ကိုဗစ် တတိယလှိုင်းသည် မြန်မာနိုင်ငံကို ပြင်းပြင်းထန်ထန် ရိုက်ခတ်နေပြီး စစ်ကောင်စီက ထုတ်ပြန်သည့် ကိန်းဂဏန်း များ အရပင် နေ့စဉ် ကိုဗစ်ကူးစက်နှုန်း ထောင်နှင့်ချီသကဲ့သို့ နေ့စဉ် သေဆုံးနှုန်းမှာလည်း ရာနှင့်ချီနေသည်။
လက်တွေ့ အခြေအနေတွင်မူ စစ်ကောင်စီ၏ လူထုကျန်းမာရေး စီမံခန့်ခွဲမှုအောက်တွင် သေဆုံးနှုန်းနှင့် ကူးစက်နှုန်းမှာ စစ်ကောင်စီ ထုတ်ပြန်ချက်ထက် အဆများစွာ မြင့်တက်နေသည်ကိုလည်း တွေ့ရသည်။
သို့ဖြစ်ရာ ကိုဗစ် အဆမတန် ကူးစက် ပြန့်ပွားနေသည့် ယနေ့အခြေအနေတွင် ပြည်သူလူထုအနေဖြင့် မိမိကိုယ်မိမိနှင့် မိမိ ပတ်ဝန်းကျင်ကို စောင့်ရှောက်နိုင်ရန်အတွက် သတိပြုရမည်များနှင့် ပတ်သက်ပြီး ကိုဗစ်ကုသရေး ပြုလုပ်နေသည့် ဆရာ ဝန် တဦးကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ လက်ရှိ ရန်ကုန်မြို့မှာ ကိုဗစ်ရောဂါ ဖြစ်ပွားမှုနေမှု အခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ တော်တော်များများ ဖြစ်နေကြပြီ။ တတိုက်မှာ အနည်း ၁၀ ခန်း ရှိမယ်ဆိုရင် ၇ ခန်းလောက်က ကိုဗစ်ဖြစ်နေပြီ။ outbreak ဖြစ်နေပြီ။ serious case က သက်ကြီးပိုင်းနဲ့ ရောဂါအခံ ရှိတဲ့လူတွေမှာ တွေ့လာတယ်။ အောက်ဆီဂျင်က လည်း ရက်ရက်စက်စက်ကို ကျတယ်။ စတွေ့ကတည်းက အောက်ဆီဂျင် ၆၀ ၊ ၇၀ နဲ့ကို တွေ့တယ်။
မေး။ ။ Outbreak ဖြစ်နေပြီဆိုတော့ ပြည်သူတွေအနေနဲ့ ဘယ်လို နေထိုင်သင့်လဲ။
ဖြေ။ ။ ဒီကာလမှာ အတတ်နိုင်ဆုံး ဖြစ်နိုင်ရင် အပြင်မထွက်နဲ့ အိမ်မှာပဲ ဖြစ်နိုင်ရင်နေဖို့ လိုတယ်။ လိုအပ်လို့ အပြင်ထွက် တယ်ဆိုရင် နှာခေါင်းစည်းကို မဖြစ်မနေ ပါအောင်တပ်၊ နှာခေါင်းစည်း တပ်ရင်တောင် အရင်လို တထပ်တည်း မရဘူး။ ၂ ထပ် တပ်။ ဖြစ်နိုင်ရင် N 95 တပ်သင့်တယ်။ Hand Gel Spray လေးတွေ ဆောင်ထား။ တခုခု ကိုင်မိတိုင်း ဖြန်းပေါ့။ ပိုက်ဆံတွေ ဘာတွေကလည်း ကူးတတ်တော့ အပေးအယူမှာ ဆေးဖြန်းပေါ့။ အပြင်က ပြန်လာမယ်ဆိုလည်း အဝတ်အစား ချက်ချင်း လဲပေါ့။ ဒီရောဂါပိုး မကူးအောင် ဆောင်ရန်၊ ရှောင်ရန်လေးတွေ သေချာသတိထားပေါ့။ နှာစေး ချောင်းဆိုးပဲ ဖြစ် ဖြစ် ဖျားတာပဲ ဖြစ်ဖြစ် နီးစပ်ရာ ဆေးခန်းကိုသွား ကုသမှု မြန်မြန် ခံယူ။
အခုက ဖြစ်တယ်ဆိုရင်တောင် နှာစေးချောင်ဆိုး ပျောက်ဆေးတွေသောက်၊ နောက် အောက်ဆီဂျင်ကျပြီး အရေးပေါ် အခြေအနေမျိုး ရောက်မှ ရောက်လာတာမျိုးတွေ တွေ့တယ်။ အရမ်းကြီး ဆိုးရင်တော့ အသက်အန္တရာယ်အထိ စိုးရိမ်ရတယ်။ စောစောပိုင်းမှာ ရောက်လာတယ်ဆိုရင်တော့ ဆေးသွင်း၊ ဆေးထိုးနဲ့ အသက်ရှင်နိုင်မယ်ပေါ့။ အဲဒါလေး တချက် အကြံပြု ချင်ပါတယ်။
မေး။ ။ လက်ရှိ အနေအထားမှာ အိမ်ထဲမှာပဲ အားလုံး ၂ ပတ်လောက် နေလိုက်ကြမယ်ဆိုရင် တတိယလှိုင်းကို ဦးချိုးနိုင် လောက်တယ်လို့လည်း သုံးသပ်ကြပါတယ်။ အဲဒီအခြေအနေကို ဘယ်လို ထင်ပါသလဲ။ ဖြစ်လာနိုင်မလား။
ဖြေ။ ။ Lockdown ချဖို့တော့ လိုအပ်တယ်။ Lockdown ဆိုတဲ့ သဘောတရားက အိမ်မှာပဲ နေခိုင်းတာ။ ကိုယ့်အိမ်ကိုယ် နေ။ အပြင်မထွက်နဲ့ဆိုတဲ့ သဘောက Effective တော့ ဖြစ်တယ်။ ဖြစ်တဲ့လူက ကျန်းမာရေး စင်တာ၊ ဆေးရုံ၊ ဆေးခန်းကို သွားပြီး ကုသမှု ခံယူပြီးရင် အိမ်မှာပဲနေပေါ့။ အိမ်မှာပဲနေရင် ကူးစက်မှုကို တားတဲ့နေရာမှာ ထိရောက်မှု ရှိတယ်။ အခု ချိန်ထိ လမ်းမှာ အများကြီး သွားလာနေကြတာ တွေ့နေရတယ်။ လက်ဖက်ရည်ဆိုင်တွေမှာလည်း တွေ့ အစုံပေါ့။ ကူးစက်မှုက ထိန်းလို့ မရတော့တာ။ တယောက် ..တယောက်နဲ့ ထိန်းလို့ မရတော့တာ ကျနော်ဆို တောက်လျှောက် လူနာ တွေနဲ့။
တချို့ကျတော့လည်း ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာပေးတာတွေကို လိုက်မနာသေးတဲ့ အပိုင်းလည်း တွေ့ရ တယ်။ Mask မတပ်ဘူး လျှောက်သွားနေတယ်။ ကိုဗစ်ဖြစ်တဲ့ လက္ခဏာတွေ ရှိတာတောင် ကျနော် မြင်ရတာတွေက လက် ဖက်ရည်ဆိုင်မှာ မက်စ်ကြီး ချွတ်ပြီးတော့ ချောင်းဆိုးနေတာ ဘေးနားက လူတွေက Mask ချွတ်ပြီး လက်ဖက်ရည် သောက် စကားဝိုင်းဖွဲ့ပြီးတော့ ပြောနေတာ။ ကိုယ်ဖြစ်နေရင်တောင် ဆောင်ရန်၊ ရှောင်ရန်လေးနဲ့ သီးခြား ခွဲနေ။ သူများကိုတော့ ဖြစ်နိုင်ရန် ရောဂါပိုး မကူးအောင် ကာကွယ်သင့်တယ်။
တကယ်တမ်းက Lockdown လုပ်ဖို့ လိုနေပြီ။ မလုပ်ဘူး။ ဒီပုံစံ ဆက်သွားမယ်ဆို မလွယ်ဘူး ထင်တယ်။ Lockdown ချဖို့ အတွက် စဉ်းစားစရာ အချက်လေးတွေက ရှိတယ်။ စားဝတ်နေရေး၊ စီးပွားရေးကို ဘယ်သူ ပေးမလဲ။ ဘယ်သူ ထောက်ပံ့ မလဲ။ ဘယ်သူကြည့်မလဲပေါ့နော်။ အခြားနိုင်ငံတွေမှာ ဆိုရင် Lockdown ချတာ လွယ်ကူတယ်။ သူ့ Plan နဲ့သူ သွားတာ။ ဒီမှာကျတော့လည်း အခု အခြေအနေမှာ Lockdown ချဖို့ဆိုတာ တိုင်းပြည်အနေအထားအရ မလွယ်လောက်သေးဘူး။ အတတ်နိုင်ဆုံး မိမိကိုယ်ကို Self Quarantine လုပ်တာ အကောင်းဆုံးပဲ။
မေး။ ။ ကိုဗစ်ကို လုံးဝ၊ လုံးဝ ကူးစက်ခံလို့ မဖြစ်တာ ဘယ်လိုလူမျိုးတွေလဲ။
ဖြေ။ ။ အဓိက လုံးဝ မဖြစ်သင့်တဲ့ သူတွေက သက်ကြီးပိုင်းတွေ။ အနည်းဆုံး ၅၀ အထက်၊ ၅၀၊ ၆၀ အထက်ပေါ့။ သက်ကြီးရွယ်အိုတွေ။ ရောဂါအခံ ကြီးကြီးမားမား ရှိတဲ့သူတွေ၊ ကျောက်ကပ်လဲ ထားတဲ့သူတွေ၊ ကင်ဆာသမားတွေ၊ HIV သမားတွေ၊ အဲဒီလူတွေ လုံးဝ ဖြစ်လို့မရဘူး။ နဂိုကတည်းက ကိုယ်ခံစွမ်းအားကျတဲ့ သူတွေ။ ဥပမာ- တီဘီသမားတို့ အဲဒီလူတွေ က လုံးဝ ဖြစ်လို့ မရဘူး။ ဖြစ်ရင်လည်း သူများထက် ပိုပြီးတော့ ကုရခက်တယ်။ ဘာလို့လဲ ဆိုတော့ ခန္ဓာကိုယ် ရဲ့ Immune System က သာမန်လူလောက် သိပ်မကောင်းဘူးပေါ့လေ။ ခန္ဓာကိုယ်က ပုံမှန်လူလောက် ပြန်ကောင်းဖို့ အတွက် အနေအထားမျိုး မရောက်နိုင်ဘူး။ အချိန်တခု စောင့်ရတယ်။
အောက်ဆီဂျင်ကျဖို့ အရမ်းလွယ်တယ်။ နောက်ဆုံး သေဆုံးတဲ့အထိတောင် ဖြစ်နိုင်တယ်။ နောက် ဆီးချို၊ သွေးချိုနဲ့ နှလုံး ရောဂါရှိတဲ့သူတွေ၊ အဲဒီလိုလူတွေက သတိထားရမယ်။ အတော်များများလည်း ဖြစ်နေပြီဆိုတော့ အကောင်းဆုံးက အိမ်မှာ ပဲနေ။ Home Quarantine က အကောင်းဆုံးပဲ။ Safe Side အဖြစ်ဆုံးပဲ။ အပြင်ကလူလည်း မလာနဲ့။ ကိုယ်လည်း သူများဆီ မသွားနဲ့။ အဲဒါအကောင်းဆုံးပဲ။ အဲဒါက အထိရောက်ဆုံးပဲ။
မေး။ ။ ကိုဗစ်က တော်တော်များများလည်း ဖြစ်နေပြီ ဆိုတော့ ဘာတွေ ပြင်ဆင်ရမလဲ။
ဖြေ။ ။ စောစောသိရင်တော့ ကုသမှု ခံယူဖို့ နံပတ် ၁ အရေးကြီးတယ်။ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသွား။ နံပါတ် ၁ က ဒီ အချိန်မှာ နှာစေး၊ ချောင်းဆိုး၊ ဖျားနာ ဖြစ်တာနဲ့ တန်းပြီး ပြောလို့ရတယ်။ ကိုဗစ်ပဲ။ ရာသီတုပ်ကွေးကတော့ သိပ်မတွေ့ဘူး။ ကိုယ်လက်တွေ ကိုက်တယ်ဆိုတာနဲ့ တန်းပြောလို့ရတယ်။ ကိုဗစ်ပဲ။ နောက်ပိုင်း တွေ့တာ။ ဖျားတယ်။ ဝမ်းလျှော၊ ဝမ်းပျက် ဖြစ်တယ်။ အဲဒါလည်း ကိုဗစ်ပဲ။ အဲဒီလို လက္ခဏာတွေ တွေ့တာနဲ့ ကိုဗစ်လို့ သဘောထားလိုက်တော့။ အိမ်မှာပဲနေ။ နီး စပ်ရာ ကျန်းမာရေးဌာနကို သွား၊ သွားပြီးတော့ ကုသမှုခံယူ။ ကျန်းမာရေးဌာန ဆိုတာ ဆေးရုံ၊ ဆေးခန်းပေါ့။ Private ဆေးရုံဆိုတာ ကုပေးတဲ့ ဆေးရုံ ရှိတယ်။ မကုပေးတာလည်း ရှိတယ်။ ဆေးခန်းမှာလည်း အဲဒီလိုပဲ သေချာကြည့်ပေးတဲ့ ဆေးခန်းနဲ့ သေချာမကြည့်ပေးတဲ့ ဆေးခန်းရှိတယ်။ စုံစမ်းပြီးသွား။ ကုသမှု ခံယူ။
အဓိကတော့ အစားအသောက်များများစား။ သင့်တင့်မျှတတဲ့ ကျန်းမာရေး ကောင်းတဲ့ အစားအသောက်မျိုးတွေ စား။ ရေများများသောက်။ ကိုယ်ခံစွမ်းအား ကောင်းအောင် ညီညွတ်အောင်အိပ်။ ပြီးတော့ ဆရာဝန် ညွှန်ကြားတဲ့ ဆေးတွေ သောက်ရမယ်။ ဒီအချိန်မှာ ဆေးမြီးတိုနဲ့ နေလို့ မရဘူး။ စပ်ဆေးတွေ သောက်တယ်။ အိမ်မှာနေရင်း နေရင်းနဲ့ အဖျားတော့ ကျသွားမယ်။ နောက်ရက်တွေ အောက်ဆီဂျင် ကျလာမယ်။ အဲဒီလိုပြဿနာတွေ ကြုံလာမယ်။ အဓိကအချက်က အစားအသောက်များများစား၊ ရေများများသောက်၊ ပုံမှန်အိပ်၊ အဲဒီအချက်တွေက အဓိက အချက်ပဲ။
မေး။ ။ အခု အနေအထားက ဆေးရုံ၊ ဆေးခန်းတွေက ကြည့်ရတဲ့သူ များတယ်။ လူလည်း ပြည့်နေတယ်။ ဆေးရုံဆိုရင် တိုက်ရိုက်လည်း သွားလို့ မရဘူး။ ဒေသန္တရနဲ့ ချိတ်ရတယ်။ အဲဒါတွေ လုပ်ဖို့ကလည်း ၂ ရက်၊ ၃ ရက်ကြာတော့ လူနာ အနေနဲ့ ကိုယ့်ကိုယ်ကို ဘယ်လိုစောင့်ရှောက်ရမလဲ။
ဖြေ။ ။ ကိုယ်နေထိုင်ရာနေရာမှာ နီးစပ်ရာ ဆေးခန်းတွေ ရှိတယ်။ ဆေးခန်းတွေက အခု ကြည့်ပေးပါတယ်။ အဲဒီ ဆေးခန်းတွေကို သွားပြီး ကုသဖို့ လိုတယ်။ လူနာကို ဒီကနေ ဆေးညွှန်းပေးလို့ မရတဲ့နေရာမှာ ရှိနေတယ်။ လူနာပေါ် မူတည်ပြီးတော့ ဆေးညွှန်းပေးရတာတွေ ရှိတယ်။ နီးစပ်ရာ ဆေးခန်းသွားပြီး ကုသမှု ခံယူ။ နည်းနည်းတော့ စောင့်ရမယ်။ Booking ပေးထားပြီး ကုသမှု ခံယူ။ တော်တော် များများ ဆေးခန်းတွေက ပြည့်နေကြတယ်။ ဆေးခန်းကနေလည်း ကူးမှာကြောက်ရတယ်။ တခါတခါ ကိုယ်က ကိုဗစ် မဟုတ်ဘဲ အဖျားရောဂါ ဖြစ်နေရင် သူများဆီက ကိုဗစ်က ကိုယ့်ဆီ ကူးမှာလည်း ကြောက်ရတယ်။ အဲဒီလိုတော့ အကြံ ပြုချင်တယ်။ စပ်ဆေး လုံးဝ မသောက်နဲ့ မိမိသဘောနဲ့မိမိ တိုင်းရင်းဆေးတွေ လျှောက်မသောက်နဲ့။
မေး။ ။ အောက်ဆီဂျင်က ဘယ်လိုအခြေအနေမှာ လိုအပ်ပြီး ပေးရမလဲ ဆိုတာလည်း ရှင်းပြပေးပါ။
ဖြေ။ ။ အောက်ဆီဂျင်က နံပတ် ၁၊ အိမ်တိုင်းမှာ ရှိသင့်တယ်။ ရှိဖို့ကလည်း အိုးမလောက်တာနဲ့ Flow Meter မရှိတာနဲ့ ကြုံတွေ့နေရတယ်။ ဘယ်လိုအချိန်မှာ အောက်ဆီဂျင်ပေးသင့်လဲဆိုရင် တချို့ကျ အောက်ဆီဂျင်က မကျသေးဘူး။ ဒါပေမယ့် လူက မောနေတယ်။ အဲဒါဆိုပေးလို့ ရတယ်။ အောက်ဆီဂျင်က ၉၀ အောက်ဆိုတာနဲ့ ရှူကို ရှူရမှာ။ အဲဒီအခါကျ အောက်ဆီဂျင် တောက်လျှောက်ကျတော့မယ့် အနေအထားရှိတယ်။ အောက်ဆီဂျင်က ဆောင်ထားရမယ်။ ၉၀ အောက် ဆို မောမော၊ မမောမော ရှူသင့်တယ်။ ၉၀ အထက်ဆိုရင်လည်း မောနေပြီ အောက်ဆီဂျင် မကျသေးဘူးဆိုရင်တောင် ရှူလို့ ရတယ်။
မေး ။ ။ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာက အိမ်မှာ မပေးသင့်ဘူး။ ကျွမ်းကျင်ပညာရှင် အောက်မှာ ကြည့်ရှုပြီးတော့ စနစ်တကျ ပေးသင့်တယ်ဆိုတော့ အိမ်မှာရင် ဘယ်လို စနစ်တကျပေးရမလဲ။ မပေးသင့် ဘူးလား။
ဖြေ။ ။ အိမ်မှာပေးတာက အဓိက ပေါ့ဆမီး လောင်မှာစိုးလို့ အောက်ဆီဂျင်အိုးတွေက ပေါက်ကွဲတတ်တယ်။ မီးအန္တရာယ် ကြောက်ရတယ်။ ဖယောင်းတိုင်တို့၊ မီးခြစ်တို့ အမွှေးတိုင်တို့ အစရှိတဲ့ ဟာတွေ ထွန်းလို့မရဘူး။ ကလေးတွေ သတိထား သင့်တယ်။ အောက်ဆီဂျင်အိုးကို တိုက်ချတာတို့။ လူနာပေါ် ပြုတ်ကျတာတို့ အစရှိတဲ့ ပြဿနာတွေရှိလို့။ တကယ်တမ်းက ဆောင်ထား သင့်တယ်။ ဘယ်မှာ သွားလို့ မရတဲ့ အခြေအနေတခုမှာ မောဟယ် ပြုဟယ် အောက်ဆီဂျင်ကျတယ်ဆိုရင် ပေးရမယ်။ ခုဏက ပြောတဲ့ ၉၀ အပေါ်မှာ ရှိတယ်ဆိုရင် လူနာက နည်းနည်းမောရင် ၃ မှတ်လောက်ပေးလို့ရတယ်။ ၉၀ အောက်မှာဆိုရင် လူနာ ဘယ်လောက်မောလဲ မောတဲ့အပေါ် မူတည်ပြီး ၅ မှတ်လောက် ပေးလို့ရတယ်။
တချို့လူနာတွေ ၈၀ အောက်ဆင်းသွားမယ်ဆိုရင် ၇ မှတ်၊ ၈ မှတ်၊ ၁၀ မှတ် တိုးလို့။ အရမ်းကြီးကျသွားရင် Double Line တင်လို့ရတယ်။ အောက်ဆီဂျင်အိုးနဲ့ Concentrator စက်နဲ့ Face Mask နဲ့ နှစ်ခုတင်ပြီးတော့ Double Line ပေါ့ 20 L, 25 L တင်လို့ရတယ်။ လူနာပေါ် မူတည်ပြီးတော့။ Face Mask ကနေ နှစ်လိုင်းပူးပြီး တင်လို့ရတယ်။ လူနာ Condition ပေါ် မူ တည်ပြီးတော့ အဲဒီလို တင်လို့ရတယ်။ အဲဒါကကျတော့ ဆရာဝန် ညွှန်ကြားချက် ပါမှ ပေးတာ ကောင်းတယ်။ အလွန်အကျွံ ကြီး ပေးသလို ဖြစ်သွားမယ်။ မလိုအပ်ဘဲနဲ့ အောက်ဆီဂျင် အလွန်ကျွံပေးတဲ့ ပြဿနာ ဖြစ်နိုင်တယ်။
မေး ။ ။ အောက်ဆီဂျင် အရမ်းကျတဲ့ လူနာအတွက်တော့ ဆရာဝန် ညွှန်ကြားချက်လိုတဲ့ သဘောပေါ့။
ဖြေ ။ ။ ဆရာဝန် ညွှန်ကြားချက်လိုတယ်။ ဘယ်လောက် အောက်ဆီဂျင်နှုန်းရှိတယ်။ လူနာရဲ့ အမောဒဏ် ဘယ်လောက် ဖြစ်နေပြီလဲ မောနေတာပေါ့နော်။ အဲဒီလို ဆရာဝန် ညွှန်ကြားချက် လိုအပ်တယ်။ ဘာမှ မလိုဘဲနဲ့ အောက်ဆီဂျင် အရမ်း ပေးရင်လည်း အဆုတ်က ပျက်ဆီးတာမျိုး ရှိတယ်။
မေး ။ ။ ဆရာ့တယောက်တည်းအနေနဲ့ ကိုဗစ်က တရက်၊ တရက် ဘယ်နှစ်ယောက်လောက် ကုနေရလဲ။ အကုန်လုံးကို လက်ခံနိုင်လား။
ဖြေ ။ ။ အခုချိန်မှာတော့ လာသလောက်ကို လက်မခံနိုင်တော့ဘူး။ ဒီလောက်ပဲ ကြည့်နိုင်တယ်ဆိုပြီး။ မနေ့ကဆို အယောက် ၂၀၀ ကျော်တယ်။ အခုဆို ဆေးခန်းမှာ လူနာပြည့်နေပြီ။ Booking နဲ့ ဖြတ်ချရတယ်။ မနက်ကို ဘယ်အချိန်က နေ ဘယ်အချိန်။ ဘယ်နှယောက်လာ ဆိုပြီး။ အဲဒီမှာ အရေးပေါ် Emergency ဝင်သွားတာတွေလည်း ရှိတယ်။ အောက်ဆီ ဂျင်ကျတယ်ပေါ့။ အရေးပေါ် Ambulance ကားကြီးနဲ့ ခေါ်ချလာတွေလည်း ရှိတယ်။ ဘယ်မှ လွှဲလို့ မရ၊ ပြုလို့ မရပေါ့။ အဲဒီလိုကျလည်း ကြည့်ပေးရတာပေါ့နော်။ တနေ့ကို ကျနော်တော့ အယောက် ၂၀၀ နဲ့ ၂၅၀ ကြားမှာ တောက်လျှောက် ကြည့်နေရတယ်။ ကာဖျူးချိန်တွေပါ ကျော်သွားတယ်။ အမြဲ တားပြီး အစစ်ခံရတယ်။ ဘယ်က ပြန်လာလဲ ဆေးခန်းက ပြန်လာတယ်ပေါ့။
မေး။ ။ ပထမလှိုင်း၊ ဒုတိယလှိုင်းမှာလည်း အတွေ့အကြုံတွေရှိထားတော့ အခုအချိန်မှာ ဘယ်လိုအခက်အခဲတွေ တွေ့နေ ရလဲ။ ကုသရေးပိုင်းမှာ ဘယ်လို အခက်အခဲတွေ တွေ့လဲ။
ဖြေ။ ။ အခုအချိန်မှာ ကျနော်က ကုလို့ရတယ် မဖြစ်မချင်းတော့ ကုလို့ရတယ်။ ဆရာဝန်လိုအပ်ချက်တွေ ရှိတယ်။ Private ရော Government Sector ဘက်မှာရော။ ပေါင်းပြီး ကူပြီး လုပ်ပေးမှ ရတော့မယ်။ Government ရော Private ဘက်က ရော ဆရာဝန်တွေ Public ဘက်ကိုကြည့်ပြီးတော့။ လိုအပ်ချက် နံပါတ် ၁ က ကိုဗစ်ကို ကုသပေးနိုင်တဲ့ ဆရာဝန်တွေ လိုအပ်တယ်။ ဆရာဝန်တော့ ဆရာဝန်ပေါ့။ ကိုဗစ်ကို မကိုင်နိုင်တဲ့ ဆရာဝန်တွေ ရှိသေးတယ်ပေါ့နော်။ အဓိကတော့ ကိုဗစ် ကို တိုက်နိုင်တဲ့ ဆရာဝန် အင်အားလိုတယ်။
နောက်တချက်က Resource ပေါ့။ ဆေးနဲ့ ပတ်သက်ပြီး Antibiotic ပဋိဇီဝဆေးမျိုးတွေ လိုအပ်တယ်။ အခုချိန်မှာ ကုမ္ပဏီ တွေကလည်း ပိတ်လိုက်ပြီ။ အကြောင်းကြောင်းကြောင့် အဲဒီကုမ္ပဏီမှာ ဝန်ထမ်းတွေက ထိတာမျိုး လက်ရှိအနေအထား မျိုးကြောင့် မင်္ဂလာဈေးတွေ ဘာတွေလည်း ပိတ်လိုက်ပြီ။ ဆေးဝယ်လို့ မရတဲ့ ပြဿနာတွေ ကြုံလာရတယ်။ ဆေးဝါး ထောက်ပံ့မှုကို တခုခုကနေ ရမယ်ဆိုရင် အများကြီး ထပ်ကုလို့ ရသေးတယ်။
နောက်တခုက Working Capacity ပေါ့ ဆရာဝန်များများရှိရင် လူနာများများ ကုနိုင်မယ်။ နောက် အခန်းကျယ်ကျယ်လေး ပေါ့။ အဲဒါဆို လူနာတွေများများ ကုသနိုင်မယ်။ ဒါက ကျနော့်ဘက်က Side က ပြောတာ။ ကျနော့်ဆီလာတဲ့သူပဲ ကုတာ။ ကုသရေးစင်တာ အနေနဲ့ ကုတာမျိုး မဟုတ်ဘူး။ ကိုဗစ်နဲ့ တူတယ်၊ အောက်ဆီဂျင်ကျတဲ့ လူနာမျိုးဆို ကျနော်လုပ်နိုင်တဲ့ အတိုင်းအတာထိ လုပ်ပေးတာ။ ကျနော်က ဘာပဲပြောပြော ဆေးရုံရောက်အောင်သွားခိုင်းတယ်။ ဆေးရုံသွားလို့ မရမှ အသက်အန္တရာယ် ထိခိုက်မယ့် case မှ လုပ်ပေးတယ်။ ဒီတိုင်းပဲဆို လုပ်ပေးလို့ မရဘူးပေါ့နော်။ အဓိကတော့ လွှဲရတာပေါ့။ ကျနော်တို့မှာ လွှဲရမယ့် တာဝန်ရှိတယ်။ ကုသတဲ့ တာဝန်ပေးလို့ ဘယ်လိုမှ မရဘူး။ ဟိုဘက်က ဘယ်လိုမှ မရမှ ကျနော် တို့က လူနာအသက်မသေအောင် ထိန်းပေးထားရတာ။ လွှဲစာ တစောင်လောက် ထုတ်ပေးပြီး ဆေးရုံရအောင်တင်၊ ရအောင် ပတ်ရှာ။ ဆေးရုံက သူ့ရဲ့ အတိုင်းအတာအရ ခုတင်လွတ်တယ်ဆိုရင် လူနာလက်ခံပြီး ကြည့်ရှုပေးတယ်။ အဲဒီ လက်ခံတဲ့အခါမှာ လွှဲစာပါတဲ့သူနဲ့ မပါတဲ့သူ ပါတဲ့သူကို ဦးစားပေးတယ်။
မေး ။ ။ အခုက လွှဲစာနဲ့ သွားတာတောင်မှ လက်မခံလို့။ အိမ်ပြန်ပြီး ဆုံးကျရတဲ့သူတွေ များလာနေတဲ့ အခြေအနေတွေ ရှိတယ်လို့ သိရတယ်။
ဖြေ ။ ။ အောက်ဆီဂျင် မရတဲ့ ပြဿနာ တက်နေတာ။ အောက်ဆီဂျင် ပေးရတဲ့ လူတွေက အရမ်း များနေတယ်။ ပရဟိတ အဖွဲ့တွေမှာရော။ အခြားလှူတဲ့ အဖွဲ့တွေမှာရော။ လူမှုကူညီရေးအဖွဲ့တွေမှာလည်း အောက်ဆီဂျင်အိုးတွေ မရှိတော့ဘူး။ တအိမ်မှာ တယောက်က ဖြစ်နေပြီ။ တွက်လိုက်ရင် အိမ်ပေါင်းများစွာ ဖြစ်နေတဲ့အခါ အောက်ဆီဂျင်အိုး မရှိတော့တဲ့ ပြဿနာ။ အောက်ဆီဂျင် ရှူစရာ မရှိတော့ ဆုံးတဲ့ ပြဿနာပေါ့။
မေး။ ။ ခုအခြေအနေတိုင်းဆိုရင် ကျန်းမာရေး ယန္တရားကလည်း ပြိုကျနေတယ်ဆိုတော့ ဒီတတိယလှိုင်းကို ဘယ်လို ကျော်လွှားမလဲ။ ပြည်သူတွေဘက်ကနေ ဘယ်လို မျိုးလုပ်ရမလဲ။
ဖြေ ။ ။ အဓိကတော့ မိမိကိုယ်မိမိ ကာကွယ်တာက နံပါတ် ၁ ပေါ့နော်။ ပြည်သူကနေ ပြည်သူကို ကြည့်ပြီး ကိုယ်က ဖြစ်နေပြီ ဆိုရင် အခြားသူ မကူးအောင်ထိန်းပေါ့။ အခုချိန်မှာ ဖျားရင် ကိုဗစ်ပဲ။ ဖြစ်ဖြစ်ချင်းသိတာနဲ့ သီးခြားခွဲနေ။ သက်ကြီးရွယ်အိုတွေ၊ အိမ်က မိဘ၊ အဖိုးအဖွားတွေနဲ့ သီးခြားခွဲပြီး ကိုယ့်အခန်းကိုယ်နေ။ အိမ်မှာ အခန်းမရှိဘူး။ နေရာ လွတ် မရှိဘူးဆိုရင် ကိုယ့်ဘာကိုယ် တခြားနေရာမှာ သီးခြားခွဲနေ။ ဟိုတယ်လို ဖြစ်ဖြစ်၊ အခန်းခွဲနေ ၂ ပတ်။ ၂၁ ရက် Home Q ထားတယ်။ ဟိုတယ်မှာလည်း အပြင်သွားလာနေလို့ မရဘူး။ အပြင်မထွက်နဲ့။ လုံးဝမထွက်နဲ့။ အိမ်မှာ အခန်း ရှိတယ်ဆို ကိုယ့်အခန်းကိုယ်နေ။ အိမ်သာရေချိုးခန်း သုံးမယ်ဆိုလည်း မက်စ်တပ်ပြီးသွား။ အိမ်မှာနေလည်း နှာခေါင်းစည်း မဖြုတ်နဲ့။ တခြားမိသားစုတွေလည်း တပ်ထား။ သူကနေ တခြားလူ ကူးမှာစိုးလို့။
ဖြစ်ဖြစ်ချင်း၊ သိသိချင်း နံပါတ် ၁ သီးခြားနေ။ Treatment ယူ။ ဆေးရုံဆေးခန်းသွားမယ်ဆိုရင် မက်စ်ကို နှစ်ထပ်တပ်၊ လက်အိတ်ဆောင်။ ဆေးခန်းသွားရင် Booking ယူ။ Social Distancing လုပ်။ အခြားမိတ်ဆွေ၊ သူငယ်ချင်းတွေ့တာ လုံးဝရှောင်။ ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း ဆေးတွေသောက်။ အခန်းမှာ ရက်ပြည့်နေ။ ဆေးခန်းက ပြန်ခေါ်ရင် ပြန်သွား။ ပြန်ချုပ်ရင်တော့ သီးခြားနေတာနဲ့ Treatment ယူတာ။ တခြားသူလည်း မကူးအောင်နေ။ ကိုယ့်ကိုကိုယ်လည်း မြန်မြန်သက်သာအောင်လုပ် အဲဒီနှစ်ခုပဲ ကျနော့်အနေနဲ့ အကြံပြုချင်တယ်။
You may also like these stories:
ရန်ကုန်မြို့မှ သုသာန်များ ရုပ်အလောင်းများ ပုံနေ
စစ်ကောင်စီ တနိုင်ငံလုံး လော့ဒေါင်းချ
ကိုဗစ်တတိယလှိုင်း စစ်ကောင်စီ လုံးဝ မထိန်းနိုင်