ဘကြီးမိုးဟု အများခေါ်ကြသည့် စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ မောင်မိုးသူသည် စက်တင်ဘာ ၁ ရက်၊ ညနေပိုင်းတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ ၎င်းကွယ်လွန်ချိန်တွင် အသက် ၈၄ နှစ် ရှိပြီ ဖြစ်သည်။
မိုးဦးပန်းစာပေတိုက်ကို တည်ထောင်ပြီး စာအုပ်ထုတ်ဝေခြင်း လုပ်ကိုင်ခဲ့သလို ရုပ်ရှင်လောကသို့ ဝင်ရောက်ကာ ဇာတ် ညွှန်းရေးဆရာအဖြစ် လည်းကောင်း၊ ဒါရိုက်တာတဦးအဖြစ် ကျနော့်နာမည် ကျော်ကျော်၊ မှုန်နံ့သာ ခြယ်ကာသပါလို့၊ လွတ် လပ်မှ အမျှဝေပါ၊ ကျမမှာ ချစ်သူရှိတယ် စသည့် ဇတ်ကားများကို နာမည်ကြီး မင်းသားမင်းသမီးများနှင့် ရိုက်ကူးခဲ့သည်။
ဆရာမောင်မိုးသူသည် မြန်မာစာပေလောကတွင် လိုအပ်နေသည့် ကွက်လပ်ဖြစ်သော ဘာသာပြန်စာပေကိုလည်း ဖြည့် ဆည်းခဲ့သူဖြစ်ပြီး ဆရာပြန်ဆိုသည့် အိပ်မက်ကုန်သည်၊ အိပ်ဇိုးဒပ်(နိုင်ငံတခုမွေးဖွားခြင်း)၊ ကျားကုတ်ကျားခဲ၊ သဲကြီးမဲကြီး၊ သူနိုင်ကိုယ်နိုင်၊ အချစ်ပုံပြင်၊ အင်နစ်ဂမာ၊ သက်စွန့်ဆံဖျား၊ စိန်ပီတာဘတ်မှလူ စသည်တို့မှာ လူကြိုက်များလှသည်။
မိုးဝေနှင့် အခြားသော မဂ္ဂဇင်းများတွင် လွယ်အိတ်တလုံးနှင့် ရွာစဉ်လည်၊ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင် စသည့် ပင်တိုင်ဆောင်းပါးများကိုလည်း ရေးသားခဲ့သည်။
ဆရာမောင်မိုးသူသည် ငယ်စဉ်ကတည်းကပင် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ရာ ၁၉၅၈ အိမ်စောင့်အစိုးရ လက် ထက်တွင် တကြိမ်၊ ၁၉၈၉ တွင် တကြိမ်၊ ၁၉၉၂ တွင် တကြိမ် ဖမ်းဆီးထောင်ချခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း တဦးလည်း ဖြစ်သည်။
၁၉၈၈ လူထုအရေးတော်ပုံကြီး ဖြစ်သည့်အခါ သတင်းစာဆရာကြီး ဦးဝင်းတင်၊ စာရေးဆရာ မောင်သောကတို့ ဦးဆောင် သည့် စာရေးဆရာများသမဂ္ဂတွင် အတွင်းရေးမှူးအဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တည်ထောင်သည့်အခါ တတ်သိပညာရှင် တဦးအဖြစ် ပါဝင်ခဲ့သည်။
စာရေးဆရာဒါရိုက်တာ မောင်မိုးသူအတွက် ကြွေလွင့်သွားခြင်းအတွက် အနုပညာ၊ နိုင်ငံရေးနှင့် ဘာသာပြန် စာပေလော အသိမိတ်ဆွေ တချို့၏ အမှတ်တရ စကားသံများကို ဖော်ပြလိုက်ပါသည်။
ဦးကိုကိုကြီး (ပြည်သူ့ပါတီဥက္ကဋ္ဌ)
ဆရာဦးမိုးသူနဲ့ ပတ်သက်ပြီးတော့ အမှတ်ရစရာတွေ အင်မတန်မှ များပါတယ်။ သူ့ရဲ့စာပေ ကျေးဇူးပေါ့။ ဆရာ့ရဲ့ ဘာသာ ပြန်စာအုပ်တွေ သူနဲ့လူချင်း မတွေ့ခင်ကတည်းက စာနဲ့ရင်းနှီးခဲ့ရတာပေါ့။ ဆရာနဲ့ပတ်သက်ပြီး စွဲနေတာက Exodus ပေါ့။ အစာငတ်ခံ ဆန္ဒပြပွဲကို မီဒီယာနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ခဲ့တာတွေက ကျနော်တို့ နိုင်ငံရေး ဖြတ်သန်းမှုတွေအထိ ဆရာ့ရဲ့ဘာသာပြန် လက်ရာတွေဟာ စွဲစွဲနှစ်နှစ် မှတ်မိနေတာ။ ဒါကြောင့် ဆရာဦးမိုးသူ ကွယ်လွန်သွားတယ်ဆိုတာ သူ့ မိသားစုအတွက် တင်မကဘဲ စာပေနယ်ပယ်အတွက်ရော၊ ကျောင်းသားသမဂ္ဂမျိုးဆက်တွေ၊ နိုင်ငံရေးနယ်ပယ် အတွက် ရော အင်မတန်နှမျော ဝမ်းနည်းဖို့ကောင်းတဲ့ကိစ္စ ဖြစ်တယ်လို့ မြင်ပါတယ်။
သူက ဘာသာပြန်စာအုပ်တွေတင် မဟုတ်ဘူး။ သူကိုယ်တိုင် ဘာသာပြန်လုပ်ပြီး ရိုက်ခဲ့တာတွေ ရှိတယ်။ တဖက်မှာလည်း ပန်းချီပြပွဲတွေ လုပ်ခဲ့တာလည်း ရှိတယ်။ တကယ့် အနုပညာ ထူးခြားတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ တချိန်ထဲမှာပဲ နိုင်ငံရေး စိတ် ဓာတ်ကလည်း ကျောင်းသားဘဝကတည်းက အာဏာရှင် ဆန့်ကျင်ရေးအပေါ်မှာ တစိုက်မတ်မတ် ရပ်တည်ခဲ့တဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ကိုဗစ်တတိယလှိုင်းမှာ ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေရော၊ မိတ်ဆွေသင်္ဂဟတွေရော တော်တော် များများ သေကြေပျက်စီးကြတဲ့ထဲမှာမှ ထင်ရှားတဲ့ အနုပညာသမားတွေ၊ စာပေပညာရှင်တွေ သူတို့ကို ဆုံးရှုံးတာဟာ နိုင်ငံအတွက် အစားထိုးဖို့ အင်မတန်ခက်တဲ့ ဆုံးရှုံးမှုတခုလို့ မြင်ပါတယ်။
ဒါကြောင့် ကျနော်တို့က သူအသက်ရှင်စဉ်က ဖန်တီးခဲ့တဲ့ အနုပညာတွေကိုလည်း ပြန်ပြီးထိန်းသိမ်းဖော်ထုတ်ဖို့ လိုတယ်။ အဲဒီနည်းနဲ့ပဲ ကွယ်လွန်သူတွေကို ဂုဏ်ပြုရာ ရောက်မယ်။ ပြီးတော့ သူတို့ထားခဲ့တဲ့အမွေ အဓိကက အမှန်တရားဘက်က ရပ်တည်တယ်။ အာဏာရှင်ကို ဆန့်ကျင်တယ်ဆိုတဲ့ အမွေကောင်းတွေကို ကျနော်တို့ လက်ဆင့်ကမ်းဖို့ လိုတယ်လို့ မြင်ပါ တယ်။ အဓိကကတော့ ဆရာတို့ မျိုးစေ့ချခဲ့တဲ့ အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေးဟာ ကျနော်တို့ ကျန်ရစ်ခဲ့တဲ့ သူတွေက ဆက်လက် သယ်ဆောင်ရမယ့် အမွေဖြစ်တယ်လို့ ပြောချင်ပါတယ်။
နိုင်မြန်မာ(တေးရေး)
ဆရာနဲ့ သိပ်မရင်းနှီးပေမယ့် ဆရာ့အနုပညာတွေကို ကျနော်တို့ ခံစားနေရတာတွေ အများကြီး ရှိပါတယ်။ ဘာပဲပြောပြော အနုပညာအလုပ်တွေကို ဒေါင်ကျကျပြားကျကျ လုပ်နိုင်တဲ့သူတယောက်၊ ဘာသာပြန်ဆရာကြီး တယောက်အနေနဲ့ လုပ်ခဲ့ တာတွေ အများကြီး ရှိပါတယ်။ နိုင်ငံရေးနယ်ပယ် တလျှောက်မှာလည်း ပြည်သူတွေတောင့်တနေတဲ့ ဒီမိုကရေစီစနစ် မြန်မာနိုင်ငံမှာ ထွန်းကားအောင်၊ ထူထောင်နိုင်အောင် ဟိုးအစောကြီးကတည်းကနေ စပြီးတော့ ကျနော်တို့ တိုင်းပြည်မှာ စစ်အာဏာရှင်စနစ် နေရာမှာ အစားထိုးနိုင်ဖို့အတွက် ကြိုးစားရုန်းကန်ခဲ့တဲ့ အထင်ကရရှိတဲ့ ဆရာတယောက်ပါ။ နှမျော လည်း နှမျောမိတယ်။ ဝမ်းလည်း ဝမ်းနည်းမိပါတယ်။
အဓိကကတော့ သူ့ရဲ့ အနုပညာ အရည်အသွေး ဘာသာပြန်ခဲ့တာတွေက အမှတ်ရစရာတွေ ရှိနေတယ်။ နောက်တခုက လူ့ အသိုင်းအဝိုင်းထဲမှာ တော်တော် အဆင်ပြေတယ်။ ဘယ်သူနဲ့မဆို အေးအေးဆေးဆေး၊ ပျော့ပျော့ပျောင်းပျောင်း၊ နူးနူးညံ့ ညံ့နဲ့ နေတဲ့ပုဂ္ဂိုလ်ပေါ့။ ကျနော့်အနေနဲ့ ပြောရရင် ကျနော်တို့ရှေ့က သွားတဲ့ အတုယူစရာကောင်းတဲ့၊ လေးစားစရာကောင်း တဲ့ လူတွေထဲက တဦးပါ။
အကယ်ဒမီ ဆွေဇင်ထိုက်
ဦးမိုးသူကို ကျမက ဦးစိန်မြင့်လို့ ခေါ်တယ်။ သူ့နာမည်အရင်းက ဦးစိန်မြင့်မို့လို့။ ကျမနဲ့ ရုပ်ရှင်လည်း ရိုက်ဖူးပါတယ်။ “လွတ် လပ်မှ အမျှဝေ” ဆိုတဲ့ ဇာတ်ထုပ်ကို ကိုသုမောင်နဲ့အတူ ရိုက်ဖူးပါတယ်။ မိသားစုတစုလို ခင်ပါတယ်။ သူ့ရဲ့ ကုမုဒြာဆိုတဲ့ ဂျာနယ်ထုတ်တုန်းက ကျမ NGO တခုမှာ အလုပ်လုပ်နေတော့ ကြော်ငြာထည့်ပါတယ်။ ခင်မင်ဖို့ကောင်းတဲ့ လူတယောက် ဖြစ်ပါတယ်။ ပြီးတော့ သမိုင်းကြောင်းလှတဲ့ လူတယောက်လည်း ဖြစ်ပါတယ်။ ကျမတို့က မိသားစု မိတ်ဆွေတွေ ဖြစ်ကြ တယ်။ ကျမ သမီးကိုလည်း ချစ်တယ်။ သူ့ရဲ့သမိုင်းကြောင်းကို လှပအောင် ရွေးချယ်သွားနိုင်တဲ့ လူတယောက်ဖြစ်လို့ ဂုဏ်ယူရပါတယ်။
ကျမတို့ “လွတ်လပ်မှ အမျှဝေ” ဆိုတဲ့ ရုပ်ရှင်ကို ၁၉၇၀ ဝန်းကျင်လောက်က ပုပ္ပားမှာ သွားရိုက်တုန်းက ရိုက်တဲ့နေ့မှာ ပုပ္ပားတောင်ပေါ်ကို တက်တော့ ကိုသုမောင်က အရက်မူးနေလို့ မရိုက်ဘဲနဲ့ ပြန်ဆင်းသွားရတယ်။ ဒါပေမယ့် သူက တချက် မှ စိတ်တိုတဲ့ပုံတွေဘာတွေ လုံးဝ မပေါ်ဘူး။ နောက်တနေ့ ပြန်ရိုက်တာပေါ့ဆိုပြီး ရှူတင်ကို ဖြုတ်လိုက်တာ သတိထားမိ တယ်။ ဘယ်တော့မှ ဒေါသမရှိဘူး။ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နဲ့ နေတတ်တဲ့သူတယောက် ဖြစ်တယ်။ စိတ်အေးအေးနဲ့ ပြဿနာတွေကို ဖြေရှင်းတတ်တယ်။
မိုးသက်ဟန် (ဘာသာပြန်စာရေးဆရာ)
ဝမ်းနည်းရတာပေါ့ဗျာ။ တယောက်ပြီးတယောက် ဆုံးနေတော့ တန်ဖိုးရှိတဲ့ စာပေလောကအတွက် အများကြီး သယ်ပိုးထား တဲ့ လူတယောက် ဆုံးပါးသွားတဲ့အတွက် ဆရာမောင်မိုးသူအတွက် အရမ်းဝမ်းနည်းရတယ်။ လူငယ်တွေကိုလည်း ချစ်ခင် တယ်။ ကျနော်တို့ လူငယ်တွေကလည်း ချစ်ခင်တယ်။ ပုဂ္ဂိုလ်ရေးအရ သိပ်မခင်ဘူး။ ပွဲတပွဲနှစ်ပွဲမှာ ဆုံဖူးတာပဲ ရှိတယ်။ သူ့ စာတွေတော့ ဖတ်ရတယ် ငယ်ငယ်လေးထဲက။ သူ့ရဲ့ Psycho ဝတ္ထု ဘာသာပြန်တာဆို အရမ်းကြိုက်တယ်။ သူက အနုပညာမျိုးစုံ ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်ကြီးပေါ့။ ရုပ်ရှင်ဒါရိုက်တာလည်း လုပ်တယ်။ စာလည်းရေးတယ်။ ပန်းချီလည်း ဆွဲတယ်။ သူက ပျော်ပျော်နေတတ်တဲ့သူပါ။ ချစ်ဖို့ခင်ဖို့ကောင်းတဲ့ ပုဂ္ဂိုလ်ကြီးပါ။
ဒါရိုက်တာ မိုးနီလွင်
ဆရာကြီး မောင်မိုးသူ ကွယ်လွန်သွားကြောင်း သိရလို့ စာပေလောကအတွက်ရော၊ နိုင်ငံအတွက်ရော ဆုံးရှုံးမှုတခု ဖြစ်ရတဲ့ အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပါတယ်။ ငယ်ငယ်ထဲက ရုပ်ရှင်တွေ ကြိုက်တော့ Alfred Hitchcock ကို အရင်သိ တယ်။ ဟစ်ချ်ကော့ကြောင့် Psycho ကိုသိတယ်။ Psycho ကြောင့် ဆရာကြီးမောင်မိုးသူကို သိခဲ့တယ်။ ဝတ္ထုကနေ ရုပ်ရှင် ကို ဘယ်လို ပြောင်းလဲရသလဲဆိုတာ ကိုယ့်ကိုသင်ပေးလိုက်တဲ့အထဲမှာ ဆရာကြီးမောင်မိုးသူရဲ့ “စိတ္တဇ” လည်း ပါတာပေါ့။
အဲဒီလိုပဲ မောင်မိုးသူကို သိတော့ “ကျားကုတ်ကျားခဲ” ကိုသိ၊ Ken Follet ကိုသိ၊ Eye of the Needle ကိုပါသိ။ ဒါနဲ့ပဲ နာမည်ကျော် ရောင်းအကောင်းဆုံး ဝတ္ထုကနေ ရုပ်ရှင်ကို ဘယ်လိုပြောင်းရလဲ။ သင်ခန်းစာ နောက်တခု ရခဲ့တယ်။ Eye of the Needle ကို သည်းထိတ်ရင်ဖို စပိုင်ဝတ္ထုလို့ပြောရင် ကိုယ်က သိပ်လက်မခံဘူး။ သိပ်ကောင်းတဲ့ သုံးပွင့်ဆိုင် အချစ် ဝတ္ထုလို့လည်း ခေါင်းမာမာနဲ့ ခံငြင်းခဲ့ဖူးသေးတယ်။ မူရင်း Ken Follet အင်္ဂလိပ်စာအုပ်ကို မရမက အဟောင်းဆိုင်က ဝယ် ရှာဖတ်တဲ့အထိ ဆရာ့ရဲ့ ကျားကုတ်ကျားခဲကို စွဲလမ်းဖူးတယ်။ စာအုပ်ထဲက Stiletto ဆိုတဲ့ စကားလုံးတောင် အဓိပ္ပာယ် မသိသေးလို့ အဘိဓာန်ကို လှန်ပြီးမှ ဖတ်ခဲ့ရတဲ့ အရွယ်ပေါ့။
ကိုယ့်ကို စာရေးဆရာ၊ ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာ တဦးဖြစ်စေဖို့ သင်ပေးခဲ့တဲ့ မြင်ဆရာတွေထဲက ဦးဆုံးဆရာတဦး ဖြစ်ခဲ့ တဲ့သူ။ ဆရာကြီးရဲ့ နိုင်ငံရေးနောက်ခံတွေကို မသိခင်ထဲက လေးစားခဲ့ရတဲ့သူ။ ဆရာကြီး “မောင်မိုးသူ” ကောင်းရာသုဂတိ မှာ ငြိမ်းချမ်းပါစေ။
You may also like these stories:
သရုပ်ဆောင် ရဲတိုက်နှင့် ပိုင်တံခွန် အင်းစိန်ထောင်တွင် ကျန်းမာရေး ကောင်းမွန်လျက်ရှိ
ပိုင်တံခွန် မလွတ်သေးတာကြောင့် မိသားစုဝင်များ စိတ်မကောင်းဖြစ်နေ