ယခုအပတ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ တိုက်ပွဲခေါ်သံသည် ရောထွေးစွာ တုံ့ပြန်သံများ ဖြစ်စေခဲ့သည်။ သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ မည်းမည်းမြင်ရာ ပစ်ခတ်နေမှုများကဲ့သို့ စစ်ကောင်စီတပ်များ ကျူးလွန်နေသော ကြေကွဲဝမ်းနည်းစရာများအား လက်တွေ့ခံစားနေကြရသူ မြန်မာလူထု အများစုက လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အုံကြွ တော်လှန်ရေးဟု ဝမ်းမြောက်ဝမ်းသာ ထောက်ခံနေကြသော်လည်း အပြည်ပြည်ဆိုင်ရာကမူ စိတ်ဝင်စားပုံ မပေါ်ပါ။
မကြာသေးမီကမှ မြန်မာနိုင်ငံကို ရောက်ရှိလာသည့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် Pete Vowles က UK အစိုးရသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နိုင်ရေး ငြိမ်းချမ်းစွာ ကြိုးပမ်းအားထုတ်မှုကို ထောက်ခံ ကြောင်း စက်တင်ဘာ ၇ ရက် ညနေပိုင်း၌ ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။
ထို့ပြင် တွေ့ဆုံဆွေးနွေးခြင်းကိုသာ တိုက်တွန်းပြီး နောက်ထပ် ပဋိပက္ခများသည် ထိခိုက်လွယ်သူများ၊ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးတို့အပေါ် ထိခိုက်နစ် နာစေကြောင်း ၎င်းက သတိပေး ပြောဆိုထားသည်။
အမေရိကန် နိုင်ငံခြားရေးဌာနကလည်း မြန်မာနိုင်ငံ အကျပ်အတည်းကို အကြမ်းဖက်နည်းဖြင့် ဖြေရှင်းခြင်းအား အမေရိကန်က လက်မခံဘဲ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းရန် တိုက်တွန်းကြောင်း RFA သတင်းဌာနကို ဖြေကြားသည်။
အခု ၇ လ ကျော်ကျော် ကြာလာတဲ့အထိ နိုင်ငံတကာ ဖိအား၊ နိုင်ငံရေးအရ ဖိအားတွေက ထိရောက်မှုမရှိတဲ့ အနေအထားမျိုး ဖြစ်တဲ့အတွက် တော်လှန်ရေးကို အဆင့်တခု မြှင့်လိုက်တဲ့ သဘောလို့ ပြောလို့ရပါတယ်။ တပ်လှန့်လိုက်တဲ့ သဘောပါပဲ။
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေ ဆိုးရွားနေသဖြင့် လူသားချင်းစာနာမှု အကူအညီများ တန်းတူ ညီမျှပြီး ဘေးကင်းလုံခြုံစွာ အတားအဆီးမရှိ ပေးနိုင်ရေးအတွက် တည်ငြိမ်သည့် ပတ်ဝန်းကျင် လိုအပ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ဆိုသည်။
စက်တင်ဘာလလယ်ခန့် စောစီးစွာ ရောက်ရှိနိုင်မည်ဟု မျှော်လင့်ထားသော လူသားချင်းစာနာမှု အကူအညီ ပထမအသုတ် ချောမွေ့စွာ ပေးနိုင်ရေး မြန်မာနိုင်ငံ ပဋိပက္ခမှ ဘက်အားလုံး အပစ်အခတ်ရပ်စဲရန် မြန်မာနိုင်ငံဆိုင်ရာ ASEAN အထူးသံတမန် အာရီဝန်ယူဆွတ်ကလည်း တောင်းဆိုထားသေးသည်။
ထိုကဲ့သို့ NUG တိုက်ပွဲခေါ်သံ၊ အပြည်ပြည်ဆိုင်ရာရဲ့ တုံ့ပြန်မှုနှင့် အာဆီယံ အထူးကိုယ်စားလှယ် ပြောသည့် ၄ လ အပစ်ရပ်စဲရေးများနှင့် ပတ်သက်ပြီး NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကိုဧရာဝတီက မေးမြန်းခဲ့ပါသည်။
မေး။ သမ္မတ မိန့်ခွန်းကို ပြည်သူလူထုအများစုက ဒီဒေး (D-Day) လို့ နားလည်ကြတယ်။ ဘာကြောင့် စက်တင်ဘာ ၇ ရက်နေ့မှာ ခုခံစစ်အတွက် ဆော်သြချက် ထွက်ပေါ်လာရပါသလဲ။
ဖြေ။ စက်တင်ဘာ ၇ ရက် သမ္မတ မိန့်ခွန်းက ဒီဒေး ဆိုတဲ့ ထိတော့ မရောက်ဘူးလို့ ပြောလို့ရပါတယ်။ သို့သော်လည်း တော်လှန်ရေးကို အရှိန်အဟုန် မြှင့်လိုက်တယ်။ ရှိထားပြီးသားပေါ့။ တကယ်တော့ ပြည်သူလူထုက သူ့နေရာကနေ သူ ကျမတို့ NUG က မပြောခင်ကတည်းက သူ့ဒေသ သူ့နေရာမှာ self-defense မိမိကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ခုခံစစ်လိုသဘောမျိုးက ဒီဟာတွေက ဖြစ်နေပြီးသား ဖြစ်တယ်။ ဒီလို ဖြစ်လာတာတွေရဲ့ နောက်ကွယ်က အကြောင်းရင်းက ဘာရှိမလဲဆိုရင် ကျမတို့ နိုင်ငံတကာက ဖိအားပေးတာတွေ၊ နောက် အရေးယူတဲ့ ပုံစံတွေ နောက်ကျခဲ့တာတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေပဲပေါ့။ အခု ၇ လ ကျော်ကျော် ကြာလာတဲ့အထိ နိုင်ငံတကာ ဖိအား၊ နိုင်ငံရေးအရ ဖိအားတွေက ထိရောက်မှုမရှိတဲ့ အနေအထားမျိုး ဖြစ်တဲ့အတွက် တော်လှန်ရေးကို အဆင့်တခု မြှင့်လိုက်တဲ့ သဘောလို့ ပြောလို့ရပါတယ်။ တပ်လှန့်လိုက်တဲ့ သဘောပါပဲ။
နိုင်ငံတကာက စိုးရိမ်တာကတော့ အာဏာသိမ်းကတည်း စိုးရိမ်တာပဲ။ တချိန်လုံး စိုးရိမ်နေတယ်။ သူတို့က စိုးရိမ်တယ်။ ကျမတို့ ပြည်သူလူထုက အချိန်နဲ့အမျှ ခံစားနေရတယ်။ ဒီ စိုးရိမ်မှုတွေကနေပြီးတော့ ဘာမှ လက်တွေ့တက်မလာဘူး။
မေး။ သမ္မတရဲ့ မိန့်ခွန်းအပြီးမှာပဲ UK က မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ဖော်ဆောင်နိုင်ဖို့အတွက် ငြိမ်းချမ်းစွာ ကြိုးပမ်းတာကို လက်ခံပြီး နောက်ထပ် ပဋိပက္ခတွေ ရှောင်ဖို့နဲ့တွေ့ဆုံ ဆွေးနွေးအဖြေရှာကြဖို့ တိုက်တွန်းတာ တွေ့ရတယ်။ UK နဲ့ တရုတ် အပြင် တခြားနိုင်ငံတွေကရော NUG ကို ဆက်သွယ် မေးမြန်းမှုတွေ ရှိလား။ ဘယ်လိုရှင်းပြချင်ပါလဲ။
ဖြေ။ NUG ကို တချို့ နိုင်ငံတွေကတော့ မေးမြန်းမှုတွေ ရှိပါတယ်။ ဒါက ဘယ်လို ဘာကြောင့် ဒီလို ဖြစ်သွားရသလဲဆိုတာမျိုးပေါ့။ ကျမတို့ရဲ့ အဖြေက ရှင်းပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာတွေ သပိတ်ကော်မတီတွေ သပိတ်အဖွဲ့တွေက ဆက်လက်ဆောင်ရွက်နေကြတာပဲလေ။ ပြည်သူလူထုအနေနဲ့ CDM ကလည်း ပြတ်သွားတာ မဟုတ်ဘူး။ CDM လှုပ်ရှားမှု ဆက်ရှိနေမယ်။ အကြမ်းမဖက် လှုပ်ရှားမှုတွေကလည်း ဆက်ရှိနေမယ်။ နောက်ပြီး နိုင်ငံရေးအရ နိုင်ငံတကာ ဖိအားတွေလည်း ဆက်ရှိနေမယ်။ သံတမန်ဖိအားတွေလည်း ဆက်ရှိနေမယ်။ ဒါတွေနဲ့ မလုံလောက်တဲ့အတွက် ကျမတို့ အရှိန်မြှင့်တင်လိုက်ရတာ ဖြစ်တယ်။ ဒါဟာ non-violence ကနေ violence ကို ကူးပြောင်းသွားတာမျိုး မဟုတ်ပါဘူး။ by possible means ပေါ့နော်။ ဖြစ်နိုင်သမျှ နည်းကို သုံးပြီးတော့ ကျမတို့ ဒီမိုကရေစီ ပြန်လည်ရရှိအောင် လုပ်ဖို့ ကြိုးစားတဲ့ ကြိုးပမ်းမှုလို့ပဲ ကျမတို့ ပြန်ပြီး ရှင်းပြပါတယ်။ ဒီအတိုင်းပဲလည်း ကျမတို့ ခံယူပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
မေး။ UK အပြင် တရုတ်ကလည်း တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်ကို ရောက်ဖို့ ပြောနေတာ တွေ့ရပါတယ်။ ဒိုင်ယာလော့ ဖြစ်ဖို့ NUG ရဲ့ ရပ်တည်ချက်ကို သိပါရစေ။
ဖြေ။ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့နေရာမှာ တွေ့ဆုံဆွေးနွေးရေး ဖြစ်ဖို့ လုံလောက်တဲ့ အခြေခံ လိုအပ်ချက်တွေ ရှိပါတယ်။ ဒါက peace နဲ့ conflicts ကို လေ့လာဖူးတဲ့သူတွေတိုင်း အတွေ့အကြုံရှိတဲ့ သူတွေတိုင်း သံတမန်တွေတိုင်း သိပါတယ်။ တွေ့ဆုံဆွေးနွေးရေး တွေ့ဆုံဆွေးနွေးရေးဆိုပြီးတော့ လုပ်ချင်တိုင်း လုပ်လို့ရတာမဟုတ်ဘူး။ pre-condition တွေရှိပါတယ်။ အချိန်ကာလ တခုလိုတယ်။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး မလုပ်ခင်မှာ ခင်းကျင်းရမယ့် နိုင်ငံရေး အခင်းအကျင်းတွေ အပြောင်းအလဲတွေ ဖြစ်ဖို့ လိုပါတယ်။ ဒီအပြောင်းအလဲတွေ ဒီ အခင်းအကျင်းတွေ ရှိလာအောင် မလုပ်ဘဲနဲ့ တွေ့ဆုံဆွေးနွေးရေး ဆိုပီး အတင်းတွန်းပြီး ပြောနေတာက ဒါက sequence အရ နည်းနည်းလေးတော့ လွဲနေတယ်လို့ ကျမတို့ အနေနဲ့ ပြောချင်ပါတယ်။
နိုင်ငံတကာက စိုးရိမ်တာကတော့ အာဏာသိမ်းကတည်း စိုးရိမ်တာပဲ။ တချိန်လုံး စိုးရိမ်နေတယ်။ သူတို့က စိုးရိမ်တယ်။ ကျမတို့ ပြည်သူလူထုက အချိန်နဲ့အမျှ ခံစားနေရတယ်။ ဒီ စိုးရိမ်မှုတွေကနေပြီးတော့ ဘာမှ လက်တွေ့တက်မလာဘူး။ ကျမတို့က ဒီလိုမျိုးတွေ ဖြစ်လာမှာ ကြိုပြီး မြင်နေတဲ့အတွက် နိုင်ငံတကာကနေ ဝင်ရောက်ပြီးတော့ ထိရောက်တဲ့ ဖြေရှင်းမှုတွေ ဆောင်ရွက်ပေးဖို့ သံတမန် ဖိအားတွေ အစရှိသဖြင့် ဆောင်ရွက်ပေးဖို့ ကျမတို့ တောင်းဆိုခဲ့တာ တစာစာပါပဲ။ အားလုံးလည်း ကြားကြမှာပါ။
အခု ဖြစ်ပေါ်နေတဲ့ ခုခံမှုတွေ ကိုယ့်ကိုယ်ကိုယ် self-defense လုပ်တယ်ဆိုတဲ့ ကိစ္စတွေက စစ်တပ်ကနေ ပြည်သူလူထုကို ရန်သူသဖွယ် စစ်ကြေငြာခဲ့တဲ့ အကျိုးရလဒ်တွေအရသာ ဖြစ်နေပြီးတော့ ဒီအပစ်ရပ်ရေး ကိစ္စဆိုတာလည်း စစ်ကောင်စီကသာ တာဝန်ရှိတယ်။
ဒီမှာ နိုင်ငံတကာရဲ့ intervention က ဘယ်လောက်အထိ နှေးသလဲဆိုရင် အာဆီယံ envoy ခန့်ဖို့တောင် လေးလလောက်ကြတယ်။ ဒီ လေးလအတွင်းမှာ လူ သေဆုံးမှု ဖမ်းဆီးထိန်းသိမ်းခံရမှုတွေက ရာဂဏန်းကနေ ထောင်ဂဏန်းအထိ တက်လာတာပဲ အဖတ်တင်ပြီးတော့ အခုချိန်ထိ special envoy ကို မြန်မာပြည် လာဖို့တောင် စစ်ကောင်စီကို ဖိအားပေးနိုင်တဲ့ အနေအထား ရှိမနေဘူး။
ဆိုတော့ ကျမတို့ ပြည်သူလူထုက ဒီအပေါ်မှာ အင်မတန်မှ frustrated ဖြစ်နေပြီ။ ကျမတို့ ပြည်သူလူထုရဲ့အသံတွေ ပြည်သူလူထုတွေရဲ့ဒုက္ခတွေ ခံစားမှုတွေကို ကျမတို့ ကိုယ်စားပြုနိုင်ဖို့ reflect လုပ်နိုင်ဖို့ NUG မှာ တာဝန်ရှိပါတယ်။ ဒါက ဘာကို ပြလဲဆိုရင် ကျမတို့ စောင့်စားခဲ့ရတဲ့ ပြည်သူလူထုတွေဟာ နိုင်ငံတကာကယူတဲ့ action တွေအပေါ်မှာ စိတ်ပျက်လက်ပျက် ဖြစ်ရာကနေပြီးတော့ ပေါ်ပေါ်လာတဲ့ အရွေ့တခု တုံ့ပြန်မှုတခုလို့ပဲ ကျမတို့က ပြောချင်ပါတယ်။
မေး။ အာဆီယံ အထူးကိုယ်စားလှယ်ကလည်း သူ့ရဲ့ လေးလတာ အပစ်ရပ်ရေး အဆိုပြုချက်ကို စစ်ကောင်စီအပြင် သက်ဆိုင်ရာတွေကိုပါ သွယ်ဝိုက်သောနည်းနဲ့ ပို့ထားတယ်လို့ ဆိုပါတယ်။ သူက NUG နဲ့ အဆက်သွယ် ရှိပြီး အဲဒီကိစ္စကိုရော ပြောဆိုတာ ရှိပါသလား။
ဖြေ။ တိုက်ရိုက်ကြီးတော့ လေးလ အပစ်ရပ်ရေးဆိုတာကို ပြောဆိုလာတာ မရှိပါဘူး။ ကျမတို့ နားလည်သလောက် asean special envoy က မြန်မာပြည်ကို လာဖို့ ကြိုးစားနေတယ်။ နောက်ပြီးတော့ သက်ဆိုင်ရာ stakeholders တွေပေါ့။ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဝင်းမြင့်တို့ အပါအဝင် သပိတ်ကော်မတီတွေ တိုင်းရင်းသားအဖွဲ့အစည်းတွေ CRPH, NUG နဲ့ stakeholders တွေနဲ့ တွေ့ဖို့ ဒီလို လာရောက်ခွင့်ရရင် တွေ့ဖို့ တောင်းဆိုထားတယ်။ တွေ့ဖို့လည်း အာဆီယံ 5-points consensus ထဲမှာ ပါတယ်။ ဒီ consesnsus ကို အကောင်အထည်ဖော်ဖို့လို့ ကျမတို့ နားလည်ထားပါတယ်။ ဒီအပေါ်မှာလည်း လေးလ အပစ်ရပ်ရေးတော့ မသိဘူးပေါ့။
အပစ်ရပ်ရမယ်ဆိုရင်လည်း ပြောရရင်တော့ ဖေဖော်ဝါရီ ၁ ရက် ကတည်းက ပြည်သူလူထုကို ပစ်နေတဲ့ စစ်တပ်ကပဲ စစ်ကောင်စီကပဲ အပစ်ရပ်စဲရေးကို လုပ်ရမှာ ဖြစ်တဲ့အတွက် ဒီကိစ္စကလည်း စစ်ကောင်စီနဲ့သာ ဆိုင်တယ်။ စစ်ကောင်စီကသာ အပစ်ရပ်မယ်ဆိုရင် ဘယ်သူကမှ ပြန်ပြီး ပြည်သူလူထုက လုပ်မှာ မဟုတ်ပါဘူး။ အခု ဖြစ်ပေါ်နေတဲ့ ခုခံမှုတွေ ကိုယ့်ကိုယ်ကိုယ် self-defense လုပ်တယ်ဆိုတဲ့ ကိစ္စတွေက စစ်တပ်ကနေ ပြည်သူလူထုကို ရန်သူသဖွယ် စစ်ကြေငြာခဲ့တဲ့ အကျိုးရလဒ်တွေအရသာ ဖြစ်နေပြီးတော့ ဒီအပစ်ရပ်ရေး ကိစ္စဆိုတာလည်း စစ်ကောင်စီကသာ တာဝန်ရှိတယ်။
နိုင်ငံတွင်း မတည်မငြိမ်ဖြစ်အောင်လုပ်တာက NUG က လုပ်တာမဟုတ်ပါဘူး။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာစပြီး အာဏာသိမ်းလိုက်တဲ့ အာဏာရှင်တွေကသာလျှင် တိုင်းပြည်ကို မတည်မငြိမ်ဖြစ်အောင် လုပ်တာ ဖြစ်ပါတယ်။
သူတို့ကသာ စတင်ခဲ့တဲ့အတွက် သူတို့ကသာ ဒီကိစ္စကို ရပ်စဲရမှာ ဖြစ်တယ်။ ကျမတို့ နားလည်တာက လေးလတာ အပစ်ခတ်ရပ်စဲရေးဟာလည်း စစ်ကောင်စီဘက်မှာ အပြည့်အ၀ တာဝန်ရှိတယ်။ ဒီအပေါ်မှာတော့ ကျမတို့ကို တိုက်ရိုက်ကြီး ဒီကိစ္စအတွက် ပြောဆိုထားတာ ဆွေးနွေးထားတာတော့ မရှိပါဘူး။
မေး။ NUG ရဲ့ ပြောဆိုချက်ကို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက NUG က မတည်မငြိမ်ဖြစ်အောင် လုပ်နေတယ်လို့ သတင်းမှားလွှင့်တယ်တို့ စွပ်စွဲပြီး ပြည်သူတွေ စိုးရိမ်ထိတ်လန့်မှု မဖြစ်ကြဖို့ ပြောပါတယ်။ သူ့ ပြောဆိုချက်နဲ့ပတ်သက်ပီး တုံ့ပြန်မှုရှိမလား။ လူထုနဲ့ နိုင်ငံတကာကို ဘယ်လို သတင်းစကားပါးချင်လဲ။
ဖြေ။ ပြောရမယ်ဆိုရင် PDF တွေက လက်နက်ကိုင်ထားရင် ဘယ်လိုကျင့်ဝတ်တွေ စောင့်ထိန်းရမလဲဆိုတာကို ကျမတို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက တိတိကျကျ ညွှန်ကြားထားပြီး ဖြစ်တယ်။ အများပြည်သူ သိရှိအောင်လည်း ထုတ်ပြန်ထားပြီး ဖြစ်သလို NUG ရဲ့ chain of command အောက်ကို ရောက်လာတဲ့ PDF တွေအနေနဲ့ လိုက်နာရမယ်ဆိုပြီး လမ်းညွှန်မှုတွေ ဆောင်ရွက်ထားတာ ရှိပါတယ်။ ဒီကိစ္စကတော့ ကျမထင်ပါတယ် ပြည်သူလူထုက စိုးရိမ်မှာ မဟုတ်ပါဘူး။ အရပ်သား မရှောင်၊ ကလေးသူငယ်မရှောင် ကိုယ်ဝန်ဆောင်သည်မရှောင် အကြမ်းဖက်တာ ပစ်ခတ် တိုက်ခိုက်တာက ဘယ်သူတွေက လုပ်လေ့လုပ်ထ ရှိတာလဲပေါ့နော်။
PDF ပေါ်ပေါက်လာခြင်း အကြောင်းရင်းကိုက ပြည်သူလူထုကို အကာအကွယ်ပေးရမယ့် စစ်တပ်က ပြည်သူကို အကာအကွယ်မပေးဘဲနဲ့ စစ်တလင်းသဖွယ် ပြုမှုနေတယ် ရန်သူသဖွယ် ပြုမှုနေတဲ့အတွက်ကြောင့်မို့ ဒီအခြေအနေကို ရောက်လာရခြင်း ဖြစ်တယ်။ ဒါကြောင့်မို့လို့ NUG ရဲ့ မူ PDF တွေရဲ့ မူထဲမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတာမျိုးက NUG ရဲ့ မူ မဟုတ်ဘူး။ PDF ရဲ့ မူ မဟုတ်ဘူး။ မဲမဲ မြင်ရာ ပစ်တာမျိုး undiscriminating attack လုပ်ဖို့ဆိုတာ ပရော်ဖက်ရှင်နယ် အာမီတွေမှာ လုပ်လေ့လုပ်ထရှိတဲ့ အလေ့အထ မဟုတ်ပါဘူး။
ဒါကြောင့်မို့ NUG ရဲ့ PDF ဟာ မြန်မာပြည်မှာရှိနေတဲ့ စစ်ကောင်စီအောက် စစ်အစိုးရအဆက်ဆက်အောက်မှာ ပျက်ယွင်းသွားတဲ့ လုံခြုံရေးကဏ္ဍကြီးတခုလုံး ပြုပြင်ပြောင်းလဲမှုရဲ့ အစအနေနဲ့ပါ ဆောင်ရွက်တာ ဖြစ်တယ်။ ဒါကြောင့်မို့ ခုနကလို စစ်ကောင်စီရဲ့ အကြမ်းဖက်မှု အသွင်သဏ္ဍာန်တွေပေါ့နော်။ အရပ်သား မရွေး လူပုဂ္ဂိုလ်မရွေး မဲမဲမြင်ရာ ပစ်မယ့် တိုက်ခိုက်မယ့်ဆိုတဲ့ကိစ္စမျိုးတွေက ကျမတို့မှာ မူလည်းမရှိ လုပ်လည်းလုပ်မှာမဟုတ်ဘူး ဆိုတာ ပြောချင်တယ်။ အဲဒါကိုလည်း ပြည်သူလူထုက တကယ်ကပဲစိုးရိမ်နေလား။ တကယ်ပဲစိတ်လှုပ်ရှားနေသလားဆိုတာကတော့ ပြည်သူလူထုထဲ သွားလာ နားထောင်နေတဲ့ သူတွေက သိပါလိမ့်မယ်။ ဒီကြေငြာချက် ပြည်သူလူထုက welcome ဖြစ်သလား မဖြစ်ဘူးလားဆိုတာက ပြည်သူလူထုကြားထဲမှာ သေသေချာချာထဲထဲဝင်ဝင် ကြည့်ရင် သိပါလိမ့်မယ်။
ကျမထင်တယ်။ ပြည်သူလူထုက စိုးရိမ်ထိတ်လန့်တာထက် စိတ်လှုပ်ရှားနေကြတယ်။ သူတို့ ဒီရက်ကို မျှော်နေကြတယ်။ NUG က ကြေညာတာတောင် နောက်ကျနေသေးတယ်ဆိုပြီး ပြည်သူလူထု အများစု ကတော့ ဒီလိုမျိုး စိတ်ခံစားမှု ရှိနေတယ်လို့ ကျမတို့ ယုံကြည်ပါတယ်။
နိုင်ငံတွင်း မတည်မငြိမ်ဖြစ်အောင်လုပ်တာက NUG က လုပ်တာမဟုတ်ပါဘူး။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာစပြီး အာဏာသိမ်းလိုက်တဲ့ အာဏာရှင်တွေကသာလျှင် တိုင်းပြည်ကို မတည်မငြိမ်ဖြစ်အောင် လုပ်တာ ဖြစ်ပါတယ်။
You may also like these stories:
၄ လ အပစ်ရပ်ရန် ASEAN အထူးသံတမန်တောင်းဆို
NUG က အသုံးစရိတ် ဒေါ်လာသန်း ၇၀၀ ဖြင့် စစ်ကောင်စီကို စိန်ခေါ်
မြန်မာတွေ ဆန္ဒပြနေတဲ့ ဂျပန်- မြန်မာအသင်း ဥက္ကဋ္ဌ ဘယ်လို လူလဲ
ကုလသမဂ္ဂလက်နက်ပိတ်ဆို့မှု အလုပ်ဖြစ်နိုင်လား
NLD ကို တရုတ် ကာကွယ်တာဟာ ဗမာပြည်သူတွေရဲ့ စိတ်အညှာကို ကိုင်လိုက်တာ