ဒါက နောက်ဆုံးတိုက်ပွဲပါ
စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် ခုခံတော်လှန်စစ်အား စက်တင်ဘာ ၇ ရက်တွင် စတင်ပြီ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ နံနက်ပိုင်းတွင် အရေးပေါ်မိန့်ခွန်းတရပ် ပြောကြားပြီး တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။
ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရအား ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို တနိုင်ငံလုံး အတိုင်းအတာဖြင့် လှည်းနေ လှေအောင်း မြင်းစောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြရန်လည်း ထည့်သွင်း တိုက်တွန်းထားသည်။
NUG အစိုးရ၏ စစ်အာဏာရှင်အား အကြမ်းမဖက် ငြိမ်းချမ်းစွာ တွန်းလှန်မှုမှတဆင့် လက်နက်ကိုင် တော်လှန် တိုက်ခိုက်ရေးကို တရားဝင် ထုတ်ပြန်ကြေညာမှုနှင့် ပတ်သက်၍ ပြည်သူတချို့၏ သဘောထားအမြင်များကို မေးမြန်းပြီး စုစည်းဖော်ပြလိုက်ပါသည်။
ဦးမိုးရန်နိုင် (ဒု-ရဲမှူးဟောင်း)
D-Day ခေါ်တဲ့ ကြေညာချက်နဲ့ ပတ်သက်ရင် အာဆီယံက ၄ လ အပစ်အခတ် ရပ်စဲဖို့ ပြောတာဟာ နောက်ကွယ်က စစ်ကောင်စီနဲ့ တရုတ်ရဲ့ ကြိုးကိုင်မှုလို့ယူဆပြီး ပြည်သူတွေကို ပိုဖိနှိပ်လာမှာကို စိုးရိမ်တဲ့အတွက် D-Day ကို သတ်မှတ် တာထက်စောပြီး ပြန်လည်ခုခံတိုက်ခိုက်ဖို့ ကြေညာတယ်လို့ ယူဆပါတယ်။ ဒါကို ကျနော် ကြိုဆိုပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ဘေးရှောင်ရတာ၊ အငတ်ဘေးပြဿနာတွေ၊ စစ်တပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ကြုံတွေ့ရမှာ ဖြစ်ပါ တယ်။ ပြည်သူတွေအနေနဲ့ သေနတ်ရှိမှ မဟုတ်ပါဘူး။
တော်လှန်ရေးသမားတွေရဲ့ သတင်းတွေ၊ နေရာတွေကို ဖုံးကွယ်ပေး တာမျိုးတွေကို တပိုင်တနိုင်အနေနဲ့ ပါဝင်ဆင်နွှဲပေးဖို့ လိုသလို လိုအပ်ရင် ဗုံးခိုကျင်းတွေ တူးထားမျိုးကအစ ဆောင်ရွက် ထားသင့်ပါတယ်။
တော်လှန်ရေးသမားတွေရဲ့ တိုက်ခိုက်မှုတွေကလည်း တဖြည်းဖြည်း ပြင်းထန်လာနိုင်ပါတယ်။ ပြည်သူတွေ အနေနဲ့ တချိန် က လွတ်လပ်ရေးရဖို့ လူတိုင်း သေနတ်ကိုင် တိုက်ခိုက်ပြီး ရခဲ့တာ မဟုတ်ပါဘူး။ ရရာလက်နက်နဲ့ နည်းမျိုးစုံ စည်းလုံးညီ ညွတ်စွာနဲ့ ဆောင်ရွက်ခဲ့တာပါလို့ ပြောကြားရင်း တော်လှန်ရေးမှာ နိုင်ရာကနေ မကြောက်မရွံ့ ကူညီပေးကြပါလို့ တိုက် တွန်း ပြောကြားပါရစေ။
ဦးမျိုးအောင် (မြဝတီမြို့)
PDF တွေနဲ့ ပတ်သက်လို့ အတတ်နိုင်ဆုံး ဖြည့်ဆည်းမှုတွေ လုပ်ထားပေမယ့်လည်း အားနည်းနေတာကို တွေ့ရပါတယ်။ လက်နက်ပိုင်းဆိုင်ရာ၊ ဆေးဝါးပိုင်းတွေ လိုအပ်တာတွေ ရှိနေပေမယ့် တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ရင်းနဲ့ပဲ တိုက်ပွဲရဲ့ ဝိညာဉ် ဟာ တွဲခေါ်သွားသလိုမျိုး နည်းနည်းတော့ အရဲစွန့်ရမယ့် အခြေအနေလို့ မြင်ပါတယ်။ မြေပြင်အခြေအနေအရ အဆင်သင့် မဖြစ်သေးတဲ့ အနေအထားမှာ ဘာကြောင့် ဒီလိုကြေညာလဲတော့ နည်းနည်းဒွိဟ ဖြစ်မိတယ်။ ဒါပေမယ့် NUG ဗဟိုအနေနဲ့ သူတို့မှာ အစီအစဉ်ကောင်းတွေ ရှိမယ်လို့ပဲ မြင်ပါတယ်။
တော်လှန်ရေးဟာ အသက်တွေ၊ ဘဝတွေနဲ့ ရင်းထားရတဲ့အတွက် NUG ထိပ်ပိုင်းခေါင်းဆောင်တွေ အနေနဲ့ အရမ်း ကာရောတော့ လုပ်မှာမဟုတ်ပါဘူး။ စစ်ပွဲဖြစ်လာရင်တော့ လူတွေက အနည်းနဲ့အများ စိုးရိမ်မှုရှိကြမှာပဲ။ ဒါပေမယ့် မြဝတီ ဘက်ကျတော့ စစ်ပွဲတွေနဲ့ မစိမ်းဘူး။ တိုက်ပွဲတွေက အမြဲတမ်း ဖြစ်နေတာ။ လက်ရှိ မြဝတီကတော့ တည်တည်ငြိမ် ငြိမ်လေး ရှိနေတယ်။ စစ်ကောင်စီဘက်ကတော့ အစည်းအဝေးတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ သိရတယ်။ ဘာတွေ ဆက်ဖြစ်လာမလဲတော့ မသိသေဘူး။ အခြေအနေအရ ဆက်လှုပ်ရှားကြရမှာပါပဲ။
ပြည်သူတွေ အနေနဲ့ကတော့ တော်လှန်စစ်ကို ကြေညာလိုက်ပြီ ဖြစ်တဲ့အတွက် သူတို့ရဲ့ လုံခြုံရေးကို အရင်ဆုံး ပြင်ဆင်ရ မယ်။ စားရေးရိက္ခာတွေ ပြင်ဆင်ရမယ်။ ဒါတွေပြီးရင်တော့ တိုက်ပွဲဝင်ကြမယ့် PDF တွေအတွက် ဘယ်လို အခန်းကဏ္ဍ ကနေ ကူညီရမလဲဆိုတာ အချင်းချင်း တိုင်ပင်ထားသင့်တယ်။ စဉ်းစားထားကြစေချင်တယ်။ နောက်ဆုံး သတင်းပေးတာက အစ ဘယ်လို ချိတ်ဆက်လုပ်ဆောင်မလဲဆိုတာ ပြင်ဆင်ထားကြရင် အကောင်းဆုံးပါပဲ။
ကိုနန်းလင်း (တကသ ကျောင်းသားဟောင်းများအင်အားစု ဦးဆောင်သူ)
ဒါကတော့ နိုင်ငံရေးတိုက်ပွဲ၊ စစ်ရေးတိုက်ပွဲ၊ သံတမန်ရေးတိုက်ပွဲတွေ ပေါင်းစုံပြီးတော့ လူထုတော်လှန်ရေးနေ့ စတင်ပြီလို့ NUG က ကြေညာတာလို့ နားလည်ထားပါတယ်၊ D-Day လားဆိုတော့ D-Day လို့လည်း ပြောကောင်းပြောနိုင်ပါတယ်။ စစ်ရေးနည်းနဲ့ တိုက်ပြီလို့ တရားဝင် ကြေညာတဲ့သဘောလည်း ဖြစ်ပါတယ်။
လက်ရှိ အခြေအနေအရ တော်လှန်တိုက်ခိုက်မှုတွေ ပိုမို အရှိန်မြှင့်ပြီးလာတော့မယ် ဆိုပေမယ့် ပြောက်ကျားတိုက်တာ လည်း ဖြစ်ချင်ဖြစ်မယ်၊ လုံးဝ မဖြစ်တဲ့နေရာတွေလည်း ရှိနိုင်တယ်။ မြို့ကြီးတွေပေါ်ကိုတော့ တိုက်ပွဲတွေက ချက်ချင်းကြီး ရောက်လာနိုင်မှာ မဟုတ်ပါဘူး။ တကယ် တိုက်ပွဲပြင်းထန်လာမယ့် နယ်မြေတွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ၊ ပြောက်ကျားတပ်ဖွဲ့တွေကို ကူညီရမှာဖြစ်သလို တိုက်ပွဲမရှိတဲ့နေရာမှာ သပိတ်တိုက်ပွဲတွေ၊ နိုင်ငံရေးအရ ကိုင်လှုပ်မှုတွေနဲ့ သွားရမှာဖြစ်တယ်။ ဒီတိုက်ပွဲတွေဟာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုအပေါ် မူတည်ပြီးတော့ စစ်ဆင်ရေးကာလ ဟာ ဘယ်လောက် ကြာသွားမလဲဆိုတာ မူတည်ပါတယ်။ မြန်ချင်တယ်ဆိုရင် NUG၊ CRPH၊ EAOs တွေ၊ သပိတ်အင်အား စုတွေနဲ့ ပြည်သူတွေရဲ့ ပေါင်းစပ်မှုက အရေးပါပါတယ်။
ပြည်သူတွေအနေနဲ့ ရိက္ခာအတွက် ပြင်ဆင်ရာမှာ အရမ်းကြီး စုဆောင်းဝယ်ယူတာမျိုး မဟုတ်ဘဲနဲ့ အချင်းချင်း ရိုင်းပင်းတဲ့ အနေနဲ့ ဆောင်ရွက်ကြဖို့၊ ဈေးတွေလည်း လိုတာထက်ပိုပြီး တင်ရောင်းတာမျိုးမလုပ်ကြဖို့၊ နောက်တခုက လျှပ်စစ်မီး အပါ အဝင် ဖြတ်တောက်ခံရတာမျိုးတွေ အတွက်လည်း ရပ်ကွက်အလိုက် စုပေါင်းပြင်ဆင်ထားကြဖို့ မေတ္တာရပ်ခံပါတယ်။ ပြည် သူတွေ အနေနဲ့ ကိုယ့်ရပ်ကိုယ့်ရွာ လုံခြုံရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြပါ။ ဖြစ်လာနိုင် တဲ့ တိုက်ပွဲအနေအထားတွေ အပေါ်မှာလည်း တတ်နိုင်သမျှ ပူးပေါင်းပါဝင်ကြပါ။ ဦးဆောင် ပါဝင်ပေးကြပါလို့ တိုက်တွန်း ပါတယ်။
ကိုအောင်အောင် (သာကေတမြို့နယ်)
တော်လှန်ရေးဆိုတာက စနေတာတော့ ကြာပါပြီ။ အခုဟာက ပြည်သူတွေအပေါ် အရမ်းဖိနှိပ်နေလို့ ဒီလို D-Day လို မျိုး ကြေညာတယ်လို့ပဲ ထင်ပါတယ်။ မြို့ပေါ်တွေတော့ စစ်ပွဲအကြီးကြီး ဖြစ်လာဖို့ကတော့ နိုင်ငံခြားကနေ အကူအညီတွေ ရမှပဲ ဖြစ်နိုင်မယ် ထင်ပါတယ်။ အခု ပတ်ဝန်းကျင်မှာတော့ ဈေးတွေ တော်တော်ဝယ်ကြတာ တွေ့တယ်။ ရွှေဆိုင်တို့၊ အပေါင်ဆိုင် တချို့လည်း ပိတ်ထားကြတယ်။ ကျနော်ကတော့ ပုံမှန်လကုန်တိုင်း တလစာ ဝယ်နေကြပဲ။ အပြင် မှာေတော့ တော်တော်စစ်တာတွေ လုပ်နေတယ်။
NUG က ကြေညာတာနဲ့ ပတ်သက်ပြီး မစိုးရိမ်ပါဘူး။ ဖြစ်စေချင်နေတာ။ နောက်ပြီး ကိုယ်တယောက်ထဲလည်း မဟုတ်ဘူး။ ဒီအတိုင်းလည်း သူတို့ကို ကြောက်နေရမယ့်အတူတူ တိုက်ပြီဆို သူတို့လည်း ကြောက်နေမှာပဲ။ တိုက်ပွဲတွေ ဖြစ်လာ ရင်တော့ ရပ်ကွက်က လူကြီးတွေဦးဆောင်မှုနဲ့ ညီညီညွတ်ညွတ် နေရမှာပဲ။ အာဏာသိမ်းကာစတုန်းကလည်း လမ်းတွေ ပိတ်ဆို့တာ၊ ဆန္ဒပြတာ၊ သံပုံးတီးကြတာတွေကို တက်ညီလက်ညီ လုပ်ခဲ့ကြတာပဲ။ ကျနော်တို့ ပြည်သူတွေ ညီညီညွတ် ညွတ်နဲ့ ရင်ဆိုင်ရမှာပါ။
ရဲဘော်နိုင်းဖိုး (ပဲခူးမြို့၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတဦး)
လှည်းနေ၊ လှေအောင် မြင်းစောင်းမကျန် တော်လှန်ဖို့ ဆိုတာမှာ ကျနော်တို့မှာ အချိန်က နောက်ကျတယ်လို့တောင် ပြော လို့ရတယ်။ ဘာလို့ဆို လူထုက အာဏာသိမ်းကတည်းက တော်လှန်ခဲ့တာပဲ။ အစဉ်အဆက် အာဏာသိမ်းတာကို လက်မ ခံကြောင်း ပြတယ်။ ယနေ့အထိကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ တော်လှန်ပုန်ကန်နေတာပဲ။ ဒါပေမဲ့ ယနေ့ NUG အစိုးရအနေနဲ့ အသံထုတ်ပြီး ပြောလာတယ်ဆိုတာဟာ ကျနော်တို့အတွက် အချိန်းအချက် တခုပဲ။ စတင်လိုက်တဲ့ သဘောတရားလို့ ကျနော်တို့ မြင်တယ်။ အဆင်သင့် ဖြစ်ပြီလားဆိုတော့ ပြည်သူလူထုနဲ့ NUG အကြား ဘယ်လောက်အထိ ချိတ်ဆက်ထား နိုင်သလဲ ဆိုတဲ့အပေါ်မှာ မူတည်တာ။ ဘယ်လောက်အထိ အားထုတ်ထားသလဲပေါ့။
ကျနော်တို့က အမြဲတော်လှန်နေရမှာပဲ။ စစ်အာဏာရှင် မြန်မြန်ပြုတ်ကျသွားအောင် လုပ်ရမှာ။ စိုးရိမ်မှု ရှိလားဆိုရင် NUG က D-Dday ခေါ်မှတင်မဟုတ်ဘူး။ ကျနော်တို့ နေ့စဉ်နဲ့အမျှ ဒီကောင်တွေရဲ့ ဖိနှိပ်မှုကို ခံနေရတာပဲ။ ဒီထက်ပိုကြီးလာ လည်း မြန်မြန်ပြီးဖို့ပဲ ကျနော်တို့ လိုလားတယ်။ တိုက်ပွဲတွေက တခြားနေရာတွေမှာလည်း ဖြစ်နေပြီဆိုတော့ ဒီလိုပဲ မျှပြီး တိုက်ရမှာပေါ့။
တိုက်ပွဲဆိုတဲ့ နေရာမှာလည်း နည်းပေါင်းစုံနဲ့ တိုက်ရမှာပဲ။ ကာကွယ်ရေးတပ်တွေနဲ့ တိုက်တာမျိုးတွေ ရှိ တယ်။ ပြောက်ကျားနည်းနဲ့ တိုက်တာလည်း ရှိတယ်။ လူထုနည်းနဲ့ အခြားပုံစံ တိုက်လို့ရတာလည်း ရှိတယ်။ နည်းပေါင်းစုံ နဲ့ စစ်ကောင်စီကို တော်လှန်နေရမှာပဲ ထင်တယ်။
CDM မီးရထားဝန်ထမ်းတဦး (မြစ်ငယ်မြို့)
NUG ရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ ပြည်သူတွေဘက်ကတော့ မျှော်လင့်နေတာလည်း ကြာပြီ။ ကြိုဆိုရမှာပါပဲ။ အကြမ်း မဖက် တော်လှန်တဲ့ပုံစံကနေ လက်နက်နဲ့ တော်လှန်တော့မယ်ဆိုတာကို စပြီးတော့ ကြေညာလိုက်တာပါပဲ။ အခက်အ ခဲတွေ ရှိပေမယ့်လည်း ဒါက စသင့်နေပြီ။ ခက်ခဲတဲ့ကြားထဲကပဲ စတင်ရမှာပဲ။
ပြည်သူတွေအားလုံးရော၊ ကျနော်တို့လို CDM ဝန်ထမ်းတွေကရော ကိုယ်နိုင်တဲ့နေရာကနေ ပါဝင်ပြီးတော့ ကူညီထောက် ပံ့ ပေးသွားရမှာပဲ။ ပြည်သူတွေဘက်ကတော့ တချို့လည်း ပြင်ဆင်ထားကြသူတွေလည်း ပြင်ဆင်ထားကြပါပြီ။ လတ် တလောတော့ မြို့ကြီးတွေကို တိုက်ခိုက်မှုတွေ သိပ်မပြင်းထန်နိုင်သေးဘူး။ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတွေ မှာတော့ အရင်ထက် တိုက်ပွဲတွေ ပိုပြီးစိပ်လာမယ်၊ ပြင်းထန်လာမယ်လို့တော့ ယူဆရတယ်။ မြို့ကြီးတွေပေါ်ကတော့ သိပ် ပြီး အဆင်သင့်လည်း မရှိနိုင်သေးတော့ ပြောက်ကျား တိုက်ခိုက်မှုတွေလောက်ပဲ ရှိနိုင်ပါတယ်။
စိုးရိမ်မှုကတော့ ဒီလောက်ကြီး သိပ်မရှိကြပါဘူး။ အရင်ကလည်း ဒီလိုပဲ စိုးရိမ်စိတ်နဲ့ နေနေကြရတာ။ ဒီထက်လည်း စိုးရိမ် စရာ မရှိတော့ဘူး။ အဆုံးစွန်ထိ မျှော်လင့်ထားကြပြီးပါပြီ။
အကြမ်းဖက် စစ်အာဏာရှင် စနစ်ဆိုးကြီးကို အကုန်လုံး အမြစ် ဖြတ်ဖို့ကို ဗမာတိုင်းရင်းသားတွေ အပါအဝင် တိုင်းရင်းသားတွေအားလုံး ပူးပေါင်းပြီးတော့ အဆုံးသတ်တိုက်ပွဲ ချေမှုန်းကြ မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါက နောက်ဆုံးတိုက်ပွဲပါ။
ပဲခူးတိုင်းမှ ပရဟိတသမားတဦး
ကျမတို့ အနေနဲ့က NUG ရဲ့ ကြေညာချက်ကို ထောက်ခံတယ်။ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတော့ ဖြစ်လာမယ့် အပေါ်ကို ပဲ ကြည့်ရမှာပဲ။ ကျမတို့ကတော့ ခန့်မှန်းလို့မရဘူး။ ကျမတို့က ကြိုတင်ပြင်ဆင်ထားတာတော့ မရှိဘူး။ လုပ်နေကျအတိုင်း သွားနေမှာပဲ။ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ သိပ်မရှိဘူး။ စိတ်ဝင်စားတာတော့ ရှိတယ်။ မရောစပ်ဘူး။ ကျမတို့ ပရဟိတ ကိုပဲ သေချာလုပ်တယ်။ ပြင်ဆင်ဖို့ ဆိုတာထက် ဖြစ်လာတဲ့အပေါ် မူတည်ပြီး လုပ်ဆောင်ရမယ်လို့ မြင်တယ်။ အောင်မြင် ပါစေလို့ ဆုတောင်းနေပါတယ်။
တာမွေမြို့နယ်မှ အိမ်ထောင်ရှင် အမျိုးသမီးတဦး
ဖြစ်မယ့်ဖြစ်တော့လည်း ဒီနေ့လောက် မြန်မယ်လို့ မထင်ထားဘူး။ အဓိကကတော့ D-Dday စဖြစ်ပြီဆိုတော့ ဝမ်းသာပါ တယ်။ ဒါပေမဲ့ နည်းနည်းတော့ ကြောက်တယ်။ ကိုယ်လည်း ပထမဆုံး ကြုံတွေ့ရမယ့် အတွေ့အကြုံ။ ဒီလိုမျိုး တိုက်တာ ခိုက်တာ၊ ပစ်တာခတ်တာက ပထမဆုံး ကြုံရမယ့် အတွေ့အကြုံဆိုတော့ အဲဒါအတွက် ကြောက်တယ်။ ကလေးနဲ့ တခုခု ဆို ပြေးလို့ လွတ်ပါ့မလားပေါ့။ အခုဆိုရင် နေတဲ့နေရာရဲ့ မျက်နှာချင်းဆိုင်မှာဆို စစ်သားတွေ ရှိနေတယ်။ မလုံခြုံဘူး။ အဲဒါ ပြဿနာပေါ့။ ရက်တိုတိုနဲ့ မြန်မြန်ပြီးပါစေပဲ မျှော်လင့်တယ်။ ကိုယ်တွေက အများကြီး ဝယ်ခြမ်းထားနိုင်တဲ့လူတွေ မဟုတ်ဘူး။ အလွန်ဆုံး ၁ လပဲ ရမယ်။ ဒီထက်ပိုပြီး ရိက္ခာတွေ မဝယ်ထားနိုင်တော့ မြန်မြန်ပြီးပါစေပဲ မျှော်လင့်တယ်။
၉ လပိုင်း အစမှာကတည်းက ၂ ပတ်စာ စုဆောင်းဖို့တို့ဘာတို့ NUG Page ကလည်း တင်တယ်။ အခြောက်အခြမ်းတွေ ကတော့ ကြိုဝယ်ထားတယ်။ ၂/၃ပတ်စာတော့ ချွေတာပြီးစားဖို့ ဝယ်ထားတယ်။ ကလေးရှိတဲ့သူတွေ အတွက်တော့ ကလေးအတွက် လိုအပ်တာတွေ စုဆောင်းထားဖို့ လိုအပ်မယ်။
သင်္ဃန်းကျွန်းမြို့နယ်မှ အိမ်ထောင်ရှင် အမျိုးသမီးတဦး
ကျမကတော့ ပိုပြီးတော့ ပံ့ပိုးပေးတယ်။ ရန်ကုန်မှာ အဲဒီလိုစိတ်နဲ့ နေတဲ့သူ နည်းတယ်။ ကိုယ့်အတွက်ပဲ ဝယ်စုကြတာ။ ပြည်သူတိုင်း ပါဝင်မှုပေါ် မူတည်တယ်။ တော်လှန်ရေးသမားတွေရဲ့ စိတ်ဓာတ်ခိုင်မာမှု၊ ပြည်သူတွေရဲ့ ပံ့ပိုးမှု အဲဒီအပေါ် မူတည်ပြီးတော့ ပြောင်းလဲမှာပဲ။ D-Day ဆိုပြီး ကြောက်နေမှာထက် ငါတို့ ဘယ်နေရာက ပိုကူညီရမလဲပေါ့။ အဲဒီလို လူများ ရင် အောင်မြင်မှာပါ။ ကျမကတော့ နိုင်နိုင်ရှုံးရှုံး လိပ်ပြာသန့်တယ်။ ကျမအတွက် ဘာမှ မပြင်ဆင်ဘူး။ ကလေးတွေ အတွက်ပဲ ကြိုတင်ပြင်ဆင်နေတယ်။
BGF ထိန်းချုပ်နယ်မြေ ရွေကုက္ကိုလ်မြို့ ဒေသခံတဦး
NUG အနေနဲ့ သူတို့ဘက် အဆင်သင့်ဖြစ်နေပြီးလို့ ကြေညာတာ ထင်ပါတယ်။ ယာယီသမ္မတကိုယ်တိုင် ကြေညာတာ ဆိုတော့။ ဖြစ်လာသမျှတော့ အကောင်းပဲပေါ့။ အရမ်းကြီး စိုးရိမ်တာတော့ မရှိပါဘူး။ ကျနော်တို့မြို့က တခြားမြို့တွေ လောက် မဆိုးဘူး။ ဒီနေရာက နယ်ခြားစောင့်တပ် (BGF) စစ်သားတွေပဲ ထွက်တဲ့နေရာ ဆိုတော့ ပစ်ခတ်မှုတွေ လွယ် လွယ်နဲ့တော့ မဖြစ်လောက်ဘူး။ ဒါပေမဲ့လည်း အခြေအနေ အပြောင်းအလဲတွေက ဘာတွေ ဖြစ်လာမလဲ ကြိုပြောလို့ လည်း မတတ်ပါဘူး။ NUG ရဲ့ ကြေညာချက်ကတော့ အဆိုးတွေထဲက ကောင်းတဲ့လမ်းစ မျှော်လင့်ချက် ရောင်ခြည်လေး လို့ပဲ မျှော်လင့်ပါတယ်။
လက်ရှိ အနေအထားကတော့ BGF ကလည်း ဘာမှ သတိပေးထုတ်ပြန်တာတော့ မရှိသေးဘူး။ လူတွေတော့ ဈေး နည်းနည်းပိုဝယ်ကြတာ တွေ့တယ်။ ကုန်ဈေးတွေ ပိတ်မလား၊ အင်တာနက်တွေ ပြတ်မလား စိုးရိမ်ကြတာတော့ ရှိကြ တယ်။ ကျနော်လည်း မိသားစုအတွက် ဝယ်ထားရဦးမှာပါ။ ညကတော့ ဝမ်ခသစ်ဘက်မှာ ပေါ်တာဆွဲတယ်လို့တော့ သူငယ်ချင်းတယောက် လှမ်းပြောတယ်။ ၆ ယောက် ပါသွားတယ်တဲ့။
ပြည်သူတယောက် အနေနဲ့ကတော့ BGF ရော၊ အခြားတိုင်းရင်းသားလက်နက်ကိုင်တွေရော PDF နဲ့ ပူးပေါင်းရင် ကောင်း မယ်လို့ ထင်ပါတယ်။ တနိုင်ငံလုံး ထကြွပြီဆို သူတို့ ပါသင့်တယ်။
ပူးပေါင်းကြရင် ပွဲသိမ်းပိုလှမယ်။ နိုင်ငံတော်ရဲ့ အနာဂတ် ကိုကြည့်ရင်း ပေးဆပ်နေကြတဲ့ ပညာတတ်တွေရဲ့ ရည်မှန်းချက်၊ တိုင်းပြည်ရဲ့ မျိုးဆက်သစ်တွေကို အများကြီး အကျိုးပြုပေး ချင်ပါတယ်။ ပြည်သူ့ကောင်းကျိုးအတွက် အားထားရမယ့် အစိုးရအဖွဲ့ကို ပြည်သူတွေက အမြဲတမ်း ပူးပေါင်းလျက် ရှိနေမှာ ပါ။
ဦးရွှေဖော်စိန် (ရခိုင်မျိုးနွယ်များအစည်းအရုံး ဥက္ကဋ္ဌ)
NUG ရဲ့ ကြေညာချက်က နိုင်ငံရဲ့ ဖြစ်စဉ်တွေအပေါ်မှာ မူတည်နေတာပေါ့။ ဒါပေမဲ့ နှစ်ဖက်လက်နက်ကိုင်တွေ အကြားမှာ စစ်ရေးကိုပဲ အဓိကထားပြီး ဖြေရှင်းမယ့်နည်းလမ်းကို သွားကြမယ်ဆိုရင် နှစ်ဘက်စလုံးက နစ်နာမှာပဲ။ ကျနော့် အမြင် အရတော့ နှစ်ဘက် အကောင်းဆုံး နည်းလမ်းတခုကို ရှာပြီးတော့ သွားမယ်ဆိုရင် တနည်းတဖုံ ပြေလည်ကောင်း ပြေ လည်သွားနိုင်ပါတယ်။ ဒါပေမဲ့ နည်းလမ်းက ဘာမှ ရှာမတွေ့တဲ့ အနေအထား ဆိုရင်တော့ ဒီလမ်းကို မလွှဲမသွေ လျှောက် ကြရမှာပေါ့။
NUG ရဲ့ ဒီကြေညာချက်ကလည်း ဘယ်လောက်အထိ စွမ်းဆောင်မှုရှိမယ်၊ ပြည်သူတွေက ဘယ်လောက်အထိ ပါဝင် ပံ့ပိုးပေးမယ်၊ တဖက်က သက်ဆိုင်ရာ နိုင်ငံရေးခေါင်းဆောင် အနေနဲ့လည်း ဘယ်လိုပုံစံမျိုး တုန့်ပြန်မလဲ ဆိုတာတော့ တပ်အပ်မပြောနိုင်ပေမယ့် အမြင်အရ ဆိုရင်တော့ ဒီလို ပြည်သူတွင်း စစ်ကို ဦးတည်တဲ့ သဘောကတော့ ဘယ်သူမှ နှစ် သက်မှာ မဟုတ်ပါဘူး။
အကောင်းဆုံးနည်းလမ်းက ညှိနှိုင်းမှုတခုနဲ့ ရှာဖွေသင့်တယ်။ နိုင်ငံတကာ အဖွဲ့စည်းတွေ အနေနဲ့ လည်း ဝေဖန်သုံးသပ်တာတွေပဲ လုပ်နေမယ့်အစား ထိရောက်တဲ့ ဘယ်လိုပုံစံ နည်းလမ်းတွေနဲ့ ရှာဖွေပြီးတော့ နှစ်ဘက် ကြားမှာ ညှိနှိုင်းမှုတခုခုတော့ အရေးပေါ် လုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်။
You may also like these stories:
ဒီးမော့ဆို၌ စစ်တပ်က အရပ်သားများကို ဖမ်း၍ ရှေ့တန်းသို့ ချုပ်နှောင် ခေါ်သွား
စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကယားတွင် အရပ်သား နှစ်ဦး ဒဏ်ရာရ
ပန်ဆိုင်းနှင့်မုံးကိုး တိုက်ပွဲများကြောင့် အရပ်သားရာချီ ထွက်ပြေးနေရ
ကယားပြည်နယ်တွင် KA ၊ KNDF တို့နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာ