ကိုဗစ်-၁၉ တတိယလှိုင်း စတင်ဖြစ်ပေါ်ခဲ့သည့် မေလ စတုတ္တပတ်မှစပြီး မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုး ကူးစက်မှု တရက် ထက်တရက် မြင့်တက်လာရာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်သည့် နယ်မြေများတွင်လည်း ရောဂါကူး စက်ခံရမှု မရှိစေရန် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက် ရှိသည်။
တိုင်းရင်းသား လက်နက်ကိုင် နယ်မြေများသည် အစိုးရ ထိန်းချုပ်နယ်မြေအတွင်းမှ လူများ အဝင်အထွက် မလုပ်နိုင်ရန်၊ ကိုဗစ်ပိုး ပြန့်ပွားကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရန် ၎င်းတို့မြို့များကို ပိတ်ချထားလိုက်ပြီဖြစ်ရာ ကချင်ပြည်နယ် အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည်လည်း ဇူလိုင် ၄ ရက်မှစ၍ ၎င်း၏မြို့များဖြစ်သော လိုင်ဇာနှင့် မိုင်ဂျာယန်မြို့ အဝင်ကို ပိတ်ထားလိုက်ပြီ ဖြစ်သည်။
ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်း ဖြစ်ပွားစဉ်က ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း ရောဂါပိုး ကူးစက်ခံရသူများကို ကိုယ်တိုင် ကုသပေးပြီး ရောဂါထိန်းချုပ်မှုများကို ပြုလုပ်နိုင်ခဲ့သည့် KIA အနေဖြင့် ယခု ကိုဗစ် တတိယလှိုင်းအတွက် ပြင်ဆင်ထားမှု အခြေအနေများနှင့် ပတ်သက်၍ သိရှိနိုင်ရန် ဧရာဝတီက KIA ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးနှိမ်နင်းရေးကော်မတီ၊ အတွင်းရေးမှူး ဗိုလ်မှူးကြီးဟိန်းဝေါမ်ကို ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ KIA ထိန်းချုပ်နယ်မြေမှာ ကိုဗစ်တတိယလှိုင်းအတွက် ဘာတွေ ပြင်ဆင်ထားပြီလဲရှင့်။
ဖြေ ။ ။ ကျနော်တို့ ဧရိယာမှာ လူကို လုံးဝ ဝင်လာခွင့် ပိတ်လိုက်ပါပြီ။ ပထမဦးဆုံး အရေးပေါ်အနေနဲ့ အရင်ဆုံး ဆောင် ရွက်လိုက်ပါတယ်။ အရင်တုန်းကတော့ လူအဝင်ကို အသွားအလာကန့်သတ်စောင့်ကြည့် (Quarantine) ထားတာရှိတယ်။ အခုတော့ ကျနော်တို့က လိုင်ဇာ၊ မိုင်ဂျာယန်ကို အဝင်တွေ ပိတ်လိုက်ပါပြီ။ အထွက်ကတော့ ကိစ္စမရှိဘူး။ အဝင်ကိုတော့ ကုန်ရောလူရော ယာယီဝင်ခွင့် ပိတ်ပင်ထားပါတယ်။
မေး ။ ။ Quarantine Center မှာ ထားရှိထားသူတွေနဲ့ ပိုးကူးစက်သူတွေရော ဘယ်လောက် ရှိနေပါသလဲ။
ဖြေ ။ ။ ကျနော်တို့ဆီမှာ လက်ရှိ လိုင်ဇာနဲ့ မိုင်ဂျာယန်မှာကို Quarantine ဝင်နေဆဲက လူဦးရေ ၂၀၀ ကျော် ရှိပါတယ်။ လိုင်ဇာမှာ ၁၀၀ ကျော်၊ မိုင်ဂျာယန်မှာ ၉၀ ရှိပါတယ်။ အတည်ပြုလူနာ (Positive)က ဇူလိုင် ၃ ရက်မှာ ၁ ဦး တွေ့ပါတယ်။ သူက ပြည်တွင်းက ဝင်လာတဲ့သူပါ။ ပထမတုန်းကလည်း Positive ၁ ဦး တွေ့ထားတာ ရှိတယ်။ အခု လိုင်ဇာမှာပဲ Positive က ၂ ဦး ဖြစ်ပါတယ်။
လက်ရှိ သူတို့ ၂ ယောက်ကို ကြည့်ရတာတော့ အခြေအနေ ကောင်းပါတယ်။ အသွင်ပြောင်း ကိုဗစ်ပိုး လက္ခဏာတော့ မတွေ့ရသေးဘူး။ ခါတိုင်းဖြစ်သလိုပဲ လက္ခဏာတွေက အပျော့စားပဲ။ ဆိုးဆိုးရွားရွား မရှိဘူး။ အခု သူတို့ကျန်းမာရေး အခြေအနေလည်း ကောင်းပါတယ်။
မေး ။ ။ အခု ပြည်နယ်နဲ့တိုင်းအသီးသီးမှာ တွေ့နေတဲ့ ပိုးက ဗီဇပြောင်းပိုး၊ လက္ခဏာတွေလည်း နဂိုကနဲ့ မတူဘဲ ပိုပြင်း ထန်နေတာတွေ ရှိနေတယ်။ KIA ထိန်းချုပ်နယ်မြေထဲရော ဗီဇပြောင်းပိုးကို ရင်ဆိုင်ဖို့ ဘယ်လို ပြင်ဆင်ထားပါသလဲ။
ဖြေ ။ ။ အရင်က ပြင်ဆင်ထားတဲ့ အတိုင်းပဲ ကျနော်တို့က PCR (Polymerase Chain Reaction) စစ်တာရယ်၊ Quarantine ထားတာနဲ့ Positive တွေ ထားဖို့နေရာတွေကို ပြင်ဆင်ထားတယ်။ ကျနော်တို့မှာက Quaratine ကို ခွဲထား တယ်။ ရိုးရိုးလူငယ်ဆို တနေရာ ထားတယ်။ လူကြီးပိုင်းဆိုရင် သီးသန့်တနေရာခွဲပြီး ထားတာပါ။ ကျနော်တို့ နဂိုအစတုန်း က လုပ်တဲ့အတိုင်းပဲ ဆက်ဆောင်ရွက်နေပါတယ်။ အထူးတလည် ထပ်ပြီးဆောင်ရွက်နေတာ၊ စီမံနေတာ မရှိသေးပါဘူး။
မေး ။ ။ KIA အနေနဲ့ ကိုဗစ်-၁၉ ထိန်းချုပ်မှုကို လုပ်တဲ့နေရာမှာ မြို့ပေါ်မှာပဲ အဓိက လုပ်တာလား။ အခြားတပ်စခန်းတွေ ဘက်ရော ကိုဗစ်နဲ့ပတ်သက်လို့ ဘယ်လို ဆောင်ရွက်ပါသလဲ။
ဖြေ ။ ။ ကျနော်တို့မှာ မြို့နဲ့ ပြည်တွင်းကမြို့တွေနဲ့ အဝင်အထွက် နီးတာက လိုင်ဇာနဲ့ မိုင်ဂျာယန် ဖြစ်တယ်။ အဲဒီမှာ အဓိ က ပိုပြီးကြပ်ကြပ်မတ်မတ် ဆောင်ရွက်တယ်။
အခြားနေရာ မြောက်ပိုင်းတိုင်း၊ တပ်မဟာ(၁)ဘက်မှာလည်း ဆောင်ရွက်နေ တာ ရှိတယ်။ ဖားကန့်၊ တပ်မဟာ (၂)၊ တပ်မဟာ (၉) ဘက်တွေလည်း ပညာပေးတာ၊ ကာကွယ်ရေးပိုင်းတွေကို လုပ်ပါ တယ်။ တပ်မဟာ(၁) ဘက်မှာဆိုရင် Quarantine တွေ ထားတာ၊Test Kit တွေနဲ့ ဆေးစစ်တာတွေ ရှိတယ်။ အဓိကတော့ ကာကွယ်ရေးအတွက် ကျနော်တို့ဘက်ကို ပြည်တွင်းက ဝင်မယ့်ဂိတ်တွေကို ပိတ်ပါတယ်။
ပြည်တွင်းကနေ ဝင်လာနိုင်တဲ့ နေရာတွေမှာ ခိုးဝင်လို့ မရအောင်လည်း လုပ်ပါတယ်။ နွေရာသီ၊ ပွင့်လင်းရာသီမှာ သွားလာ တဲ့ လမ်းကြောင်းတွေကိုလည်း မဝင်နိုင်ဖို့ ကြပ်မတ်ဖို့ ပြောထားတာ ရှိတယ်။ အခု မိုးတွင်းကာလမှာ နွေရာသီလို အသွား အလာ မလွယ်တော့ ဝင်လာဖို့လည်း လမ်းတွေက မလွယ်ဘူးလို့ တင်ပြထားကြတာတွေ ရှိပါတယ်။ ကျနော်တို့ မိုင်ဂျာယန် နဲ့ လိုင်ဇာ တဝိုက်မှာဆို ခိုးဝင်ပေါက်တွေ တော်တော် ရှိတယ်။ အဲဒီဘက်မှာတော့ တော်တော်သတိထားပြီး ကျနော်တို့ ဆောင်ရွက်နေပါတယ်။
မေး ။ ။ ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတုန်းက KIA ထိန်းချုပ်နယ်မြေထဲမှာ ကိုဗစ်ကူးစက်ခံရသူလူနာ ဘယ်လောက် ရှိခဲ့ပါသလဲ။ ကူးခံရသူတွေ အကုန်လုံးကိုရော ကုသနိုင်ခဲ့ပါသလား။
ဖြေ ။ ။ ကျနော်တို့ မိုင်ဂျာယန်မှာဆိုရင် ၄ ယောက်၊ လိုင်ဇာမှာ ၁၅ ယောက် ရှိခဲ့ပါတယ်။ မနှစ်ကနေ ဒီနှစ် ၂၀၂၁ အထိပေါ့။ အကုန်လုံးကို ကုနိုင်ခဲ့ပါတယ်။ ကျနော်တို့က အကုန်လုံးကို အာဟာရတွေ စီစဉ်ပေးတယ်။ သက်တောင့်သက် သာဖြစ်အောင် ထားတယ်။ ဆေးဝါးတွေကတော့ အထူးပေးပြီး ကုတာမရှိဘူး။ အဓိကတော့ သူတို့ကို ဆွေးနွေးလမ်းညွှန်မှု (Counselling) လုပ်တယ်။ ကုသရေးစင်တာမှာ လာနေတဲ့အချိန် အခက်အခဲ မရှိအောင် ကူညီပေးတယ်။ ကျနော်တို့ဆီမှာ အကုန်ကုနိုင်ခဲ့ပါတယ်။ သေဆုံးသူ မရှိခဲ့ပါဘူး။
ကျနော်တို့က လူနာကို အဓိက အာဟာရတွေ တိုက်ကျွေးတာပဲ ရှိတယ်။ အစားအသောက်တွေကို သူတို့အတွက် အထူး စီမံပေးတယ်။ အဲဒီလိုနဲ့ပဲ ပြုစုပါတယ်။ ဆေးဝါးဆိုရင် အဖျားရှိရင် အဖျားကျဆေး ဒီလောက်ပဲ ပေးတာပါ။ အပြင်းဖျားသူ လည်း အဲဒီလိုပဲ ဖြစ်ပါတယ်။
မေး ။ ။ ကိုဗစ်-၁၉ စစ်ဆေးတဲ့ စက်ကျတော့ရော တရုတ်နိုင်ငံဘက်က အကူအညီ ပေးထားတာလား။
ဖြေ ။ ။ ကျနော်တို့ လိုင်ဇာမှာ တဖက်ကမ်း (တရုတ်) က ကူညီတဲ့ Red Cross Association က ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ လာရောက် တပ်ဆင်ပေးထားတယ်။ သူတို့က သင်တန်းလည်း ပေးတယ်။ အဲဒီစက်က တခါစစ်ရင် ၆၄ ယောက်ကို စစ်နိုင် တယ်။ တနေ့မှာ ၆၀၀ ကနေ ၈၀၀ အထိ စစ်လို့ရတယ်။ မိုင်ဂျာယန်မှာကတော့ PCR စက်က ရောက်နေပြီ။ ဒါပေမယ့် သူတို့က မတပ်ဆင်နိုင်သေးဘူး။ ဒီလထဲမှာ သူတို့ လာတပ်ဆင်ပေးဖို့တော့ ရှိတယ်။ အခု အခြေအနေက နည်းနည်း တမျိုးပြောင်းနေတော့ သူတို့ လာမလာ သိပ်မသေချာတော့ဘူး။
ကျနော်တို့မှာက အသဲအသန် လူနာတွေ မပေါ်သေးဘူး။ အဲဒီတော့ အောက်ဆီဂျင်တွေ Oxygen Deficient Monitor တွေ လောက်နဲ့ပဲ သူတို့ကို ပြုစုနေတာ ဖြစ်တယ်။ တရုတ်ဘက်ကလည်း သူတို့က ဆေးမပေးခိုင်းဘူး။ ဒါကြောင့် ကျနော်တို့ လည်း Counselling နဲ့ အာဟာရနဲ့ အားဆေးတွေ တိုက်ကျွေးပြီးပဲ ကုသပေးတာပါ။ ဗီတာမင်တွေဖြစ်တဲ့ B1၊ B complex တွေတော့ ပေးပါတယ်။
နောက်တခုက ကျနော်တို့မှာ မိုင်ဂျာယန်က စက်က လိုင်ဇာထက် စက်သေးတယ်။ သူက တခါစစ်ရင် ၁၄ ယောက်ပဲ စစ်လို့ ရတယ်။ နောက်ပြီး ဆရာဝန်တွေ အစအဆုံး ကိုယ်တိုင်ဆောင်ရွက်ရတယ်။ လိုင်ဇာက စက်ကျတော့ တို့ဖတ်နမူနာတွေကို စစ်ရင် တခါထည့်ထားရင် အချိန်တန်ရင် ပြန်ထုတ်၊ တနေရာပြန်ထည့် သိပ်ပြီး အစအဆုံး မလုပ်ရဘူး။ အဲဒီတော့ Safe ဖြစ်တယ်။ မိုင်ဂျာယန်ကကျတော့ အစအဆုံး လူကိုယ်တိုင် လုပ်ရတယ်။ အဲဒါကြောင့် ကျနော်တို့က အဆောက်အဦရော ဘာရော ပြင်နေတာ မပြီးသေးဘူး။
စက်တွေကတော့ သူတို့ တရုတ်ပြည်၊ ရှန်ဟိုင်းမှာလုပ်တဲ့ စက်ပဲ။ စက်ကတော့ တိကျတယ်။ တခါတည်း Positive ဖြစ်တာနဲ့ တခြားစက်မှာတောင် အတည်ထပ်ပြုစရာ မလိုဘူး။ သူက ခိုင်လုံမှု ရှိတယ်။ စက်တွေကတော့ သူတို့ အခမဲ့ ကူညီပေးတာ ဖြစ်ပါတယ်။ စက်တန်ဖိုးက တရုတ်ယွမ် သိန်း ၂၀ လောက် ကျပါတယ်။ စက်သက်သက်ဆို ၁၅ သိန်းပေါ့။ ဆေးတွေ လိုတာတွေဆိုရင် အားလုံး သိန်း ၂၀ လောက် ကျပါတယ်။
မေး ။ ။ ကျမတို့ ကြားသိရသလောက် KIA ထိန်းချုပ်နယ်မြေထဲမှာ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးပြီးပြီလို့ သိရပါ တယ်။ အဲဒီ အခြေအနေရော ပြောပြပါဦး။
ဖြေ ။ ။ မိုင်ဂျာယန်နဲ့ လိုင်ဇာမှာ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးပါတယ်။ လိုင်ဇာမှာဆိုရင် ဖေဖော်ဝါရီ လကုန်က တည်းက စထိုးတာပါ။ အခုထက်ထိလည်း ထိုးနေဆဲပါပဲ။ မိုင်ဂျာယန်မှာ ဧပြီလမှာ တရုတ်တွေ ရက်ပေါင်း ၂၀ လာနေပြီး ထိုးပေးပါတယ်။ အဲဒီမှာ လူဦးရေ ၁ သောင်းဝန်းကျင်ကို ထိုးပေးပါတယ်။ အဲဒီမှာ ထိုးတာက တခါထိုးတဲ့ဆေး ဖြစ်ပါတယ်။ လိုင်ဇာမှာ ထိုးတဲ့ဆေးကတော့ နှစ်ခေါက် ထိုးရပါတယ်။ လိုင်ဇာမှာလည်း လူတသောင်းကျော်ကို ထိုးပေးလိုက်ပါပြီ။ အခု လည်း ဆက်ထိုးပေးနေဆဲ ဖြစ်ပါတယ်။ လိုင်ဇာမှာ ၁ သောင်းကျော်၊ ၂ သောင်း ဝန်းကျင်ကို ဆက်ပြီး ဆေးထိုးပေးဖို့ အစီ အစဉ် ရှိပါတယ်။ မိုင်ဂျာယန်မှာလည်း နောက်ထပ် လူဦးရေ ၁ သောင်းကို ထပ်ထိုးပေးဖို့ စီစဉ်နေပါတယ်။
ဆေးထိုးပေးတဲ့ထဲမှာ ကျနော်တို့ ဝန်ထမ်းတွေရော ပြည်သူလူထုတွေရော အားလုံး ရှိသမျှလူတွေကို ထိုးပေးနေတာပါ။ အသက် ၁၈ နှစ်ကနေ ၆၀ နှစ်အထက်ထိကို ထိုးလို့ရတယ်။ အဲဒီ သတ်မှတ်ထားတဲ့ အရွယ်တွေကို လိုက်ထိုးပေးတာ ဖြစ် ပါတယ်။ အခု ကျနော်တို့ နယ်မြေဒေသတွင်းမှာ ဆေးထိုးပြီးတဲ့ အခြေအနေ၊ အရေအတွက်က အားလုံးရဲ့ ၃၀ ရာခိုင်နှုန်း က ဆေးထိုးပြီးသွားပါပြီ။ လိုင်ဇာနဲ့ မိုင်ဂျာယန်မှာ လူဦးရေ ၃၀ ရာခိုင်နှုန်းက ဆေးထိုးပြီးပါပြီ။
အကုန်လုံးကို ဆေးထိုးပေးဖို့လည်း အစီအစဉ် ရှိပါတယ်။ ဒါပေမယ့် အသက်အရွယ် သတ်မှတ်ထားတော့ သတ်မှတ်ထား တဲ့ အသက်အရွယ်ထဲက ကျန်းမာတဲ့သူတွေကိုပဲ ဆေးထိုးပေးနေပါတယ်။ ကျနော်တို့ ခန့်မှန်းထားတာက မြို့ ၂ မြို့မှာ ဆေး ထိုးပေးရမယ့် လူဦးရေက ၆ သောင်းဝန်းကျင်လောက် ရှိမယ်။ အဲဒီ ၆ သောင်းထဲမှာ ၂ သောင်းကျော်က ဆေးထိုးပြီးပါပြီ။
မေး ။ ။ တရုတ်ဘက်ကို ဆေးအတွက် ငွေကြေး ပေးရပါသလား။ နောက်ကျန်နေတဲ့ သူတွေကိုရော ဘယ်တော့လောက် ဆေးဆက်ထိုးမလဲရှင့်။
ဖြေ ။ ။ ဆေးအတွက် မပေးရဘူး။ သူတို့က ကူညီထောက်ပံ့တာ ဖြစ်ပါတယ်။ မိုင်ဂျာယန်ဘက်မှာ ဒီလလယ်လောက် သူတို့ လာမယ်လို့ သတင်းကြားရပါတယ်။ ကျနော်တို့ လိုင်ဇာမှာဆိုရင် အခုလည်း ဆက်တိုက်နေ့တိုင်း တနင်္ဂနွေက လွဲလို့ ဆေးထိုးပေးနေပါတယ်။

မေး ။ ။ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်လို့ တချို့ကလည်း စိုးရိမ်ပြီး မထိုးရဲကြဘူး။ KIA အနေနဲ့ရော ကိုယ့်လူထု ကို ဆေးထိုးပေးဖို့ တရုတ်ဘက်က ကူညီတာကို ဘယ်လိုကြောင့် လက်ခံလိုက်တာလဲ။ ဒီဆေးအတွက် တရုတ်ဘက် ကရော အာမခံချက် ပေးပါသလား။
ဖြေ ။ ။ ဟုတ်တယ်။ အစတုန်းက သူတို့ (ဒေသခံ) တွေက စိုးရိမ်စိတ် တော်တော်ရှိကြတယ်။ ကျနော်တို့လည်း Counselling လုပ်ပြီး သူတို့ကို တတ်နိုင်သလောက် ပညာပေးတယ်။ ပိုပြီး နားလည်လာကြတယ်။ ကိုဗစ်လည်း တတိယ လှိုင်း ပြန်ဖြစ်လာတော့ ကိုယ့်ဘာသာကိုယ်၊ ကိုယ့်အသိတရားနဲ့ ပြန်လာထိုးကြတယ်။ အစကတော့ နည်းနည်းခက်တယ်။
တရုတ်ဘက်ကတော့ သူတို့ လူကိုယ်တိုင် လာထိုးပေးတယ်။ စောင့်ကြည့် ကြပ်မတ်ပေးတာပေါ့။ ဆေးထိုးပြီး တခုခု ဖြစ် လာရင် အချိန်မီ ဖြေရှင်းနိုင်ဖို့ပေါ့။ အခုထိတော့ ဆေးထိုးပြီး ဘေးထွက်ဆိုးကျိုးဖြစ်တာ ဆိုးဆိုးရွားရွား ကြုံရတာ တခုမှ မရှိသေးပါဘူး။ ကျနော်တို့ကို ထိုးပေးတဲ့ ဆေးက သူတို့ တရုတ်ပြည်မကြီးမှာ သုံးတဲ့ဆေးပဲ အတူတူပါပဲ။
မေး ။ ။ကိုဗစ် မြန်မာပြည်မှာ စဖြစ်တော့ ဆေးဝါးမပြည့်စုံတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေ ထိန်းချုပ်တဲ့ဒေသတွေမှာ Outbreak ဖြစ်လာနိုင်တယ်လို့ သုံးသပ်ခဲ့ကြတာ ရှိတယ်။ ဒါပေမယ့် KIA အနေနဲ့ဆို ဒေသတွင်းမှာ ဆိုးဆိုးရွားရွား ကူးစက် မှု မဖြစ်အောင် ထိန်းချုပ်နိုင်ခဲ့တာဆိုတော့ ဘယ်လိုကြောင့်လဲ။ ဘယ်လို ကိုင်တွယ်ခဲ့လို့ပါလဲ။
ဖြေ ။ ။ ကျနော်တို့ဆီမှာ ကိုဗစ်နှိမ်နင်းကာကွယ်ရေးကို ဗဟို၊ တိုင်းအဆင့်ဆင့်၊ ခရိုင်အဆင့် ကော်မတီတွေ ဖွဲ့စည်းထား တယ်။ ဗဟိုက ညွှန်ကြားတာကိုလည်း အောက်ခြေက တိတိကျကျ လိုက်နာဆောင်ရွက်တယ်။ လိုတာတွေကိုလည်း တဖက်ကမ်း (တရုတ်) က ဆရာဝန်တွေက အကြံပေးတာ၊ ကူညီတာတွေ ရှိတော့ အလုပ်ကို ပိုကောင်းအောင် ဆောင်ရွက် နိုင်ပါတယ်။ လူထုကလည်း သူတို့ လိုက်နာတာ၊ ပူးပေါင်းဆောင်ရွက်တာကလည်း အဓိကပါပဲ။ ဒါတွေကြောင့်လို့ ကျနော် သုံးသပ်ပါတယ်။
အခု တတိယလှိုင်းကတော့ အစပဲရှိသေးတော့ ဘယ်လို ဖြစ်မယ်ဆိုတာ ကျနော်တို့လည်း မပြောတတ်သေးဘူး။ ဒီဘက်မှာ ဘာမှမဖြစ်ဖို့ကိုလည်း ကျနော်တို့ တော်တော်လေး ကြိုးစားနေပါတယ်။ ကျနော်တို့မှာ ကျန်းမာရေးဝန်ထမ်းက အင်အား မများဘူး။ လိုင်ဇာနဲ့ မိုင်ဂျာယန် ၂ နေရာပေါင်းမှ ၃၀၀ ဝန်းကျင်လောက်ပဲ ရှိပါတယ်။ အဓိကဆိုရင် လုပ်အားပေး လူ ငယ်တွေ သူတို့ တော်တော် ပါဝင်ကူညီပါတယ်။ သူတို့နဲ့လက်တွဲပြီး လုပ်တယ်။ ဝန်ထမ်းတွေကတော့ အဓိက အရေးကြီး တဲ့ နေရာတွေမှာ တာဝန်ယူတယ်။ လုပ်အားပေးလူငယ်တွေကိုလည်း နေရာအလိုက် တာဝန်ယူခိုင်းပြီး ပူးပေါင်း ဆောင် ရွက်ကြပါတယ်။
တတိယလှိုင်းနဲ့ ပတ်သက်ရင် ကျနော်တို့က လူအဝင်အထွက်ရော၊ ကုန်ပစ္စည်းရော ယာယီပိတ်ထားပြီ။ ခိုးဝင်သူတွေလည်း မရှိအောင် ပိတ်ထားပြီ။ မသွားမဖြစ် သွားလာရသူတွေပဲ သွားမယ်ဆိုရင် အဝင်အထွက် လူလည်း လျော့နည်းသွားမယ်။ ဒါဆိုရင် ကျနော်တို့ စိုးရိမ်စရာ သိပ်မလိုတော့ဘူးလို့ ထင်တယ်။ အခု ကိုဗစ်တတိယလှိုင်းနဲ့ ပတ်သက်လို့ စိုးရိမ်မှုကတော့ ရှိတာပေါ့။ ကျနော်တို့ ကိုဗစ်ကာကွယ်နှိမ်နင်းရေး ကော်မတီနဲ့ ပူးပေါင်းပြီး ကပ်ရောဂါကို ကာကွယ် နှိမ်နင်းနိုင်ဖို့အတွက် လူထုပါဝင်ဖို့ အရေးကြီးတယ်။ ပြည်သူတွေနဲ့ ကျနော်တို့ လက်တွဲပြီး ဒီလုပ်ငန်းကို အတူဆောင်ရွက်ရအောင်လို့ ပန်ကြား လိုတယ်။ တောင်းဆိုလိုတယ်။
You may also like these stories:
ကိုဗစ်တတိယလှိုင်း ၁ လကျော်ကာလ ပိုးတွေ့မှု အမြင့်ဆုံး ရောက်လာ
ကိုဗစ်ကူးစက်မှု တရက်ထဲ လူ ၁၀၀၀ ကျော်အထိ ရှိလာ
စစ်ဘေးရော ကိုဗစ်ဘေးပါ ကလေးမြို့ ကပ်ဆိုက်
အသက်ရှူမှုမှ ကိုဗစ်စစ်ဆေးသည့် စင်္ကာပူစက် ၂ မိနစ်အတွင်း ရလဒ်ထုတ်ပေးနိုင်