အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် စတင်သည့်နေ့အဖြစ် ကြေညာလိုက်ပြီးနောက် ပြည်နယ်နှင့်တိုင်း အချို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်လာသည်။
စစ်ကောင်စီဘက်က လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းခြင်းများအပြင် တိုက်ပွဲဖြစ်ပွားရာ လမ်းကြောင်း တလျှောက်ရှိ ကျေးရွာများသို့လည်း ဝင်ရောက်စီးနင်းမှုများ လုပ်ဆောင်လျက် ရှိသည်။
ထိုသို့ စစ်ကောင်စီက အင်အားဖြည့်တင်းနေသည့် ဒေသတခုဖြစ်သော စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ အခြေအနေများနှင့် ပတ်သက်၍ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူတွေရဲ့ ခုခံတွန်းလှန်စစ် စတင်တဲ့နေ့ဆိုပြီး ကြေညာလိုက်ပြီး တဲ့နောက် ပုလဲမြို့နယ်ထဲမှာ ဘာတွေ ကြုံတွေ့နေရလဲ။ ဘာတွေ ပြောင်းလဲသွားလဲ။
ဖြေ ။ ။ NUG စစ်ကြေညာလိုက်တာနဲ့ D-Day အတွက်ကို ဟိုဘက်က ပြင်ဆင်ထားတာ ရှိတယ်လေ။ ဟိုဘက်ကတော့ D-Day နဲ့ ပတ်သက်ပြီး သူတို့ ရည်ရွယ်ထားတဲ့ မြို့နယ်တွေ ရှိတယ်။ အဲဒါကတော့ ပုလဲ၊ ယင်းမာပင်၊ ကနီဘက်ကို ထိုး စစ်ကောင်းကောင်း ဆင်လာခဲ့တယ်။ အဲဒါကို ကျနော်တို့ ရင်ဆိုင်နေရတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်မှာတော့ D-Day နဲ့ ပတ်သက်ပြီး ထူးထွေပြီးတော့ ပြင်ဆင်ထားတဲ့ ခုခံစရာက မရှိဘူး။
မရှိဘူး ဆိုတာက လုံးဝ မရှိတာလည်း မဟုတ်ဘူး။ ကျနော်တို့ ကိုယ်တိုင် ပြင်ဆင်ထားတဲ့ လက်လုပ် ပစ္စည်းတွေပဲ ရှိတယ်။ ပြင်ဆင်မှု ၂ ခုမှာ ကိုယ့်ဘက်ကတော့ မပြည့်စုံဘူး။ သူတို့ဘက်ကတော့ အားကောင်းတယ်။ အဓိကကတော့ လက်နက် ကွာခြားမှုပေါ့။ စည်းလုံးမှု၊ လူအင်အားနဲ့ စိတ်ဓာတ်ခွန်အားကတော့ ကျနော်တို့ဘက်မှာ လုံလောက်တဲ့အင်အား ရှိတယ်။ အဲဒီ လူတွေကို ထိုက်သင့်တဲ့ အနေအထားတောင်မှ လက်နက်တပ်ဆင် မပေးနိုင်ဘူး။ ထိုက်သင့်တဲ့ အနေအထား ဆိုတာ ထက် အခုက ဘာမှကို မရှိဘူး။ ရမလာသေးဘူး။
မေး ။ ။ လက်ရှိ မြေပြင်လှုပ်ရှားမှုတွေမှာရော NUG ရဲ့ တိုက်ရိုက် အမိန့်ရပြီလား။ ဒါမှမဟုတ် ဒေသခံ ပြည်သူ့ကာ ကွယ်ရေး အစုအဖွဲ့တွေကပဲ ကိုယ့်ဘာသာ ချိတ်ဆက်ပြီးတော့ လုပ်နေကြတာလား။
ဖြေ ။ ။ ကိုယ့်ဘာသာကိုယ် ချိတ်ဆက်ကြတယ်။ ကိုယ့်ဗျူဟာနဲ့ကိုယ် တိုက်ခိုက်ကြတယ်။ ကိုယ့်ဆီက လက် နက်လေးတွေနဲ့ပဲ ကိုယ်တိုက်နေတာ။ NUG က ဆင်းလာတဲ့ လက်နက်တွေ ရှိရင်လည်း ရှိလိမ့်မယ်ပေါ့ တနေရာရာ မှာတော့။ ဒါပေမယ့် ကျနော်တို့ မြေပြင်ကိုတော့ ရောက်မလာသေးဘူး။
မေး ။ ။ အခုလက်ရှိ ပုလဲမြို့နယ်ဘက်မှာ တွေ့ကြုံနေရတဲ့ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်နေမှု အခြေအနေကိုလည်း အသေး စိတ် ပြောပြပေးပါအုံး။
ဖြေ ။ ။ သူတို့ဘက်က ထိုးစစ်ဆင်တာက နေ့စဉ်မပြတ် ရှိတယ်။ မြေပြန့်ဆိုတော့ လက်နက်အင်အား အဆင်မပြေလို့ နားထားတာ ၃/၄ ရက်လောက် ရှိပြီ။ ကျနော်တို့ နားလိုက်တော့ တိုက်ပွဲက ငြိမ်သွားတယ်။ ဒါပေမယ့် ဒီကောင်တွေက ယုတ်မာတယ်။ ကျေးရွာတွေကို ဝင်ပြီးတော့ ဆိုင်ကယ်တွေ ယူတယ်။ လူနေရင်လည်းနေလို့ ပြဿနာရှာ ရိုက်နှက်ပြီးတော့ သူတို့လိုချင်တဲ့ လက်ဝတ်ရတနာလည်း ယူတယ်၊ ငွေလည်းယူတယ်၊ ဆန်လည်းယူတယ်။ သူတို့သယ်လို့ရသမျှ အကုန်ယူ တယ်။ အဲဒီတော့ ရှိတာနဲ့ ပြန်တိုက်ခိုက်ဖို့ ပြင်ထားတယ်။ ရှိတယ်ဆိုတာမှာ အဓိကကတော့ တူမီးပဲ။ ကျန်တာက မိုင်းပေါ့။ လက်လုပ်တထောင့်ထိုး သေနတ်ပေါ့။ ခြုံပြောရရင်တော့ လက်လုပ်တွေပဲ ရှိတယ်။
မေး ။ ။ စစ်ကိုင်းတိုင်းထဲကို စစ်ကောင်စီက အင်အားတွေ ထပ်မံ ဖြည့်တင်းနေတယ်လို့ သိရပါတယ်။ အဲဒီ အခြေအနေ ကရော ဘယ်လို ရှိပါသလဲ။
ဖြေ ။ ။ သူတို့ဘက်က လူအင်အား ထပ်ဖြည့်တဲ့ အနေအထားကတော့ ကားကြီး၊ ကားငယ်နဲ့ နေ့စဉ် သွားလာနေတာပဲ။ ဘယ်နေ့ ဘယ်လောက်လို့ ပြောဖို့တောင် ခက်တယ်။ သူတို့က ကင်းပုန်းတွေ ဖြန့်ထားတယ်။ အရပ်ဝတ်တွေနဲ့ ဖြန့်တယ်။ နေရာအလျှိုလျှိုမှာ အင်အားတွေ ဖြည့်ထားတာ။ ကျေးရွာတွေမှာလည်း စစ်ကြောင်း ပုံစံမျိုးနဲ့ ဖြန့်ပြီးတော့ ပစ္စည်းတွေ တိုက်ယူ၊ ခိုးယူ နည်းပေါင်းစုံ လုပ်နေတဲ့ အဖွဲ့တဖွဲ့ ရှိတယ်။ အဲဒါတွေက နေ့စဉ် ဆိုင်ကယ်နဲ့ လုံခြုံတဲ့လမ်းကြောင်း၊ သူတို့ ကင်းဝပ်ထားတဲ့ လမ်းကြောင်းတွေကနေပြီးတော့ သူတို့ ဌာနေကို ပြန်ပို့တယ်။
အဲဒါတွေကို တပ်ထောက်ခံသူတွေကို ဈေးချိုချိုနဲ့ ပြန်ရောင်းပြီး ငွေရှာတယ်။ အဲဒါတွေ လုပ်နေတယ်။ မှန်တာပြော ရရင်တော့ လက်နက်ကိစ္စနဲ့ ပတ်သက်ပြီး တော်တော်ခံစားရတယ်။ ရဲဘော်တွေကိုလည်း သနားလို့ မတိုက်နဲ့ကွာဆိုပြီး ၃/၄ ရက်လောက် နားခိုင်းလိုက်တယ်။ ပုလဲမှာ တိုက်ပွဲတွေ ငြိမ်သွားတယ်။ ကိုယ့်စိတ်ထဲမှာ အလိုမကျတာကြောင့် နားထား လိုက်ရင် ပြည်သူတွေကို အဲဒီလို လုပ်နေတာတွေ မြင်ရပြန်တော့လည်း စိတ်ကမထိန်းနိုင် အဲဒါကြောင့် အခု ကျနော်တို့ ပြန်တိုက်နေတယ်။
မေး ။ ။ PDF နဲ့ စစ်ကောင်စီတို့ ထိတွေ့မှု ဖြစ်တဲ့အခါမှာ အထိအခိုက် အကျအဆုံးတွေရော ကြုံရသေးလား။ စစ်ကောင်စီ ဘက်ကရော ဘယ်လောက် ထိခိုက်မှု ရှိသလဲ။
ဖြေ ။ ။ ပြီးခဲ့တဲ့ တိုက်ပွဲတွေမှာတော့ ကျနော်တို့ဘက်က ပြောက်ကျားလည်း ဖြစ်တယ်။ ပြီးတော့ ပိုင်ပိုင်နိုင်နိုင်နဲ့ လူက လည်း မများတဲ့ အနေအထားနဲ့ ဖြန့်လုပ်တာဆိုတော့ သူတို့က ပစ်မှတ်ရှာဖို့ ခက်တယ်။ ပစ်မှတ်ရှာဖို့ ခက်တဲ့အတွက် ကျနော်တို့ တိုက်ခိုက်မှုကိုပဲ ခံရတာ များတယ်။ အကျအဆုံးကလည်း သူတို့ဘက်က တော်တော်များများ အထိအခိုက် အကျအဆုံး ရှိခဲ့တာပဲ။ ကျနော်တို့ ရဲဘော်တွေကိုတော့ အတတ်နိုင်ဆုံး ထိခိုက်မှုနည်းအောင် ကာကွယ်ပေးနိုင်ခဲ့တယ်။ ကျနော်တို့ဘက်က ဆယ်ဂဏန်း မပြည့်သေးဘူး။
ဒါပေမဲ့ ပြည်သူတွေကို သတ်သွားတာတော့ ခံရတယ်။ ပြည်သူတွေကို ပြန်ရမ်းတယ်။ ဟိုတနေ့က စံပြရွာမှာဆိုရင် ကျနော် တို့နဲ့ ထိတွေ့မှု ဖြစ်ပြီးတဲ့နောက်မှာ လူ ၃ ယောက်ကို သတ်သွားတယ်။ ကျောက်ကုန်းရွာမှာကျတော့ အဘိုးကြီး ၃ ယောက် ကို ဒီတိုင်းပစ်သတ်ပြီးတော့ အလောင်းထားခဲ့တယ်။ စံပြမှာ ဆိုင်ကယ်တွေ၊ ကားတွေကို မီးရှို့တယ်။ ကျနော်တို့နဲ့ တိုက်ပွဲ ဖြစ်တိုင်း သူတို့ အထိအခိုက် အကျအဆုံးက များတယ်။ ဒါပေမဲ့ ကျနော်တို့ကိုလည်း မလုပ်နိုင်တဲ့ အခါကျတော့ ပြည် သူတွေကို မဲတာပေါ့။ အစကတည်းက ပြည်သူတွေကိုချစ်လို့ ကာကွယ်တဲ့ စစ်တပ်မဟုတ်တဲ့ အတွက်ကြောင့် ရန်သူနဲ့ ထိပ်တိုက်တွေ့လို့ သူတို့ခံရတိုင်း နီးရာပြည်သူကိုပဲ သူတို့ ဒုက္ခပေးတာ။
မြေပြန့်မှာ ဖြတ်တိုက်ဖို့တော့ နည်းနည်းခက်တာပေါ့။ တောင်ပေါ်မှာကျတော့ ကိုယ်ကျွမ်းကျင်တဲ့ ဒေသလည်း ဖြစ်တယ်။ ကျည်ကွယ်မျက်ကွယ်လည်း ပေါတဲ့အခါကျတော့ ပြောက်ကျားစစ် ခင်းရတာ လွယ်တယ်။ ဒီမှာတော့ ခဲယဉ်းတာပေါ့။ ဒီမှာတော့ စတေးရတာတွေ ရှိလာနိုင်တယ်။ အဲဒါကြောင့် ကျနော်တို့ လက်နက်အင်အားကို မျှော်လင့်တာပေါ့။ ဒါပေမဲ့ မရဘူး။ မရတဲ့ အခါကျတော့ စိတ်ပျက်တာရော၊ ဒေါသထွက်တာရောနဲ့ ၃/၄ ရက်လောက် နားလိုက်တယ်။ ဒါပေမဲ့လည်း အဲဒါတွေ တွေးနေလို့ မရတော့ဘူး။ သူတို့က အဲဒါတွေကို တွက်မှာမဟုတ်ဘူး။ ကိုယ့်ပြည်သူတွေကို ကိုယ်မြင်နေရတာ။ သူတို့ မပေးလည်း တိုက်မယ်ဆိုပြီး ပြန်တိုက်ဖို့ စီစဉ်ရတာပေါ့။
မေး ။ ။ အခုလို လပေါင်းများစွာ စစ်ကောင်စီကို ခုခံတိုက်ခိုက်ရာမှာ ပြည်သူလူထုကရော ဘယ်လောက် ထောက်ခံ ပူးပေါင်းပါဝင်လဲ။
ဖြေ ။ ။ ပြည်သူလူထုဘက်ကတော့ ထိုက်သင့်တဲ့ အနေအထားတော့ ပါပါတယ်။ ဒါပေမဲ့ ပြည်သူတွေကို ပြောချင်တယ်။ တို့ပြည်သူတွေ ညီရဲ့လားဟေ့ဆိုပြီးတော့ လမ်းပေါ်မှာ ညီတယ်ဟေ့ဆိုတဲ့ အသံလောက်နဲ့တော့ မရဘူး အဲဒီထက် ပိုပြီးတော့ ညီညွတ်ဖို့ လိုသေးတယ်။ ငွေကြေးပံ့ပိုးမှု၊ နောက် သတင်းအချက်အလက်ဆိုင်ရာ ကူညီဖြန့်ဝေမှု၊ လူအင်အား ပါဝင်မှု အဲဒါတွေ တော်တော်လေး လိုသေးတယ်။
ကျနော်တို့က ကိုယ့်ပြည်သူကို ကာကွယ်ဖို့လို့ ခံယူထားတော့ ကျန်တဲ့ အခက်အခဲကတော့ အခက်အခဲ ဟုတ်ချင် ဟုတ် လိမ့်မယ် ခေါင်းစဉ် မတပ်ချင်တော့ဘူး။ ကျနော်တို့ အခက်အခဲဆုံးကတော့ လက်နက်ခဲယမ်းပဲ။ စစ်မြေပြင်ကို လာမှတော့ ဆင်းရဲမယ်၊ ငတ်မယ်ဆိုတာ သိပြီးသား။ ငတ်တာလည်း ခံနိုင်တယ်။ သူတို့နဲ့ လက်နက်ချင်း ယှဉ်ပြီးတော့ သူတို့ကို သတ် နိုင်ဖို့ပဲ။ ဒီခွေးတွေကို ရှင်းနိုင်ဖို့ အဓိကပဲ။ အဲဒီလို မရှင်းနိုင်တဲ့အခါ သူတို့နဲ့ ယဉ်ဘောင်တန်းပစ်စရာ မရှိတဲ့အခါ အဲဒါက အခက်အခဲ ဖြစ်လာတာပဲ။ အစားအသောက်က ငတ်ဖူးတယ် အဲဒါကို ထည့်မတွက်ဘူး။
မေး ။ ။ NUG နဲ့ လက်နက်ထောက်ပံ့ရေး ကိစ္စတွေကို ဆွေးနွေးထားတာ ရှိပါသလား။
ဖြေ ။ ။ အဲဒါလည်း ကျနော်တို့ဘက်က တပ်ရင်းတပ်ဖွဲ့တွေတော့ စာရင်းပေးထားတာပေါ့။ တပ်ရင်းတခုကို ဘယ်လောက် တပ်ဆင်ပေးမယ် ဆိုတာတော့ တိကျတဲ့ ညွှန်ကြားချက်၊ တိကျတဲ့ သတင်းတွေ မရှိသေးဘူး။ NUG နဲ့ လက်နက်ခဲယမ်းကိစ္စတွေ ပြောတယ်၊ တင်ပြတယ်။ ဒါပေမဲ့ သူတို့လည်း စီစဉ်နေတယ်လို့တော့ ပြောတယ်။ ကျနော်တို့ မျှော်လင့်တာက D-Day ကြေညာပြီးသွားပြီ ဆိုရင်တော့ ထိုက်သင့်တဲ့ လက်နက်ခဲယမ်းလည်း ရောက်လာမယ်။ သူတို့ ပြင်ထားတဲ့ အင်အားစုတွေလည်း အလျှိုလျှို ဝင်လာမယ်လို့ ထင်တာ။ ဒါပေမဲ့ အဲဒါတွေကို စောင့်ရင်း စောင့်ရင်းနဲ့ပဲ ဒီနေ့ ရောက်လာတယ်။ အခုလုပ်ရမှာက အရင်လိုပဲ ကိုယ့်ရဲ့ နယ်မြေခံ အဖွဲ့အစည်းတွေကို ပြန်ချိတ်ပြီးတော့ ဘယ်လို ဗျူဟာနဲ့ ဘယ်လို လက်နက်လေးတွေနဲ့ အပြန်အလှန် ဖြည့်တင်းပြီးတော့ ဘယ်လို တိုက်ကြမလဲ ဆိုတာပဲ လုပ်ရမှာပေါ့။
NUG တာဝန်ရှိတဲ့သူတွေ အနေနဲ့ မြေပြင်က လူတွေနဲ့ ထိတွေ့ဖို့။ မြေပြင်က လူတွေက သူတို့ကို ရှာပြီးချိတ်ဆက်ရတာမျိုး မဟုတ်ဘဲနဲ့ သူတို့ကိုယ်တိုင်က မြေပြင်က ဘယ်သူတွေက ဘာလုပ်နေတယ် ဆိုတာကိုသိဖို့ တမြို့နယ်ကို ၁/၂ ယောက် လွှတ်ပြီးတော့ အဲဒီလူတွေ ဘာလိုအပ်နေလဲ ဆိုတာကို ဖြည့်တင်းသင့်တယ်။ သူတို့ ပြင်ဆင်ထားတာလည်း ရှိချင်ရှိမယ်။ အခုက ဒေသနဲ့ စစ်ပွဲနဲ့ ရင်းနှီးကျွမ်းဝင်သွားတဲ့ ရဲဘော်တွေကို အားဖြည့်ပေးနိုင်ရင် အောင်ပွဲကို ချဉ်းကပ်လာနိုင်လိမ့်မယ်။ လက်နက်ထည့်ဖို့ပေါ့ အဓိကက။
အခုက လက်နက်ထည့်တယ် ပြောတယ်။ ကိုယ်တွေ မြို့နယ်မှာဆိုရင် ဘာမှ မလုပ်ဘဲ အမည်ခံရုံလောက် ခါးပိုက်ထောင် ထဲမှာ ဖွက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် လက်ထဲမှာ လက်နက် ရောက်သွားတယ်တဲ့။ မြေပြင်မှာ လုပ်နေတဲ့ ကျနော် တို့ လက်ထဲကို လက်နက်က ရောက်မလာဘူး။ ဘယ်ရွာနား ဘယ်လို ပစ်နေတယ် အကြိမ်ကြိမ် လှမ်းပြောတယ်။ ပြောပေး ပါမယ်၊ ညှိပေးပါမယ်နဲ့ တဲထဲမှာ ထိုင်နေရုံလူ လက်ထဲမှာ လက်နက်က ရောက်နေတယ်။
အထူးသဖြင့် အလုပ်မလုပ်တဲ့ လွှတ်တော်အမတ်တွေက သူတို့ အလုပ်လည်း မလုပ်ဘူး။ အလုပ်လုပ်နေတဲ့ လူတွေကို လည်း သူတို့ပုံရိပ်အောက် ဆွဲသွင်းပြီးတော့ အလုပ်လုပ်နေတဲ့ လူတွေရဲ့ ရှေ့ဆောင်အဖြစ် ပုံရိပ်တည်ဆောက်ချင်တဲ့ အခါ ကျတော့ မြေပြင်မှာ ပြဿနာတွေက ကြီးကြီးကျယ်ကျယ် ရှိတယ်။ အဲဒါက တော်လှန်ရေး ပြိုလဲသွားဖို့အထိ ဖြစ်နိုင်တယ်။ အဲဒါကို NUG က မကိုင်တွယ်နိုင်ဘူး။ အဲဒီလို ဖြစ်သွားရင် ဒီတိုင်း ငရဲတွင်းထဲကိုပဲ ပြန်ဆင်းရမှာ။
မေး ။ ။ NUG က မြေပြင်မှာ ထိထိရောက်ရောက် ထောက်ပံ့နိုင်မှု မရှိဘဲ ပြည်သူ့ခုခံစစ် စပြီဆိုပြီး ကြေညာလိုက်တဲ့ အပေါ်မှာ ထောက်ပြဝေဖန်ချက်တွေလည်း ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ရော ဘာမှတ်ချက်ပေးချင်လဲ။
ဖြေ ။ ။ ဒါကတော့ မြေပြင်အခြေအနေကို ကြည့်ပြီးတော့ သုံးသပ်ကြတာပေါ့။ အဲဒါနဲ့ ပတ်သက်ပြီးတော့ မှန်တယ်၊ မှား တယ်ပြောဖို့ ခက်တယ်။ မှားတယ်လို့ ပြောပြန်ရင်လည်း မြေပြင်အနေအထားမှာ ဒီလိုပဲ ရှိနေတာ။ မှန်တယ်လို့ ပြောပြန်ရင် လည်း NUG က ကျနော်တို့ မသိဘဲ ဘာတွေ စီစဉ်ထားတာ ရှိမလဲဆိုတာ မသိဘူး။ အဲဒါက မှန်တယ်မှားတယ် ပြောဖို့ ခက် တယ်။ မြေပြင်အနေအထားကို ကြည့်ပြီး ပြောကြတာဆိုတော့ လူတိုင်း ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ဆုံးဖြတ်နိုင်တယ်။ NUG အနေနဲ့ အများပြောနေတဲ့ စကားလုံးအပေါ်မှာ သူကိုယ်တိုင် သုံးသပ်စေချင်တာပဲ။
You may also like these stories:
NUG ခုခံစစ် ကြေညာမှု ၁၉၄၉ ခုနှစ် ပုန်ကန်မှုကို ပြန်မြင်စေ
မြန်မာ့တပ်မတော်တွင် စွမ်းရည်သုံးရပ် ကင်းမဲ့သွားပြီ
ကျွန်ဝယ်ရာအဆစ်ပါရတဲ့ စစ်သားမယားများ