ဒီပဲယင်းကို အာဏာသိမ်း စစ်တပ် ဘယ်လိုစီးနင်း တိုက်ခိုက်ခဲ့သလဲ

ဧရာဝတီ
ဒီပဲယင်းဒေသခံပြည်သူများကို ပစ်ခတ်ခဲ့သည့် ကျည် / CJ
Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ဆပ်ပြာကျင်းရွာကို ဇူလိုင်လ ၂ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အား အလုံးအရင်း ဖြင့် ရောက်ရှိလာပြီး ဒေသခံ ကာကွယ်ရေး အဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ဘေးရှောင်များ တိမ်းရှောင်ရာ တောအတွင်းသို့ပင် ရှာဖွေ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ သေဆုံးသူဦးရေ ၃၀ ကျော် ရှိခဲ့သည်။

အာဏာသိမ်း စစ်တပ် ပစ်ခတ်သတ်ဖြတ်ခံရသူများ (ဓာတ်ပုံ – CJ)

အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်နေ့ ဖြစ်စဉ်များနှင့် စစ်ဘေးရှောင်ဒေသခံ အခြေ အနေများကို သိရှိရန်အတွက် ကူညီရေးများ ပြုလုပ်နေသည့် ဒေသခံပြည်သူတဦးနှင့် ဧရာဝတီက ဆက်သွယ် မေးမြန်း ထားပါသည်။

မေး ။ ။ လက်ရှိ ဒီပဲယင်းမြို့နယ်ထဲမှာ ဘယ်လို အခြေအနေတွေ ရှိနေလဲ။

ဖြေ ။ ။ လောလောဆယ်မှာ စစ်ရှောင်တွေကို ရန်သူသဖွယ် တိုက်ခိုက်နေတယ်။ ပစ်ခတ်နေတယ်။ ဇူလိုင် ၄ ရက်ကဆိုရင် ၃ ဖွဲ့ ခွဲပြီးတော့ စစ်ရှောင်တွေကို ရန်သူသဖွယ် လိုက်ပစ်ခတ်တယ်။ စစ်ရှောင်တွေမှာ အဖိုးအဖွားတွေ
ကလေး သူငယ်တွေ ပါတယ်။ သူတို့တွေ စားဖို့ဆိုတာလည်း မရှိဘူး။ ပစ်ခတ်တာက မနေ့ကအထိ ဖြစ်တာပါ။ ဒီမှာက ကာကွယ်ရေးအဖွဲ့ရယ် လို့ ခိုင်ခိုင်မာမာကြီးလည်း မဟုတ်ပါဘူး။

ပြည်သူတွေကို အကြမ်းဖက်လို့သာ မခံနိုင်လို့ လူငယ်လေးတွေက စုပေါင်းပြီးတော့ ကာကွယ်တဲ့ အဆင့်လောက်ပဲ ရှိသေး တယ်။ သင်တန်းဆင်းဆိုတဲ့ အဆင့်လောက်လည်း မရှိဘူး။ ဒေသခံက ကလေးတွေပေါ့။ တူမီးလောက်ပဲရှိတာ ကျန်တဲ့ လက်နက်ဆိုတာ မရှိဘူး။ ဖောက်ခွဲရေး ပစ္စည်းဆိုတာ မရှိဘူး။ တိုက်ပွဲလို့တောင် ပြောလို့မရဘူး တဖက်သတ် အကြမ်းဖက် ပစ်ခတ်မှုလို့ပဲ ပြောလို့ရမယ်။

သူတို့သုံးတဲ့ လက်နက်ကျည်တွေ ကောက်ထားတယ်။ ဒီအခွံတွေကို နားလည်တဲ့လူတွေနဲ့ မေးမြန်း စုံစမ်းကြည့်တဲ့အခါမှာ RPG သုံးသွားတယ်။ ပုခုံးထမ်းလောင်ချာ သုံးသွားတယ်။ နယ်သေးသေးလေးကို လက်နက်အင်အား မပြည့်စုံတဲ့အဖွဲ့ကို ပစ်ခတ်ဖြိုခွင်းတယ်ပေါ့။ ဖြိုခွင်းတဲ့အခါမှာပြည်သူရော ဘာရော မကြည့်တော့ဘဲနဲ့ အားလုံးကို ရန်သူလိုပဲ သတ်မှတ်ပြီး ပစ်ခတ်တဲ့အတွက် အခြေအနေတွေက ဒီလောက် ဆိုးဝါးတဲ့ အခြေအနေ ဖြစ်တာပေါ့။

မေး ။ ။ သေဆုံးမှုမှာ ကာကွယ်ရေးအဖွဲ့က လူငယ်တွေပဲလား ဒေသခံ ပြည်သူတွေရောပါလား။

ဖြေ ။ ။ ဘယ်က ဘယ်လိုသတင်းရလို့လဲ မသိဘူးဗျ။ သူတို့ တကယ့်တကယ် လိုက်ချင်တာက PDF အဖွဲ့ရှိတဲ့နေရာဆိုပြီး လိုက်လာတဲ့ သဘောရှိတယ်။ တကယ့်တကယ်မှာက အဲဒီလောက်ကြီး သင်တန်းဆင်းတွေ ရှိတဲ့နေရာလည်း မဟုတ်ဘူး။ လက်နက်တွေ ခိုင်ခိုင်မာမာရှိတဲ့ နေရာလည်း မဟုတ်ဘူး။ သူတို့ ပစ်ခတ်တာလည်း PDF ရယ်လို့ မဟုတ်ဘူး။ ပြည်သူတွေ ကအစ တွေ့တာနဲ့ ပစ်တော့တာပဲ။

အာဏာသိမ်းတပ်ဘက်က ဖမ်းဆီးရမိကြောင်း ထုတ်ပြန်သည့် တူမီးသေနတ်များ

မေး ။ ။ ပစ်ခတ်မှုတွေ စတင်တဲ့ အခြေအနေကို ပြန်ပြောပြပေးပါဦး။

ဖြေ ။ ။ ဇူလိုင်လ ၁ ရက်ညမှာ ဒရုန်းနဲ့ ရှာဖွေတာတွေ လုပ်တယ်။ ၁ ရက် ညမှာကတည်းက သူတို့က အစီအစဉ်တွေ အကုန်ဆွဲပြီးပြီ။ ၂ ရက် မနက်အစောပိုင်းကို ဝင်လာတယ်ပေါ့။ ဆပ်ပြာကျင်းနဲ့ ဘုတ်ရွာ၊ အုန်းပင်ပေါ့။ အဲဒီရွာတွေကို ဝင်စီး လိုက်တယ်။ အဲဒါက ၂ ရက် မနက် ၅ နာရီမှာ ဝင်စီးတာ။ ပြည်သူတွေက ကိုယ့်ရွာကို တိုက်ခိုက်လာတဲ့အတွက် ကာကွယ် မယ်ဆိုတဲ့ စိတ်နဲ့ သူတို့ ပစ်ကြတယ်။ သူတို့ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်တယ်လေ။ ၂ ရက်မှာပဲ လက်နက်ကြီး ကို အလုံး ၃၀ လောက် ပစ်တယ်။ တူမီးတောင် နည်းနည်းလေးပဲရှိတာ လူငယ်တွေမှာ။ မိနစ် ၂၀ ဝန်းကျင်လောက်ပဲ ပစ် တာ။ လက်နက်ကြီးတွေနဲ့ ပစ်တော့ ဆုတ်ခွာတယ်ပေါ့။ အဲဒီနေ့မှာ ၅ ဦး ဒဏ်ရာရတယ်။ ကာကွယ်မယ်ဆိုတဲ့ လူငယ်တွေ ဒဏ်ရာရကြတယ်ပေါ့။

အဲဒီလို လက်နက်ကြီးတွေနဲ့ ပစ်နေတယ်ဆိုတော့ ကျန်တဲ့ကျေးရွာက လူငယ်တွေကလည်း ကဲ ငါတို့လည်း ဝိုင်းမယ်ဆိုပြီး တော့ ဝိုင်းကြတဲ့ သဘောရှိတယ်။ ဝိုင်းကြတဲ့အခါမှာ ကလေးတွေကိုမြင်တော့ လက်နက်ကြီးတွေနဲ့ ပစ်လိုက်တဲ့အခါမှာ ပိုပြီးတော့ အခြေအနေ ဆိုးသွားတယ်။ စုစုပေါင်း ၁၁ ဦး ဒဏ်ရာရတာပေါ့ အဲဒီနေ့မှာပဲ။ ၂ ဦး သေဆုံးပါတယ်။ ပစ်ပစ်ချင်းပဲ သူတို့ ပြေးကြတယ်။ ၆ ဦးလောက် ဒဏ်ရာရသွားတယ်။ မိုးကလည်း ကျလာတယ် သူတို့ကလည်း အတင်းလိုက်နေတော့ ၆ ဦးကို မသယ်နိုင်တော့ဘူး။ သူတို့ကို လုံခြုံစိတ်ချရမယ် ထင်တဲ့နေရာမှာ ထားခဲ့ရတာပေါ့။ သူတို့ကလည်း သူတို့အတွက် တာဝန်ကြီးမှာ စိုးလို့ နေခဲ့ကြတာ ရှိတယ်ပေါ့ဗျာ။ အဲဒီလိုနေခဲ့တဲ့ ၆ ဦးကို နောက်ကနေ လိုက်လာပြီးတော့ မိသွားတဲ့အခါ မှာ ခေါင်းတွေကို သေနတ်တွေနဲ့ တေ့ပစ် သတ်သွားတယ်။

နောက်ရက် ပြန်သွားကြည့်တဲ့အခါမှာ မနက်ခင်း စောစောမှာပဲ သေကုန်ကြပြီ။ ဒီကသွားတဲ့ အဖွဲ့တွေကိုလည်း ဇူလိုင် ၃ ရက်မှာ ထပ်ပစ်တယ်။ ကာကွယ်ရေး လူငယ်တွေ ထပ်ထိကြတယ်။ ၃ ရက်မှာ အထိအခိုက် ပိုများသွားတယ်။ လာကယ် တဲ့ အဖွဲ့တွေကိုလည်း ပစ်တယ်။ နောက် ဆပ်ပြာကျင်းတို့၊ ဘုတ်တို့က လူငယ်တွေလည်း ပြန်လာကြတယ်။ အဲဒီလိုဖြစ် တော့ ၃ ရက်မှာ အထိအခိုက် အကျအဆုံးက တော်တော်များသွားပြီးတော့ သေဆုံးက အတည်ပြုလို့ကို မရဘူး။ အလောင်းတွေက မကောက်နိုင်သေးတော့။

အာဏာသိမ်း စစ်တပ် ပစ်ခတ်သတ်ဖြတ်ခံရသူများ (ဓာတ်ပုံ – CJ)

ဇူလိုင် ၃ ရက် မနက်ခင်းမှာလည်း ထပ်ပစ်တာ။ ၃ ရက်မှာ အတည်ပြုနိုင်တာ က အယောက် ၂၃ ယောက်ပေါ့။ ၃ ရက် အထိဆို စုစုပေါင်း ၂၅ ဦးပေါ့။ ဒဏ်ရာရနေတဲ့ ၁ ယောက်အဖမ်းခံလိုက်ရတယ်။ ၃ ရက်မှာပဲ ဆိုင်ကယ်စီးတဲ့ ပြည်သူ ၂ ယောက်ကို ပစ်ပြီး ဖမ်းသွားတာ ရှိတယ်။ ကျနော်တို့ အတည်ပြုလို့ရတာ ၃၁ လောင်း ရှိတယ်။ ဒါဘယ်သူ ဘယ်ရွာက ဆိုတာ အတည်ပြုပြီးတာ၂၀ ရှိပါပြီ။ အလောင်းရှာတဲ့ ၂ ဖွဲ့နဲ့ ရှာနေပြီးတော့ သူတို့ဆီက သတင်းအချက်အလက်နဲ့ ဘယ်သူဆိုတာ အတည်ပြုလို့ရတာပါ။

မေး ။ ။ ဖမ်းသွားတဲ့ လူတွေရဲ့ အခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ ဖမ်းသွားတဲ့လူတွေကတော့ ဘယ်မှာ ဖမ်းထားတယ်ဆိုတာတော့ မသိသေးဘူး။ အခုချိန်အထိ အတည်မပြုနိုင် သေးဘူး လူငယ်တွေ တော်တော်များများလည်း ပျောက်နေတယ်။ လာမေးကြတာတွေ ရှိတယ်။ အလောင်းကို ဓာတ်ပုံ ရိုက်ပို့တယ်ပေါ့ ဒါလားဆိုပြီး။ တချို့တွေကတော့ ဘယ်သူဘယ်ဝါဆိုတာ မသိဘူးပေါ့။ လက်နက်ကြီးထိပြီးတော့ ရုပ်ပျက် ဆင်းပျက် ဖြစ်နေတဲ့ အနေအထားဆိုတော့ အတည်ပြုလို့ မရတာတွေ ရှိတယ်။ အခုလည်း ထပ်ပြီး ရှာဖွေနေဆဲပေါ့။ မနေ့ ကရော ဒီနေ့ရော ၂ ရက်ဆက်တိုက် တောနင်းပြီးတော့ စစ်ရှောင်တွေကို ရန်သူသဖွယ် လိုက်ပစ်ခတ်နေတာ။ သေဆုံးမှု တွေ၊ ဖမ်းခံရမှုတွေ အခုချိန်အထိ အဖွဲ့လိုက်ကြီး လိုက်နေတဲ့အတွက် အတည်မပြုနိုင်ဘူး ဖြစ်နေတယ်။ မနေ့က စစ်ရှောင် ထဲက ၁ ယောက်လည်း ပိုး (မြွေကိုက်) ထိတယ်။

မေး ။ ။ ၄ ရက်မှာ ထိခိုက် သေဆုံးမှုတွေရှိသေးလား။

ဖြေ ။ ။ ၄ ရက်မှာကို ထိခိုက်သေဆုံးမှု ရှိလား ခန့်မှန်းလို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလောင်းကောက်သွားတဲ့ အဖွဲ့ တွေကိုပစ်တာ တချို့လည်း ပြန်ဆုတ်လာနိုင်တယ်။ တချို့လူငယ် အလောင်းတွေကိုလည်း ထပ်တွေ့တယ်ဆိုတော့ ၄ ရက် နေ့မှာပဲ သေတာလား ဘယ်ရက်မှာ သေတာလဲ အခုချိန်အထိ အတည်ပြုလို့ မရသေးဘူး။ မနေ့က အလောင်း ကောက်ဖို့ သွားတဲ့ ၂ ဖွဲ့လုံးကို ပစ်တဲ့အတွက် ပြန်ပြီး လာရတာမျိုးလည်း ရှိတယ်။ အလောင်းတွေကို တွေ့တယ်။ မသယ်နိုင်ဘဲ ဒီတိုင်း ပဲ ပြန်လာခဲ့ရတာပေါ့။ အဲဒီအလောင်းတွေက ၃ ရက်နေ့မှာ သေတာလား၊ ၄ ရက်နေ့မှာ ကိုယ့်အဖွဲ့တွေထဲက ကလေးတွေ ပျောက်လို့ လိုက်ရှာရင်းနဲ့ ပစ်ခံရသလား ဆိုတာကို အတည်မပြုနိုင်တာပါဗျ။

အာဏာသိမ်း စစ်တပ် ပစ်ခတ်သတ်ဖြတ်ခံရသူများ (ဓာတ်ပုံ – CJ)

မေး ။ ။ ဒါဆိုရင် သေဆုံးသူ အလောင်းတွေက အပြီးသတ် မကောက်နိုင်သေးဘဲ ကျန်ရှိနေသေးတဲ့ အခြေအနေပေါ့။

ဖြေ ။ ။ ဟုတ်တယ်ဗျ။ အလောင်းတွေက အပြီးသတ် မကောက်နိုင်သေးဘူး။ ရှေ့ဆက်ပြီးလည်း မတိုးရဲသေးဘူးပေါ့။ ရှိတဲ့ဘက်ကို လာနေပြီဆိုရင် ထပ်ရှောင်ရတာပေါ့။

မေး ။ ။ ဒီပဲယင်းမြို့နယ်ထဲကို ဘာကြောင့် စစ်ကောင်စီက အင်အား အလုံးအရင်းနဲ့ လာတယ်လို့ သိထားလဲ။

ဖြေ ။ ။ ကျနော်တို့ ခန့်မှန်းလို့ရတာတော့ ဒီနေရာမှာ ဘာမှ မပြည့်စုံတာကို သူတို့သိထားတယ်။ လူငယ်တွေကို ဖိလိုက် မယ်ဆိုရင် တခြားနယ်တွေပါ ငြိမ်မယ်လို့ ယူဆပုံရတယ်။ တခြား ခိုင်ခိုင်မာမာတော့ မရှိဘူး။ ဒီမှာ အင်အားကြီးကြီးမားမား လည်း မရှိဘူး။ သူတို့ကို ဖောက်ခွဲတာမျိုးတွေ ရန်ပြုတာမျိုး တိုက်ခိုက်တာမျိုး မရှိဘူး။ လက်နက်ကြီးတွေ တပါတည်း ယူ လာတာ စဉ်းစားစရာ ဖြစ်တယ်။ ဒီနေရာမှာ ဒီကလေးတွေရှိတယ် ဆိုတာကတော့ သတင်း ရပုံရတယ်။

မေး ။ ။ စစ်ကောင်စီအင်အား ဘယ်လောက်လောက်နဲ့ လာတာလဲ။

ဖြေ ။ ။ ဖြစ်ဖြစ်ချင်းတုန်းက ကား ၁၃ စီးလောက်နဲ့ လာတယ်။ ၁ ရက်နေ့မှာကတည်းက စစ်ကား ၁၃ စီးက ရောက်နေ တာ။ ဇူလိုင် ၂ ရက်နေ့မှာကို စစ်ကား ၃ စီး၊ ဒိုင်နာ ၂ စီး မုံရွာဘက်ကနေ ဆင်းလာတဲ့ အင်အားပေါ့။ ဒိုင်နာ ၂ စီးက အရပ် ဝတ်တွေနဲ့ ဆင်းလာတယ်။ ဆင်းလာပြီးတော့ ပစ်တာခတ်တာတွေနဲ့ ကျဆုံးစာရင်းတွေကလည်း အမှတ်မထင် အများကြီး ဖြစ်ကုန်တယ်ပေါ့။ အကုန်လုံးကလည်း တကွဲတပြားဆီတွေ ဖြစ်ကုန်တာပေါ့။

မေး ။ ။ မေးတဲ့ အထဲမှာ ကျန်ခဲ့လို့ ဖြည့်စွက်ပြောချင်တာများရှိသေးလား။

ဖြေ ။ ။ မနေ့ညက ယင်းတွေရွာကို သူတို့ ဝင်စီးပြီးတော့ လက်နက်ဖောက်တာ ရှိတယ်။ ထိခိုက်မှုကတော့ လှမ်းပြီးပြော လာတာ မရှိပါဘူး။ မနေ့က ညောင်ကြီးကုန်းဆိုတဲ့ ရွာမှာ ပျူစောထီးအဖွဲ့လို့ ယူဆရတဲ့ အဖွဲ့က ဝင်ပြီးတော့ လုပ်ကြံ သွား တယ်ပေါ့။ တယောက် သေဆုံးသွားတယ်။ အဲဒီလို သေဆုံးသွားလို့ ဗျူးစောထီးတွေ အဖွဲ့နောက်လိုက်တဲ့ အချိန်မှာပဲ ယင်း တွေရွာကနေ လက်နက်ကြီးသံတွေ ကြားတော့ ဆက်မလိုက်နိုင်ဘူး။

အဲဒီအချက်ကို ကြည့်ခြင်းအားဖြင့် ဒီလူတွေက သူတို့လူတွေ ဖြစ်နိုင်တယ်လို့ ယူဆရတယ်။ ၂ ရက်နေ့မှာ လာတဲ့ ဒိုင်နာ ၂ စီးကလည်း အရပ်ဝတ်တွေနဲ့ သူတို့ တင်လာတယ်ဆိုတော့ ဒီလိုမျိုးတွေ နယ်ထဲမှာ ဘယ်လောက် ဖြန့်ထားလဲ ဆိုတာ ခန့် မှန်းလို့ မရတဲ့ အနေအထား။ သေဆုံးတာကတော့ ညောင်ကြီးကုန်းက NLD ထောက်ခံသူကို အိမ်ထဲအထိဝင်ပြီးေတော့ လုပ်ကြံသွားတာပေါ့။ လက်ပစ်ဗုံးနဲ့ ပစ်သွားတာပါ။

You may also like these stories:

ဒီပဲယင်း၌ စစ်ကောင်စီ လက်ချက်ဖြင့် သေဆုံးသူ ၄၀ခန့်ရှိလာ

ကျန်းမာရေးအရာရှိ၏ ၇ နှစ်အရွယ် သားငယ်ကို စစ်ကောင်စီ ဖမ်းထား

NLD အဖွဲ့ဝင် ဇနီးမောင်နှံ မြင်းခြံ နေအ်ိမ်တွင် သတ်ဖြတ်ခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading