုထောက်ခံမှု အရဆုံး နိုင်ငံရေးသမားတယောက် ဖြစ်ခဲ့ပြီး လူကြိုက်အများဆုံးပုဂ္ဂိုလ်အဖြစ် ယနေ့အချိန်ထိ ဆက်လက် ရပ်တည်နေနိုင်ဆဲ ဖြစ်သည်။ မြန်မာ့နိုင်ငံရေး ပိတ် ကားပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်တယောက် ဆက်လက် လျှောက်လှမ်းနိုင်မည့် အခြေအနေ ရှိ၊ မရှိကို နိုင်ငံရေး အသိုင်း အဝိုင်းမှ ပုဂ္ဂိုလ်များနှင့် ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါသည်။
![](https://burma.irrawaddy.com/wp-content/uploads/2021/06/Khin-Mg-Zaw.png)
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ကျနော်မှာလည်း ကွဲလွဲတာတွေ ရှိပါတယ်။ နိုင်ငံတကာ ကိစ္စတွေ၊ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ဘာတို့ပေါ့လေ။ သူက အဲဒီတုန်းက အစိုးရတာဝန်ရှိသူအနေနဲ့ ရပ်တည်ခဲ့ရတာတွေ ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ကျနော် စွဲစွဲမြဲမြဲ ယုံကြည်တာကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ သင်္ကေတ ဖြစ်တယ်ဗျ။ အဲဒါကိုတော့ ကျနော် ယုံကြည်တယ်။
နောက်တခါ ကျနော်ရဲ့ နိုင်ငံရေး လေ့လာမှုပေါ။ ကျနော် ၁၉၆၆ ခုနှစ် ကတည်းက နိုင်ငံရေး လေ့လာခဲ့တယ်။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူပေါ့။ နောက် နိုင်ငံရေး ခွဲခြမ်း စိတ်ဖြာသူအဖြစ် နှစ်ပေါင်း ၅၀ ကျော်အတွင်းမှာ ကျနော်သိခဲ့ဖူးတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အဆင်မြင့်တဲ့ နိုင်ငံရေးသမားကြီးတွေထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အကျင့်စာရိတ္တ အဖြူစင်ဆုံးထဲမှာ ပါတယ်။ ကိုယ်ကျိုး အစွန့်လွတ်ဆုံးထဲမှာလည်း တယောက် အပါအဝင် ဖြစ်တယ်လို့ သတ်မှတ်ပါတယ်။
မြန်မာ့နိုင်ငံရေးမှာ ကိုယ်ကျိုးစွန့်မှု၊ နောက်တခါ ကိုယ့်ကျင့်တရား ကောင်းမွန်မှုတွေဟာ အရေးကြီးတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့နိုင်ငံရေးမှာ အရေးကြီးနေဆဲပါပဲဗျ။ လောလောဆယ် သူ့ကို ဘယ်သူမှ မတွေ့နိုင်တဲ့ အချိန်မှာ ကျနော်တို့ ရှေ့နေတွေက သူ့ကို တွေ့ နေပါတယ်။ အဲဒီတော့ သူ့ရဲ့ တဦးချင်း အနေနဲ့ ဖြတ်သန်းနေတဲ့ အခြေအနေ၊ အမှု စစ်ဆေးတဲ့ အခါမှာလည်း သူ့အခြေအနေတွေကို ကြည့်တဲ့အခါ သူဟာ အင်မတန်ကို တက်ကြွတယ်။ အရှုံးပေးထားတဲ့ စိတ်ဓါတ်ကို ချထားတဲ့ သဘောမျိုး လုံးဝ မရှိဘူး။
ကျနော်ကလည်းပဲ အဲဒီအပေါ်မှာ မှီပြီးတော့ ဒီအမျိုးသမီးကြီးတယောက်ဟာ ခုနကပြောသလို သန့်စင်မှုနဲ့ ကိုယ်ကျိုးစွန့်မှု လိုအပ်နေတဲ့ ဗမာပြည်မှာ ဒီအမျိုးသမီးကြီး ရှိနေသင့်သေးတယ်။ ရှိနေတဲ့အချိန်အထိ ကျနော်တို့က ဆက်လက်ပြီးတော့ ထောက်ခံသွားရလိမ့်မယ်လို့ ကျနော်တို့က ယူဆပါတယ်။
![](https://burma.irrawaddy.com/wp-content/uploads/2021/06/U-Than-Soe-Naing.jpeg)
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဗမာပြည်ရဲ့ နိုင်ငံရေး လောကမှာ သူ့ဖခင်ထက်တောင် ပိုမြင့်မားတဲ့ အဆင့်နေရာ ရောက်အောင် စည်းရုံးလှုပ်ရှားနိုင်ခဲ့တယ်။ အဲဒီအတွက်လည်း တန်ဖိုးတွေလည်း များစွာ ပေးခဲ့တယ်။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာကို စစ်ကောင်စီက ဒီနေ့ ချဖို့အတွက် အကြီးအကျယ်ကို ကြိုးပမ်းနေတယ်။ အမှု ၇ မှုတောင် ပြင်ဆင်ပြီးတော့ ဖမ်းပြီးတော့ ထောင်ချဖို့ ကြိုးစားနေတယ်။ ရာသက်ပန် နိုင်ငံရေးလောက ထွက်သွားအောင်ပေါ့။
အဲဒီလို မတော်မတရားမှုတွေ လုပ်နေတဲ့ ကာလမှာ သူ့ရဲ့ ၇၆ နှစ်မြောက် မွေးနေ့ ကျင်းပရတာ တော်တော် ဝမ်းနည်းစရာ ကောင်းပါတယ်။ ဒါပေမယ့် ပြည်သူတရပ်လုံးက သူ့ရဲ့ မွေးနေ့ ရောက်တဲ့အခါ အားလုံးက သတိတရနဲ့ ပန်းပြပွဲပေါ့ဗျာ။ ပန်းပွဲတော် လုပ်ကြမှာပေါ့။ တပြည်လုံးက ပန်းသန်းပေါင်းများစွာ ဝေဆာဖူးပွင့်မယ့်ကာလ ဖြစ်တဲ့အတွက် ကျနော်တို့က ကြိုဆိုပါတယ်။ ဒီလို မတော်မတရားမှုတွေကနေ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါစေလို့လည်း ဆုတောင်းပါတယ်။
ပြီးခဲ့တဲ့ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို လူထုဆန့်ကျင်တဲ့ အတိုင်းအတာဟာ ကျနော်တို့ သန်းပေါင်းများစွာ ရှိတယ်။ ကျနော်ကတော့ သန်း ၅၀ လောက် ရှိမယ်လို့ ထင်တယ်။ ကျနော်တို့ကိုယ်တိုင်လည်း သူ့ကို ဝေဖန်ပြောဆိုခဲ့တာတွေ ရှိ ပါတယ်။ သို့သော် သူ့ရဲ့ ပုဂ္ဂိုလ်ရေး ကိုယ့်ကျင့်တရား သန့်စင် မွန်မြတ်မှုနဲ့ သူအခမ်းအနားတွေ လုပ်ပြီးဆိုရင်တောင် ခြံစောင့်ကအစ သိပ်ပြီး ဂရုစိုက်တယ်။
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအရ ဘယ်လိုပဲ အားနည်းချက်တွေ ရှိခဲ့၊ ရှိခဲ့ သူ့ကို လေးစား ချစ်ခင်နေတဲ့ ပြည်သူတွေ ကတော့ သန်းပေါင်းများစွာချီပြီးတော့ ရှိလိမ့်မယ်။ ဂုဏ်ပြုကြလိမ့်မယ်လို့ ကျနော် ယုံကြည်ကြောင်း ပြောချင်ပါတယ်။
![](https://burma.irrawaddy.com/wp-content/uploads/2021/06/Saw-Mya-Yarzar-Linn-scaled.jpg)
ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ
တိုက်ရိုက်ကြီးတော့ ကျမ မပြောချင်ဘူး။ ကျမပြောချင်တာက ဒီနေ့ အခြေအနေက နိုင်ငံရေးမှာ အားပြိုင်ဆဲ အနေအထားမှာ ရှိတယ်လို့ ကျမ မြင်ပါတယ်။ လူပုဂ္ဂိုလ်တဦးရဲ့ နိုင်ငံရေး အရေးပါမှု ဆိုတာက ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အခင်းအကျင်း အပေါ်မှာလည်း အများကြီး မူတည်တယ်။ ရှေ့ဆက်သွားမယ့် သမိုင်း စာမျက်နှာပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ အဲဒါကတော့ လှုပ်ရှားရင်းနဲ့ပဲ အဓိက အဖြေ ထွက်တတ်ပါတယ်။ ဒီနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ပြဿနာကို လက်ရှိသွားနေကြတဲ့ နိုင်ငံရေးနည်းလမ်းကတော့ လမ်းဟောင်းအတိုင်း သွားနေတယ်လို့ ကျမမြင်တယ်။
ကျမတို့လည်း လွန်ခဲ့တဲ့ နှစ် ၃၀ လောက်ကလည်း အခု လူငယ်တချို့ရဲ့ စိတ်ထဲမှာ ရှိနေသလိုမျိုး လက်နက်ကိုင်ထားတဲ့ သူတွေကို လက်နက်ကိုင်တော်လှန်ရေးနဲ့ပဲ တော်လှန်ပုန်ကန်ရမယ်လို့ ခံယူပြီးတော့မှပဲ ကျမတို့လည်း လက်နက်စွဲကိုင်တိုက်ပွဲ ဝင်ခဲ့ကြပါတယ်။ ၂၀၁၃ ခုနှစ်လောက်မှာကျတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာကို စစ်ရေးနဲ့ အင်အားသုံး မဖြေရှင်း ဘဲနဲ့ နိုင်ငံရေးပြဿနာကို စားပွဲပေါ်မှာ တင်ပြီး အဖြေရှာမယ်ဆိုပြီးတော့ ကျမတို့ လမ်းသစ်ထွင်နိုင်အောင် ကြိုးစားခဲ့ကြ တယ်။
၂၀၂၀ အလွန်မှာ နိုင်ငံရေးရဲ့ လုပ်ဆောင်ချက်တွေကို ပုံပြောင်းပြီး လုပ်ဆောင်မယ်ဆိုပြီး UPC (ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ)မှာ ကျမတို့ ဆုံးဖြတ်ချက်ချခဲ့ကြတယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာကတော့ ၂၀၂၀ အလွန်မှာ ကျမတို့ လုပ်ဖို့ မှန်းထားခဲ့တဲ့ အချက်တွေက အားလုံးရပ်တန့်နေဆဲ ဖြစ်ပါတယ်။ လက်ရှိနိုင်ငံရေး အကြပ်အတည်းကို ထွက်ပေါက် ရှာဖို့လိုတယ်လို့ မြင်တယ်။ အဲဒီလိုရှာတဲ့ နေရာမှာ လူပုဂ္ဂိုလ်တွေရဲ့ အခန်းကဏ္ဍ ပါလာခြင်း၊ မပါလာခြင်းကတော့ အဆုံးအဖြတ်ထွက်လာလိမ့်မယ်လို့ ကျမ ထင်ပါတယ်။
![](https://burma.irrawaddy.com/wp-content/uploads/2021/06/U-Pay-Than-.jpeg)
ရခိုင်အမျိုးသား ပါတီ
သူ့ရဲ့သမိုင်းကတော့ ပျောက်စရာ မရှိပါဘူး။ သူ့အနေနဲ့ နဂိုကတည်းကလည်း နိုင်ငံရေးကို ထဲထဲဝင်ဝင်လုပ်တယ်။ ဒီမိုကရေစီတော်လှန်ရေးမှာလည်း ခေါင်းဆောင်တယောက်ဖြစ်တယ်။ နောက်ပြီး အတိုင်ပင်ခံလည်းဖြစ်ခဲ့တဲ့အတွက် ပြည်သူတွေက မတရားဘူးလို့ ခံစားနေရတဲ့အချိန်အခါမှာ သူ့အရောင်ကတော့ မမှေးမိန်ပါဘူး။ သမိုင်းမှာ အမှတ်တရ ရှိနေဦးမှာပါ။
လောလောဆယ်အခြေအနေကတော့ ဒေါ်အောင်ဆန်းစုကြည်က ထိန်းသိမ်းခံထားရတော့ သူ့အနေနဲ့ ဘာမှပါဝင်လို့ မရဘူးပေါ့၊ နိုင်ငံတကာဖိအားတွေကြောင့် လွှတ်ပေးတာတို့၊ ဆွေးနွေးပွဲ ဖြစ်ပေါ်လာတာတို့ ဆိုရင်တော့ သူ့အခန်းကဏ္ဍ ရှိဦး မယ်။
ဒါပေမယ့် လက်တွေ့မှာကျတော့ သူက လုပ်ဆောင်နိုင်ခြင်း မရှိဘူး၊ ပါတီအနေနဲ့လည်း ဘာမှလုပ်လို့မရဘူး။ လာမယ့် တနှစ်အတွင်း ရွေးကောက်ပွဲ မလုပ်ဖြစ်ဘူး။ CDM လှုပ်ရှားမှုတွေလည်း ရှိနေတယ်။ PDF လှုပ်ရှားမှုတွေ ဆက်ရှိနေမယ်ဆို နစက(နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ) အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖျက်သိမ်းပြီး အာဏာသိမ်းဖို့ များတယ်။ ဆိုလိုတာက ၂ နှစ်ထက် ကျော်လွန်အောင် သူအချိန်ဆွဲသွားတော့မှာပေါ့။ ရွေးကောက်ပွဲ မလုပ်လေလေ ပါတီတခုရဲ့ အခန်းကဏ္ဍက မှေးမိန်လေလေပေါ့။
သူ့အခန်းကဏ္ဍအနေနဲ့ သမိုင်းကတော့ကျန်မယ်။ ဒါပေမယ့် ရှေ့လျှောက်မယ့် နိုင်ငံရေးခရီးက ဘယ်လိုဖြစ်လာမလဲ၊ အခင်းအကျင်း ကောင်းတယ်ဆိုတော့ သူ့အနေနဲ့ ပြန်ပြီးတော့ နိုင်ငံကို ခေါင်းဆောင်လာနိုင်မယ့် အနေအထား ရှိပါတယ်။ တ ကယ်လို့ ညှိနှိုင်းဆွေးနွေးလို့မရတဲ့ အခြေအနေမျိုးမှာကျရင်တော့ သူ့အနေနဲ့ အကျဉ်းထဲမှာပဲ အချိန်တွေ အများကြီး ကုန် လွန်သွားစရာရှိပါတယ်။ တဖက်ကလည်း မနိုင်၊ တဖက်ကလည်း ပြန်ပြီး မတော်လှန်နိုင်တဲ့ အခြေအနေမျိုးမှာ တိုင်းပြည် နာဖို့ပဲ ရှိတာပေါ့နော်။
![](https://burma.irrawaddy.com/wp-content/uploads/2021/06/Hla-Kyaw-Zaw.jpg)
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကတော့ အခုမှမဟုတ်ဘူး။ ကျမအနေနဲ့လည်း ဟိုအရင်ကတည်းကလည်း ပြောခဲ့ဖူးတာ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ်ချုပ်နေစဉ်ကတည်းကပေါ့။ ကျမက ဒေါ်အောင်ဆန်းစုကြည်ဟာ တနေ့ ဗမာပြည်ရဲ့ သမိုင်းမှာ သူအနေနဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါလိမ့်မယ်လို့ ပြောခဲ့ဖူးပါတယ်။ အခုလည်း သူက ပြောထားတဲ့ ဒုတိယအကြိမ် အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုမှာ ဆက်လက်ပြီးတော့ သူပါဝင်နေဦးမှာပါပဲ။
သူက လူတယောက်အနေနဲ့ပေါ့ Physically အရ မဝင်နိုင်ပင်မယ့် သူ့စိတ်ဓာတ်အရတော့ သူ ဆက်လက် ပါဝင်နေဦးမှာပါပဲ။ NLD အစိုးရ တာဝန်ထမ်းဆောင်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ သူလျှောက်ပြတဲ့ လမ်းဟာ တကယ့်တကယ် ဒီမိုကရေစီ စစ်မှန်တဲ့ ခြေလှမ်းအစစ်တော့ မဟုတ်ဘူးပေါ့။ တခြားကိစ္စတွေလည်း ရှိနေခဲ့တော့ သူတယောက်တည်းနဲ့လည်း မတတ်နိုင်ပါဘူး။ သို့သော်လည်း သူပေးသွားတဲ့ သင်ခန်းစာက ဗမာပြည်သူတွေကို သူလည်း ပြောသွားခဲ့ပါတယ်၊ လူတွေ မကြောက်ရတော့ဘူး ဆိုတာလေ။
ဒီ ၅ နှစ်အတွင်းမှာ ကျန်တာတွေကိုထား သူပေးခဲ့တဲ့ ဒီမိုကရေစီ အပေါ်ယံလေး ရတာတောင် ပြည်သူတွေ ဘယ်လောက် စိတ်ချမ်းသာလာကြလဲ။ ပြည်သူတွေ ဘယ်လောက် ကိုယ့်ရဲ့ အစွမ်းအစလေးတွေ ဘယ်လိုထုတ်ဖော်နိုင်ခဲ့လဲဆိုတာ ဒီမို ကရေစီရဲ့ အရသာလေးပေါ့ဗျာ။ အဲဒါလေးကို သူက ပြည်သူလူထုတွေ သိအောင် ပြသွားနိုင်ခဲ့တယ်။
သူ့ယုံကြည်ချက်နဲ့ ကျမတို့ ယုံကြည်ချက်နဲ့ သူ့လုပ်ဟန်နဲ့ ကျမတို့ လုပ်ဟန်နဲ့ တူချင်မှ တူလိမ့်မယ်၊ တူကောင်းမှ တူလိမ့်မယ်။ သို့သော်လည်း ကျမက တန်ဖိုးထားတာကတော့ သူတိုင်းပြည်အပေါ်ထားတဲ့ စေတနာ၊ ကျမတို့ တိုင်းပြည်ပေါ်မှာ ထားတဲ့ စေတနာဟာ တယောက်နဲ့ တယောက် ပြိုင်စရာ မလိုဘူးလေနော် အတူတူပဲ။ သူတိုင်းပြည်အပေါ်ထားတဲ့ စေတနာက သံသယ ရှိစရာ မရှိဘူး။
တချို့လုပ်တာကိုင်တာတွေကြောင့် အမြင်လွဲတာတွေ မကြိုက်တဲ့ အမြင်တွေ ရှိကောင်းရှိနိုင်တယ်။ သို့သော်လည်း သူဟာ တိုင်းပြည်အကျိုး ပြည်သူလူထုအကျိုး ကို အတတ်နိုင်ဆုံး လုပ်ဆောင်သွားတဲ့ လူတယောက်ပါ။ အခုလည်း အသက် ၇၆ နှစ်မှာ သူရဲ့ ရုပ်ခန္ဓာအရ လွတ်မြောက်မနေပင်မယ့် သူ့စိတ်အရတော့ သူဟာ လွတ်မြောက်နေသူဖြစ်တယ်။
သူအတတ်နိုင်ဆုံး လုပ်ဆောင်ပေးခဲ့သူဖြစ်တဲ့အတွက် သူလိပ်ပြာလည်းသူ သန့်နေမှာပါ။ သူအသက်ရာကျော် ရှည်စေဖို့ တဖက် ဆုတောင်းရင်းနဲ့ တတိုင်းပြည်လုံးလည်း ကျမတို့ တာဝန်ပေါ့နော်၊ တိုင်းပြည်ရဲ့ အကြီးမားဆုံး အန္တရာယ်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်က လွတ်အောင် အားလုံးဝိုင်းကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်။
![](https://burma.irrawaddy.com/wp-content/uploads/2021/06/Khin-Lay-Nge.jpeg)
ဖန်တီးအိမ်
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရဲ့ အခြေအနေ အမျိုးမျိုးကို ကျမတို့ရှေ့မှာ လမ်းပြပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင် ကျော်ဖြတ်တာတွေကို သင်ပြပေးခဲ့တယ်။ အမေ ဒေါ်အောင်ဆန်းစုကြည် သွန်သင်ပေးခဲ့၊ လမ်းပြပေးခဲ့တာတွေကို ကျမတို့ ပြည်သူတွေက ရင်ထဲကရော၊ နှလုံးသားထဲကရော လက်ခံပြီး ကျမတို့နိုင်ငံရဲ့ အနာဂတ်ကို ကျမတို့ကိုယ်တိုင် ပုံသွင်းပြီး ဖန်တီးနိုင်ဖို့ ကြိုးစားနေကြပြီ။ အမေ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီမွေးနေ့ကစပြီး အသက်ရာကျော် ရှည်ပါစေ၊ ကျန်းမာပါ စေလို့ ဆုတောင်းပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျမတို့အတွက်တော့ နိုင်ငံရေးတင်မကဘူး။ တခြားသော လူ့ဘဝနေနည်းထိုင်နည်း၊ ကျင့်ကြံ နည်းတွေကိုပါ သွန်သင်လမ်းပြပေးခဲ့သူတယောက် ဖြစ်ပါတယ်။ နောက်တခုက လက်ရှိ နိုင်ငံရေး အနေအထားတွေအရ အားလုံး သြဇာညောင်းနိုင်တဲ့သူ တယောက်ဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးပါတယ်။
အန်တီတင်မကဘူး။ တခြားသော မတရားသဖြင့် အမှုဆင်ခံနေရသူအားလုံး အခုလို ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ အခြေ အနေတွေကနေ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေလို့လည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ဆုတောင်းချင်ပါတယ်။
![](https://burma.irrawaddy.com/wp-content/uploads/2021/06/Hnin-Hnin-Mhwe.jpg)
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
ဒေါ်အောင်ဆန်းစုကြည်က ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူအများစုက ပုံအော မဲပေးခဲ့ကြတဲ့ အနိုင်ရပါတီရဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက အရေးကြီးမှု ရှိလျက်ပါပဲ။ စစ်အာဏာရှင် အကုန်အစင် ဖျက်သိမ်းရေး၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး တိုက်ပွဲစဉ်ကြီး အတွင်းမှာ အင်အားစုအားလုံးနဲ့ လက်တွဲဆောင်ရွက်သွားဖို့ လိုအပ်နေဦးမှာ ဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံထားရမှုကနေ အမြန်ဆုံး ပြန်လွတ်ပြီး လူမျိုးပေါင်းစုံ ပြည်သူတွေနဲ့ အမြန်ဆုံး လက်တွဲဆောင်ရွက်နိုင်ဖို့ ဆန္ဒပြုပါတယ်။ ၂၀၂၁ နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် အတူတကွ လက်တွဲ ဆောင်ရွက်ရမယ့် အရေးကြီးတဲ့ မိတ်ဖက်အင်အားစုကြီးရဲ့ ခေါင်းဆောင်ဖြစ်နေတာမို့ အမြန်ဆုံး လွတ်မြောက်စေချင်ပါတယ်။
You may also like these stories:
ရိက္ခာနှင့်ဆေးဝါး အကူအညီတောင်းသည့် ဒေါ်အောင်ဆန်းစုကြည် အဂတိမှုဖြင့် ထပ်မံ အမှုဖွင့်ခံရ
NLD အမတ်တချို့ကို ပေါက်ကွဲ၊ ပစ်ခတ်မှုများဖြင့် တံဆိပ်ကပ်ဖမ်းဆီးရန် စစ်ကောင်စီကြိုးပမ်း
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့အမှု တရားလို စစ်ဆေးမှုများ စတင်