ပြည်ထောင်စုအခွန်အကောက်ဥပဒေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က စက်တင်ဘာ ၂၀ ရက်တွင် အတည်ပြုခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရကလည်း ပြည်သူများ အထူးသဖြင့် စီးပွားရေးလုပ်ငန်းများအား အခွန်ငွေများ ဆန္ဒအလျောက်ပေးဆောင်ရန် တိုက်တွန်းထားသည်။
ကုန်သွယ်လုပ်ငန်းခွန်ကို ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလ ၂၀၂၁ မှစက်တင်ဘာ ၂၀၂၂) အတွက် ကင်းလွတ်ခွင့်ပြုထားပြီး၊ ဝင်ငွေနည်းပါးသူများနှင့် အလယ်အလတ်ဝင်ငွေရှိ မိသားစုများအတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့်ကိုလည်း ပေးထားသည်။
အောက်တိုဘာ ၃ ရက်နေ့တွင် NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ပြည်တွင်းပြည်ပရှိ အခွန်ထမ်းပြည်သူများအနေဖြင့် မိမိတို့ ပေးဆောင်ရမည့် အခွန်ငွေကို ကိုယ်တိုင် ချင့်ချိန်တွက်ချက်၍ လုံခြုံစိတ်ချရသော အွန်လိုင်းမှတဆင့် စတင်၍ ပေးဆောင်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
ယခင် အခွန်ဥပဒေအရ တလ ဝင်ငွေကျပ် ၄ သိန်း (၄၀၀၀၀၀) ကျော် ရှိပါက အခွန်ဆောင်ရမည်ဖြစ်သော်လည်း ယခုမူ တလ ဝင်ငွေကျပ် ၁၀ သိန်းအောက် ဖြစ်ပါက အခွန်ဆောင်ရန် မလိုဟု ကင်းလွတ်ခွင့် ပြုထားသည်။
ယခုကဲ့သို့ ဖြေလျော့ပေးမှုများသည် စစ်အာဏာသိမ်းမှုကြောင့် ကျပ်တည်းနေရမှုများအပါအဝင် ကိုဗစ်နိုင်တင်းကပ်ရောဂါနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများကြောင့် ဒုက္ခရောက်နေရသည့် ပြည်သူများ သက်သာစေရန် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု NUG ၏စီမံကိန်း၊ ဘဏ္ဍာရေးနှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က ဧရာဝတီ သတင်းဌာနသို့ ပြောဆိုသည်။
NUG ဝန်ကြီးက တရားဝင် ပြည်သူ့အစိုးရတရပ်အနေဖြင့် ပြည်သူလူထုမှ အပ်နှင်းသော အခွင့်အာဏာဖြင့် အခွန်ဘဏ္ဍာရယူခြင်းကို တရားဥပဒေနှင့်အညီ လုပ်ဆောင်နေသည်ဟု ဆိုသည်။
တရားဝင်အစိုးရတရပ်ဖြစ်တဲ့အခါကျတော့ ဒီလိုမျိုး အခွန်ကောက်တယ်ဆိုလို့ရှိရင်လည်း ကျနော်တို့က rule of law လို့ ခေါ်တဲ့ တရားဥပဒေနဲ့အညီ ဆောင်ရွက်တယ်ဆိုတာ ပေါ်လွင် ထင်ရှားအောင် ပြည်ထောင်စုရဲ့ အခွန်အကောက် ဥပဒေကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အခွန်ဝင်ငွေအပြင် NUG သည် ၎င်း၏ ဘဏ္ဍာငွေရရှိရေး အစီအစဉ်အတွက် ငွေချေးစာချုပ်များနှင့် ထီလက်မှတ်များ ရောင်းချ ရန် ပြင်ဆင်ထားသည်။ အရပ်သားအစိုးရ၏ ဘဏ္ဍာရံပုံငွေအစီအစဉ်တွင် လူထုပိုမိုပူးပေါင်းပါဝင်မှုကို မျှော်လင့်ကြောင်း ဦး တင်ထွန်းနိုင်က ဧရာဝတီသတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။
မေး။ အခွန်ဆိုင်ရာနဲ့ပတ်သက်ပြီး စက်တင်ဘာ ၂၀ ရက်မှာ ဥပဒေ ပြဌာန်းခဲ့ပြီးတော့ အောက်တိုဘာ ၃ ရက်မှာ ဒါဆို အသေးစိတ် ပြန်လည်ရှင်းလင်းချက် ထုတ်ထားတာ တွေ့ပါတယ်။ ဒီလိုမျိုး အခွန်ဥပဒေ ပြင်ဆင်ပြီး အခွန်ဆောင်ဖို့ တိုက်တွန်းနှိုးဆော်နေရတာ ဘာကြောင့်ပါလဲ။
ဖြေ။ ကျနော်တို့က တကယ်တော့ ပြည်သူလူထုရဲ့ ဆန္ဒမဲနဲ့ရွေးချယ်ပြီး ဖြစ်တည်လာတဲ့ ပြည်ထောင်စုလွှတ်တော်ကမှ တဆင့် ပြည်သူက ပေးအပ်ထားတဲ့ mandate နဲ့ဖြစ်ပေါ်လာတဲ့ NUG အစိုးရဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်တို့ ဆောင်ရွက်သမျှ အားလုံးသည် ပြည်သူလူထုရဲ့ လိုလားချက်နဲ့ သူကနေ ပေးအပ်ထားတဲ့ အခွင့်အာဏာကို ကျနော်တို့က အသုံးပြုပြီး တရားဝင် အစိုးရတစ်ရပ် ဖြစ်တယ်ဆိုတာကို သက်သေပြတာ ဖြစ်ပါတယ်။
တရားဝင်အစိုးရတရပ်ဖြစ်တဲ့အခါကျတော့ ဒီလိုမျိုး အခွန်ကောက်တယ်ဆိုလို့ရှိရင်လည်း ကျနော်တို့က rule of law လို့ ခေါ်တဲ့ တရားဥပဒေနဲ့အညီ ဆောင်ရွက်တယ်ဆိုတာ ပေါ်လွင် ထင်ရှားအောင် ပြည်ထောင်စုရဲ့ အခွန်အကောက် ဥပဒေကို ကျနော်တို့ NUG အစိုးရနဲ့ CRPH လို့ ခေါ်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီက တိုင်ပင်ညှိနှိုင်းပြီးတဲ့အခါ ဒီဥပဒေကို ထုတ်ပြန်သင့် ထုတ်ပြန်ထိုက်တဲ့ အချိန်မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မေး။ ဒီဥပဒေမှာ အရင်ကနဲ့ မတူတဲ့ သက်သာ ဖြေလျော့ပေးထားတာတွေ တွေ့ရတယ်။ ဒီဟာတွေကို ဖြေလျော့ပေးလိုက်တဲ့အတွက်ကြောင့်မို့ အစိုးရတရပ် လည်ပတ်ဖို့ ပြည်သူ့ဘဏ္ဍာငွေ မပြည့်မှီနိုင်တာမျိုးတွေ ရှိသလား။ NUG ပြည်သူ့အစိုးရအနေနဲ့ ဘတ်ဂျက်လိုငွေ တော်တော်များများ ရှိတယ်လို့ ဆိုထားတော့ အဲဒီလိုငွေတွေကို ဒီ ပြဌာန်းလိုက်တဲ့ အခွန်အကောက် ဥပဒေ ကနေရော ဖြည့်ပေးနိုင်သလား။
ဖြေ။ ကျနော်တို့ ဒီ အခွန်အကောက် ဥပဒေကို ပြဌာန်းတဲ့အခါ ယခင် အစဉ်အလာ ပြဌာန်းတဲ့ပုံစံမျိုးနဲ့မတူတဲ့ ချဉ်းကပ်မှုမျိုး လိုပါတယ်ဗျ။ ဘာဖြစ်လို့လဲဆိုရင် ယခင်လိုမျိုး ပြည်သူလူထုက ဒီမိုကရေစီပေါ့။ အရပ်သားအစိုးရ ဒီမိုကရေစီ အစိုးရရဲ့ အောက်မှာ နေနေရတဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ ခုချိန်က အကြမ်းဖက် စစ်ကောင်စီက နိုင်ငံတော် အာဏာကို အကြမ်းဖက် လုယူထားတဲ့ အခိုက်အတန့်လည်း ဖြစ်တယ်။ အဲဒီ အခိုက်အတန့် အောက်မှာ ပြည်သူလူထုသည် ဒုက္ခပေါင်းစုံ ခါးစီးပြီး ခံစားနေရတယ်။ ဒီကြားထဲမှာကိုပဲ ကျနော်တို့က ကိုဗစ်နိုင်တင်း ကပ်ဘေးရောဂါကြောင့် ပြည်သူလူထုက တော်တော်လေး ဒုက္ခကြီးစွာ ခံစားနေရတယ်။
ဒါတွေရဲ့ အကျိုးဆက်ကြောင့်မို့ ပြည်သူတွေအနေနဲ့ စီးပွားရေးရာတွေ အစစ အရာရာ ကျပ်တည်းနေတာ။ ကျနော်တို့က ပြည်ထောင်စု ဥပဒေကို နှစ်စဉ် ပြဌာန်းနေကြ။ ဒီလိုအချိန်မှာ ကျနော်တို့က အခွန်ရလိုမှု တခုတည်းကို မူတည်ပြီးတော့ ဒီအခွန်အကောက် ဥပဒေကို ပြဌာန်းလို့ မသင့်ပါဘူး။ အဲဒီလိုမျိုး ပြဌာန်းတယ်ဆိုရင် ကျနော်တို့က ပြည်သူကို မျက်နှာမူတဲ့ အစိုးရတရပ်လို့ ပြောလို့ရမှာ မဟုတ်ဘူးပေါ့လေ။
ဒါကြောင့်မို့ ဒီအချက်လက်တွေကို အားလုံးခြုံငုံ သုံးသပ်ပြီးတော့ ပြည်ထောင်စုရဲ့ အခွန်အကောက် ဥပဒေကို ပြဌာန်းတယ်။ ပြည်သူလူထု လက်ရှိ ခံစားနေရတဲ့ ဒုက္ခတွေအပြင် သူတို့ အပေါ်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် ပြဌာန်းချက်မျိုးတွေ မဖြစ်စေဘဲ ဒီအခွန်အကောက် ဥပဒေကြောင့် ပြည်သူတွေရဲ့ နေ့စဉ်ဘဝကို သက်သာနိုင်တဲ့ ကိစ္စတွေ၊ နောက် လက်ရှိ ခံစားနေရတဲ့အထဲမှာ လူထု လူတန်းစား ပေါင်းစုံ ရှိတဲ့အခါကတော့ အခွန်ရထိုက်တဲ့ လူထုလူတန်းစား ဘယ်အလွှာလဲဆိုတာ ကျနော်တို့ ချင့်ချိန် တွက်ချက်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ ဖြေလျော့မှုတွေသည် ဒီလိုမျိုး ခက်ခဲ ကြမ်းတမ်းနေတဲ့ ဒီလို စစ်အာဏာသိမ်းမှု ကြုံနေရတဲ့ ကာလအတွင်းမှာ အရမ်းကို လက်တွေ့ကျကျ စဉ်းစားပြီးတော့ ပြည်သူတွေကိုယ်တိုင်ကလည်း လိုလားစွာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခွန်အကောက် ဥပဒေမျိုး ဖြစ်အောင် ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။
ကွန်ဖန်းအော်ဒါ ၂ သိန်းခွဲမှာတော့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် တကယ်လက်တွေ့ ထီထိုးသူဆီကနေ CDM သမား ဝန်ထမ်းများဆီကို အောင်မြင်စွာ ငွေလွှဲပြောင်း ပေးပို့နိုင်တဲ့ အနေအထားကတော့ ကွန်ဖန်းအော်ဒါထက် အများကြီးကို နည်းသွားပါတယ်။
သက်သာခွင့်တွေကို ကြည့်ရင် သိသာပါတယ်။ ဆိုလိုတာက ကျနော်တို့ဆီမှာ လခစားအခွန်ထမ်း ပြည်သူတွေ ရှိတယ်။ ပုံမှန်အတိုင်းဆိုရင် နှစ်စဉ် ပြဌာန်းနေကျ ဥပဒေတွေမှာ ဆိုရင် ဒီလခစား တွေက တလကို ၄ သိန်းရပြီး တနှစ်ပတ်လုံး ဝင်ငွေ ၄၈ သိန်းအထိကိုပဲ အခွန်ကင်းလွတ်ခွင့်ပေးထားပြီးတော့ အဲဒီ ၄၈ သိန်းကျော်လွန်တဲ့ ဝင်ငွေပေါ်မှာ လစာပေါ်က ဝင်ငွေခွန် ဆိုပြီး ဆောင်ရပါတယ်။ လတ်တလော အခြေအနေမှာ တလကို ၄ သိန်းဆိုတာ ပြည်သူက သူဟာသူတောင် ရပ်တည်နိုင်ဖို့ အနိုင်နိုင်ဖြစ်နေတယ်။ ကုန်ဈေးနှုန်းတွေက တအား ကြီးမြင့်နေတဲ့ အနေအထားမှာ လက်ရှိမှာ လခစားတွေဆိုရင် ကျနော်တို့က တလကို အနည်းဆုံး ၁၀ သိန်းလောက်အထိ ဝင်ငွေခွန် ကင်းလွတ်ခွင့် ပြုတဲ့အနေနဲ့ ကင်းလွတ်ခွင့်တွေကို တိုးမြှင့်ပြီး သတ်မှတ်ပေးထားတာ ဖြစ်တယ်။ ဒါ နမူနာအနေနဲ့ ပြောတာပဲ ဖြစ်ပါတယ်။
မေး။ အဲဒီတော့ ဝန်ကြီးတို့က တဖက်မှာ အခွန်တွေ သက်သာခွင့်ပေးထားတာမို့ ဒီအခွန်ဘဏ္ဍာငွေကို ပြန်လည်ဖြည့်တင်းဖို့အတွက် တခြားနည်းလမ်းတွေ လုပ်ထားတယ်လို့ ကြားရတယ်။ ဥပမာ နွေဦးထီ လက်မှတ်ရောင်းတယ်ပေါ့။ အရင်လက ထီလက်မှတ် ၂ သိန်းခွဲ လောက် အော်ဒါ ရတယ် ပြောခဲ့တယ်။ အခု ထီလည်းဖွင့်ပြီးပြီဆိုတော့ တကယ်တမ်းရောင်းရတဲ့ actual sales ကိုလည်း ပြောပြနိုင်မလား။
ဖြေ။ ဟုတ်ကဲ့။ ထီကတော့ ကျနော်တို့က ဒီ ပထမဆုံး အောက်တိုဘာလ ၁ ရက်နေ့က ဖွင့်သွားတဲ့ ထီက တကယ်တမ်းကျတော့ pilot project ပေါ့။ ပထမဆုံး မိတ်ဆက်တဲ့ စမ်းသပ်ထားတဲ့ အစီအစဉ်ဖြစ်ပါတယ်။ တကယ်တမ်း ထီလက်မှတ် ၂ သိန်းခွဲလောက်က confirmed order ရပါတယ်။
ကွန်ဖန်းအော်ဒါ ၂ သိန်းခွဲမှာတော့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် တကယ်လက်တွေ့ ထီထိုးသူဆီကနေ CDM သမား ဝန်ထမ်းများဆီကို အောင်မြင်စွာ ငွေလွှဲပြောင်း ပေးပို့နိုင်တဲ့ အနေအထားကတော့ ကွန်ဖန်းအော်ဒါထက် အများကြီးကို နည်းသွားပါတယ်။ အများကြီးဆိုတာ ကျနော်တို့ အချက်အလက်တွေအရဆိုရင် ဒီ pilot project မှာ ဒီ cancellation rate ခေါ်မှာပေါ့ (အော်ဒါမှာထားပြီး ဆက်မသုံးဖြစ်တော့တဲ့နှုန်း)၊ အဲဒါက ပြည်သူက ထီထိုးတယ်။ သူတို့ကို အေးဂျင့်က ပြန်ဆက်သွယ်တဲ့အခါ အခြေအနေ အကြောင်းကြောင်းကြောင့် ကျနော်တို့ ပြန်ဆက်သွယ်လို့ မရတာမျိုး ကြုံရတယ်။ တချို့လည်း နည်းပညာပိုင်းဆိုင်ရာမှာ အကျွမ်းတဝင်မရှိမှုကြောင့် သူတို့ကို ဆက်သွယ်တဲ့အခါမှာ အောင်မြင်တဲ့ ထီထိုးမှု လုပ်ငန်းစဉ်အထိ ဖြစ်အောင်ကို မရောက်လာတဲ့ ထီထိုးမှုတွေလည်း ကြုံရတယ်။ ဒါကြောင့်မို့ ခုနက ၂ သိန်းခွဲရဲ့ ၃၀ ရာခိုင်နှုန်းနဲ့ ၄၀ ရာခိုင်နှုန်းလောက်ကတော့ cancel ဖြစ်သွားတယ်လို့ ပြောရမှာပါ။ ကျန်တဲ့ ထီထိုးမှု လုပ်ငန်းစဉ် အောင်မြင်တဲ့ လက်မှတ်များကိုတော့ CDM ဝန်ထမ်းများဆီ အောင်မြင်စွာ ပေးပို့ လွှဲပြောင်းနိုင်ထားပါတယ်။
မေး။ CDM မှာ ပါတဲ့လူကလည်း သိန်းချီရှိနေတယ်။ ၄ သိန်းကျော်ရှိတယ်လို့ ပြောထားတော့ ဒီနွေဦးထီ ရောင်းရငွေကနေ ထောက်ပံ့ပေးနိုင်တာကရော ဘယ်လောက် percentage လောက် ရှိလဲ။ CDM ဝန်ထမ်း ဘယ်လောက်လောက်ကို ပေးနိုင်ခဲ့လဲ။
ဖြေ။ ကျနော်တို့ အနေနဲ့ နံပါတ်တစ်အချက်က ဒီနွေဦးထီကနေ CDM သမားများကို၊ ခုနပြောတဲ့ CDM ဝန်ထမ်း ၄ သိန်းကျော်ရှိတယ်။ အားလုံးကို မလွှမ်းခြုံရင်တောင် အတိုင်းအတာ တခုကို လွှမ်းခြုံအောင် နွေဦးထီကနေပြီးတော့ ကျနော်တို့ ထောက်ပံ့နိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုက စမ်းသပ်ကာလ ဖြစ်တဲ့အတွက် CDM ဝန်ထမ်း ၃-၄ ထောင်လောက်ကိုပဲ ကျနော်တို့ ချိတ်ဆက်ပြီးတော့ ထောက်ပံ့ပေးနိုင်ခဲ့တယ်။
CDM ဝန်ထမ်း ၄ သိန်းထဲကနေ ဒီအချိန်မှာ တော်တော်လေး အဆင်မပြေနေတဲ့ ဝန်ထမ်းတွေကို ရွေးချယ်ပြီး ဘယ်ဝန်ထမ်းတွေကတော့ ဒီအချိန်မှာ အရေးပေါ် ဦးစားပေးအနေနဲ့ ဒီ ထီပရိုဂရမ်ကနေ ထောက်ပံ့မှုပေးနိုင်သွားမလဲဆိုတာ ကျနော်တို့ စိစစ်ပြီး ရွေးချယ်ထားပါတယ်။ အဲဒီတော့ မကြာခင် ပြန်လည်စတင်မယ့် commercial launch မှာ အရေအတွက် ခပ်များများ၊ အမှန်တကယ်လိုအပ်နေတဲ့ CDMers များကို ထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားပြီးတော့ စီစဉ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ကျနော်တို့ NUG အစိုးရရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေ ကလေးသူငယ် ကိုယ်ဝန်ဆောင်မိခင် သက်ကြီးရွယ်အို စတဲ့ ထောက်ပံ့ပေးမှုအတွက် လိုအပ်နေတဲ့ ဘတ်ဂျက်တွေ အားလုံး စုစုပေါင်းထားတဲ့ ဘတ်ဂျက်ကိုက US ဒေါ်လာ သန်း ၈၀၀ နီးပါး ရှိနေတာ ဖြစ်ပါတယ်။
မေး။ ပိုင်းလော့က တလပဲ လုပ်တာလား။
ဖြေ။ ဟုတ်ပါတယ်။ ပိုင်းလော့ပရောဂျက် တလ လုပ်တယ်ဆိုပေမယ့် နှစ်ကြိမ်လေးပဲ ခွဲရောင်းခဲ့တာ။ နှစ်ကြိမ်မှာ ၅ ရက်စီတကြိမ် ခွဲရောင်းတယ်။ အမှန်တကယ် ပိုင်းလော့ ပရောဂျက်မှာ ထီရောင်းချတဲ့ ရက် စုစုပေါင်းက ၁၀ ရက်ပဲ ရှိပါတယ်။ ၁၀ ရက်မှာတောင်မှ ကျနော်တို့ အချိန်ပြည့် မရောင်းခဲ့ပါဘူး။ တရက်မှာ တနာရီလောက်ပဲ ရောင်းချခဲ့တာ ဖြစ်ပါတယ်။
commercial launch မှာတော့ တရက်ကို အနည်းဆုံး ၈ နာရီလောက် ရောင်းပါ့မယ်။ အရေအတွက် ခပ်များများ ရောင်းနိုင်အောင် ဒီ ပိုင်းလော့ ပရောဂျက်က ရရှိလာတဲ့ စိန်ခေါ်မှုတွေ အားနည်းချက် အားသာချက်တွေကို ပြန်ပြီး review လုပ်နေပါတယ်။ ပြန်လည်စိစစ်ပြီးတဲ့အခါ commercial launch ကိုတော့ ဒီလ အောက်တိုဘာလကုန်ပိုင်းလောက်မှာ အဆင်သင့်ဖြစ်အောင် စီစဉ်နေပါတယ်။
မေး။ အခွန်နဲ့ပတ်သက်ပြီး ထီအပြင်ကို bond (ငွေတိုက်) စာချုပ်တွေ ရောင်းဖို့ ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။ အဲဒီ bond ကိစ္စ ဝယ်ယူမှု ရောင်းခုမှု အခြေအနေကို သိရမလား။ လူတွေ ဘယ်လောက် စိတ်ဝင်စားကြပါသလဲ။
ဖြေ။ bond ကတော့ ခုချိန်ထိ မရောင်းရသေးပါဘူး။ bond ရောင်းမယ်ဆိုတဲ့ ကိစ္စကို ကျနော်တို့ NUG အစိုးရရဲ့ revenue generation ပေါ့။ ဝင်ငွေရလမ်းကို အစိုးရရဲ့ လိုအပ်နေတဲ့ ဘတ်ဂျက်ကို ဖြည့်တင်းဖို့ bond ဆိုတဲ့ ပရိုဂရမ်ကို စတင်မှာ ဖြစ်ပါတယ်။ သို့သော် လတ်တလောတော့ bond ရောင်းချနိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ platform ရယ်။ တခြား လိုအပ်တဲ့ အချက်တွေကို ပြင်ဆင်နေတုန်း ဖြစ်ပါတယ်။ မကြာခင်မှာတော့ ကျနော်တို့ အမြန်ဆုံးပေါ့လေ bond ရောင်းချတဲ့ ကိစ္စကို စတင်နိုင်မယ်လို့ ရည်ရွယ်ထားပါတယ်။ ကြိုးလည်း ကြိုးစားနေပါတယ်။
ပြည်သူလူထုဘက်ကလည်း ဒီ bond ကို ဝယ်ယူမယ်ဆိုပြီး တော်တော်လေး တက်တက်ကြွကြွရှိတဲ့ တုံ့ပြန်မှုတွေ ကျနော်တို့ မြင်နေရပါတယ်။ ဒီ bond ကိစ္စက မကြာခင် ပြည်သူလူထုဆီကို တရားဝင် ဘယ်လိုဝယ်ရမယ်၊ ဘယ်လမ်းကြောင်းကနေ ငွေပေးချေမှု ဆောင်ရွက်ရမယ်ဆိုတဲ့ ကိစ္စတွေ ကျနော်တို့ အသိပေးသွားမှာ ဖြစ်ပါတယ်။
ပြည်သူဘက်ကလည်း ဝယ်မယ်ဆိုပြီး တက်ကြွစွာ စောင့်ဆိုင်းနေတာ ကြားနေ သိနေရပါတယ်။
မေး။ ပြည်သူ့အစိုးရရဲ့ ဘတ်ဂျက်လိုငွေ အမေရိကန် ဒေါ်လာ သန်း ၈၀၀ ကျော် လိုတယ်လို့ သတင်းတပုဒ်မှာ ပြောတာ ဖတ်ရပါတယ်။ အခု လက်ရှိ အဲဒီလိုငွေရဲ့ ဘယ်လောက်ရာခိုင်နှုန်းကို ရရှိနေပြီလို့ ပြောနိုင်ပါလဲ။
ဖြေ။ ကျနော်တို့ NUG အစိုးရရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေ ကလေးသူငယ် ကိုယ်ဝန်ဆောင်မိခင် သက်ကြီးရွယ်အို စတဲ့ ထောက်ပံ့ပေးမှုအတွက် လိုအပ်နေတဲ့ ဘတ်ဂျက်တွေ အားလုံး စုစုပေါင်းထားတဲ့ ဘတ်ဂျက်ကိုက US ဒေါ်လာ သန်း ၈၀၀ နီးပါး ရှိနေတာ ဖြစ်ပါတယ်။
ဒါ ကာကွယ်ရေးအသုံးစရိတ်မပါဘဲနဲ့ ဒီလောက် သန်း ၈၀၀ လောက်ရှိနေတာ ဖြစ်ပါတယ်။ အဲဒီတော့ US$ သန်း ၈၀၀ ဆိုတာက humanitarian aid လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခေါင်းစဉ်အောက်က လိုအပ်ချက်တွေကို စုစည်းထားတဲ့ စုစုပေါင်း ဘတ်ဂျက် လိုအပ်ချက်သာလျှင် ဖြစ်ပါတယ်။
ကျနော်တို့ အနေနဲ့ လိုအပ်တဲ့ဘတ်ဂျက်ဖြည့်တင်းဖို့ နည်းလမ်း ၂ သွယ်နဲ့ ဆောင်ရွက်နေပါတယ်။ ပထမ နည်းလမ်းကတော့ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေ နိုင်ငံတကာ အစိုးရတွေ သူတို့ဆီကို ကျနော်တို့ ဒီ program တွေ IDPs တွေ နေရပ်စွန့်ခွာတွေ စစ်ဘေးရှောင်တွေ ကိုယ်ဝန်ဆောင်မိခင် ထောက်ပံ့ကြေးတွေ ကျန်းမာရေးကနေ ကိုဗစ်နိုင်တင်း ကာကွယ်ဆေးထိုးမယ့် ကိစ္စရပ်တွေကို ကျနော်တို့က project-by-project (ပရောဂျက်အလိုက်) နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေကို ညှိနှိုင်းပြီး ဆောင်ရွက်နေတာတွေရှိပါတယ်။
တပြိုင်နက်တည်းမှာ ကျနော်တို့ NUG အစိုးရရဲ့ ကိုယ်ပိုင်ဝင်ငွေရလမ်းပေါ့။ bond တွေ ထုတ်ရောင်းမယ်။ နောက်တခုက ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေနဲ့အညီ ပြည်သူက လိုလားစွာ ပေးဆောင်တဲ့ အခွန်ဘဏ္ဍာရံပုံငွေတွေကို ကျနော်တို့ ရှာဖွေမယ်။
နောက်တခုက နိုင်ငံတကာရောက် မြန်မာများနဲ့ပြည်တွင်းက အလှူရှင်များက သူတို့နည်း သူတို့ဟန်နဲ့ စုစည်ပြီး ခေါင်းစဉ်တပ်ပြီး NUG အစိုးရရဲ့ ရံပုံငွေ လိုအပ်ချက်တွေကို စုစည်းထားတဲ့ဟာတွေကိုလည်း ကျနော်တို့က စုပေါင်းပါမယ်။ စုပေါင်းမယ်ဆိုရင် ခုနကျနော်တို့ ရည်မှန်းထားတဲ့ ဘတ်ဂျက်ကို အတိုင်းအတာတခုအထိ ပြည့်မှီအောင် ရရှိမယ်လို့ မျှော်လင့်ထားပါတယ်။
အခွန်အကောက်ဆို အောက်တိုဘာ ၃ ရက်က စပြီး launch လုပ်ပါတယ်။ ပြည်သူများက လိုလားစွာ အခွန်ဆောင်နေတာကို ကျနော်တို့ မြင်နေရပါတယ်။ အလားတူပဲ NUG ရဲ့ ငွေတိုက်စာချုပ်တွေ ထုတ်ရောင်းတဲ့အခါမှာလည်း ငွေတိုက်စာချုပ်တစောင်ကို ဒေါ်လာ ၅၀၀ နဲ့ ညီမျှတဲ့ မြန်မာငွေတန်ဖိုးအလိုက် ထုတ်ရောင်းလို့ တကမာ္ဘလုံးမှာ ရှိနေတဲ့ ပြည်တွင်းပြည်ပ မြန်မာ အယောက်တသိန်းက တစောင်စီ ဝယ်မယ်ဆိုရင်ကိုပဲ ဒေါ်လာသန်း ၅၀ ရှိပါတယ်။ တကယ်လို့ အယောက်နှစ်သိန်းက တစောင်စီ ဝယ်မယ်ဆိုရင် ဒေါ်လာ သန်း ၁၀၀ ရှိပါတယ်။ ဆိုလိုတာက ဒီလို နည်းလမ်းတွေနဲ့ ခုန ကျနော်တို့ တင်ပြခဲ့တဲ့ ဘဏ္ဍာရံပုံငွေ လိုအပ်ချက်ကို ကြိုးစားပြီးတော့ ဖြည့်ဆည်းနိုင်ဖို့ စီစဉ် ဆောင်ရွက်နေပါတယ်။
အခွန်အကောက်ဥပဒေအရ အခွန်ကောက် (ယခုအပတ်) စတင်ပြီဖြစ်တဲ့အတွက် လောလောဆယ်တော့ ဒုနဲ့ ထည်နဲ့ ပမဏ များများ မလာသေးပါဘူး။ သို့သော် လုပ်ငန်းရှင်တချို့၊ ပြည်တွင်းပြည်ပ ရောက်နေတဲ့ အခွန်ထမ်းပြည်သူတွေကိုယ်တိုင်က အခွန်ဆောင်ပါ့မယ်ဆိုပြီး သူတို့ဘက်ကနေ ကြိုးစားပြီး ဆက်သွယ်နေတာ ကျနော်တို့ ရရှိပါတယ်။ အလားတူပဲ bond ဝယ်ပါမယ်ဆိုပြီး ကျနော်တို့ ဆီကို ဆက်သွယ်လာနေတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့်မို့ အဆိုပါ ဝင်ငွေရလမ်းတွေကနေပြီးတော့ ကျနော်တို့ NUG လိုအပ်တဲ့ ဘဏ္ဍာရံပုံငွေကို ဖြည့်တင်းနိုင်လိမ့်မယ်လို့ ကျနော့်အနေနဲ့ အပြည့်အ၀ ယုံကြည်မျှော်လင့်ထားပါတယ်။
အခွန်တို့ bond တို့မှာ ပြည်သူလူထုက အားထည့်ပြီး ပါဝင်ပေးမယ်ဆိုရင် ဒီတော်လှန်ရေးက အမြန်ဆုံးနဲ့ ပန်းတ်ိုင်ကို ရောက်ရှိသွားမှာပဲ ဖြစ်ပါတယ်။
ကမာ္ဘ့နိုင်ငံအသီးသီးမှာ ပြည်ပရောက် ကျနော်တို့ မြန်မာနိုင်ငံသားများသည် အနည်းဆုံး ၇ သန်းကနေ ၈ သန်း အထိ ရှိပါတယ်။ ကျနော်တို့ ဒီတော်လှန်ရေးကို သက်ဝင်ယုံကြည်ပြီး စစ်အာဏာရှင်ပြုတ်ကျရေးကို လိုလားတဲ့ ပြည်သူက တသန်းရှိတယ်ပဲ ဆိုကြပါစို့။ အဆိုပါ တသန်းက bond တစောင်စီပဲ ဝယ်မယ်ဆိုကြပါစို့။ အဲဒီ တစောင်ကို ကျနော်တို့က ဒေါ်လာ ၅ ရာ သတ်မှတ်တယ်ဆိုရင်ပဲ ကျနော်တို့ bond ရောင်းရမယ့်ငွေက ဒေါ်လာ သန်း ၅၀၀ ရှိပါလိမ့်မယ်။
အခွန်တို့ bond တို့မှာ ပြည်သူလူထုက အားထည့်ပြီး ပါဝင်ပေးမယ်ဆိုရင် ဒီတော်လှန်ရေးက အမြန်ဆုံးနဲ့ ပန်းတ်ိုင်ကို ရောက်ရှိသွားမှာပဲ ဖြစ်ပါတယ်။
မေး။ အခုက ဝန်ကြီးဌာန ၃-၄ ခု အသုံးစရိတ်ကိုပဲ ပြောသွားတာ တွေ့ပါတယ်။ ကာကွယ်ရေးလို တခြား ဌာနတွေအပါအဝင် တစုံလုံး ဘတ်ဂျတ်အတွက်ကော ပြင်ဆင်ထားပါသလား။ ကာကွယ်ရေးနဲ့ပတ်သက်ပြီးတော့ ထောက်ပံ့ပေးနိုင်မှု ရှိပါလား။
ဖြေ။ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုကနေ စတင်ပြီး ပြည်သူလူထုက NUG အစိုးရရယ် CRPH ရယ်ကို လှူကြ တန်းကြတာတွေက ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပမာဏအားဖြင့် မနည်းမနော လှူနေကြပါတယ်။ လှူလည်း လှူခဲ့ကြတယ်။ အခုလည်း လှူနေတုန်းပေါ့။ အဲဒီအထဲမှာ ထင်ထင်ရှားရှားပေါ့ ပြည်သူတွေအားလုံး အာရုံစူးစိုက်မိတဲ့ ကိစ္စက CRPH gofundme က လာထားတဲ့ US ဒေါ်လာ ၉ သန်းကျော် ရှိပါတယ်။ မကြာခင်ကပဲ Raffle tickets ဆိုပြီး ထုတ်ရောင်းတာ US ဒေါ်လာ ၇ သန်းကျော် လောက်ရှိပါတယ်။ ဒါ ၂ ခုကတော့ တလုံးတခဲတည်း ထင်သာမြင်သာ ရှိတဲ့ ဝင်ငွေ စီးဆင်းမှု ဖြစ်ပါတယ်။ ဒီဟာ နှစ်ခုပေါင်းရင် အမေရိကန်ဒေါ်လာ ၁၆ သန်းလောက်ပဲ ရှိပါတယ်။
ကျနော်တို့ အစိုးရအနေနဲ့က ကာကွယ်ရေးအသုံးစရိတ်ဆိုတာ ကျနော်တို့မှာ ရှိပါတယ်။ သို့သော် လိုအပ်လာတဲ့ အချိန်မှာ ကျနော်တို့ ပွင့်ပွင့်လင်းလင်းထုတ်ပြန်သွားမှာ ဖြစ်ပေမယ့်လို့ လောလောဆယ် တော်လှန်ရေးအစိုးရ တစ်ရပ်အနေနဲ့ ကာကွယ်ရေးနဲ့ပတ်သက်တဲ့ အပိုင်းတွေကို လိုအပ်လို့ သိုသိုသပ်သပ် စီစဉ်ဆောင်ရွက်ပါတယ်။ ကာကွယ်ရေးအသုံးစရိတ်တွေကို ဌာနက တင်ပြလာတာရှိပီးသားပါ။ ဒီအချိန်မှာ တင်ပြဖို့ အခက်အခဲ ရှိလို့ပါ။ တိတိကျကျ ပြောမရလို့ပါ။
မေး။ အလှူရှင်တွေရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေး ကိုရော ဘယ်လိုမျိုး ဦးစားပေး ဆောင်ရွက်နေသလဲ။ နွေဦးထီ စမ်းသပ်ရောင်းချခဲ့စဉ်မှာရော အတိုက်ခိုက်ခံခဲ့ရတာမျိုး ရှိခဲ့လား။
ဖြေ။ ထီကိစ္စနဲ့ပတ်သက်လို့တော့ ဟိုတလောကပဲ စစ်ကောင်စီဘက်ကနေ ထီထိုးတဲ့သူတွေကို ဘယ်လိုဖမ်းမယ် ညာလိုဖမ်းမယ် ဆိုပြီး စာတွေ ထွက်လာကြတယ်။ တကယ်တော့ အဲဒါ ခြိမ်းခြောက်တာပါပဲ။ သူတို့ Kapy အကောင့်တွေလည်း သိနေပြီ၊ လူတွေလည်း သိနေပြီ ဒီလူတွေကို တရားစွဲဆိုသွားမယ်ဆိုပြီး စာထွက်လာတာ ကျနော်ဖတ်လိုက်ရပါတယ်။ တကယ်တမ်းကျ စစ်ကောင်စီက လူတွေလည်း သိနေပြီ အကောင့်တွေလည်း သိနေပြီဆိုရင် သူတို့ဘာလို့ တရားစွဲနေမှာတုန်း။ သူတို့ လုပ်လေ့ရှိတဲ့ သူတို့အကျင့်စရိုက်အတိုင်း အဲဒီလူတွေကို အိမ်တိုင်ရာရောက် သူတို့ သွားဖမ်းကြမှာပေါ့။ မဟုတ်ဖူးလား။ ဒီဟာကို တရားစွဲပါမယ်တို့ ဘာတို့ဆိုတဲ့ အဆင့်တွေကို အပင်ပန်းခံပြီး ဘာလို့လုပ်နေမှာလဲ။
ပြောချင်တာက ထီကိစ္စ ဆောင်ရွက်စဉ်မှာလဲ ထိုးတဲ့သူရော CDMer များရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးကို အထူးအလေးထားပြီး ဆောင်ရွက်ခဲ့ပါတယ်။ လူတွေကိုတော့ ထိခိုက်စေတဲ့အထိ သူတို့ ခြေရာခံလို့ မရပါဘူး။ သို့သော် CDMer များရဲ့ ထီကိစ္စအတွက် သီးသန့်ဖွင့်ထားတဲ့ Wave တို့ Kpay တို့ စတဲ့ ဒီ အကောင့်ကလေးတွေကိုတော့ သူတို့ မစို့မပို့ ၄-၅-၆ ခုလောက်ကို သူတို့ဘက်က freeze လုပ်တာလေးတွေတော့ ရှိခဲ့ပါတယ်။ တကယ်ကို သူတို့ဘက်က ထိထိရောက်ရောက် ပိတ်ဆို့နိုင်တဲ့ အနေအထား မရှိဘူးလို့တော့ ပြောရမှာ ဖြစ်ပါတယ်။
အလားတူပဲအခု ကျနော်တို့ အခွန်ကိစ္စပေါ့နော်။ ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ့နော် အွန်လိုင်းပေါ်ကနေ မည်သူမဆို သူ အခွန်ဆောင်လိုတယ်၊ ကျနော်တို့က အခွန်ကို ဇွတ်ကြီး မဆောင်ခိုင်းပါဘူး။ သူတို့ ဗော်လန်တီယာပေါ့နော်။ မိမိကိုယ်တိုင်ကနေ တော်လှန်ရေးကို သက်ဝင်ယုံကြည်သူတွေအနေနဲ့ကတော့ အင်တာနက်ကိုလည်း လက်လှမ်းမှီတယ်ဆိုရင် ဒီ အင်တာနက်ကနေ ဝက်ဆိုက်ကလေးကို သူဝင်ကြည့်မယ်။ ဝင်ကြည့်ပြီးရင် သူ့အနေနဲ့က အီးမေးလ်လေး တခုပဲ လိုပါတယ်။ အဲဒီ အီးမေးလ်ကလည်း သူသုံးနေကျ အီးမေးလ်ဖြစ်စရာ မလိုပါဘူး။ အခွန်ဆောင်မယ်လို့စိတ်ကူးပေါက်တော့မှ သူ ထပြီး အီးမေးလ်အသစ်တခု ဖန်တီးပြီး ကျနော်တို့ဆီ အဲဒီအီးမေးလ်နဲ့ လာဆက်သွယ်ရုံပါပဲ။
ဆက်သွယ်တဲ့အခါလည်း သူ့အနေနဲ့က နာမည်အရင်းတွေ ပေးစရာမလိုဘူး။ သူ့ကုမ္ပဏီနဲ့ သူ့စီးပွားရေးလုပ်ငန်းနာမည်တွေလည်း သူပေးချင်ရင်လည်း ပေးလို့ရတယ်။ မပေးချင်ရင်လည်း မပေးလို့ရတယ်။ ဒါက သူ့သဘောပါ။ သူ့ရဲ့ လုံခြုံရေးကို ချင့်ချိန်ပြီး သူ့အနေနဲ့ အချက်အလက် နာမည်အမှန်တွေမသုံးဘဲနဲ့ ဒီအီးမေးလ်နဲ့ပဲ ကျနော်တို့နဲ့ ဆက်သွယ်မယ်။ ဆက်သွယ်ပြီးတဲ့အခါ ကျနော်တို့ NUG အစိုးရရဲ့ ဒီ ဘဏ်အကောင့်ကို လွှဲပေးပါဆိုပြီး ကျနော်တို့က အဲဒီ အီးမေးလ်ကို ပြန်ပို့လိုက်တာပဲ။
သူကိုယ်တိုင်က ဘယ်သူ့ကိုမှ ဖွင့်မပြောရင် သူ အခွန်ဆောင်ထားတယ်ဆိုတာ ဘယ်သူမှ သိမှာ မဟုတ်ပါဘူး။ ဒါကို လုံလုံခြုံခြုံနဲ့ သူ စိတ်ချ လက်ချ အခွန်ဆောင်လို့ ရပါတယ်။
ပြန်ပို့တဲ့အပေါ် သူကနေပြီးတော့ ကိုယ်ဘယ်လောက် (အခွန်) ဆောင်မလဲဆိုတာကို ကိုယ့်ဘာကို ချင့်ချိန်တွက်ချက်ပြီးတော့ ဥပမာ ဒေါ်လာ ၅၀၀ ဆောင်မလား၊ ၁၀၀၀ ဆောင်မလား၊ ၅၀၀၀ ဆောင်မလားဆိုတာ သူဟာသူ ဆုံးဖြတ်ပါ။ ဆုံးဖြတ်ပီးတော့ အဲဒီဘဏ်အကောင့်ကို အဆင်ပြေတဲ့ နည်းလမ်းနဲ့ ပြည်ပရောက်နေတဲ့ ကျနော်တို့ နိုင်ငံသားတွေအနေနဲ့က သူတို့အဆင်ပြေတဲ့ နည်းလမ်းနဲ့ ဒီ ဘဏ်ကို ပို့လို့ရတယ်။
ပြည်တွင်းက လုပ်ငန်းရှင်တွေ စီးပွားရေးသမားတွေ ကျနော်တို့ကို အခွန်ဆောင်လိုတဲ့ အခွန်ထမ်း ပြည်သူတွေကတော့ ပြည်ပမှာ ရှိနေတဲ့ သူတို့ရဲ့ မိတ်ဆွေ တွေနဲ့ ချိတ်ဆက်ပြီး ကျနော်တို့ရဲ့ဘဏ်အကောင့်ထဲကို ဒီ ပိုက်ဆံကို လှမ်းထည့်လို့ရပါတယ်။ အခွန်ငွေကို ပေးဆောင်လို့ရတယ်။ ပေးဆောင်ပြီးကြောင်း သူ အထောက်အထားပြတာနဲ့ ဒီအခွန်ထမ်းပြည်သူကို ကျနော်တို့က unique tax ID (သီးသန့်အခွန်ဆောင်ပြီးကြောင်းနံပါတ်) တခု ထုတ်ပေးသွားမှာ ဖြစ်တယ်။ သီးသန့်ပါ။ သူတယောက်တည်းပဲ ရှိတဲ့နံပါတ်။ သူလိုနံပါတ်မျိုး ၂ ခု မရှိပါဘူး။ အဲဒီ နံပါတ်ကို သိမ်းဆည်းထားရုံပါပဲ။
ဒီလုပ်ငန်းစဉ်မှာ အခွန်ထမ်းတဲ့ ကာယကံရှင် ပြည်သူက သူတယောက်တည်းပဲ သိတဲ့ နံပါတ်နဲ့ သူတယောက်တည်းပဲ ကျနော်တို့နဲ့ ချိတ်ဆက်ဆောင်ရွက်ခွင့်ပေးထားတာ ဖြစ်ပါတယ်။ သူကိုယ်တိုင်က ဘယ်သူ့ကိုမှ ဖွင့်မပြောရင် သူ အခွန်ဆောင်ထားတယ်ဆိုတာ ဘယ်သူမှ သိမှာ မဟုတ်ပါဘူး။ ဒါကို လုံလုံခြုံခြုံနဲ့ သူ စိတ်ချ လက်ချ အခွန်ဆောင်လို့ ရပါတယ်။
ပြီးတဲ့အခါ ကျနော်တို့ဘက်ကနေ သူ့ကို အသိအမှတ်ပြုထားတဲ့ Taxpayer ID ကို သူသိမ်းထားရင် တော်လှန်ရေးပြီးတဲ့အခါ ဒီ ID နဲ့ပြန်ပြပြီး အဲဒီတုန်းက အခွန်ဆောင်ခဲ့တာ သူပါပဲ။ သူ့လုပ်ငန်းကတော့ ဒါပါပေါ့နော်။ သူအနေနဲ့ အဲ့တုန်းက ဆောင်ခဲ့တာ ဘယ်လောက်ရှိပါတယ်ဆိုတာ (ပြောလို့ရတယ်။) ကျနော်တို့ဆီမှာလည်း record (မှတ်တမ်း) ရှိပါတယ်။ တိုက်ကြည့်ပြီးတဲ့အခါ အဲဒီချိန်ကျ ကျနော်တို့အစိုးရအနေနဲ့ သူ့ကို အထူးအခွန်သက်သာခွင့် ပေးသွားမယ်။
နောက်တခုက တိုင်းပြည် ပြန်လည် တည်ဆောက်ရေးနဲ့ စပ်လျဉ်းပြီး ဒီကာလမှာ အခွန်ဆောင်ခဲ့တဲ့သူနဲ့ မဆောင်ခဲ့တဲ့သူနဲ့ကို အလိုလို ခွဲခြားပြီးသားလည်း ဖြစ်သွားမယ်။ ပီးတော့ တိုင်းပြည်ကို ပြန်လည်ထူထောင်တဲ့ကာလမှာ ဒီကာလမှာ တာဝန်ကျေခဲ့တဲ့ အခွန်ထမ်း ပြည်သူတွေနဲ့အတူ ကျနော်တို့ ကြိုးစားပြီး အတူတကွ လက်တွဲဆောင်ရွက်သွားမယ်။ သူတို့ရဲ့ အကျိုးစီးပွားကိုလည်း ကျနော်တို့ အထူးအလေးထားပြီး စဉ်းစားပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူတို့အနေနဲ့ ယုံယုံကြည်ကြည် ဆောင်ရွက်လို့ ရပါတယ်။
ခုနတုန်းက digital security (ဒစ်ဂျစ်တယ်လုံခြုံရေး) နဲ့ပတ်သက်ပြီး သူတို့အနေနဲ့ သိပ်ပြီးတော့ စိုးရိမ်စရာ မရှိပါဘူး။ အလားတူပဲ bond ဆိုရင်လည်း အခွန်သဘာဝနဲ့ သိပ်ပြီး ကွာမှာ မဟုတ်ပါဘူး။ ကာယကံရှင်များအနေနဲ့ bond ဝယ်ထားတယ်ဆိုတာ သူကိုယ်တိုင် မပြောလို့ရှိရင် ဘယ်သူမှတော့ သိမှာ မဟုတ်ပါဘူး။ ကျနော်တို့ဘက်ကတော့ ငွေတိုက်စာချုပ်တို့ ဘာတို့ကို ခုန ပြောခဲ့တဲ့ပုံစံအတိုင်း သူ့ကို ဒီကာလမှာ မှတ်တမ်းမှတ်ရာတွေနဲ့ အထောက်အထား အနေနဲ့ ပြန်လည် ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
You may also like these stories:
NUG ရံပုံငွေနည်းလမ်း နှစ်ခု နိုင်ငံတကာရောက် မြန်မာများနှင့်ဆွေးနွေး
ကျပ်ငွေ တန်ဖိုး ဆက်တိုက်ကျ စက်သုံးဆီဈေးနှုန်း နှစ်ဆကျော် မြင့်လာ
အခြေခံကုန်ပစ္စည်း ဈေးနှုန်းများ ထိုးတက်လာနေ
NUG နဲ့ NLD အကြား သဘောထားကွဲနေသလား