ဥပဒေတွေ ပုဒ်မတွေကိုပါ ထောင်သွင်း အကျဉ်းချထားပြီးပြီ
အာဏာသိမ်း စစ်ကောင်စီကို အလိုမရှိကြောင်း ဆန္ဒပြသူများ၊ ဆန့်ကျင်နေကြသူများကို လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာတွင် အသက် ၅ နှစ်အရွယ် မစုထက်ဝိုင်းလည်း ဖမ်းဆီးခံခဲ့ရသည်။ စစ်ကောင်စီက အလိုရှိနေသော ဖခင်ဖြစ်သူ ကိုစိုးဌေးကို ဖမ်းမမိသဖြင့် ၎င်း၏ သမီးငယ် မစုထက်ဝိုင်းကို ဖမ်းဆီး အကျဉ်းချခဲ့ခြင်း ဖြစ်သည်။
ထို ၅ နှစ်အရွယ်ကလေးငယ်အပြင် ကိုစိုးဌေး၏ အမျိုးသမီးနှင့် တတိယနှစ်ကျောင်းသူ တဦးဖြစ်သည့် အသက် ၁၉ ကျော် အရွယ် သမီးအကြီးဖြစ်သူတို့လည်း မစုထက်ဝိုင်းနှင့်အတူ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ ကိုစိုးဌေးကို စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင် ဦးဆောင်သည် ဟုဆိုကာ စစ်ကောင်စီက လိုက်လံ ရှာဖွေ လျက်ရှိသည်။
မစုထက်ဝိုင်းကို စစ်ကောင်စီက အကျဉ်းထောင်တွင် ၂ ပတ်ကျော်ကြာ ထိန်းသိမ်းခဲ့ပြီးနောက် ဇွန်လ ၃၀ ရက်တွင် ပြန်လွှတ် ပေးခဲ့သည်။
ထိုသို့ လွတ်မြောက်လာသော်လည်း သမီးငယ်မှာ စိတ်ဒဏ်ရာတချို့ ရရှိခဲ့ကြောင်း ဖခင်ဖြစ်သူက ဆိုထားပြီး လက်ရှိ ဖမ်းဆီး ခံရဆဲဖြစ်သည့် သမီးကြီး ဖြစ်သူ မသိမ့်စန္ဒီစိုးမှာလည်း ကျန်းမာရေး အခြေအနေ ဆိုးဝါးနေကြောင်း ဖခင်ဖြစ်သူ ကိုစိုးဌေးက ပြောသည်။
ထို့ကြောင့် ပြန်လည်လွတ်မြောက်လာသည့် သမီးငယ် မစုထက်ဝိုင်း ကြုံတွေ့ရသည့် အခြေအနေနှင့် သမီးအကြီး ဖြစ်သူ မသိမ့်စန္ဒီစိုး၏ လက်ရှိ အခြေအနေများကို ဧရာဝတီက ကိုစိုးဌေးနှင့် ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ သမီး ၂ ယောက်နဲ့ အမျိုးသမီး ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်ကို ပြောပြပေးပါဦး။
ဖြေ ။ ။ ပြီးခဲ့တဲ့ လ ဇွန်လ ၁၃ ရက်ကမှာ သူတို့ကို ဖမ်းသွားတာပေါ့။ ဖမ်းသွားတဲ့အချိန်မှာ အတင်းဆွဲရမ်းပြီးတော့ လက်ထိပ် ခတ်တယ်။ အဝတ်တထည် ကိုယ်တခုနဲ့ ဖမ်းသွားတာ။ အဲဒီကတည်းက ကျနော်တို့ အဆက်အသွယ် မရဘူးပေါ့။ ၃ ရက် လောက်နေတဲ့ အခါမှာတော့ သူတို့ အပေါ်အချုပ်မှာ ထားတယ်လို့ သိရတယ်။ အဲဒီ နောက်ပိုင်းမှာ ဘာအဆက်အသွယ်မှ မရဘူး၊ အဝတ်အစားတွေလည်း ပေးလို့ မရဘူး။ ဘာအစားအသောက်မှလည်း ပေးလို့မရဘူး။ သူတို့နာမည်နဲ့ပေးလိုက်ရင်ကို မောင်းထုတ်တယ်။ ကျနော်တို့က ဘာအဆက်သွယ်မှ လုပ်ခွင့် မရဘူး။
မေး ။ ။ မိုးကုတ်အချုပ်ထဲမှာ ကျန်နေသေးတဲ့ သမီးကြီး မသိမ့်စန္ဒီစိုး ကျန်းမာရေး အခြေနေ မကောင်းဘူးလို့ ကြားပါတယ်။ အဲဒီ အကြောင်းလေး ပြောပြပေးပါ။
ဖြေ ။ ။ မနေ့ကတော့ အထဲက တယောက်က လှမ်းပြောလာတယ်။ ကလေးက ကျန်းမာရေး မကောင်းဘူး။ စစ်ကြောရေး ကြောင့် ဖြစ်တာတော့ဖြစ်မယ်။ အသက်အန္တရာယ် စိုးရိမ်ရတယ်။ သူက အဲဒီလို ပြောလာတယ်။ သူက နကိုကတည်း က သွေး လေးဘက်နာ ရှိတယ်။ ဆေးတွေ သောက်နေရတယ်။ ၁ ပတ်တခါ ဆေးခန်းပြနေရတယ်။ အေးရင်သူက ခြေဆစ် လက်ဆစ်တွေ ကိုက်တယ်ပေါ့နော်။ ထပ်သိရတာက စစ်ကြောရေးမှာ လက်ထိပ်ခတ်တယ်။ သမံတလင်းပေါ်မှာ ဒူးထောက် ခိုင်းပြီးတော့ လက်ကို တင်ထားခိုင်းပြီးတော့မှ ၂ နာရီ ၃ နာရီ စစ်ကြောရေး လုပ်တယ်လို့ကြားတယ်။ အဲဒါကြောင့် ဖြစ်သလားတော့ သေချာမသိရသေးဘူး။ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့သိထားတယ်။
မေး ။ ။ ပြန်လွတ်လာတဲ့ သမီးငယ် မစုထက်ဝိုင်းက ဘာတွေပြန်ပြောပြလဲ။
ဖြေ ။ ။ သမီးလေး စုထက်ဝိုင်း ပြန်လွတ်လာတုန်းကတော့ သူအထဲမှာ ထမင်းဝအောင်မစားရဘူး။ ထပ်ပြောတာက ထမင်းစားရင်လဲ ကြွပ်ကြွပ်အိတ်နဲ့ပဲ စားရတယ်လို့ ပြောတယ်။ ကျန်တာကတော့ သူအိပ်ခါနီး စိတ်ကူးပေါက်တဲ့ အခါတွေမှာတော့ ပြောတယ်။ သေချာမေးရင်တော့ သိပ်ပြောချင်စိတ် မရှိဘူးနဲ့ တူတယ်။ သူ တွေးတွေးငေးငေး မှိုင်မှိုင် ဖြစ်သွားလို့ သူပြောတဲ့ အခါပဲ နားထောင်ရတဲ့ အနေအထားပေါ့။ သူသတိရလို့ ပြောလာရင်တော့ မသိဘူးပေါ့။ မနေ့ညကတော့ မေမေနဲ့ မမတို့ အိပ်ပြီလား မသိဘူးလို့တော့ ပြောလာတယ်။
မေး။ ။ ကိုစိုးဌေး ကို မတွေ့လို့ အမျိုးသမီးနဲ့ သမီးကို ဖမ်းသွားတဲ့ အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ဒါဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်၊ ဒါအာဏာရှင်ရဲ့ ပြယုဂ် ပေါ့။ သူတို့ကတော့ အခုထက်ထိ ခြေရာခံနေတုန်းပဲ။ ကျနော်နဲ့ပတ်သက်ခဲ့ဖူးတဲ့သူတွေ တချို့ဖုန်းပဲ ပြောဖူးတဲ့သူတွေကိုတောင်မှ သူတို့ ခေါ်မေးနေတာ ဘာတွေ ရှိနေတယ်။ ဘယ် မှာရှိနေလဲပေါ့။ ဒါ သူတို့အလုပ် သူတို့ လုပ်တာပဲ။ ကျနော်က ဒီတော်လှန်ရေးမှာ ကျနော်တို့ လုပ်ရမဲ့အလုပ်တွေ ဆက်လုပ် မှာပဲ။ ဒီအာဏာရှင် အမြစ်ပြတ်တဲ့အထိ ဘယ်နားရောက်ရောက် ရောက်တဲ့နေရာကနေ အာဏာရှင်ပြုတ်ကျဖို့ အားထုတ် နေမှာပဲ။
မေး ။ ။ သမီးကြီး ဆေးကုသခွင့်ရဖို့ အတွက်က ဘယ်လောက်ခက်ခဲနေလဲ။
ဖြေ ။ ။ ပြဿနာက ၂ ခုရှိတယ်ဗျ။ ကျနော်က သွားလို့မရဘူး။ ကျနော်နဲ့ ပတ်သက်တဲ့သူ တယောက်ယောက်က သွားရင်ကိုပဲ သူတို့ကို ခြိမ်းခြောက်ခံရတယ်။ ဆိုတော့ ဘယ်သူ့ကို သွားခိုင်းရမလဲ ဘယ်သူကရော သွားမလဲပြော။ ဒီတော့ ကျနော်တို့လဲ ဒီဘက်မှာ နည်းလမ်းရှာနေတာတော့ ရှိပါတယ်။ ဘာဘဲဖြစ်ဖြစ် ကျနော်တို့ဘက်က တတ်နိုင်တာတော့ ကြိုးစားသွားမယ်။ သူတို့ဘက်က တုံ့ပြန်တာတော့ ဘယ်လိုပဲ ရှိရှိပေါ့ ဒါက သူတို့ ကိစ္စဖြစ်တယ်ပေါ့။ ကျနော်တို့ဘက်လဲ ကျနော်တို့ ရဲဘော်တွေနဲ့ တိုင်ပင်ပြီးအကောင်းဆုံး ဆောင်ရွက်သွားမယ်။
မေး ။ ။ အမျိုးသမီးနဲ့ သမီးကို လွှတ်မေပေးဘဲ ဆက်ဖမ်းထားတဲ့ အပေါ် ဘာများပြောချင်လဲ။
ဖြေ ။ ။ ဥပဒေတွေ ပုဒ်မတွေ ဆိုတာက အရင်က စာအုပ်ထဲမှာပဲ ရှိတယ်ဗျာ။ အခုတော့ ဥပဒေတွေ ပုဒ်မတွေကိုပါ ထောင် သွင်း အကျဉ်းချထားပြီးပြီပဲဗျာ။ အဲဒီတော့ ဥပဒေတွေ ပုဒ်မတွေကို ကျနော်တို့ ပြောစရာစကား မရှိတော့ဘူး။ ဘာဖြစ်လို့ ဒီလိုရက်အကြာကြီး ထားထားလဲဆိုရင် ဖမ်းစဉ်ကတည်းက ဥပဒေမဲ့ ဖမ်းတာဘဲဗျာ။ ထားတာလဲ ဥပဒေမဲ့ထားတာ။ ဥပဒေ ဆိုတာ အခု သူတို့ပါးစပ်ထဲမှာ ရှိတာ ဥပဒေပဲ။ သူတို့ အာဏာတည်မြဲရေးအတွက် သူတို့ စိတ်ခံစားချက် ရှိတဲ့အတိုင်း လျှောက် လုပ်နေတာကို ဥပဒေလို့ ခေါင်းစဉ် တပ်တပ်နေတာ တကယ်က ဥပဒေဆိုတာ မရှိတော့ဘူး။
ဒီလို အတင်းအဓမ္မ ဖမ်းဆီးခံထားရတဲ့အပေါ်မှာ ဖခင်တယောက်အနေနဲ့ စိတ်ခံစားချက်တချို့တော့ ဖြစ်တာပေါ့။ သို့သော် ဒီခံစားချက်ကနေပြီးတော့ ခွန်အားဖြစ်စေချင်ပါတယ်။ ကျနော့် အတွက်ပဲ မဟုတ်ဘူးပေါ့။ တခြား မိသားစုတွေလဲ ဒီလို ခံစားမှုတွေ ရှိနေလိမ့်မယ်လို့ ကိုယ်ချင်းစာပါတယ်။ တချို့ဆို ပြန်မလာနိုင်တော့တဲ့ သားသမီးတွေ သေဆုံးသွားတဲ့အတွက် ပူဆွေးနေရတဲ့ မိသားစုတွေလည်း ရှိပါတယ်။ အဲဒီစိတ်ခံစားမှုတွေကတဆင့် တော်လှန်ရေးအတွက် ခွန်အားတရပ်အဖြစ် ပြောင်းပြီးတော့ ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးကို အောင်မြင်တဲ့အထိ အဆုံး ချီတက်ကြပါစို့လို့ တိုက်တွန်းလိုပါတယ်။
You may also like these story: