စစ်အာဏာသိမ်းမှု အလွန်တွင် ဆိုးရွား ပြင်းထန်လှသည့် ကိုဗစ်တတိယလှိုင်းက ကမ္ဘာတွင် ဖြစ်ပေါ်နေသော ကိုဗစ်မျိုးကွဲ လေးမျိုးနှင့်အတူ မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့သည်။ စစ်ကောင်စီ၏ ညံ့ဖျင်းလှသော ကျန်းမာရေး စီမံခန့်ခွဲမှု အောက် တွင် လူထောင်ပေါင်းများစွာ နေ့စဉ် သေဆုံးနေရပြီး ကိုဗစ် တတိယလှိုင်းကို ထိန်းချုပ်နိုင်သည့် အခြေအနေ မရှိသေးပေ။

ယင်းသို့ ဆိုးရွားလှသည့် ကိုဗစ် တတိယလှိုင်း၏ အဆိုးဆုံး အခြေအနေ၊ ထိန်းချုပ်နိုင်မည့် အခြေအနေနှင့် ကာကွယ်နိုင် မည့် နည်းလမ်းများကို သိရှိနိုင်ရန် ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်လျက်ရှိသည့် ပြင်သစ် အခြေစိုက် ဆေးကုမ္ပဏီကြီး တခုဖြစ်သော Pfizer ဆေးကုမ္ပဏီမှ ကပ်ရောဂါ ဗေဒပညာရှင် ဒေါက်တာ တင်တင်ထားမြင့်ကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ မျိုးကွဲ လေးမျိုး လုံးရောက်ရှိနေပြီလို့ သိရတော့ ဘာတွေ ဆက်ဖြစ်နိုင်လဲ။
ဖြေ။ ။ Case ကတော့ အခုလက်ရှိ တော်တော်ကြီးကို တက်နေတာပေါ့။ ဘေးကနိုင်ငံတွေ အကြောင်းကို ကြည့်မိတယ်။ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် ပတ်ဝန်းကျင်နိုင်ငံတွေ ကြည့်ကြည့်ပြီတော့ မြန်မာနိုင်ငံမှာရော ဘယ်လိုမျိုး ဖြစ်လာနိုင်လဲ ဆို တာ ကျမတို့ ကြည့်တဲ့အခါမှာ အိန္ဒိယနိုင်ငံမှာက ဧပြီလဆန်းပိုင်းလောက်က စပြီး တရှိန်ထိုး တက်ချသွားတယ်။ ၁ လ ခွဲ လောက် တက်သွားပြီးတော့ Peak ကို ရောက်သွားတယ်။ ပြီးတော့ ပြန်ကျသွားတယ်။ အစအဆုံး wave တခုလုံးက ၃ လ ခွဲ ၄ လလောက်တော့ ကြာသွားတယ်။
ထပ်ကြည့်မိတာက ဘင်္ဂလားဒေ့ရှ်ပေါ့။ အရမ်း နီးကပ်တယ်ပေါ့။ အထွက်/ အဝင် ကလည်း များတယ်လေ။ ကျမတို့နိုင်ငံနဲ့ ဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ကြည့်လိုက်ရင် Peak က နှစ်ခု ဖြစ်နေတယ်။ ဧပြီလဆန်းလောက်မှာ စလာတယ် တက် သွားတယ်။ Peak အသေးနဲ့ ကျသွားတယ် ပြီးတော့ ပြန်တက်သွားတယ်။ Wave က နှစ်ခုလိုတော့ ဖြစ်သွားတယ်။ ဧပြီလ ကနေ အခုအထိ ဘင်္ဂလားဒေ့ရှ်က ပြီးခဲ့တဲ့ တစ်ပတ်၊ နှစ်ပတ်က ကျဟန်လေး ပြပြီး အခု နည်းနည်း ပြန်တက်သွား ပြန် ရော။ သူလည်း ငြိမ်သေးတဲ့ အနေအထားတော့ မရှိဘူး။ အိန္ဒိယကတော့ လုံးဝ ကျသွားသလို ရှိပြီ။ ပြန်တက် မတက်ကတေ့ မပြောတတ်သေးဘူးပေါ့။
အဲဒီလိုပဲ ယိုးဒယားကို ကြည့်ရင် ဧပြီလမှာ Case သိပ်မရှိသေးဘူး။ နောက်ပိုင်းမှာ တအိအိနဲ့ တက်လာလိုက်တာ အခု အချိန်မှာ တက်ကောင်းတုန်းပဲ ရှိသေးတယ်။ peak ကို ရောက်တော့ ရောက်ခါနီးပြီ မရောက်သေးဘူးဆိုတဲ့ ပုံသဏ္ဍာန်မှာ ရှိတယ်။ တခြား အိမ်နီးချင်းနိုင်ငံတွေကို ကြည့်လိုက်တဲ့အခါမှာ တရှိန်ထိုးတက်နေတာကို တွေ့ရတယ်။
မြန်မာနိုင်ငံကို ကြည့်လိုက်တယ်။ ဧပြီလ အခြေအနေကိုပေါ့။ တခါတည်း ယှဉ်ကြည့်လို့ရအောင် ဧပြီလမှာ Case က လုံးဝ မတွေ့သေးဘူး။ မရှိတာလည်း ဖြစ်နိုင်တယ်။ မစစ်လို့ မတွေ့တာလည်း ဖြစ်နိုင်သေးတယ်။ ဒါပေမယ့် တကယ်တမ်း အများ ကြီး Case တွေ တက်လာတယ်ဆိုရင်တော့ စစ်စစ်၊ မစစ်စစ် အုတ်အော်သောင်းနင်း ဖြစ်လာတယ်ဆိုရင် သိသာမှာပဲပေါ့။ မြန်မာနိုင်ငံမှာ တကယ်တမ်း တက်လာတဲ့ case တွေက ဇွန်လအကုန် ဇူလိုင်လ အစမှာမှ တက်လာတာ။ အခုဆိုရင် အရှိန်နဲ့ တက်ကောင်းတုန်းပဲ ရှိသေးတော့ ကျမအထင် သြဂုတ်လလယ်၊ သြဂုတ်လကုန် နီးပါးလောက်အထိ ဆက်တိုက်နိုင်တယ်။ peak က အဲဒီနား အနီးတဝိုက်လောက်အထိ ရောက်လာနိုင်တယ်။ ပြီးတော့မှ ဖြည်းဖြည်းချင်း ကျ သွားမယ်လို့ ယူဆပါတယ်။ စက်တင်ဘာလ အလယ်လောက်အထိ သတိနဲ့ နေရမယ်လို့ မြင်ပါတယ်။
မေး။ ။ ဘယ်မျိုးကွဲက အဆိုးဆုံး ဖြစ်မလဲ။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ဆိုးရွားတဲ့ အဖြစ်အပျက်တွေဟာ ဘယ်မျိုး ကွဲကြောင့်လို့ ယူဆလဲ။
ဖြေ။ ။ Delta variant ကတော့ အရှေ့တောင်အာရှမှာ အဖြစ် အများဆုံးပေါ့။ တခြား Variant တွေလည်း အများကြီးရှိ ပါတယ်။ Delta variant က ကူးစက်နှုန်း အရမ်းမြန်ပါတယ်။ တချို့တွေကတော့ ပိုပြီးတော့ ရောဂါပြင်းတယ်လို့ ပြောတယ်။ ဒါပေမယ့် သေသေချာချာတော့ မသိသေးဘူး။ ကြည့်ရတာတော့ တခြား Variant ထက်စာရင် ပြင်းတယ်လို့ ယူဆရပါ တယ်။ တခြား အသစ် အသစ်တွေ စောင့်ကြည့်ရမယ့် variant တွေလည်း ရှိတယ်။ စောင့်တော့ကြည့်ရမှာပေါ့။
လက်ရှိ မြန်မာပြည်မှာက ကျမကြားသလောက်ပေါ့။ အတိအကျကတော့ ကျန်းမာရေး ဝန်ကြီးဌာနက စမ်းသပ်နေတဲ့လူ တွေ သိမှာပေါ့။ Delta variant ရှိတယ်။ Kappa လည်း ရှိတယ်။ Alpha ကတော့ နည်းနည်းဟောင်းပြီပေါ့။ Delta ကတော့ ကူးစက်နှုန်း အရမ်းမြန်တယ်။ သူကတော့ variant of concern ပေါ့ စိုးရိမ်ပြီး စောင့်ကြည့်ရမယ့် အခြေအနေမှာ ရှိပါတယ်။ အခုလက်ရှိ အခြေအနေအရ စောင့်ကြည့်ရမယ့် အမျိုးထဲမှာ Kappa လည်းပါပါတယ်။ Kappa က မြန်မာပြည်မှာ ရှိ တယ်လို့ ကြားတယ်။ ဒီ Variant တွေကို ကျမတို့ ကြောက်ဖို့ လိုသလားဆိုတော့ ကြောက်ကြောက်၊ မကြောက်ကြောက် ဒီ Variant တွေက လူထုထဲကို ပျံ့နှံ့နေပြီ။ ပျံ့နှံ့နှုန်း အရမ်းမြန်တယ်။
အဲဒီအတွက် ကျမတို့ ဂရုထားဖို့ပဲ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Virus ဖြစ်တယ်။ ထုံးစံအတိုင်းပဲ ကိုဗစ်ပုံစံအတိုင်းပဲ ကူးပါ မယ်။ ကုသမှုချင်းက တခုနဲ့တခု သိပ်မကွာပါဘူး။ ရောဂါလက္ခဏာတွေကလည်း တခုနဲ့တခု အနည်းအများ ကွာတာက လွဲလို့ တကယ်တမ်းတော့ အသက်ရှုလမ်းကြောင်းရောဂါတွေ ဖြစ်ကြတာပါပဲ။ အရမ်းကြီး ထူးပြီးတော့ စိုးရိမ်သွားပေမယ့် ပိုပြီးတော့ ကောင်းလာမှာ မရှိလို့ Delta ပဲ ဖြစ်ဖြစ်၊ Kappa ပဲဖြစ်ဖြစ် Alpha ပဲဖြစ်ဖြစ် ဒီပုံစံနဲ့ပဲ ဆက်ပြီးတော့ ကာကွယ် စေချင်တယ်။ ကုသစေချင်ပါတယ်ရှင့်။
မေး ။ ။ အပေါ်မှာ ဒေါက်တာပြောခဲ့သလို စက်တင်ဘာလလောက်အထိ သတိနဲ့နေထိုင်ရမယ်ဆိုတော့ အခုဆိုရင် စတုတ္ထလှိုင်းက နိုင်ငံကြီးတချို့မှာ စတင်ဖြစ်ပေါ်နေပြီ ဆိုတဲ့အခါကျတော့ မြန်မာနိုင်ငံမှာ တတိယလှိုင်းနဲ့ စတုတ္ထလှိုင်း ထပ်သွားမယ့် အခြေအနေရှိလား။ ဘယ်လို သုံးသပ်လို့ ရနိုင်ပါသလဲ။
ဖြေ။ ။ လှိုင်းတွေကတော့ လာမှာပဲရှင့်။ ဘယ်လောက်ကြာမှ လာမလဲဆိုတာအပေါ် မူတည်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဆို wave လေးနည်းနည်း တက်သွားပြီးနောက် အခု အကြီးကြီး တက်သွားပြီးတော့ Two wave ဖြစ်သွားတယ်ပေါ့။ အိန္ဒိယ မှာကျတော့ wave ကြီး အကြီးကြီးတက်သွားပြီးတော့ အခု ငြိမ်နေပြန်ရော။ ဘယ်အချိန် ပြန်တက်လာမလဲ ကျမ တို့ မသိဘူး။ ကပ်ရောဂါရဲ့ ပြဿနာက ဘာလဲဆိုတော့ ဘယ်အချိန်မှာ ဘယ် Wave ထ တက်မလဲဆိုတာ မသိတာပဲ။ ဘယ်အချိန်မှာ ဘယ် Variant ထဖောက်မလဲ ဆိုတာကို မသိတာပဲ။ Variant တွေကတော့ အများကြီး ရှိတယ်။ ဘယ် Variant သည် ထင်ပေါ် ကျော်ကြားလာမလဲ၊ ပိုစောင့်ကြည့်ရမလဲ။ အဲဒါတော့ အနာဂတ်က သိပ်ပြောလို့ မရဘူး။ Third Wave နဲ့ Fourth Wave က ဘယ်လိုမျိုး ထပ်မလဲ ဆိုတာတော့ ကျမ ပြောလို့ မရဘူးပေါ့နော်။ အခုလက်ရှိ Third Wave ကတော့ ရှိဦးမယ်လို့ပဲ ပြောပါရစေ။
မေး။ ။ လက်ရှိနိုင်ငံအတွင်းမှာ ထိုးနေတဲ့ကာကွယ်ဆေးတွေက ဘယ်လောက်ထိ ကာကွယ်မှုပေးနိုင်လဲ။
ဖြေ။ ။ ကာကွယ်ဆေး ထိုးသင့်လားလို့ မေးရင် ကျမ ကတော့ ထိုးသင့်ပါတယ်။ ဘယ်လို ဆေးမျိုးကို ထိုးသင့်လဲဆိုရင် WHO ကနေပြီး Recommend လုပ်ထားတဲ့ ဆေးတွေကို ထိုးသင့်ပါတယ်။ အခုလက်ရှိ အခြေအနေကတော့ Sinopharm လည်း ရှိတယ်။ Sinovac လည်းရှိတယ်။ Covishield လည်း ရှိတယ်။ ဒီ ၃ ခုကတော့ မြန်မာပြည်မှာ လက်ရှိ ရှိနေပါတယ်။ Moderna နဲ့ Pfizer ရှိတယ်။ ကျမအနေနဲ့ကတော့ ဘယ်ကာကွယ်ဆေးမဆို ကောင်းပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးလို့ ဆိုလိုက်တိုင်း ကာကွယ်ဆေးရဲ့ အရေးကြီးတဲ့ အချက်က Cold chain ပေါ့။ သူ့ကို ဘယ်လိုမျိုး သယ်ဆောင်လာလဲ ၊ သူ့ကို ဘယ်လိုမျိုး ထိန်းသိမ်းလာလဲ၊ သူ့ကို ထိုးတဲ့သူဆီကို ရောက်အောင် လုပ်တာ အဲဒီအပေါ်မှာ မူတည်ပါတယ်။ Cold chain တွေ ပျက်သွားတယ်ဆိုရင် ဆေးရဲ့ အာနိသင်က တကယ်တော့ မရှိတော့ပါဘူး။ မသေချာတော့ဘူးလို့ ပြောရမှာပေါ့။
ကာကွယ်ဆေးထိုးရင် ကောင်းတယ်။ ကာကွယ်ဆေးသည် အကုန်လုံးကို ကာကွယ်နိုင်လာလို့ မေးရင် ၁၀၀ ရာခိုင်နှုန်း ဘယ်ကာကွယ်ဆေးမှ မကာကွယ်နိုင်ပါဘူး။ ၁၀၀ ရာခိုင်နှုန်း ဘယ်ကာကွယ်ဆေးမှ side effects မရှိပါဘူး။ အခုလက်ရှိ WHO ကနေ recommend လုပ်ထားတဲ့ ကာကွယ်ဆေးတွေက ၇၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအတွက် ရောဂါကို ကာ ကွယ်ပေးပါတယ်။ ဆေးရုံတက်ရလောက်အောင် ဒါမှမဟုတ် အောက်ဆီဂျင်တွေ ထိုးကျပြီး အရမ်းကြီးကို ဆိုးဆိုး ရွားရွား ဖြစ်လောက်တဲ့ အထိတော့ ကာကွယ်ဆေးထိုးထားတဲ့ လူတွေထဲမှာ ရောဂါ ပြန်ဖြစ်ဦးသော် မတွေ့ရတာကို တွေ့ရပါတယ်။ ကာကွယ်ဆေထိုးခြင်းအားဖြင့် ရောဂါ ကာကွယ်နိုင်သလို ဖြစ်လာရင်တောင် ဆိုးဆိုးရွားရွား မဖြစ်ဘူးလို့ပဲ အတိုချုံ့ ပြောပါရစေ။ ဘယ်လိုအခွင့်အရေးပဲ ရှိရှိ ကိုယ့်ဆီကိုရောက်လာတဲ့ ကာကွယ်ဆေးဆိုရင် ထိုးစေချင်ပါတယ်။
မေး။ ။ ရန်ကုန်မြို့မှာ ဆိုရင် တနေ့၊ တနေ့ကို သေဆုံးမှုက ထောင်ဂဏန်းလောက်ရှိတယ်။ ဒီအခြေအနေကို အဆိုးဆုံး အနေအထားလို့ ပြောလို့ရလား။ နောက်ထပ်ဆိုးလာနိုင်မယ့် အခြေအနေရော ရှိသေးလား။
ဖြေ။ ။ ခုနကပြောသွားသလို Case တွေက တက်လာနိုင်ပါသေးတယ်။ ဆိုတော့ Case တွေ တက်လာတိုင်း သေဆုံးမှုတွေ တက်လာနိုင်သလားလို့ မေးရင် ဟုတ်ကဲ့လို့လည်း ဖြေလို့ရတယ်။ မဟုတ်ဘူးလို့လည်း ဖြေလို့ ရတယ်။ ဘာဖြစ်လို့လဲ ဆို တော့ သေဆုံးမှုဆိုတာ Treatment ပိုင်းပေါ်မှာ မူတည်တယ်။ Case တွေက ဆက်တိုက်တော့ ဆက်ကူးနေမယ်။ ဆက်ကူးဖို့ ရှိသေးတယ်။ သေဆုံးမှုကတော့ ဖြစ်ပွားတဲ့ရောဂါတွေက ဆိုးဆိုးရွားရွား မဖြစ်တာလား။ Treatment တွေက မလိုက်နိုင်တာလား။ အခုလက်ရှိ မြန်မာပြည်ရဲ့ အခြေအနေက ဆေးရုံတွေမှာကလည်း ပြည့်ကျပ်နေပြီ။
အောက်ဆီဂျင်ကလည်း မလုံလောက်ဘူး။ ဆေးတွေကလည်း တော်တော်ကြီးကို ရှားရှားပါးပါးနဲ့ ပါရာစီတမော့တောင် ရှားရှားပါးပါး ဝယ်နေရတဲ့ အခြေအနေဆိုတော့ ကျမတို့ အဆိုးဆုံးကို မျှော်လင့်ထားရမယ့် အခြေအနေပါ။ အတတ်နိုင်ဆုံး တော့ ကာကွယ်ပါ။ အတတ်နိုင်ဆုံးတော့ စိတ်ကို အတည်ငြိမ်ဆုံးထားပါ။
မေး ။ ။ ကုသမှုပိုင်းက တကယ့် မြေပြင်မှာ မလုံလောက်ဘူးဆိုတော့ ပြည်သူတွေအနေနဲ့ ဘာကို အလုပ်သင့်ဆုံးလဲ။ အဲဒါလေး အကြံပြုပေးပါဦး။
ဖြေ ။ ။ ပြည်သူတွေ အနေနဲ့ကတော့ အတတ်နိုင်ဆုံး စောစောစီးစီး မကူးအောင်နေပါ။ ကျမတို့ အရင်နှစ်ကလည်း ပြော ပြောနေပါတယ်။ Flatten the Curve ဒီနေရာမှာ Case အနေနဲ့ ကြည့်မယ်ဆိုရင် အများကြီး တရှုးထိုး တက်သွားမယ်ဆို ရင် မနိုင်မနင်းဖြစ်မယ်။ ဆေးတွေလည်း မလောက်ဖြစ်မယ်။ အောက်ဆီဂျင်တွေလည်း မလောက်ဖြစ်မယ်။ အောက်ဆီဂျင် မလောက်တော့ အောက်ဆီဂျင်တွေလည်း တန်းသွားစီရမယ်။ ဖြစ်နိုင်ရင် Case ကို နည်းနိုင်သမျှ နည်းပြီးတော့ Flatten the Curve ပေါ့။ Wave ကို ရှည်သွားအောင် လုပ်လို့ရှိရင် ပိုပြီး အဆင်ပြေပါလိမ့်မယ်။ အဲဒါဘာကြောင့်လည်း ဆိုတော့ Case တွေတက်လာပေမယ့် အရမ်းမများတဲ့အတွက်ကြောင့်Treatment ပိုင်းအရ၊ ဆရာဝန်ရော၊ ဆေးပိုင်းရော နိုင်လာတဲ့အခါကျရင် သေဆုံးမှုက အရမ်းမများဘူးလို့ မြင်ပါတယ်။
အခုအချိန်မှာ အရမ်းအန္တရယ်ရှိတာ သက်ကြီးရွယ်အိုတွေ၊ ရောဂါအခံရှိတဲ့သူတွေ အရမ်းဝတဲ့သူတွေ၊ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ အဲဒီလိုမျိုးပေါ့ ရောဂါရှိတဲ့သူတွေကတော့ အခုချိန်မှာ အထိနာမယ် ထင်ပါတယ်။ ကျမအဓိက ပြောချင်တာက ကျန်းမာအောင် နေခြင်းအားဖြင့် ခပ်ခွာခွာ နေခြင်းအားဖြင့် အဲဒီနည်းလမ်းတွေကို ဖေ့ဘွတ်ခ်တွေမှာရော၊ တီဗီမှာရော ပြောနေကြတာ ရှိပါတယ်။ အဲဒါတွေကို လိုက်နာစေချင်ပါတယ်။ ပြင်သစ်ရော၊ UK ရောမှာ အသေ အပျောက်ရှိတယ်။
Pandemic စဖြစ်တဲ့ မနှစ်က မတ်လလောက် စပြီးတော့ ပြင်သစ်နိုင်ငံ၊ တကယ်တမ်း ပြောရရင် ပြင်သစ်နိုင်ငံဟာ ကမ္ဘာမှာ ကျန်းမာရေး ဝန်ဆောင်မှုက အကောင်းဆုံးထဲမှာ ပါပါတယ်။ အဲဒီနိုင်ငံမှာတောင် အခုထိ သေဆုံးမှုကို တွက်ကြည့် လိုက်တာ ၁ သိန်း ၁ သောင်းကျော်ကျော် ရှိပါတယ်။ ဒါတောင်မှ ခန့်မှန်းခြေပေါ့။ ဒါထက် ပိုပြီး ဆုံးပါးမယ်လို့ ထင်တယ်။
ဘာကြောင့်လဲဆိုတော့ Record မလုပ်လိုက်ရတာရယ်။ Positive လို့ မလုပ်လိုက်ရတာရယ်။ ဒါတွေပေါ်မူတည်ပြီး ၁ သိန်း ကျော်ကျော် သေခဲ့ရပါတယ်။ သေဆုံးမှုတွေ အတွက်ကတော့ ဝမ်းနည်းစရာပါ။ ကပ်ရောဂါ တခုအတွက် သေဆုံးမှုတွေ ရှိ ပါတယ်။ အခက်အခဲတွေ အများကြီး ရှိပါတယ်။ ဒုက္ခတွေလည်း အများကြီး မြင်ရပါတယ်။ ဆိုတော့ ကာကွယ်ခြင်းအားဖြင့် အတတ်နိုင်ဆုံး နောက်ဆုတ်အောင်လို့ ကိုယ့်ဆီ မရောက်လာအောင်လို့ ကာကွယ်ခြင်းက အကောင်းဆုံးလို့ အကြံပေးချင် ပါတယ်။
မေး။ ။ Delta မျိုးကွဲဆိုရင် အရမ်းကူးစက်မှု မြန်တယ်လို့ ပညာရှင်တွေက ပြောထားတယ်။ မြန်မာနိုင်ငံ အခြေအနေနဲ့ ပြန်ကြည့်မယ်ဆိုရင် ကူးစက်မှု မြန်နေတယ်ဆိုတာ ဒီပိုးကြောင့်ပဲ ဖြစ်မလား။
ဖြေ။ ။ ကူးစက်မှုဆိုတာကလေ ပိုးသက်သက် တခုတည်းနဲ့တော့ မဖြစ်နိုင်ဘူးရှင့်။ ပိုးတခုတည်းက ကျွန်းတခုတည်းမှာ ရှိပြီး လူမနေဘူးဆိုရင် အဲဒီပိုးက ဘယ်ကိုမှ မကူးနိုင်ဘူးရှင့်။ ဘယ်သူကိုမှ မကူးနိုင်ဘူး။ အဲဒီတော့ ကူးစက်မှုမြန်တယ်ဆို တာက ဘယ်လိုခေါ်မလဲ။ ကာလံ၊ ဒေသံပေါ်မှာလည်း မူတည်တာပေါ့။ လူတွေက အအုပ်အစည်း နေမယ်။ နောက်တခါကျ ကူးစက်နှုန်းကလည်း များတယ်။ ကူးစက်ခံနိုင်တဲ့သူပေါ့။ ကူးစက်ခံနိုင်တဲ့သူဆိုတာ ရောဂါ မဖြစ်သေးတဲ့သူပေါ့။ ကူးစက်ခံ ရဖို့လွယ်တယ်။ သူ့ရဲ့ပတ်ဝန်းကျင်က တယောက်နဲ့ တယောက်က ခွာမနေဘူး။ ကပ်နေတယ်ဆိုရင်လည်း တမျိုးပေါ့။
အဓိကတော့ သုံးခုတော့ ရှိတာပေါ့။ ပိုးကိုယ်၌ ကလည်း ကူးစက်မှု မြန်တယ်။ တချို့တွေကလည်း ကိုဗစ်ဖြစ်ထားပြီးပြီး ဆိုတာ့ သူ့ဆီကို Second Infection ဝင်ဖို့ ဆိုတာ နည်းတယ်။ သူ့မှာ Antibody ထွက်ထားပြီးသား ဆိုတော့။ ဒုတိယ အချက်လည်းရှိတယ်။ အကူးမခံရသေးတဲ့သူ မဖြစ်သေးတဲ့သူလည်း များနေတာပါတယ်။ တတိယအချက်ပေါ့ အကြီးဆုံးက ဘာလဲဆိုတော့ အောက်ဆီဂျင်တွေမှာ သွားပြီး တန်းစီရတယ်။ ATM စက်တွေမှာ သွားပြီး တန်းစီခဲ့ရတယ်။ တန်းစီခဲ့ရတာ တွေက များတယ်။ ကြိုတင်ကာကွယ်တာတွေ သိပ်မလုပ်ခဲ့ရတဲ့ အခါကျတော့ နောက်တခါကျတော့ ပြင်ပြင်ဆင်ဆင်လည်း မရှိခဲ့ရဘူးလေ။ ဒီ Wave ကလည်း အိန္ဒိယမှာ ဖြစ်တုန်းက တကယ်တမ်းဆိုရင် ကြိုသိတာပဲ ကိုယ့်ဆီ ပြိုဆင်းလာတော့ မယ် ဆိုတာ။ တကယ်တမ်း ကြိုတင်ပြင်ဆင်မှုတွေ မရှိခဲ့တဲ့အခါ Case တွေက အများကြီး ကူးစက်မှုတွေ ပိုမြန်ကုန်တာ ပေါ့။
မေး။ ။ ဘယ်လို အခြေအနေမျိုးရောက်မှ ဒီလိုအဖြစ်ဆိုးတွေ ရပ်တန့်သွားမယ်လို့ ပြောလို့ရမလဲ။
ဖြေ။ ။ အရင်တုန်းက ထင်ခဲ့တာကတော့ ဒီ Population ၊ လူထုကြီးရဲ့ ၇၀၊ ၈၀ ရာခိုင်နှုန်း ကာကွယ်ဆေး ထိုးပြီးသွားပြီ ဆိုရင် Herd Immunity။ ဒါမှမဟုတ် ရောဂါဖြစ်ပြီးသွားရင် Herd Immunity ပေါ့။ ဒီ Population တခုလုံးရဲ့ ကိုယ်ခံအား က ရသွားပြီလို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် အဲဒီလိုမျိုး ဟုတ်ပုံတော့ သိပ်မရသေးဘူး။ အခုလက်ရှိ တကယ်တမ်းပြောရရင် ဒီ Europe မှာ ဆိုရင် ပြင်သစ်မှာဆိုရင် အနည်းဆုံးတော့ ၅၀ ရာခိုင်နှုန်းသော လူထုသည် ကာကွယ်ဆေးထိုးပြီးသွားပြီ။ ဂျာမနီမှာလည်း အဲဒီလိုမျိုးပဲ။ အစ္စရေးမှာလည်း ၅၀ ရာခိုင်နှုန်းကျော်သော Population က ထိုးပြီးသွားပြီ။ ဒါပေမယ့် အချို့ ဖြစ်စဉ်တွေက အခုနောက်ပိုင်း ပြန်တက်လာတယ်။
ပြန်တက်လာတဲ့အခါကျတော့ ဘယ်လို ဖြစ်မလဲဆိုတာကို ခန့်မှန်းရ အရမ်းခက်နေတယ်။ မြန်မာနိုင်ငံမှာရော ဘယ်လိုမျိုး အခြေအနေ ရောက်မှ ရပ်သွားမလဲဆိုတော့ ယေဘုယျအားဖြင့် ကပ်ရောဂါတွေရဲ့ Wave တွေက သုံးလေးလ ကြာတယ်။ ကျမတို့ အရင်နိုင်ငံတွေ ကြည့်ချင်းအားဖြင့် သုံးလေးလ ပြည့်သွားရင် ကျသွားမယ်လို့ ကျမတို့ ခန့်မှန်းရတာပဲ။ ဒါပေမယ့် အဲဒါက ကာကွယ်ဆေးထိုးလို့လား ဆိုတော့ မဟုတ်ဘူး။ လူတွေအများကြီး ရောဂါဖြစ်ပြီးလို့လားဆိုတော့လည်း အဲဒီလိုမျိုး လည်း ဟုတ်လောက်မယ် မထင်ဘူးရှင့်။ ကျချိန်တန် ကျမယ်။ ပြီးရင် ပြန်တက်မယ်ဆိုတော့ ကျမရဲ့ အဖြေက သိပ်တိတိ ကျကျ ရှိမယ် မထင်ဘူး။ ဆိုတော့ မပြောတတ်ဘူးလို့ပဲ ပြောရမှာပေါ့ အနာဂတ်ကို သေသေချာချာ။
မေး။ ။ အခုက Treatment ကောင်းကောင်းလည်း မရကြတော့၊ အိမ်တွင်းကုသမှုတွေ လုပ်ကြတော့၊ အဲဒီနည်းလမ်းလည်း ပြောပြပေးပါဦး။ အကောင်းဆုံး လုပ်နိုင်တာက ဘာရှိမလဲ။ ဘယ်လိုဟာတွေ လုပ်သင့်လဲ ဆိုတာလေးလည်း အကြံပြုပေး ပါဦး။
ဖြေ။ ။ ကျမက ကုသရေးပိုင်းက မဟုတ်တော့ ဒီနယ်ပယ်ကို မကျွမ်းဘူးပေါ့။ ကာကွယ်ရေးပိုင်းနဲ့ ပတ်သက်လို့က အတတ် နိုင်ဆုံး ခွာပြီးနေပါ။ တကယ်လို့ ကံမကောင်းလို့ မိသားစုထဲက တယောက်ယောက်များ ပိုးဝင်သွားရင် သံသယရှိတယ် ဖျား နာတယ်။ အနံ့ ပျောက်တယ်၊ ခံတွင်းပျက်တယ်ဆိုပြီး သံသယရှိရင် Positive ပဲ ဖြစ်ဖြစ်၊ Negative ပဲဖြစ်ဖြစ် သူ့ကို ကိုဗစ် ဖြစ်သွားပြီလို့ ယူဆပြီး ဆောင်ရွက်သင့်ပါတယ်။ ကိုဗစ် ဖြစ်တာက ရှက်စရာလည်း မဟုတ်ပါဘူး။ ကြောက်စရာလည်း မဟုတ်ပါဘူး။ ရင်ဆိုင်နိုင်ရင် ကျမတို့က ကိုဗစ်ကို အားလုံးရင်ဆိုင်နိုင်မှာပါ။
အဲဒီတော့ တကယ်လို့ ကိုဗစ်ဖြစ်သွားပြီဆိုရင် များသောအားဖြင့် တိုက်ခန်းတွေနဲ့ နေကြတယ်ဆိုရင် တိုက်ခန်းမှာ အခန်း ၂ ခန်းဆိုတော့ အခန်း ၁ ခန်းမှာ လူနာကို Isolate လုပ်ဖို့ဆိုတာ သိပ်တော့ မလွယ်ဘူးရှင့်။ အဲဒီအခါကျတော့ တိုက်ခန်းကို လေဝင်လေထွက် ကောင်းအောင် နှစ်ပေါက်လောက်တော့ ဖွင့်ထားပေးပါ။ အဲဒီတော့မှ လေက Flow ရှိပြီးတော့ အဝင်အ ထွက် ကောင်းအောင် လုပ်ပေးပါ။ လူနာနဲ့ ခပ်ခွာခွာနေပေးပါ။ လူနာကို ပြုစုသူသည် တယောက်ထဲ ဖြစ်နေရင် ပိုကောင်း တယ်။ ကိုင်တွယ်တာက တယောက်ပဲပေါ့။ လူနာကတော့ ဖြစ်န်ိုင်ရင် Mask တပ်ဖို့ မလွယ်ဘူး ထင်တယ်။
ပြုစုသူက Mask တပ်ပါ။ Mask ကိုလဲပါ။ လျှော်ပါ။ အဝတ် Mask တပ်ရင် ရေနွေးပူနဲ့လျှော်ပါ။ Mask တခု တပ်ပြီး နံရံမှာ ချိတ်ထား ပြီးတဲ့အခါ ပြန်တပ်ဆိုရင် ဒါ တကယ်တမ်းတော့ မထိရောက်ဘူး။ မှောက်အိပ်နိုင်အောင် ကျင့်ပါ။ အခု ကြည့်ရ တာက အဆုတ်ကို တော်တော်များများ ထိပါတယ်။ မှောက်အိပ်တဲ့အခါ အဆုတ်က လေရှူအား ပိုကောင်းပါတယ်။ ဒါ အများကြီးလည်း ပြောထားကြပြီး ဖြစ်ပါတယ်။
မှောက်အိပ်ရတာ ခက်တယ်။ မှောက်အိပ်ကျင့် မရှိသူက ပိုခက်တယ်။ မကျင့်ထားရသေးရင် ကျင့်ထား။ နောက်တခါကျတဲ့ အခါတော့ ခက်ခဲတာကို ငါတော့ အောက်ဆီဂျင်တွေ ကျကုန်ပြီဆိုတဲ့ Oxygen Concentration ပေါ်မှာပဲ အရမ်း မူတည် ပြီးတော့ စိတ်ဓာတ်တွေ မကျစေချင်ပါဘူး။ စိတ်ဓာတ်နဲ့ပဲ ကျော်ဖြတ်စေချင်ပါတယ်။ ကောင်းကောင်းစားပါ။ ကောင်းကောင်းအိပ်ပါ။ စိတ်ကို အတည်ငြိမ်ဆုံးထားပါ။ မှောက်အိပ်အောင် ကျင့်ပါ။ ခပ်ခွာခွာနေပါ။ စိတ်ကို အတည်ငြိမ် ဆုံးထားပါ။ နေကောင်းနေတဲ့သူသည် Mask တပ်ပါ။ အဲဒါဆိုရင် ကျမတို့သည် အတတ်နိုင်ဆုံး မဆိုးရွားတဲ့ Case တွေ ဖြစ်လာနိုင်မယ်လို့ ထင်ပါတယ်။
ဆီးချို၊ သွေးချိုရှိတဲ့ သူတွေ ဆီးချို၊ သွေးချိုကို ထိန်းထားပေးပါ။ ဒီနည်းပဲ ရှိတယ်။ ကျမတို့မှာ ပြည်သူပဲ ရှိတယ်။ ဆေးရုံ တွေကလည်း တကယ်တမ်းတော့ မနိုင်ဘူး။ အောက်ဆီဂျင်တွေကလည်း အတုတွေရော ၊ အစစ်တွေရော ဆိုတော့ အရမ်း Stress များပါတယ်။ နေမကောင်းတဲ့ သူတယောက်အတွက် Stress များတဲ့အခါမှာ ပိုပြီး ဆိုးသွားပါတယ်။ တောင့်ခံထား ပေးပါလို့ပဲ ပြောရမှာပါ။ တကယ်တမ်းတော့ ကျမတို့မှာ ဘာမှ မရှိပါဘူး။
မေး။ ။ ဘာများဖြည့်စွက် ပြောချင်တာရှိဦးမလဲရှင့်။
ဖြေ။ ။ မြန်မာပြည်က အခုလက်ရှိ ကံမကောင်းဘူးလို့ ပြောရမလိုဖြစ်တာပေါ့။ စစ်ကောင်စီက အာဏာသိမ်းတယ်။ တကယ်တမ်း ပြင်းထန်တဲ့ Third Wave ကြီးက ထွက်လာတယ်။ ဒီတော့ ဘယ်လိုပြောမလဲ အဆိုးတွေ ထပ်ခါထပ်ခါ ကျလာသလို ဖြစ်နေတယ်။ ကျမတို့က လှိုဏ်ဂူထဲကို ရောက်သလို ဖြစ်နေတယ်။ လှိုဏ်ဂူရဲ့ အဆုံးမှာ အလင်းရောင်ရှိ ပါတယ်။ ကပ်ရောဂါကလည်း အမြဲတမ်း ဖြစ်သွားနေမှာ မဟုတ်ပါဘူး။ တဖြည်းဖြည်းမှာ ကျသွားနိုင်ပါတယ်။ အားတင်း ထားပေးပါ။
တကယ်တမ်း ကာကွယ်ဆေးရှိတယ်ဆိုရင် ရအောင်ထိုးပေးပါ ပြည့်မီအောင် ထိုးပေးပါ။ အတတ်နိုင်ဆုံး ခပ်ခွာခွာနေပါ။ Mask တပ်ပေးပါ။ ကောင်းကောင်းစားပါ။ ကောင်းကောင်းအိပ်ပါ။ ဆေးတွေကိုလိုက်ပြီး ရှာဖွေမနေပါနဲ့။ တကယ်တမ်း တစုံ တခုဖြစ်ခဲ့ရင် အတတ်နိုင်ဆုံး ဆရာဝန်ကို ဖုန်းဆက်ပါ။ ဆရာဝန်တွေကို ဖုံးဆက်တဲ့အခါလည်း ဆရာဝန် ၅ ယောက် လောက်ကို ဆက်ပြီး ကိုယ်နဲ့ အဆင်ပြေတဲ့ Treatment ကို ယူတာမျိုး မလုပ်စေချင်ပါဘူး။ ယုံကြည်ပေးပါ ရှိတဲ့ ဆရာ ဝန်ကို။ စိတ်ဓာတ်ကို အတည်ငြိမ်ဆုံးနဲ့ ကပ်ရောဂါကို မကြာခင် ကျော်ဖြတ်နိုင်မယ်လို့ ယူဆပါတယ်။
You may also like these stories:
တရုတ် ကာကွယ်ဆေးသာ မြန်မာစစ်ကောင်စီ မျှော်လင့်အားကိုးစရာ ဖြစ်နေ
ကိုဗစ်၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် တရုတ်၏ နှောင်ကြိုးလက်ဆောင်