နွေဦးတော်လှန်ရေးသာ မအောင်မြင်ရင် တိုင်းရင်းသားတွေအတွက်လည်း အနာဂတ် မရှိတော့

ဧရာဝတီ
NUG ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးလည်းဖြစ် ချင်းအမျိုးသားတဦးလည်းဖြစ်တဲ့ ဒေါက်တာဆာဆာ

နိုင်ငံရဲ့ အနောက်ဘက် မြင့်မားမတ်စောက်လှတဲ့ ချင်းတောင်တန်းတွေပေါ်က ပြည်သူလူထုကို အာဏာသိမ်းစစ်တပ်က စစ်ဆင်တိုက်ခိုက်နေခဲ့ပါပြီ။ စစ်တပ်နဲ့ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြားက ပြင်းထန်တဲ့ တိုက်ပွဲတွေဟာ ချင်းပြည်နယ်သားတွေကို အိုးပစ်အိမ်ပစ် စွန့်ခွာထွက်ပြေးစေကုန်ပြီး အကြီးအကျယ် ဒုက္ခရောက်နေစေပါတယ်။ မကြာသေးမီ ရက်များအတွင်း ထန်တလန်ကို စစ်တပ်က ဗုံးတွေနဲ့ ပစ်ခတ်ခဲ့လို့ လူ ၈ ထောင်နီးပါး ထွက်ပြေးခဲ့ကြရပါတယ်။ ခရစ်ယာန် (သင်းအုပ်ဆရာ) ပါစတာ ကျုံးဗျက်ဟုမ်းကို စစ်သားတွေက ပစ်သတ်ခဲ့ပြီး သူ့လက်ချောင်းကို လှီးဖြတ်ခဲ့ကြပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးလည်းဖြစ် ချင်းအမျိုးသားတဦးလည်းဖြစ်တဲ့ ဒေါက်တာဆာဆာကို လတ်တလော ချင်းပြည်နယ်က အခြေအနေတွေနဲ့ အပြည်ပြည်ဆိုင်ရာ အကူအညီတွေ ရရှိရေး NUG ရဲ့ ကြိုးပမ်းဆောင်ရွက်မှုအပေါ် ဧရာဝတီက မေးမြန်းခဲ့ပါတယ်။

မေး။ ချင်းပြည်နယ်မှာ လက်ရှိနောက်ဆုံး ထန်လတန်က အခြေအနေနဲ့ ချင်းပြည်နယ် တပြည်နယ်လုံးက အခြေအနေတွေနဲ့ပတ်သက်ပီးတော့ ဘာတွေ သိထားလဲ။

ဒေါက်တာဆာဆာ။ စစ်ကောင်စီက ကျနော်တို့ ချင်းပြည်နယ်ကို တိုက်ခိုုက်လာတာ အာဏာသိမ်းပြီးကတည်းက မင်းတပ်၊ ကန်ပက်လက်ဘက်က အထူးသဖြင့် မင်းတပ်ဘက်မှာ ဒီကာလမှာ ချင်း ပြည်သူတွေကို တိုက်ခိုက်တာ။ အဓိကက သူတို့က မင်းတပ်မှာဆိုရင် ဗုံးကြဲလေယာဉ်တွေ အသုံးပြုတယ်။ လက်နက်ကြီးတွေ အသုံးပြုတယ်။ ဒီ လက်နက်တွေက စစ်မြေပြင်မှာပဲ အသုံးပြုရမယ့် လက်နက်ကြီးတွေဖြစ်တယ်။ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ တိုက်ပွဲလို ဟာမျိုးမှာ အသုံးပြုရမယ့် အခြေအနေမျိုးမှာ မြန်မာနိုင်ငံထဲမှာ ရှိတဲ့ မြို့တမြို့ ချင်းပြည်နယ်က ရွာတွေကို ဒီလို လက်နက်ကြီးတွေကို အသုံးပြုပြီးတော့ချတယ်ဆိုတာက တကယ်တမ်းဆို ဒါက war crimes (စစ်ရာဇဝတ်မှု) လည်း ဖြစ်သလို crimes against humanity (လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ပြစ်မှု) လည်း ဖြစ်တယ်။

ကျနော်တို့ ချင်းပြည်သူတွေကို လူအစုလိုက် အပြုံလိုက် သေအောင်ဆိုပြီးတော့ ရည်ရွယ်ချက် ရှိရှိနဲ့ စစ်ကောင်စီဘက်က ကျနော်တို့ ချင်းတွေကို တိုက်ခိုက်နေတာ ဖြစ်တယ်။

ကျနော်တို့ ချင်းပြည်သူတွေကို လူအစုလိုက် အပြုံလိုက် သေအောင်ဆိုပြီးတော့ ရည်ရွယ်ချက် ရှိရှိနဲ့ စစ်ကောင်စီဘက်က ကျနော်တို့ ချင်းတွေကို တိုက်ခိုက်နေတာ ဖြစ်တယ်။ ပြီးတော့ ထန်တလန်မှာ ဒီ စက်တင်ဘာလမှာ ဖြစ်ခဲ့တာကလည်း ဒါက တဖက်က ပြောမယ်ဆိုရင် အာဏာသိမ်းစစ်ကောင်စီတွေရဲ့ ရက်စက်ကြမ်းကြုတ်ခြင်းကို နောက်ထပ်တခါ သက်သေပြလိုက်တာ ဖြစ်ပါတယ်။ သူတို့က တကယ်ဆို ချင်း ခရစ်ယာန် (သင်းအုပ်ဆရာ) ပါစတာ ကျုံးဗျက်ဟုမ်းကို သူတို့ သတ်ဖြတ်တာတင် မဟုတ်ဘဲနဲ့ သူ့မှာရှိတဲ့ လက်ထပ်လက်စွပ်ကိုတောင် လက်ဖြတ်ပြီး ယူတယ်ဆိုတာက တကယ့် လူမဆန်တဲ့အပြင် ဒါတွေက ရက်ရက်စက်စက် ကျနော်တို့ ချင်းတွေ အားလုံးကို စော်ကားတာ ဖြစ်သလို ခရစ်ယာန်တွေ အားလုံးကိုလည်း နောက်ထပ်တခါ စစ်ကြေငြာလိုက်သလို ခံစားရပါတယ်။

သူတို့က ဒါကို တမင်သက်သက်ဖန်တီးတာ။ အခု ထန်တလန်မှာကို လူတွေ အားလုံးက နေအိမ်ကနေ ထွက်သွားပြီ။ အဲ့ဒီလို ထွက်ဖို့ရန်အတွက်ကိုပဲ သူတို့က ရည်ရွယ်ချက်ရှိရှိနဲ့ ၁၉ အိမ်ကို ဗုံးကြဲတယ်။ မီးရှို့တယ်။

မေး။ နိုင်ငံရေးအရ ချင်းတွေက ခုခံတော်လှန်မှုမှာ အင်အားကောင်းနေလို့ စစ်ကောင်စီရဲ့ သဲသဲမဲမဲ ဖိခံနေရတာလား။

ဖြေ။ စစ်ဗိုလ်ချုပ်တွေပေါ့ ဦးနေဝင်းခေတ် သန်းရွှေခေတ် အခု မင်းအောင်လှိုင်ခေတ် ကို ကြည့်မယ်ဆိုရင် သူတို့က တိုင်းရင်းသားတွေကို သတ်တာ ဖြတ်တာ ညှင်းပန်းနှိပ်စက်တာ မုဒိန်းကျင့်တာ အတင်းအဓမ္မစေခိုင်းတာ ဒါကလွဲလို့ စစ်ဗိုလ်ချုပ်တွေဆီက ကျနော်တို့ ဘာတခုမှ ရတာမရှိသလို ဒီနေ့အထိ သူတို့က ကျနော်တိို့ကို သားစဉ်မြေးဆက် ညှင်းပန်းနှိပ်စက်တာပေါ့။ ရှင်းရှင်းပြောရမယ်ဆိုရင်။

ဒီနွေဦးတော်လှန်ရေးသာ မအောင်မြင်ရင် တိုင်းရင်းသားတွေအတွက်လည်း အနာဂတ်မရှိတော့သလို မြန်မာပြည်သူလူထု တခုလုံးအတွက်လည်း အနာဂတ်မရှိတော့ဘူး။

တိုင်းရင်းသားတွေရဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်နဲ့ လွတ်လပ်ခွင့်က ၁၉၄၇ ကတည်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ လုပ်ကြံ ခံလိုက်ရပြီးသား။ နောက် နေဝင်းခေတ်လာတယ်။ သူ့ခေတ်မှာ ဆက်လက်ပီးတော့ ဒါ လူမျိုးတုန်းအောင် ခေတ်အဆက်ဆက် ကြိုးစားပြီးတော့ ကျနော်တို့ရဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်အားလုံးကို သိမ်းပိုက်တယ်။ ဒါကို လက်နက်နဲ့ ချေမှုန်းတယ်။ ဒါတွေအားလုံးက သမိုင်းတလျှောက်လုံးမှာ တွေ့နေရတယ်။

ဒီတခါဆိုလည်း ကျနော်တို့ ကိုယ်တိုင်က ဘာကို နားလည်လာသလဲဆိုရင် ဒီနွေဦးတော်လှန်ရေးသာ မအောင်မြင်ရင် တိုင်းရင်းသားတွေအတွက်လည်း အနာဂတ်မရှိတော့သလို မြန်မာပြည်သူလူထု တခုလုံးအတွက်လည်း အနာဂတ်မရှိတော့ဘူး။ တိုင်းရင်းသားတွေဆို နှစ်ပေါင်း ၇၄ နှစ်အထိ ညှင်းပန်းနှိပ်စက်ခြင်း ခံလာရတယ်။ အဲဒီ ၇၄ နှစ် ခံလာရတဲ့သူတွေအတွက် ဒီ စစ်ဗိုလ်ချုပ်တွေဆီမှာ ဘာမှ မျှော်လင့်ချက်လည်း မရှိသလို သူတို့က ဘာမှ ပေးနိုင်တာလည်း မရှိဘူး။

ကျနော်တို့ချင်းတွေကိုလည်း ခေတ်အဆက်ဆက်က လူမျိုးရေးနဲ့ ခွဲခြားဆက်ဆံတယ်။ ဘာသာရေးနဲ့ခွဲခြား ဆက်ဆံတယ်။ ဖြစ်ခဲ့တာကြာလှပြီ။

အခုက စနစ်တခုလုံးကို ပြောင်းလဲပစ်ရမယ်ဆိုတာ ချင်းတွေအားလုံး နားလည်ပီးသားဖြစ်တယ်။ တိုင်းရင်းသားတွေ အားလုံးလည်း နားလည်ပြီးသားဖြစ်တယ်။ ကျနော်တို့ ရွေးချယ်တဲ့ လမ်းရှိပြီ။ ကျနော်တို့က နံပါတ်တစ် စစ်ကောင်စီကို ချုပ်ငြိမ်းစေမယ်။ အမြစ်ပြတ်ချေမှုန်းမယ်။ နံပါတ်နှစ် ဖယ်ဒရယ် ဒီမိုကရေစီ စနစ်ကို သွားမယ်။ federalism (ဖယ်ဒရယ်စနစ်) လို့ပြောတဲ့အခါ ချင်းပြည်နယ်ဟာလည်း သူ့ဟာနဲ့သူ သူ့ရဲ့ဖွဲ့စည်းပုံ ရှိမယ်။ ထိုနည်းတူ ကချင်ပြည်နယ် သူ့ရဲ့ ဖွဲ့စည်းပုံ ရှိမယ်။ ရခိုင်ပြည်နယ် ဖွဲ့စည်းပုံ ရှိမယ်။ ဒါက federalism ရဲ့ အနှစ်သာရ ဆိုတာ ပြောချင်တာ။ မြန်မာနိုင်ငံက ဒီမိုကရေစီတခုနဲ့ မလုံလောက်ဘူး။ ဖယ်ဒရယ်လစ်ဇင်ကို သွားဖို့ အရေးကြီးတယ်။ democratization တခုတည်းနဲ့မလုံလောက်ဘူး။ ဖယ်ဒရယ်ဒီမိုကရေစီကို သွားမယ်။

ထိုနည်းတူပဲ ကျနော်တို့ ဖွဲ့စည်းပုံကပဲ ကျနော်တို့ရဲ့ က်ိုယ့်ကံကြမ္မာ ကိုယ်ဖန်တီခွင့်ကို ကတိဝန်ခံချက်ပေးမယ်။ အဲဒီလမ်းကြောင်းကို မသွားမချင်း ဘယ်သောအခါမှ နောက်ဆုတ်မှာမဟုတ်ဘူး။ ဒီတခါ မဖြစ်ရင် ခေတ်အဆက်ဆက် ထပ်ကြုံအုံးမှာပဲဆိုတော့။

မေး။ အခု ထန်ထလန်မှာ ထွက်ပြေးရတဲ့ ချင်းပြည်သူတွေအတွက် NUG အစိုးရအနေနဲ့ ဘယ်လို အထောက်အပံ့တွေများ ပေးနိုင်လဲ။

ဖြေ။ ကျနော်တို့ NUG အစိုးရ မပေါ်ခင်ကတည်းက ကျနော်ကိုယ်တိုင်လည်း ချင်းပြည်သူတွေအတွက် ရခိုင်ပြည်နယ်က ပြည်သူတွေအတွက်ရော ကျနော် ၁၄ နှစ်တိုင်တိုင် လူသားချင်းစာနာထောက်ထားမှု အကူညီပေးရေးလုပ်ငန်းတွေမှာ ကျနော် တတ်နိုင်သလောက် လုပ်လာခဲ့တယ်။

ချင်းပြည်သူတွေအတွက် ရခိုင်ပြည်နယ်က ပြည်သူတွေအတွက်ရော ကျနော် ၁၄ နှစ်တိုင်တိုင် လူသားချင်းစာနာထောက်ထားမှု အကူညီပေးရေးလုပ်ငန်းတွေမှာ တတ်နိုင်သလောက် လုပ်လာခဲ့တယ်။

ဒီအလုပ်တွေက ကျနော်တို့ ဆက်လက်လုပ်နေရတယ်။ ကျန်းမာရေး ပညာရေး စားဝတ်နေရေးအတွက်ပေါ့။ အခုဆိုရင် လုံခြုံရေးအတွက်ကြောင့် ကျနော်တို့ ဘာလုပ်နေသလဲ ဆိုတာ ထုတ်ဖော်ပြောလို့ မရတဲ့အပိုင်းတွေ အများကြီးရှိတယ်။ ဒါပေမယ့် ကျနော်ပြောချင်တာက ဒေါ်လာတသန်းနီးပါးကို တိုက်ရိုက်မဟုတ်ရင်တောင် သွယ်ဝိုက်သောနည်းနဲ့ ပံ့ပိုးပေးနေတယ်။

အိန္ဒိယ မီဇိုရမ် ပြည်နယ်မှာဆိုရင် ချင်းနဲ့ နယ်နိမိတ်ထိစပ်တယ်။ ယဉ်ကျေးမှုဆင်တူတယ်။ မီဇိုရမ် အစိုးရနဲ့ ချိတ်ဆက်ပြောဆိုနေရတာတွေရှိတယ်။ လုပ်နေတာ အများကြီးရှိတယ်။ မီဇိုရမ် ပြည်နယ်က ဘာသာရေးအဖွဲ့အစည်းများနဲ့ အားလုံး ချိတ်ဆက်ပီးလုပ်တာရှိသလို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်ပီးတော့ တတ်နိုင်တဲ့အပိုင်းက လုပ်နိုင်တဲ့အပိုင်းက လုပ်နေတာတော့ အများကြီး ရှိပါတယ်။

၂၀၂၁ စက်တင်ဘာလ ၁၈ ရက်တွင် စစ်တပ်က ထန်တလန်မြို့ကို ဗုံးများ ပစ်သွင်းခဲ့အပြီး မြင်ရစဉ်

လိုအပ်တာတွေ အကုန်လုံးကို ဖြည့်စွက်မပေးနိုင်တာတော့ အမှန်ပါပဲ။ ဒါပေမယ့်လည်း ဒီနေ့အထိတော့ ကျနော်တို့ တတ်နိုင်တဲ့အပိုင်းကနေပြီးတော့ ကျန်းမာရေးမှာရော ပညာရေးမှာရော လူသားချင်းစာနာမှု ထောက်ထားရေးမှာရော မီဇိုရမ် ပြည်နယ် အစိုးရနဲ့ အတူတကွ လက်တွဲ လုပ်နေတာ ရှိပါတယ်။

NUG အနေနဲ့ တိုက်ရိုက်မဟုတ်ဘဲနဲ့ လူသားချင်းစာနာထောက်ထားတဲ့အဖွဲ့တွေနဲ့ ဆက်လက် နောက်ကွယ်မှာ လုပ်နေပါတယ်။

မေး။ ချင်းပြည်နယ်ထဲမှာ ပြည်သူတွေက တူမီးသေနတ်နဲ့ ခုခံနေကြသူတွေရှိသလို လက်နက်မဲ့ အပြစ်မဲ့ပြည်သူတွေ လူ့အခွင့်အရေးချိုးဖောက်မှု ကြုံနေရသူတွေအတွက် ပြည်သူ့အစိုးရ NUG က ဘယ်လို ကူညီမှာလဲဆိုတဲ့ မေးခွန်းတွေ အပေါ် ဘယ်လောက်အထိ ပြည်သူကို သတင်းစကား ပါးနိုင်မလဲ။

ဖြေ။ စစ်ကောင်စီက နှစ်ပေါင်းများစွာ သုံးလာတဲ့ four-cut ပေါ်လစီ ဖြတ်လေးဖြတ်ပေါ့။ အဲဒါကို တကမ္ဘာလုံးက အာဏာရှင်တွေ သုံးလေ့ရှိတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေက ဒီ ဖြတ်လေးဖြတ်ကို နှစ်ပေါင်းများစွာ အသုံးပြုတယ်။ အခုချိန်မှာ ဒါတွေတင်မကဘဲ လူသားချင်းစာနာထောက်ထားရေးကို international humanitarian law အပြည်ပြည်ဆိုင်ရာမှာ လူသားချင်းစာနာထောက်ထားရေးနဲ့ပတ်သက်ပြီး လိုက်နာရမယ့် ဥပဒေ ပြဌာန်းချက်တွေ ရှိတယ်။ ဂျီနီဗာ ကွန်ဗင်းရှင်းတွေ ရှိတယ်။ တိုက်ပွဲဖြစ်ရင် လိုက်နာရမှာတွေ ရှိတယ်။

သူတို့က ဘာမှကို အပြည်ပြည်ဆိုင်ရာကိုလည်း မလေးစားသလို ဘာမှ လိုက်နာခြင်းမရှိတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဖြတ်လေးဖြတ် ဆိုတဲ့နေရာမှာ ဒီ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ဘယ်နေရာမဆို ဘယ်ရွာမဆို အထူးသဖြင့် ချင်းပြည်နယ်မှာဆို ဖြတ်ထားပြီ။ ဥပမာ ဆန်တအိတ်ကို ကန်ပက်လက်၊ မင်းတပ်ကို သယ်ဖို့ဆို ခွင့်ပြုချက်တွေ အများကြီးလိုတယ်။

ကျနော်တို့မှာ resources တွေအများကြီးရှိတယ်။ ယူလည်း ယူနိုင်တယ်။ ကျနော် နိုင်ငံတကာ နဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်တယောက်အနေနဲ့ ကူညီချင်တဲ့အဖွဲ့အစည်းတွေ ရှိတယ်။ ပရဟိတတွေ အများကြီးရှိတယ်။ ဒါပေမယ့် အဲဒီ ဖြတ်လေးဖြတ်ကို စစ်ဗိုလ်ချုပ်တွေက ချင်းပြည်နယ်မှာ အကုန်လုံး ရွာလုံးနီးပါးကို သုံးနေတယ်ဆိုတော့ အဲဒါက ကျနော်တို့ကို ထိခိုက်နေတယ်။

အပြည်ပြည်ဆိုင်ရာက မြန်မာပြည်သူလူထုကို လက်ပိုက်မကြည့်ပါဘူး။ ကျနော်တို့ NUG ကလည်း တောက်လျှောက် ဒါကို advocate လုပ်တယ်။ ဆွေးနွေးတင်ပြတယ်။

စစ်ကောင်စီက ပြည်သူတွေဆီ အကူအညီမရအောင် လက်နက်နဲ့ချိန်ထားတယ်။ ဒါက ပြဿနာ ဖြစ်တယ်။ ပြောချင်တာက NUG ကိုလည်း ဒီလို ခက်ခဲတဲ့ကြားတဲ့ တချို့ အပြစ်တင်ပါလိမ့်မယ်။ အောက်ခြေမှာ တကယ်ခံစားနေရတဲ့သူတွေပြောတာ ကျနော်တို့ နားလည်ပေးတယ်။

တဖက်က အဲဒီ ဖြတ်လေးဖြတ်ကို ပြည်သူလူထုက ခံနေရတယ်။ ဒါကြောင့်မို့ပဲ ကျနော်တို့ တော်လှန်နေရတာ။

ကျနော်တို့ ရရှိ ရထိုက်တဲ့ လူသားချင်းစာနာထောက်ထားရေး အကူညီတောင် မရအောင် လုပ်နေတဲ့ စစ်ကောင်စီက ကျနော်တို့အတွက် တကယ့် ငရဲကြီး ဖြစ်တယ်။

ကျနော်တို့ ရရှိ ရထိုက်တဲ့ လူသားချင်းစာနာထောက်ထားရေး အကူညီတောင် မရအောင် လုပ်နေတဲ့ စစ်ကောင်စီက ကျနော်တို့အတွက် တကယ့် ငရဲကြီး ဖြစ်တယ်။ ဒီ စစ်ကောင်စီက ဘာလို လူထုကို ဆေးဝါး မရအောင် ဖြတ်သလဲ။ လူထုဆီစားမယ့်ထမင်း စားနပ်ရိက္ခာတွေကို ဖြတ်နေသလဲ။ ဒါက လူမဆန်တဲ့အပြင် တကယ့် ငရဲဆိုးကြီးကို ရင်ဆိုင်နေရတာ။

နိုင်ငံတကာကလည်း ထောက်ပံ့ဖို့ အဆင်သင့်ဖြစ်တယ်။ အလှူရှင်တွေကလည်း ပေးချင်တယ်။ ဒါပေမယ့် ဒါကို မလှူနိုင်အောင် အဲဒီအလှူတွေကို ပြည်သူလူထုဆီကို မရောက်နိုင်အောင် အခြေအနေတွေ အားလုံးကို စစ်ကောင်စီက ဖန်တီးထားတယ်။ covid19 အကျပ်အတည်းကိုလည်း စစ်ကောင်စီက ဖန်တီးတယ်။ လူသားချင်းစာနာထောက်ထားရေး အကျပ်အတည်းကိုလည်း စစ်ကောင်စီက ဖန်တီးတယ်။ အခု နိုင်ငံရေးအကျပ်အတည်းဆိုလည်း စစ်ကောင်စီက ဖန်တီးတယ်။ ဒါတွေ အားလုံးရဲ့ တရားခံက သူတို့ဖြစ်တယ်။

လူသားချင်းစာနာထောက်ထားရေးတခုကိုပဲ တွက်မယ်ဆိုရင် အမေရိကန် တခုကတည်းက အမေရိကန်ဒေါ်လာ သန်း ၁၃၀ လောက် သူတို့ပေးနေတာ ရှိတယ်။ UK ရယ် EU ရယ် ပေါင်းမယ်ဆို ဒေါ်လာ သန်း ၃ ရာလောက်ရှိမယ်။ ဒါက အများကြီးတော့မဟုတ်ပေမယ့် ခွင့်မပြုတဲ့ကြားထဲကနေ သူတို့က ထည့်ဝင်နေတာ ဖြစ်တယ်။ အဲဒီ ဖြတ်လေးဖြတ်ကို သိမ်းလိုက် ဖယ်လိုက်ရင်တော့ ဘယ်သူမှ ထမင်းငတ်မှာလည်း မဟုတ်သလို ဘယ်သူမှလည်း အိုးမဲ့ အိမ်မဲ့ ဖြစ်မှာ မဟုတ်ပါဘူး။

ကမ္ဘာမှာ လုံလောက်တဲ့ အလှူရှင်တွေ ရှိပါတယ်။ မြန်မာပြည်တွင်းက ပြည်သူမှ ပြည်သူ သို့ အလှူက အများကြီးရှိတယ်။ လှူမယ့်နေရာကို မသွားရအောင် လက်နက်နဲ့စောင့်နေတာတွေကို ဘယ်လိုလုပ်မလဲ။ ဒါကြောင့်မို့ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုက အချိန်ကြာလေလေ အခြေအနေ ဆိုးဝါးလေလေ ဖြစ်မယ့်အတွက်ကြောင့် ဒီဒေး ကိုလည်း ကျနော်တို့က အမြန်ဆုံး ပြီးဆုံးနိုင်ဖို့ အာဏာရှင် ချုပ်ငြိမ်းနိုင်ဖို့ တဖက်က လုပ်နေတာ ဖြစ်တယ်။

မေး။ ဝန်ကြီးက နိုင်ငံတကာ ဆက်ဆံရေးတွေ အများကြီးလုပ်နေတယ်ဆိုတော့ နိုင်ငံတကာ အကူညီပေးမှုတွေ ထည့်ပြောသွားတာ ကျေးဇူးတင်ပါတယ်။ NUG က လက်ရှိမှာ နိုင်ငံတကာရဲ့ ဝင်ရောက်ကူညီမှုဟာ မထိရောက်တဲ့အတွက် ပြည်သူက ခုခံစစ်တွေ လုပ်နေကြတာ ဖြစ်တယ်လို့ ဆိုထားတယ်။ ဝန်ကြီးအနေနဲ့ နိုင်ငံတကာကရော တကယ်တမ်း ဘာလုပ်သင့်တယ်လို့ထင်လဲ။

ဖြေ။ အာဏာသိမ်းခြင်းက ၈ လ ရှိတဲ့အခါ ကျနော်တို့ နိုင်ငံတကာမှာ အဓိက ပြောနေရသလဲဆိုတော့ NUG ကို ချက်ချင်း အသိအမှတ်ပြုပါ။ NUG လို့ ပြောတဲ့အခါ ကျနော်တို့ NUG က မြန်မာပြည်သူလူထုရဲ့ ဆန္ဒအတိုင်း ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို အခြေခံတယ်။ ကျနော်တို့ရဲ့ legitimacy က မြန်မာပြည်သူလူထုပဲ ဖြစ်တယ်။ ဒါကြောင့်မို့ မြန်မာပြည်သူလူထုက ကျနော်တို့ကို ထောက်ခံတယ်။ CRPH မှာ ဒီမိုကရေစီနည်းအရ ရွေးကောက်ခံလွှတ်တော်အမတ်တွေနဲ့ ဖွဲ့တာဖြစ်တယ်။ မြန်မာပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတာ ဖြစ်တယ်။ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ ညီလာခံ ဆုံးဖြတ်ချက် မှာ ၂၀၂၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုပါတယ်ဆိုတာ ပါတယ်။ ဒါ free and fair (လွတ်လပ်မျှတမှု) ဖြစ်တယ်လို့ အသိမှတ်ပြုတယ်။ ပြီးတော့ အာဆီယံဒေသမှာ လွတ်လပ်သော ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ကလည်း free and fair ဖြစ်တယ်ဆိုတာ ပြောတယ်။ အဲဒါက ကျနော်တို့ရဲ့ legitimacy ပဲ။

နိုင်ငံတကာက NUG ကို အမြန်ဆုံး အသိအမှတ်ပြုဖို့ လိုပါတယ်။ သူတို့ အသိအမှတ်ပြုမှ ခုန ပြောတဲ့ အောက်ခြေက လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးနိုင်မယ်။

ဒါ legitimacy ရှိတဲ့ တရားဝင် အစိုးရ ရှိရဲ့သားနဲ့ ဘာဖြစ်လို့ ဒီနေ့အထိ နိုင်ငံတကာက ကျနော်တို့ကို အသိအမှတ်ပြုဖို့ နှောင့်နှေးနေသလဲ။ ဟုတ်ပြီ။ ကျနော်တို့ကို engagement လုပ်တယ်။ endorsement လုပ်တယ်။ ဆိုတော့ ဒါကို ကျနော်တို့ ဆက်လက်ပြောနေရတာဖြစ်ပါတယ်။

နိုင်ငံတကာက NUG ကို အမြန်ဆုံး အသိအမှတ်ပြုဖို့ လိုပါတယ်။ သူတို့ အသိအမှတ်ပြုမှ ခုန ပြောတဲ့ အောက်ခြေက လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးနိုင်မယ်။

တဖက်က စစ်ကောင်စီက ဖြတ်လေးဖြတ် ကျင့်သုံးသလို ကျနော်တို့ဘက်ကလည်း ဖြတ်လေးဖြတ် ပြန်လုပ်ဖို့ ပြောတာရှိတယ်။ နံပါတ်တစ်က စစ်ကောင်စီရဲ့ ငွေရေးကြေးရေးအားလုံးကို ဖြတ်ရမယ်။ သူတို့ဝင်ငွေအားလုံးကို ဖြတ်ရမယ်။ နံပါတ်နှစ်က သူတို့မှာဝင်တဲ့ လောင်စာဆီနဲ့ လက်နက်ကို ဖြတ်ရမယ်။ နံပါတ်သုံးက စစ်ကောင်စီရဲ့ သံတမန်ရေး အားလုံးကို ဖြတ်ရမယ်။ စစ်ကောင်စီနဲ့နိုင်ငံရေးအရ လက်တွဲတာတွေပေါ့။ ဥပမာ အာဆီယံက စစ်ကောင်စီကို လက်တွဲတာတွေ များလွန်းအားကြီးတယ်။ ဒါတွေကို ဖြတ်ရမယ်။ ပြီးတော့ နိုင်ငံတကာက စစ်ကောင်စီနဲ့ ဆက်ဆံနေတဲ့ အဖွဲ့အစည်းတွေ အားလုံးလည်း အဆက်သွယ် ဖြတ်ရမယ်။ နံပါတ်လေးက စစ်ကောင်စီရဲ့ legitimacy ကို ဖြတ်ကိုဖြတ်ရမယ်။ ဘယ်ဘက်ကမဆို၊ အုပ်ချုပ်ရေးဘက်ကမဆို။

မေး။ NUG ကြိုးပမ်းနေတဲ့ ဒီ ဖြတ်လေးဖြတ် နည်းက ဘယ်လောက် အောင်မြင်နေတယ်လို့ ပြောနိုင်လဲ။

ဖြေ။ စဉ်းစားကြည့်လေ။ အခု ထီတောင်မှ သူတို့ မအောင်မြင်တော့ဘူး။ ဒါကလည်း ဖြတ်လေးဖြတ် အပိုင်းတပိုင်းပေါ့နော်။ ကျနော်တို့ရဲ့ နွေဦးထီပေါ်လာတော့ သူတို့ဘက်က ထီက သေသွားပြီ။ အခုဆိုရင် အခွန်ပေါ့။ ပြည်သူလူထုက အခွန်မပေးချင်တော့ဘူး။ ဒါကလည်း non-violent နည်းကို သုံးပြီးတော့ လုပ်တာပါပဲ။ အခုဆိုရင် ကျနော်တို့က လျှပ်စစ်မီး အခွန်ကင်းလွတ်ခွင့်တွေ ပေးထားတယ်။ ဒါက တကယ်တမ်းဆိုရင် အောင်မြင်မှုရှိတယ်။ မီတာခကို ပေးမယ်ဆိုရင် မင်းအောင်လှိုင် လက်ထဲ ပိုက်ဆံ ရောက်မှာကိုး။ သူက အဲဒီမီတာခပိုက်ဆံကို အသုံးပြုပြီး လက်နက်ဝယ်မယ်။ အဲဒီ လက်နက်နဲ့ ကျနော်တို့ ပြည်သူလူထုကို သတ်တယ်ဆိုတော့ ဒါတွေ အားလုံးကို ပြည်သူလူထုက နားလည်ပြီးသားဖြစ်တယ်။

CDM လုပ်ခြင်းအားဖြင့် စစ်အာဏာရှင်ရဲ့ အုပ်ချုပ်ရေးယန္တရားလေး ရပ်တန့်သွားတယ်။ သူတို့မလည်ပတ်နိုင်ဘူးဆိုတာ တကမ္ဘာလုံးလည်း သိတယ်။ ဒါက ပြည်သူလူထု အောင်မြင်မှုဖြစ်တယ်။

နောက် CDM ဆိုလည်း ဖြတ်လေးဖြတ် အမျိုးစားတခုပဲ။ CDM လုပ်ခြင်းအားဖြင့် စစ်အာဏာရှင်ရဲ့ အုပ်ချုပ်ရေးယန္တရားလေး ရပ်တန့်သွားတယ်။ သူတို့မလည်ပတ်နိုင်ဘူးဆိုတာ တကမ္ဘာလုံးလည်း သိတယ်။ ဒါက ပြည်သူလူထု အောင်မြင်မှုဖြစ်သလို။

နိုင်ငံတကာမှာလည်း အမေရိကန်အစိုးရက စစ်ကောင်စီရဲ့ MEC, MEHL စစ်တပ်ပိုင် ကုမဏီတွေရဲ့ ဝင်ငွေ ငွေကြေးစီးဆင်းမှုကို စစ်ဆေးနေတဲ့ အဖွဲ့တွေရှိတယ်။ ဒါတွေကို ကျနော်တို့ နိုင်ငံတကာ အစိုးရ အားလုံး နဲ့ ပြောနေတယ်။

အင်္ဂလန်အစိုးရက မကြာသေးခင်က ဦးတေဇ ရဲ့ ထူးကုမ္ပဏီကို ဒဏ်ခတ်ပိတ်ဆို့တယ်။ ထိုနည်းတူပဲ EU ဆိုလည်း စစ်တပ်ခေါင်းဆောင်ပိုင်းတွေအားလုံးနဲ့သူတို့ ကုမ္ပဏီတွေအားလုံးကို ဒဏ်ခတ်ပိတ်ဆို့တယ်။ ကနေဒါလည်း ထိုနည်းတူပဲ။ Canada, US, EU, UK က တော်တော်ပါပါတယ်။ သူတို့အပြင် ကျနော်တို့က သြစတြေးလျ တို့ နယူးဇီလန်တို့ကိုလည်း တိုက်တွန်းနေပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုသာ မရှိဘူးဆိုရင် မင်းအောင်လှိုင်က ပိုက်ဆံရနေအုံးမယ်။ သူက လက်နက်ကို ဝယ်နေအုံးမယ်ဆိုတော့ ဒီ ၇ လ ၈ လ အတွင်းမှာ ရရှိထားတဲ့ အောင်မြင်မှုက တော်တော်ကို ကြီးမားပါတယ်။

တခုကတော့ ကျနော်တို့ပြည်သူတွေရဲ့ စည်းလုံး ညီညွတ်မှုပေါ့။ တိုင်းရင်းသားနဲ့ ဗမာကြားမှာ စည်းလုံး ညီညွတ်မှု အများကြီး ဖြစ်ပေါ်လာတယ်။ ပြည်သူလူထုက ဘယ်အလွှာမဆို ဒီတော်လှန်ရေးလောကမှာ Generation Z ကအစ CDM ကအစ ဒါတွေ အားလုံးပါ။ ကုလသမဂ္ဂ ဆုံးဖြတ်ချက်မှာလည်း စစ်ကောင်စီကို လက်နက်မရောင်းရလို့ ပါတယ်။ ဒါတွေက နိုင်ငံတကာမှာ အောင်မြင်မှုကြီးကြီးတွေ ဖြစ်တယ်။

ဒီထက်မက ကျနော်တို့ လုပ်နေတယ်။

ကျနော်တို့ ရည်ရွယ်ချက်က ဒီ စစ်ကောင်စီတွေကို ငွေရေးကြေးရေးအားဖြင့် အားနည်းအောင် လုပ်မယ်။ လက်နက်အားဖြင့် အားနည်းအောင်လုပ်မယ်။

အခု အုပ်ချုပ်ရေးပိုင်းမှာလည်း သူတို့က အုပ်ချုပ်နိုင်တဲ့ အစိတ်အပိုင်းတွေ နည်းနိုင်သမျှ နည်းလာပြီဆိုတော့ ဘာပဲပြောပြော နိုင်ငံတကာမှာလည်း သူတို့ကို မထောက်ခံအောင် ကျနော်တို့ ပြောနေတယ်။ ဒီလိုဆို စစ်ကောင်စီကို လက်ခံတဲ့ နိုင်ငံတနိုင်ငံရှိသလား လူထုကို မေးချင်တယ်။ မရှိပါဘူး။ စစ်ကောင်စီက တကယ်တမ်းဆို ကျဆုံးနေပြီ။

You may also like these stories :

မြန်မာ့လူ့အခွင့်အရေး ကပ်ဆိုးကို ချက်ခြင်း အရေးယူရန် ကုလသမဂ္ဂ တောင်းဆို

စစ်ကောင်စီကို တရုတ်က ထောက်ခံမှု အပြည့်အ၀ မပေးသေးတာ ထူးဆန်းလား

နေအိမ်တွင် မနေနိုင်သော ဘဝများ

NUG နဲ့ NLD အကြား သဘောထားကွဲနေသလား

Loading