ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စလင်ဒါသောမတ်စ်ဂရင်းဖီးသည် မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင်နှင့် ဩဂုတ်လ ၁၁ ရက်တွင် မြန်မာနိုင်ငံသို့ အကူအညီများ ပေးနိုင်ရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးကြသည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်သည် အွန်လိုင်းမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ မြန်မာနိုင်ငံတွင် လိုအပ်နေသူများကို လူသားချင်း စာနာသောအားဖြင့် ဒေါ်လာ သန်း ၅၀ ထောက်ပံ့ကူညီမည်ဖြစ်ပြီး ဒုက္ခသည်များ၊ ပြည်တွင်းနေရပ်စွန့်ခွါသူများနှင့် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းခြင်းကြောင့် ပုန်းရှောင်ထွက်ပြေးရသူများအတွက် ဖြစ်ကြောင်း ပြောသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်အခြေစိုက်ပြီး မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများပေးနေသော မယ်တော်ဆေးခန်းအား တည်ထောင်သူလည်း ဖြစ်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းခဲ့သည့် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး အဖွဲ့ ခေါင်းဆောင်လည်းဖြစ်သည့် ဒေါက်တာစင်သီယာမောင်အား တွေ့ဆုံဆွေးနွေးပွဲအကြောင်း ဧရာဝတီက မေးမြန်းခဲ့ပါသည်။
မေး။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် လင်ဒါ သောမတ် ဂရင်းဖီးနဲ့ဘာတွေ ဆွေးနွေးဖြစ်တာလဲ။
ဖြေ။ အဓိက ကတော့ ထိုင်းနိုင်ငံထဲမှာနဲ့ မြန်မာပြည်ထဲမှာ ဖြစ်နေတဲ့ လက်ရှိ ကိုဗစ်နဲ့ တခြားသော ရွေွှပြောင်းလူဦးရေ ကိစ္စတွေ၊ စစ်ပွဲကြောင့်ပဲ ဖြစ်ဖြစ် ရွှေ့ပြောင်းနေရတဲ့အပေါ်မှာ အရေးပေါ် ဒီ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေနဲ့ပတ်သက်ပြီးတော့ ထိုင်းနိုင်ငံကနေ ဖြတ်ကျော်ပီး ပြည်တွင်းကို သွားနိုင်ဖို့ကိစ္စကို သူတို့ ဒီမှာရှိတဲ့ အဖွဲ့အစည်းတွေရဲ့ အမြင် သဘောထားတွေ ဆွေးနွေးတာပေါ့။ သဘောထားဆိုတာကတော့ လက်ရှိ ရှိနေတဲ့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ ဆက်စပ်ဆောင်ရွက်မှုတွေ၊ နောက် နယ်စပ်ကို ဖြတ်ကျော်ပီး ကူညီခြင်းအားဖြင့်လည်း နယ်စပ်ရဲ့ကျန်းမာရေးစနစ်ကို ပိုမို ခိုင်မာ တောင့်တင်းအောင် လုပ်ပေးနိုင်တဲ့ အခြေအနေတွေမျိုးပေါ့။
အထူးသဖြင့် ပူးပေါင်းဆောင်ရွက်ရမယ့် အဖွဲ့အစည်းတွေကြားမှာ ဒီ မြန်မာပြည်နဲ့ ဒီဘက် နယ်စပ်မှာရှိတဲ့ လူထုတွေ လုံခြုံမှုရဖို့ အတွက် ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ ဖြစ်ဖြစ်၊ လူသားချင်းစာနာမှုအပိုင်းမှာဖြစ်ဖြစ် သူတို့အနေနဲ့ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ် ဆိုတာမျိုးပေါ့နော်။
မေး။ ဆရာမက ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးတို့ ကိုဗစ်ဆေးထိုးနိုင်ရေးတို့ ဆိိုတဲ့ ကိုဗစ် task force မှာ တာဝန်ယူထားတော့ သူတို့က ကိုဗစ် ဆေးတွေနဲ့ပတ်သက်ပီး ကူပေးမယ်လို့ပြောသွားတာ ရှိလား။
ဖြေ။ ကျမတို့ ဒီ ခေါင်းစဉ်အတိအကျနဲ့ သွားတာမျိုးမဟုတ်ဘဲနဲ့ ဒီ နယ်စပ်ဖြတ်ကျော်ပြီးတော့ ကူညီပံ့ပိုးမှုတွေက အရေးပေါ် လိုအပ်နေတယ်ပေါ့နော်။ ပြည်တွင်းကနေ စီးဆင်းဖြတ်ကျော်ဖို့ အကန့်အသတ်တွေ အများကြီးရှိနေတဲ့အပေါ်မှာ ကယ်ဆယ်ရေးပဲဖြစ်ဖြစ်၊ ကျန်းမာရေးပဲဖြစ်ဖြစ်၊ ကာကွယ်ဆေးကိစ္စတွေပဲ ဖြစ်ဖြစ် သူတို့အနေနဲ့ နယ်စပ်ဖြတ်ကျော် အကူအညီတွေကို ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက် ဘယ်လို NGO တွေနဲ့ ပူးပေါင်းဆောင်ရွက်ရမလဲ၊ ဘယ်လို ထိုင်းအဖွဲ့အစည်းတွေနဲ့ ကူညီပံ့ပိုးမှုတွေ ရယူရမလဲ၊ နောက် ကျမတို့နယ်စပ်မှာ ရှိနေတဲ့ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့လက်ရှိ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေကို သူတို့ လေ့လာတာလည်း ဖြစ်သလို အရင်ကလည်း ဒီလို နယ်စပ်ဖြတ်ကျော်ပြီးလုပ်တဲ့ ငှက်ဖျား စီမံကိန်းတွေ၊ ဝမ်းရောဂါ ဖြစ်တဲ့အချိန်၊ ဝက်သက်ဖြစ်တဲ့အခါမှာဖြစ်ဖြစ် ဒီနယ်စပ်ဖြတ်ကျော်ပြီးတော့ နယ်စပ်ဒေသရဲ့ ကျန်းမာရေးကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ခဲ့ဖူးတယ်။ ဒီလိုမျိုး ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ဖို့ကိစ္စပေါ့။ ကိုဗစ်ကာကွယ်ဆေးရယ်လို့တော့ သီးသန့် ဆွေးနွေးတာ မဟုတ်ပါဘူး။
မေး။ အမေရိကန်က အကူအညီတွေကို ဒေါ်လာသန်း ၅၀ တောင်မှ နယ်စပ်ဒေသကနေ ပေးမယ် ပြောထားတာပေါ့နော်။ ဒီအကူအညီတွေက မယ်တော်ဆေးခန်းကနေ တဆင့် လူ ဘယ်လောက်လောက်ကို ကူနိုင်မလဲ။
ဖြေ။ လုပ်ငန်းသဘောအရ လုပ်ထုံးလုပ်နည်းအရဆိုရင် သူက ဒီ ထိုင်းနိုင်ငံထဲမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းတွေ သို့မဟုတ် နိုင်ငံတကာ အဖွဲ့အစည်းတွေ ထိုင်းအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး ကျမတို့ ဒီ CBO၊ CSO တွေ (ဒေသအခြေပြုအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ)၊ တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းတွေ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲဆိုတာ အသေးစိတ် ဆက်ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ US အစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေရော ထိုင်းအစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေရော အားလုံးကို ညှိနှိုင်းဆောင်ရွက်မှာ ဖြစ်တော့ မယ်တော်ဆေးခန်းအနေနဲ့တော့ ထိုင်းနိုင်ငံထဲမှာရှိတဲ့ မယ်တော်ဆေးခန်းအပါအဝင် တခြားသော လူမှုအဖွဲ့အစည်းတွေနဲ့ ပိုပြီးတော့ ရောဂါ ကာကွယ်ရေးတွေ ဆက်လုပ်နိုင်ဖို့ ရှိမယ်။ ထိုင်းအစိုးရနဲ့ ဆက်စပ်ပြီးတော့ ရောဂါ ကာကွယ်ရေး လုပ်ဖို့ ရှိမယ်။
နောက် ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းမှာကတော့ အပိုင်းတွေ အများကြီးရှိတာပေါ့နော်။ မြို့ထဲမှာရှိတဲ့အပိုင်း၊ တိုင်းရင်းသားဒေသ အပိုင်း။ အဲ့လို အပိုင်းလိုက် ဆောင်ရွက်နိုင်မှုတွေကိုတော့ အသေးစိတ် ညှိနှ်ိုင်းတာတွေ အများကြီးရှိမှာပေါ့။ ဥပမာ ကရင်နီလား၊ ရှမ်းလား၊ မွန်လား၊ ကရင်မှာလား စသဖြင့် အများကြီးရှိတဲ့အခါကျတော့ ဒေသအသီးသီးမှာ နယ်စပ်ဖြတ်ကျော်ပြီးလုပ်နေတဲ့ NGO တွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကြားထဲမှာ စုစုစည်းစည်းနဲ့ ကောင်းမွန်တဲ့စနစ် ဖြစ်ဖို့၊ အထူးသဖြင့် သူ့ ဒေသဆိုင်ရာအလိုက် ကျန်းမာရေးစနစ် ပိုပြီး အားကောင်းလာဖို့ ခိုင်မာလာဖို့ ပိုပြီး ဆွေးနွေးရမှာပေါ့။
နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့လည်း သူတို့က ပစ္စည်းကိရိယာနဲ့ နည်းပညာ တဖက်က ကူနိုင်သလို လက်တွေ့လုပ်ငန်း အကောင်အထည်ဖော်တဲ့အခါကျရင်တော့ လက်ရှိ ပြည်တွင်းမှာရှိနေတဲ့ တိုင်းရင်းသား ကျန်းမာရေး အင်အားစုတွေရော၊ နောက်တော့ နယ်စပ်ကိုရောက်လာတဲ့ ပြည်တွင်းက ဆရာဝန်တွေ သူနာပြုတွေ အဲဒီအားတွေနဲ့ အများကြီးလုပ်ရမယ်။ ဆိုတော့ ဒေသအလိုက် ကျန်းမာရေးစနစ် တောင့်တင်းခိုင်မာဖို့၊ ဖွံဖြိုးမှုအပေါ် အခြေခံပြီး ဝိုင်းဝန်းပံ့ပိုးဖို့ ဖြစ်ပါတယ်။
မေး။ ပြည်သူအများစုက အထူးသဖြင့် နယ်စပ်ဒေသတလျောက်နဲ့ အခု ပြေးနေရတဲ့ သူတွေက Covid task forces ကနေ ကိုဗစ် ကာကွယ်ဆေး ထိုးပေးမှာလားလို့ သိချင်နေကြတယ်။ ကိုဗစ် ကာကွယ်ဆေး ထိုးရနိုင်ဖို့ အလားအလာ နီးစပ်နေပီလား။
ဖြေ။ ကာကွယ်ဆေးကို ရနိုင်ဖို့ကတော့ လမ်းကြောင်းတွေက ၃-၄ ကြောင်းက ရှိနေတယ်။ ထိုင်းရဲ့ လမ်းကြောင်းကနေ သွားနေတဲ့အပိုင်းတွေမှာတော့ ကျန်းမာရေးဝန်ထမ်း၊ ရပ်ရွာ လူထု အခြေပြု ကာကွယ်ရေးလုပ်ငန်းတွေ၊ ထိုင်းအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ NGO တွေရဲ့ ဝန်ထမ်းတွေ အဲဒါတွေကို သူတို့က စပြီး (ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ရေး) စီစဉ်ပေးနေတာ ရှိနေတယ်။ ဒါက ထိုင်းအစိုးရ လက်ရှိ ကျန်းမာရေး အစီအစဉ်ပေါ့။ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအစီအစဉ်က သွားတာ ရှိတယ်။
တခြားသော ဒီ ဆို့စ် (sources) တွေကလည်း တင်ထားတာရှိတယ်။ ဆို့စ်ဆိုတာ UNICEF ကနေ ဖြတ်မယ့် ကိစ္စတို့။ ဒီ ICRC ကနေ စီမံခန့်ခွဲမယ့်ကိစ္စ၊ ICRC ဆိုတာ ထိုင်း ICRC ဖြစ်စေပေါ့နော်။ ဘယ် ဧရိယာမှာ ဘယ်သူကတော့ လူဦးရေ ရွေးချယ်သတ်မှတ်မှုတွေ၊ ကာကွယ်ဆေးထိုးဖို့ လူအင်အား အရင်းအမြစ်တွေကို စုဆောင်းတာပဲ ဖြစ်ဖြစ် လုပ်ရမှာ ရှိတယ်။ ဒီ ကာကွယ်ဆေး ထိုးဖို့အတွက်သာမက ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာမှာ သူ့ဒေသအလိုက် ပိုမို ကျစ်လစ်ခိုင်မာမှုရှိတဲ့ စနစ်တွေ ပေါ်လာဖို့ လုပ်ဖို့ဆိုတာကျတော့ တဖွဲ့တည်းတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
Task force အနေနဲ့တော့ ဒီလိုပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေနဲ့ အပြန်အလှန် အကူညီပေးနိုင်တဲ့ အခြေအနေဖြစ်အောင် နည်းပညာဆိုင်ရာအရဖြစ်စေ၊ ရံပုံငွေပိုင်းဆိုင်ရာအရ ဖြစ်စေ ရောက်ရှိနိုင်တဲ့ လက်လှမ်းမှီတဲ့ နေရာတွေ အများဆုံးရောက်ရှိနိုင်အောင် ဆက်စပ်လုပ်ပေးတာတော့ ရှိမယ်။ အဓိကကတော့ လူဦးရေ ရရှိနိုင်မှုဆိုတာက ဆေးဝါးကို ဘယ်အချိန်မှာ ရမလဲဆိုတဲ့ တိကျတဲ့ ကိန်းဂဏန်းတွေ လိုအပ်တယ်။ လူဦးရေနဲ့ ကိန်းဂဏန်းတွေ ထွက်ဖို့ကလည်း သူ့ဒေသအလိုက်မှာ ရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကိုလည်း အများကြီးပဲ ကျမတို့ သူတို့ကို ပံ့ပိုးရမှာ ဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ နေရာဒေသ တခုမှာ လူဦးရေဘယ်လောက်ရှိပြီးတော့၊ ဦးစားပေး ဘယ်လို စပြီးတော့ ကာကွယ်ဆေး ထိုးနိုင်မလဲပေါ့။ နောက်ပြီးတော့ ဆေးကလည်း ရောက်မယ့်အချိန် မတူကြဘူး။ ဆေးရရှိနိုင်မယ့် အခြေအနေပေါ် မူတည်ပြီးတော့ ဆေးအရေအတွက် တရာ အရင်ရမယ်ဆိုရင် တမျိုး၊ တထောင် အရင်ရမယ်ဆိုရင် တမျိုး တဆင့်ချင်းစဉ်းစားရမှာပါ။ ဒီဟာတွေ လုပ်ကိုင်ဆောင်ရွက်ဖို့က ကျတော့ ကိုယ့်ဒေသအလိုက် ကိုယ့်လူဦးရေနဲ့ ကိုယ် တာဝန်ယူနိုင်တဲ့ ကိန်းဂဏန်းတွေနဲ့ ကိုယ့် လူအင်အား အရင်းအမြစ်နဲ့ လုပ်ရမှာ ရှိတယ်။ ဒါ ကာကွယ်ဆေးထိုးတဲ့အပိုင်း၊ ကုသရေး အပိုင်းရှိတယ်ဆိုတော့ ဝန်ထမ်း အင်အားအရတော့ အများကြီးပဲ စိန်ခေါ်မှုတွေ ရှိတယ်။
သို့သော်လည်း ကျမတို့ ဒါကိုတော့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ရမယ်။ တဆင့်ချင်းပေါ့။ အမြန်ဆုံး ဘယ်အချိန် ရနိုင်မလဲ၊ ဘယ်ဆေးရမလဲဆိုတာ ကျမတို့မှာတော့ တိကျတဲ့ ကိန်းဂဏန်းတော့ မရှိနိုင်သေးဘူး။ သို့သော် မူဝါဒပိုင်းဆိုင်ရာကို ဒီ နယ်စပ်ဖြတ်ကျော် ဆောင်ရွက်တဲ့ အခြေအနေ တခုဖြစ်အောင် ဝိုင်းပြီး ပံ့ပိုးတာဖြစ်မယ်။ ဒီစာရင်းဇယားနဲ့ လုပ်ငန်းစဉ် အသေးစိတ်ကိုတော့ သက်ဆိုင်ရာ ဒေသမှာ ရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ သူတို့နဲ့အနီးကပ်လုပ်တဲ့ နိုင်ငံတကာ NGO တွေပဲ ဖြစ်ဖြစ်ပေါ့။ ဒေသတွင်း NGO တွေ ပူးပေါင်းပြီးတော့ သူတို့ plan (အစီအစဉ်) တွေ ဆွဲကြမယ်ပေါ့။
You may also like these stories:
ကုလ အမေရိကန်သံအမတ်နှင့် ဒေါက်တာစင်သီယာမောင်တို့ တွေ့ဆုံဆွေးနွေး
NUG ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့ တိုင်းရင်းသားဒေသများ ကာကွယ်ဆေး ထိုးနိုင်ရေး ရည်ရွယ်
နိုင်ငံသားမဟုတ်သည့် မွတ်စလင်များ ကိုဗစ်ကာကွယ်ဆေးထိုးမှု ဦးစားပေးစာရင်း၌ မပါဝင်
တရုတ်ကုန်သည်များ အသင်းက ကိုဗစ်ကာကွယ်ဆေးကို ကျပ် ၅ သောင်းဖြင့် ထိုးပေးမည် ဟုဆို