နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဏာသိမ်း စစ်ကောင်စီက တရားစွဲဆိုမှု ၁၀ ခုကျော် ပြု လုပ်ထားရာမှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ စွဲဆိုထားမှုက ၅ မှု ပါဝင်နေပါတယ်။
အဂတိ လိုက်စားမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစု ကြည်ကို ရွှေ ၇ ပိဿာနဲ့ ဒေါ်လာ ၆ သိန်းပေးခဲ့တယ်ဆိုတဲ့ အမှုကတော့ လူစိတ်ဝင်စားမှု အများဆုံးဖြစ်ပြီး ဦးဖြိုးမင်းသိန်း ကိုယ်တိုင်လည်း တရားခွင်မှာ ထွက်ဆိုချက်ပေးခဲ့ပြီး ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒီအမှုတွေကို နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်မှာရှိတဲ့ အထူးသီးသန့်တရားရုံးမှာပဲ စစ်ဆေးနေတာဖြစ်ပြီး လက်ရှိအမှုရဲ့ ပေါ်ပေါက်ချက်တွေ၊ စစ်ဆေးနေတဲ့ အခြေအနေတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းနဲ့ မေးမြန်းထားပါတယ်။
မေး။ ။ အောက်တိုဘာ ၈ ရက် တရားခွင်အတွင်းမှာ ဦးဖြိုးမင်းသိန်းအပေါ် အပြန်အလှန် စစ်မေးခဲ့တဲ့ အခြေအနေလေး ပြောပြပေးပါဦး ခင်ဗျာ။
ဖြေ။ ။ ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်ပေးတဲ့ အနေနဲ့ ရွှေ ၇ ပိဿာနဲ့ ဒေါ်လာ ၆ သိန်းကို သုံးကြိမ် ခွဲ ပေးတယ်ဆိုတဲ့ဟာ ဦးဖြိုးမင်းသိန်းကို ပြန်လှန်မေးခွန်း မေးရတာပေါ့။ မေးတော့ သူကလည်း ငြင်းမှာပဲဆိုတော့ သူ့ကို လည်း သိပ်တော့ ဖိအားလည်း မပေးပါဘူး။ သူက ပါတီ CEC ထဲမှာ ပါတယ်၊ ဝန်ကြီးချုပ်လည်း ဖြစ်တယ်။ ဒေါ်အောင် ဆန်းစုကြည်ကအစ၊ သမ္မတ ဦးဝင်းမြင့်တို့ရော CEC တွေ ဝန်ကြီးချုပ်တွေကို ဖမ်းဆီး တရားစွဲထားပြီးတော့ သူ့ကျတော့ တရားမစွဲဘူး ဆိုတာ ဟုတ်လားဆိုတော့ “ဟုတ်တယ်” လို့ သူဖြေပါတယ်။ အခုလဲ စစ်ကြောရေး စခန်းမှာ ထားတာ။ ၈ လ၊ ၉ လလောက်ရှိပြီပေါ့လို့ အမှန်အတိုင်း သူဖြေပါတယ်။
နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပေးတဲ့ ရက်စွဲတွေလည်း သူ မမှတ်မိဘူး၊ နှစ်နဲ့လတော့ သူပြောနိုင်တယ်။ သူသုံး ကြိမ်ခွဲပြီး ပေးခဲ့တယ်ဆိုတဲ့ ဒီရွှေတွေဒေါ်လာတွေကို စစ်ဆေးရေးအဖွဲ့က ရှာဖွေတွေ့ရှိပြီးတော့ သက်သေခံအဖြစ် တင်တာ မရှိဘူး ဆိုတာလည်း သူသိတယ်လို့ ပြောတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီဝန်ကြီးချုပ်တွေက ကျမနဲ့ အစည်းအဝေးတွေ ဘာတွေ ဘာမှလုပ်စရာ အကြောင်း လည်း မရှိဘူးတဲ့၊ ဝန်ကြီးချုပ်တွေနဲ့လည်း အစည်းအဝေး မလုပ်ပါဘူးတဲ့။ အဲဒါကြောင့် ကျမအနေနဲ့က သူ့ဆီက လာဘ် လာဘတွေ ယူစရာ အကြောင်းလဲ မရှိပါဘူး။ သူကလည်း ပေးစရာ အကြောင်းလည်းမရှိဘူး၊ ကျမကလည်း ဒါကို လက်ခံ စရာအကြောင်းလည်း မရှိပါဘူးတဲ့။ ဆိုတော့ ဒါက ဥပဒေ ပြဿနာဖြစ်လာတော့ တရားခွင်မှာပဲ သူ့ကို (ဦးဖြိုးမင်းသိန်း) မေးတယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၅-ခ အရ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို သမ္မတက ခန့်ရတာ ဟုတ်သလားဆိုတော့ “ဟုတ်တယ်” တဲ့။ နောက်ပြီး ဦးဖြိုးမင်းသိန်းတို့လို ဝန်ကြီးချုပ်တွေက သမ္မတကို တာဝန်ခံရတာလား ဆိုတော့ “ဟုတ် တယ်” လို့ ဖြေတယ်။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်က၂၀၁၆ ခုနှစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ အရ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ခန့်အပ်ခံထားရတာပါ။ သူ့ရဲ့ လုပ်ဆောင်ချက်တာဝန်က ဒီမိုကရေစီ ထွန်းကား ရေး၊ ဈေးကွက်စီးပွားရေး အောင်မြင်ရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် ပေါ်ပေါက်လာရေး၊ ဒီလေးခုပဲ ရှိ တာလေ။
တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ သူနဲ့ဘာမှ မပတ်သက်ဘူး။ သဘောက လုပ်ငန်းချင်းက မတူဘူ၊ ဒီနေရာမှာ သူ့ (ဦးဖြိုး မင်းသိန်း) အပေါ်မှာ ဩဇာ သွားလွှမ်းပြီးတော့မှ ဘာမှယူစရာ အကြောင်းလည်းမရှိဘူး။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ရဲ့သဘောက ကိုယ်လုပ်ပိုင်ခွင့် အာဏာကို အသုံးပြုပြီးမှ တံစိုး လက်ဆောင်ကို ရယူတာ၊ အဲဒီလို ပြဋ္ဌာန်း ထားတာ၊ အဲဒီတော့ ပုဒ်မ ၅၅ နဲ့က မငြိဘူး ဆိုတာကို ပေါ်အောင် မေးရတာပေါ့။
မေး။ ။ တရားခွင်ကို ဒုတိယအကြိမ်အနေနဲ့ ရောက်လာတဲ့ ဦးဖြိုးမင်းသိန်းရဲ့ အနေအထားကိုရော ဘယ်လို တွေ့ရလဲ။
ဖြေ။ ။ ဟိုတနေ့က စစချင်း စစ်တဲ့နေ့က ပုံစံပါပဲ။ ရှေ့နေတွေကိုလည်း မကြည့်ဘူး၊ ဘယ်မှလည်း မကြည့်ဘူး၊ ဖြေရင် လည်း ခပ်တိုးတိုးပဲ၊ ကိုယ်တောင် မနည်း နားထောင်ရတယ်၊ မေးရင် ဟုတ်ရင် ဟုတ်တယ်၊ မဟုတ်ရင် မဟုတ်ဘူး၊ အဲဒါပဲ ပြောတယ်။ တခုတော့ ထပ်မေးတာ ရှိသေးတယ်၊ ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းစာ ရှင်းလင်းပွဲမှာ ဦးဖြိုးမင်းသိန်းက ရွှေ ၇ ပိဿာနဲ့ ဒေါ်လာ ၆ သိန်းပေးတယ်ဆိုတာကို အရုပ်နဲ့ အသံနဲ့ ဗီဒီယိုဖိုင် ပြတယ်လို့၊ အဲဒီမှာ ထွက်တဲ့အသံနဲ့ ဦးဖြိုး မင်းသိန်း ပါးစပ်လှုပ်တာနဲ့ မကိုက်ဘူးလို့ ပြည်သူတွေ တော်တော်များများက ပြောကြတယ်၊ အဲဒါ သိလားဆိုတော့ “မသိ ဘူး” တဲ့။ အဲဒီတုန်းက ထွက်ဆိုချက်ကို အခု ရုံးမှာ လာထွက်ဆိုတာပဲ၊ အဲဒီအတိုင်းပဲလို့ သူ့ကို ပြောလိုက်တယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်က ဒီအမှုနဲ့ ပတ်သက်ပြီး ဘာတွေများ ပြောထားတာ ရှိပါသေးလဲ။
ဖြေ။ ။ သူက ရှေ့နေတွေကို ဘယ်လို မေးပါတို့၊ ဘယ်လို စမ်းပါတို့ ဆိုတာမျိုး ပြောလေ့ပြောထ မရှိဘူး။ ရှေ့နေတွေရဲ့ လုပ်ငန်းကို သူ မစွက်ဖက်ဘူး။ ဥက္ကဋ္ဌ (ဒေါ်အောင်ဆန်းစုကြည်)ကို သူ (ဦးဖြိုးမင်းသိန်း) က ပေးတယ်ဆိုတာ ဟုတ်လား ဆိုတော့ “မပေးဘူး” တဲ့ ဒါပဲ။ ကျမကို သူမပေးဘူး၊ ကျမလည်း ယူစရာ အကြောင်းလည်း မရှိဘူးတဲ့။ ဒါကြောင့်မို့လို့သူက အဓိပ္ပာယ် မရှိဘူးလို့ ပြောတာပေါ့။
မေး။ ။ အဂတိမှု မမှန်တိုင်ကြားရင် တရားပြန်စွဲလို့ ရတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြုတယ် ဆိုတာက ရော။
ဖြေ။ ။ သူက မှတ်ချက်ပေးပြီးတော့ ပြောတာမျိုးတော့ မဟုတ်ပါဘူး။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၉ မှာက မဟုတ်မမှန် လုပ်ကြံ တိုင်ကြားရင်တော့ တိုင်ကြားတဲ့သူကို တရားစွဲလို့ ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူလည်း ဥပဒေတွေကို သိရင်သိထားတဲ့သူ ဆိုတော့ “မဟုတ်မမှန်ပြောလို့ရှိရင် တရားစွဲလို့ ရတာပေါ့နော်” လို့ သူက ပြောတာ။ သူလည်း နိုင်ငံရေးသမား၊ နိုင်ငံ့ ခေါင်းဆောင်တယောက်ပဲ၊ မဟုတ်မမှန် ပြောတယ်ဆိုရင်တော့ သက်သေခံမှ မဝင်ဘဲ၊ ဒါက လူတိုင်း သိနေတာပဲ။
မေး။ ။ တရားခွင်မှာ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အနေအထားကရော ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ သူကတော့ စိတ်ဝင်တစား ရှိတယ်။ ရွှင်ရွှင်လန်းလန်း ရှိတယ်၊ ရှေ့နေတွေနဲ့ စကားတွေ ပြောနေကြတာပဲ၊ ပြီးတဲ့အ ခါမှာလည်း မတ်တပ်ရပ်ပြီး ရှေ့နေတွေနဲ့ နှုတ်ဆက်၊ စကားပြောတာပါပဲ။
မေး။ ။ ရုံးထုတ်မှာ ဒေါ်အောင်ဆန်းစုကြည်အပြင် ဘယ်သူတွေ ပါသေးလဲ။
ဖြေ။ ။ ရုံးထုတ်တာက ဒေါ်အောင်ဆန်းစုကြည်အပြင် ဒေါက်တာ မျိုးအောင်၊ ဦးရဲမင်းဦး၊ ဦးမင်းသူတို့ ပါတယ်။ သူတို့ အား လုံးပေါင်းပြီး အဂတိ လိုက်စားမှုနဲ့ စွဲဆိုထားတဲ့အမှုက ၄ မှု ရှိတာကိုး။ ဦးဖြိုးမင်းသိန်း ပေးတယ်ဆိုတာ တမှု၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း လရောင်တော စီမံကိန်းမှာ ဧည့်ဂေဟာပုံစံ အဆောက်အဦး ဆောက်တာက တမှု၊ လရောင်တော စီမံကိန်း မြေနေရာ ဝယ်တဲ့ကိစ္စမှာ ၁ ဧကကို ကျပ်သိန်း ၅၀ နဲ့ ဝယ်တဲ့ကိစ္စပေါ့ တမှု၊ နောက်ပြီး နေပြည်တော်စည်ပင်က ဂရန် ချပေး တဲ့ ကိစ္စတွေပေါ့။ အဲဒီအမှုတွေနဲ့ ပတ်သက်ပြီး တရားလို အမှုစစ်ဖြစ်တဲ့ ဦးရဲထက်ကို ထပ်စစ်တာပေါ့။ သူက အဂတိ ကော်မရှင်က ခန့်ထားတဲ့ အမှုစစ် အရာရှိ။
မေး။ ။ ဦးရဲထက်ကို စစ်မေးတဲ့နေရာမှာ ဘယ်လို ထူးခြားချက်တွေများ တွေ့ရှိရတာ ရှိပါသေးလဲ။
မေး ။ ။ တရားလို အဂတိကော်မရှင်အဖွဲ့ဝင် ဦးရဲထက်ကို စစ်တာက သူ့ကို ပြန်လှန်မေးခွန်းမေးတာ မပြီးသေးဘူး။ ဦးရဲ ထက်က သက်သေတွေကို စစ်ပြီးတော့ သူကိုယ်တိုင် သိထားတာ မဟုတ်ဘဲ စစ်ထားလို့ သိထားတဲ့ တဆင့်ကြားသက် သေခံချက်တွေကို ဘယ်သူက ဘယ်လိုပြောပါတယ်ဆိုပြီး သူက ဆောင်းပါးလိုလို ရေးထားပြီး ထွက်ဆိုသွားတာ။ သက် သေတွေ က လာမထွက်သေးဘူး၊ သူက အကုန်လုံး ကျုံးပြီး ထွက်ဆိုနေတာ။
အဲဒီတော့ ကိုယ်တို့ဘက်က ရှေ့နေတွေက ကန့်ကွက်တာပေါ့။ သက်သေခံ ပုဒ်မ ၆၀ အရ သက်သေခံချက်တွေက တိုက် ရိုက် ဖြစ်ရမယ်။ ကိုယ်တိုင်သိတာ၊ ကြားတာ၊ မြင်တာ၊ ကိုယ့်အာရုံနဲ့ ထိတွေ့တာ၊ အဲဒါမှ သက်သေခံ ဝင်တာ၊ အခုက ကိုယ် လည်း ဘာမှမသိဘူး၊ သူများတွေ ပြောတာကို လိုက်စစ်ဆေးပြီးတော့ အရင်တုန်းက ဖြစ်တာတွေကို အခုစစ်ဆေးပြီး ဒါကို လုပ်တာ။ နောက်ပြီးတော့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ကလည်း ဖျက်ပစ်လိုက်ပြီးတော့ အခုက အသစ်ကြီး ဖွဲ့ ထားတာ။
မေး။ ။ လက်ရှိမှာ အဂတိမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဘယ်သူတွေကို စစ်ဆေးပြီးပြီလဲ။
ဖြေ။ ။ အခုကတော့ ဦးဖြိုးမင်းသိန်းကို စစ်တယ်၊ တရားလို အမှုစစ် ဦးရဲထက်ကို စစ်တယ်၊ သူက မပြီးသေးဘူး၊ နောက် ပြီး ကိုဇေယျာလင်း ဆိုတာ လရောင်တော စီမံကိန်းထဲက အိမ်ရာပုံစံ အဆောက်အဦး ဆောက်တဲ့ အင်ဂျင်နီယာကို စစ် တယ်၊ တခြား တရားလို သက်သေတွေတော့ ကျန်ပါသေးတယ်။ လာမယ့် ရုံးချိန်းကတော့ အောက်တိုဘာ ၁၅ ရက်မှာ ပြန်ချိန်းထားတယ်။
မေး။ ။ လတ်တလော အမှုစစ်ဆေးတဲ့ အခြေအနေတွေကို ရှေ့နေတယောက်အနေနဲ့ ကျေနပ်မှု ရှိလား။
ဖြေ။ ။ ကောင်းပါတယ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆိုတာက ပေးတယ်ဆိုတဲ့ သတင်းတွေ ကျော်ဇောနေတယ် ဆို ရင် တိုင်ကြားစာဆိုတာ ရှိရမယ်။ ဒါကြောင့်မို့လို့ အမှုစစ်အရာရှိကို မေးလိုက်တာ။ ၁.၂.၂၀၂၁ နေ့ကပဲဖြစ်ဖြစ်၊ အဲဒီမတိုင် ခင်က လွန်ခဲ့တဲ့ လေး၊ ငါးနှစ်က ဒေါ်အောင်ဆန်းစုကြည် လာဘ်စားပါတယ်လို့ တိုင်ကြားစာ ရှိလား။ လျှောက်ထားချက် တွေ ရှိလား။ ရှိမှ ဥပဒေ ပုဒ်မ ၁၀ အရ အဲဒါတွေကို စုစည်းပြီးတော့ ကော်မရှင် ဥက္ကဋ္ဌကို တင်ပြပြီးတော့မှ တရားစွဲရမှာ၊ အခုအဲဒါ မရှိဘူး။ တိုင်တဲ့သူ မရှိဘူး။ အခုမှ ဦးဖြိုးမင်းသိန်းကို ဖမ်းထားပြီးတော့မှ ဦးဖြိုးမင်းသိန်းက ပြောတာနဲ့ သူက စွဲ တာ။ ဒါကိုခွဲခြားပြီးတော့ မေးထားတာပါ။
အဂတိလိုက်စားမှု ဆိုတာက အရာရှိတွေ၊ ဝန်ကြီးတွေ၊ သမ္မတတွေ၊ ညွှန်မှူးတွေ၊ ဌာနဆိုင်ရာ အရာရှိတွေ လာဘ်စားနေ တယ်ဆိုရင် သူတို့လစာနဲ့ နှိုင်းယှဉ်ပြီး တိုက်တွေ ကားတွေ၊ ချမ်းသာနေတာတွေ ဘယ်လို အဓိပ္ပာယ် ရှိမလဲ။ အဲဒီလို သတင်းတွေ ကျော်ဇောနေတယ်ဆို တိုင်တဲ့သူရှိရင် ကော်မရှင်က စစ်ဆေးပြီး လာဘ်စားပြီး ဆောက်ထားတဲ့ တိုက်ရှိ ရင်သိမ်း၊ သက်သေခံတင်၊ အဲဒီလို လုပ်ရတာလေ။ ဘဏ်စာအုပ်တွေဆိုလည်း ပိတ်ထားလိုက်တာလေ။
အခုက ဘာအထောက်အထားမှ မရှိဘူး။ ဒါမျိုးက ပေးတာမှန်ရင် ပြေးမလွတ်ဘူး၊ အခု ဒေါ်အောင်ဆန်းစုကြည်မှာ ဘာမှ မရှိတာ။ သူ စားဖို့သောက်ဖို့တောင် ကျနော်တို့က ရှာပေးရတာ။ စစချင်း ရုံးထုတ်တုန်းကတောင် မှတ်မိကြတယ်မို့လား။ အခုက အမှု တည်ဆောက်ပြီးလို့ တရားရုံး တင်လိုက်တာတောင် သက်သေခံပစ္စည်း မရှိဘူး။ အရင်ကဆို ကားတွေ၊ တိုက်တွေ၊ ဘဏ်စာအုပ်ထဲက ပိုက်ဆံတွေ၊ ရွှေတွေ အကုန်သက်သေခံ တင်တာ၊ အကုန်သိမ်းတာ။
မေး။ ။ လတ်တလော စစ်ဆေးနေတဲ့ အမှုနဲ့ပတ်သက်ပြီး ဘာများ ပြောချင်တာ ရှိပါသေးလဲ။
ဖြေ။ ။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ အခု စွဲဆိုထားတဲ့ အဂတိမှုရဲ့လုပ်ထုံးလုပ်နည်းတွေအရ ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်က ငြိစွန်းမှု မရှိဘူးပေါ့။ နှုတ်သက်သေခံချက်တွေပဲ ရှိတယ်လေ၊ နှုတ်သက်သေခံချက်က ပေးပါ တယ်လို့ ဦးဖြိုးမင်းသိန်းတယောက်ပဲ ပြောတာပဲ ရှိတယ်။ ဦးဖြိုးမင်းသိန်း ကိုယ်၌က ဘယ်လို သက်သေမျိုးလဲဆိုတာ သူ့ကို မေးပြီး ပြီလေ။ အကုန်လုံးကတော့ သိပ်ပြီးပြောလို့ မရသေးပါဘူး။
မေး။ ။ နောက်ဆုံးကတော့ ရန်ကုန်တိုင်း တရားလွှတ်တော်မှာလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုထားတာ ရှိတယ်လို့ သိရပါတယ်၊ အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လိုရှိပါသလဲ။
မေး။ ။ ရန်ကုန်တိုင်း တရားလွှတ်တော်မှာ စွဲထားတဲ့အမှုက ဗဟန်း ရဲစခန်းမှာ အမှုဖွင့်ထားတာပေါ့။ ဒီအမှုက တက္ကသိုလ် ရိပ်သာလမ်းက ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းရုံး နေရာနဲ့ ပတ်သက်တာပေါ့။ အခုတော့ အမှုက ပြည်ထောင်စု တရားလွှတ် တော်ချုပ်က အမှုတွဲ တောင်းသွားပြီး၊ အဲဒီမှာပဲ ကြားနာပြီးတော့ အမိန့်ချပေးမှာပေါ့။ ဘယ်လိုမျိုး ဆက်ပြီး စစ်ဆေးသွား မယ်ဆိုတာ အမိန့်ချမှာပေါ့။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် လာဘ်စားကြောင်း ဦးဖြိုးမင်းသိန်း ထွက်ချက်ပေးတဲ့အခါ
ပုဒ်မ ၅၀၅-ခ စွပ်စွဲချက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ခုခံချေပမည်
ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ရန် Asean အထူးသံတမန်၏တောင်းဆိုမှု ငြင်းပယ်ခံရ
ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချ