အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့သည်မှာ အောက်တိုဘာ ၁ ရက်ဆိုလျှင် ၈ လ တင်းတင်း ပြည့် ပြီ ဖြစ်သည်။ အဆိုပါ ၈ လတာ ကာလအတွင်း အာဏာသိမ်းယူထားသည့် စစ်ကောင်စီ၏ လက်ချက်ကြောင့် သေဆုံးခဲ့သူ ၁၁၄၇ ဦး ရှိပြီး ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ စုစုပေါင်း ၇၀၀၀ ကျော်ရှိပြီ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ သိရသည်။
ထို့ပြင် ဖမ်းဝရမ်း ထုတ်ခံထားရသောကြောင့် ၁၉၈၉ ဦးမှာလည်း တိမ်းရှောင်နေရသည်။ တိမ်းရှောင်နေသူများထဲတွင် ဆရာဝန်၊ အင်ဂျင်နီယာ၊ တက္ကသိုလ် ဆရာ၊ ဆရာမများမှ အစပြု၍ အနုပညာရှင်များအလယ် တက်ကြွလူငယ်များအဆုံး ပါဝင်နေသည်။
၎င်းတို့ထဲမှ တဦးဖြစ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး လမ်းပေါ်ဆန္ဒပြပွဲများတွင် တက်ကြွစွာပါဝင်ခဲ့သူ၊ စစ်ကောင်စီက ၅၀၅ ထုတ်ထား၍ တိမ်းရှောင်နေရသော်လည်း ယနေ့အချိန်ထိ ကျရာအခန်းကဏ္ဍကနေပြီး ဆက်လက် ပါဝင်ကာ စစ်အာ ဏာရှင်ကို ဆန့်ကျင်နေသူ အဆိုတော် ကျားပေါက်ကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ အနုပညာရှင် တဦးအနေနဲ့ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးမှာ ဘယ်လို ခံယူချက်ကြောင့် ပါဝင်ဖြစ်နေ လဲ။
ဖြေ ။ ။ ကျနော် ဒီမှာ ဝင်ပါရတယ်ဆိုတာ Rock Star အနေနဲ့လည်း မဟုတ်ဘူး။ အနုပညာရှင် အနေနဲ့လည်း မဟုတ် ဘူး။ ကျနော်သည် နိုင်ငံသားပဲ။ သာမန်ပြည်သူပဲ။ ပြည်သူအနေနဲ့ ပြည်သူ့ရဲ့ အခွင့်အရေးအရ ကိုယ့်ကို အုပ်ချုပ်နေတဲ့သူ ကို ကိုယ်မကြိုက်ဘူးဆိုရင် ပြောခွင့်ရှိရမယ်။ ပြောလည်း ပြောကိုပြောရမယ်။ “You need to make your voice.” အဲဒါက ကျနော့်ရဲ့ အဓိက အတွေးအခေါ်ပေါ့။ ကျနော်ပြောကို ပြောရမယ်။ လုပ်ကိုလုပ်ရမယ်။ ကျနော့်မှာ Follower များတာတို့နဲ့ မဆိုင်ဘူး။
ကိုယ်မှန်တယ် ထင်တဲ့ဘက်မှာ ရပ်တည်ပြီး ကိုယ်ရပ်တည်တာကိုလည်း ဘယ်ဘက် ရပ်တည်လဲဆိုတာ မှန်မှန် ကန်ကန် ကိုယ်ပြရဲရမယ်။ အဲဒီ Role (အခန်းကဏ္ဍ) အရ ကျနော် လုပ်တယ်။ နောက်တခုက ကျနော် Message (သတင်း စကား) ပေးချင်တယ်ပေါ့။ ကျနော်ပေးချင်တဲ့ Message တွေကို တနည်းမဟုတ်တနည်း ကျနော့်ကို ဘယ်လိုပဲ ပိတ်ပိတ် အခု ကျနော့်သီချင်းတွေကို စင်ပေါ်မှာ ပေးမဆိုတာပဲဖြစ်ဖြစ်၊ ကျနော့် သီချင်းတွေကို ရေဒီယိုမှာ ပေးမလွှင့်တာပဲဖြစ်ဖြစ် ကိုယ့် Platform ကနေ ကိုယ် Voice Out ဘယ်လောက် လုပ်မလဲ။ အဲဒါက အဓိကပဲ။
မေး ။ ။ အခုထိလည်း ၈ လ အထိ Voice Out လုပ်နေတာ၊ တော်လှန်ရေးအတွက် စိတ်ဓာတ် ခွန်အားပေးနေတာ တွေ့ရတယ်။ ဘယ်လို စိတ်ခွန်အားတွေကြောင့် ဒီလိုမျိုး လုပ်နေနိုင်တာလဲ။
ဖြေ ။ ။ နံပါတ်တစ်အချက်က ကိုယ့်ဆီမှာ ဘာတွေဖြစ်နေလဲဆိုတာ မျက်ခြေမပြတ်ဖို့။ နောက် အခြေအနေအမှန်ကို သိ ရဖို့ပေါ့။ အဲဒါကိုတော့ ကျနော် တချိန်လုံးကို လိုက်ကြည့်နေတယ်။ နောက်ပြီး ဘယ်ဟာကို ထောက်ပြမလဲပေါ့။ ကျနော် အဓိက လုပ်ဖြစ်တာက Editorial Cartoon ဆွဲဖြစ်တာ။ အဲဒါက အလုပ်ဖြစ်ဆုံးပေါ့။ D-Day နဲ့ The Voice of Spring မှာ ရေးတယ်။ နောက် ကျနော့် Podcast အတွက်ရယ်ဆိုရင် ကျနော်က ဘယ်ဟာကို Point Out (ထောက်ပြ) လုပ်မ လဲပေါ့နော်။ လောလောဆယ် လူတွေက ဘယ်ဘက်ကို သွားနေလဲ။ အဲဒါကို မျက်ခြေမပြတ် လိုက်ကြည့်ဖို့ လိုပါတယ်။ Data (အချက်အလက်) ကတော့ အပြတ်ခံလို့ မရဘူးပေါ့။
မေး ။ ။ တော်လှန်ရေးကာလ ကြာလာတော့ တချို့ စိတ်ဓာတ်ကျမှု၊ စိတ်ပျက်မှုတွေ ကြုံကြမယ်ဆိုရင် ဘယ်လို အားပေးစကား ပြောချင်လဲ။
ဖြေ ။ ။ အဓိကကတော့ ကျနော်တို့သည် အခြေအနေမှန်ကို သိမှရမယ်။ အခြေအနေမှန်က ဘာလဲဆိုတော့ ကြာမယ်။ ဘာလို့လဲဆို ကိုယ့် Control မရှိတဲ့ ကိစ္စတွေက အများကြီး ဖြစ်နေတာကိုး။ ကိုယ့် Decision (ဆုံးဖြတ်ချက်) နဲ့ မပြီးဘူး လေ။ တခြားလူတွေရဲ့ Decision ပေါ်မှာ မူတည်နေတာ ဖြစ်တဲ့အတွက် အဓိကက စိတ်ရှည်ရမယ်။ စိတ်ရှည်ဖို့က ကျနော် တို့က ကြားထဲက False Hope (မျှော်လင့်ချက်အမှား)တွေပေါ့နော်။ တချို့ကျတော့လည်း Motivation (စိတ်ခွန်အားပေးဖို့) အတွက် လုပ်တာပဲ။ အဲဒီမှာ ကြားထဲက False Hope လိုမျိုး ပါတယ်။ False Hope ရဲ့ သဘောသဘာဝက လူကို စွဲတင် တယ်။ ပြီးရင် မဖြစ်လာတဲ့ အခါကျရင် နှစ်ဆသုံးဆ ပြုတ်ပြုတ်ကျတယ်။
အဲဒီတော့ ဓမ္မဓိဋ္ဌာန်ကျကျ မြေပြင်အခြေအနေနဲ့ အွန်လိုင်းအခြေအနေကို ခွဲခြားပြီး မြင်တတ်မှရမယ်။ မျှော်လင့်စရာ ရှိရင်လည်း ကျနော်တို့က မှန်မှန်ကန်ကန်လေး မျှော်လင့်နိုင်မယ်။ နောက် ကိုယ့်ဘက်က ဘာဖြစ်နိုင်တယ်။ သူတို့ဘက်က ဘာဖြစ်နိုင်တယ် အဲဒီလိုမျိုး ကြားထဲက Bias ဖြစ်နေလို့ မရဘူးဗျ။ အဲဒါဆိုရင် မျှော်လင့်ချက်က တက်လိုက်ကျလိုက် တအား ဖြစ်နေမှာပဲ။ တက်လိုက်ကျလိုက် ဖြစ်နေရင် လူ့သဘောသဘာဝအရက မခံနိုင်တော့ဘူးလေ။ ဒီ Stress ကို။
အဲဒီလိုကျတော့ ကိုယ့်အာရုံကို တခြားကို အလိုလိုနေရင်း လွှဲပစ်လာမယ်။ ဒီဘက်မှာ အားလျော့လာမယ်။ ကြာနိုင်တယ် ဆိုတာကိုတော့ ကျနော်တို့က သဘောပေါက်ထားမှ ရမယ်။ ဘယ်လောက် ကြာမှာလဲ ဆိုတာတော့ ကျနော်တို့က ဒီအချိန် မှာ ဘယ်သူမှ မပြောနိုင်ဘူး။ ဘာလို့လဲဆိုတော့ ခုနက ပြောသလို ကျနော်တို့ Control လုပ်လို့ မရတဲ့သူတွေရဲ့ ဆုံးဖြတ် ချက်တွေပေါ်မှာ ဒီကိစ္စက မူတည်နေတဲ့အတွက် အချိန်ကာလ တခုကို စောင့်ကိုစောင့်ရလိမ့်မယ်။ အဲဒီ စောင့်နေတဲ့အချိန် ကိုယ်ဘာလုပ်မလဲပေါ့။ ကိုယ့် အခန်းကဏ္ဍကို ကိုယ်ရွေးထားပေါ့။ ဒါပေမယ့် နေ့တိုင်း အရမ်းကြီး စိတ်ဓာတ်တွေ တက်ကြွ ပြီး လုပ်နေလည်း ကိုယ်ပင်ပန်းတယ်။ ဒေါင်းသွားနိုင်တယ်။ ကိုယ့်အခြေအနေလည်း ကိုယ်သိ။ အားလုံးက စိတ်ထဲမှာတော့ အမြဲ ရှိနေရမယ်။
မေး ။ ။ ဆန္ဒပြပွဲတွေအပြင် စစ်အာဏာရှင်တော်လှန်ရေးမှာ ပါတဲ့အတွက် ကိုယ့်ရဲ့ ပုဂ္ဂလိကဘဝမှာရော ရိုက်ခတ်မှုတွေ ဘယ်လောက်အထိ ကြုံရလဲ။
ဖြေ ။ ။ ဆုံးရှုံးခဲ့ရတာတွေက အကုန်လုံးပေါ့လေ။ အဲဒါတွေက အခုပြောလည်း ညည်းပြသလို စိတ်ဓာတ်ကျပြသလို ဖြစ်မှာလည်း စိုးတယ်။ ကျနော်မေ့ထားရတဲ့ ကိစ္စတွေ အများကြီးပဲ။ ဒီအချိန်မှာ ကျနော်တို့တွေ ဘာကို ခေါင်းထဲ ထည့်ထား ရမလဲဆိုတော့ ကိုယ်က တစုံတရာကို ဆုံရှုံးခဲ့တယ်ဆိုရင် အသက်ကို ဆုံးရှုံးလိုက်ရတဲ့၊ တချို့ မိသားစုဘ၀ ဆုံးရှုံးလိုက်ရ တဲ့၊ ဖြစ်တည်နေတာတွေ ဆုံးရှုံးလိုက်ရသူတွေ ရှိတယ်။ အဲဒါတွေကို ကျနော်တို့က တွေးတတ်ရလိမ့်မယ်။ နောက်ပြီးတော့ ကျနော်တို့ ကလေးတွေအတွက် တွေးရလိမ့်မယ်။
မေး ။ ။ သီချင်းတွေအပြင် အခုဆိုရင် Doodle Art လေးတွေပါ ရေးတာ တွေ့ရတယ်။ အရင်က အာဏာမသိမ်းခင် ကာလမှာ ကိုယ့်ရည်မှန်းချက်တွေ အများကြီး ရှိခဲ့မှာပေါ့။ အာဏာမသိမ်းခင်အထိ ၂၀၂၁ အတွက် ဘယ်လိုတွေ ပြင်ခဲ့တာ လဲ။ အဲဒီအရာတွေ ဆုံးရှုံးလိုက်ရတဲ့အထဲ ပါသွားတာလား။
ဖြေ ။ ။ အဲဒါတွေတင် မကဘူး။ ဇာတ်နာပြီး ပြောတာလည်း မဟုတ်ဘူး။ အမှန်တော့ ဘဝပျက်တာဗျ။ ကိုယ် ယုံကြည် ပြီး တည်ဆောက်ခဲ့သမျှ အားလုံး ပျက်စီးသွားတာပဲ။ ဒါ ကျနော့် တယောက်တည်း မဟုတ်ဘူးလေ။ သိလား။ အကုန်လုံး အနည်းနဲ့အများ ထိကြတာပဲ။ အဲဒါကိုတော့ Crying Baby လို မပြောချင်ဘူး။ ကျနော့်ဘ၀ ထိခိုက်သွားတယ်ဆိုပီး အရမ်း မပြောချင်ဘူး။ အကုန်ထိခိုက်တာပေါ့။ ဒါပေမဲ့ မတတ်နိုင်ဘူး။ အခြေအနေက အဲဒီလို ဖြစ်သွားပြီ။
မေး ။ ။ အမှန်တရားဘက် ရပ်တည်ပြီး မတရားတာတွေ ထုတ်ဖော်ပြောဆိုတဲ့စိတ်က ဘယ်လိုတုန်းက သန္ဓေတည်ခဲ့လဲ။ အခုရော ဘာဆက်ဖြစ်ချင်လဲ။
ဖြေ ။ ။ ၂၀၁၀ မတိုင်ခင် ကျနော့်တသက်လုံး တောက်လျှောက် ပညာရေး၊ လူမှုရေး ကျနော်တို့ ဘာမှ မသိခဲ့ရတာတွေ အများကြီး။ အဲဒါတွေ ခု ကျနော်တို့ သိနေရတယ်။ ကြားထဲမှာ ဒုန်းဆို အကုန် တံခါးတွေ ပွင့်သွားတယ်။ သိလာရတယ်။ ကိုယ့်လွတ်လပ်ခွင့်ကို မရှိခဲ့တုန်းက မရှိခဲ့မှန်း သိတယ်။ ရှိနေတဲ့အချိန်မှာ ကိုယ့်မှာ Absolute Freedom မဟုတ်ပေမယ့် Relatively Freedom တခု ကိုယ့်မှာရှိတာ သိခဲ့တယ်။ အဲဒါကို ချက်ချင်း ပြန်ရုပ်သိမ်းသွားတဲ့အခါမှာ မရှိတော့ဘူး ဆိုတာ ပြန်သိတယ်။ That’s it. အဲဒါက ကျနော့်တင် မဟုတ်ဘူး အကုန်လုံးရဲ့ Motivation က အဲဒါပဲလေ။ ဘာလို့ဆို Freedom ပျောက်သွားတာ။ ဘဝထဲက အစိတ်အပိုင်းတခု ပြုတ်ထွက်သွားတာပဲလေ။ လူတိုင်းသိတာပဲ။ လူတိုင်း ဟာခနဲ ဖြစ်သွားတာပေါ့။
မေး ။ ။ ဒီနွေဦးတော်လှန်ရေးမှာ ကိုယ့်ရဲ့ အခန်းကဏ္ဍကိုရော ဘယ်လို သတ်မှတ်လဲ။ အစောပိုင်းတုန်းက လက်နက် ကိုင်တော်လှန်ရေးမှာ ပါဝင်တယ်လို့လည်း တစွန်းတစ သတင်းထွက်ဖူးတယ်။ အခုကျတော့ရော။
ဖြေ ။ ။ ကျနော်ကတော့ တခါမှ လက်နက်ကိုင်မယ်လို့ တခါမှ မပြောခဲ့ဘူး။ သေနတ်ကိုင်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံ ကတော့ တက်သွားတာ ဟုတ်တယ်။ အဲဒါကလည်း ကျနော်တင်တာ မဟုတ်ဘူး။ ဒီအချိန်မှာတော့ ထူးထွေပြီး ဘာမှ မရှင်းချင်ဘူး။ ကျနော်ကတော့ ၅၀၅ စာရင်း မပါခင်ကတည်းက ခဏခဏ ရှောင်နေရတဲ့ အထဲမှာတော့ ပါခဲ့တယ်။
ကျနော့် တကိုယ်စာ တွေးတာကတော့ လက်နက်ကိုင် တိုက်တဲ့သူကလည်း တိုက်ရမယ်။ ကျန်တဲ့ လက်နက်ကိုင် မဟုတ် တဲ့ ရိုးရိုးပြည်သူလူထုရဲ့ Brain ကလည်း ဒီအပြောင်းအလဲ တခုအတွက် အဆင်သင့် ဖြစ်နေရမယ်။ ကျနော်က Intellectual (ဉာဏအား) ဘက်ကနေ တိုက်တဲ့ဘက်ကို သွားတယ်။ နဂိုကတည်းကလည်း အဲဒီဘက်ပဲ သွားခဲ့တယ်လေ။
You may also like these stories:
အပစ်ရပ်ရေး စစ်ကောင်စီ လိုက်နာမည် မထင်ဟု တိုင်းရင်းသား လက်နက်ကိုင်များ ပြော
လွိုင်ကော်နှင့် ဒီးမော့ဆိုတွင် ဒလန် ရှင်းလင်းရေး လုပ်မည်ဟု KNDF သတိပေး