သတင်းသမားတွေ ငြိမ်းချမ်းရေး နိုဗယ်ဆု ရတဲ့အပေါ် မြန်မာသတင်းစာဆရာများ အမြင်

ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဖိလစ်ပိုင် သတင်းသမား မာရီယာ ရက်ဆာနှင့် ရုရှားသတင်းသမား ဒီမီထရီ မူရာတော့တို့ ပူးတွဲ ရရှိကြောင်း နော်ဝေး နိုဘယ်ကော်မတီက အောက်တိုဘာလ ၈ ရက်က ကြေညာခဲ့သည်။

Rappler သတင်းဝက်ဘ်ဆိုက်ကို ဦးဆောင်သူဖြစ်သည့် ရက်ဆာနှင့် Novaya Gazeta သတင်းစာ၏ အယ်ဒီတာချုပ် ဖြစ်သူ မူရာတော့တို့သည် ဒီမိုကရေစီနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် လိုအပ်ချက်ဖြစ်သော လွတ်လပ်စွာ ထုတ်ဖော် ပြာဆိုခွင့်ကို ကာကွယ်စောင့်ရှောက်ရန် ၎င်းတို့နှစ်ဦး၏ အားထုတ်မှုများအတွက် အသိအမှတ်ပြုခြင်းဖြစ်ကြောင်း သိရ သည်။

ထိုကဲ့သို့ သတင်းသမားများ ငြိမ်းချမ်းရေး ဆုရရှိသည်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံက သတင်းသမားများ၏ သဘောထား အမြင်များအပြင် စစ်ကောင်စီ လက်အောက်တွင် ရှိနေသည့် သတင်း လွတ်လပ်ခွင့် အခြေအနေများနှင့် ပတ်သက်ပြီး သတင်းစာ ဆရာများ၏ သဘောထား သုံးသပ်ချက်များကို ဖော်ပြလိုက်ပါသည်။

ဒေါ်တင်ထားဆွေ
ဘီဘီစီမြန်မာပိုင်း ဌာနမှူးဟောင်း

နိုဗယ် ငြိမ်းချမ်းရေးဆုရွေးချယ် ကော်မတီကနေ ဒီနှစ်အတွက် သတင်းထောက် နှစ်ယောက်ကို ကမ္ဘာ့ငြိမ်းချမ်းရေးဆု ပေးလိုက်တယ်။ ဒါဟာ ထူးခြားတယ်လို့ ထင်တယ်။ စိတ်ထဲမှာ ဘာကြောင့်လဲဆိုရင် ကျမရဲ့ တသက်တာမှာ တခါမှ သတင်းထောက်တွေကို ဆုချီးမြှင့်တာ မကြုံဖူးဘူး။ သတင်းထောက် နှစ်ယောက်ကို ကမ္ဘာ့ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက် တယ်ဆိုကတည်းက သတင်းထောက်တွေရဲ့ အခန်းကဏ္ဍဟာ ကမ္ဘာ့ငြိမ်းချမ်းရေး တည်ဆောက်တဲ့အခါမှာ ဘယ်လောက် အရေးကြီးလည်း ဆိုတာကို ဖော်ပြလိုက်တာပဲ။

အမေရိကန်လို ဒီမိုကရေစီ နိုင်ငံကြီးမှာတောင် သတင်းထောက်တွေဟာ မလုံခြုံဘူး။ သတင်းထောက်တွေဟာ အန္တရာယ် တွေနဲ့ ရင်ဆိုင်နေကြရတယ်။ သတင်းထောက်တွေကို တိုက်ခိုက်တာတွေ ဖြစ်လာတယ်။ ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ တောင် သတင်းထောက်တွေရဲ့ လုံခြုံမှုဟာ မေးခွန်း ထုတ်စရာ ဖြစ်လာတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် အုပ်ချုပ်တဲ့ အစိုးရတွေက နေပြီးတော့ သတင်းထောက်တွေကို လေးစားမှု မရှိတော့တဲ့ အတွက် ဖြစ်တယ်။

ဒေါ်တင်ထားဆွေ

ဒီလို ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုကို သတင်းထောက်နှစ်ယောက်ကို ပေးလိုက်တာကို သတင်းထောက်တယောက်ဖြစ်တဲ့ ကျမအနေဖြင့် အင်မတန် ဝမ်းသာတယ်။ သတင်းထောက်တွေရဲ့ အခန်းကဏ္ဍက လိုအပ်တယ်၊ အရေးကြီးတယ်။ သတင်း ထောက်တွေဘက်ကလည်း အာဏာရှင်တွေ ဘယ်လောက်ပဲ နှိပ်ကွပ် နှိပ်ကွပ် သတ္တိရှိတဲ့ သတင်းထောက်၊ ယုံကြည် ချက်ရှိတဲ့ သတင်းထောက်တွေက ဆက်ရှိနေမှာပဲ။ သူတို့ရဲ့လုပ်စရာရှိတာတွေ၊ သတင်းအလုပ်တွေကို ဆက်လုပ်နေမှာပဲ။

မြန်မာပြည်မှာလည်း စစ်အာဏာရှင်ရဲ့ ထုံးစံအတိုင်း ဥပဒေရဲ့ အထက်ကနေပြီးတော့ တရားဥပဒေစိုးမိုးမှုကို လုံးဝ ပျက် သုဉ်းအောင် လုပ်နေတာ အဲဒီတော့ သတင်းထောက်တွေကလည်း သူတို့က ဖြစ်ရပ်မှန်ကို ဖော်ထုတ်တာ၊ အခြေအနေ မှန်ကို တင်ပြတာ၊ အာဏာရှိတဲ့သူတွေက အာဏာကို အလွဲသုံးနေတာတွေကို ဖော်ပြရတာ ဒါသတင်းထောက်အလုပ်ပဲ။

အရင် ဦးနေဝင်း မဆလ၊ နောက် နဝတ၊ နအဖ ခေတ်တွေမှာ ဆင်ဆာဘုတ်အဖွဲ့ ရှိတယ်။ အခုခေတ်က ဆင်ဆာဘုတ် မလိုတော့ဘူး၊ ဆင်ဆာ ထပ်တောင် ပိုပြီးတော့ ဆိုးသေးတယ်။ ညမှာ အိမ်ကို ဝင်စီးတာ၊ သတင်းထောက်တွေကို ဝင်ရှာ တာ၊ ဝင်ဖမ်းတာတွေ၊ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေပေါ်မှာ သူတို့ကို ဝေဖန်ရေးသားတာမျိုးကိုတောင် လိုက်ရှာပြီး တော့ အရေးယူနေတယ်။ လက်ရှိ မြန်မာပြည်မှာက သတင်းထောက်တွေက သူတို့အလုပ်ကို လုပ်လို့ကို မရတော့ဘူး။ အာဏာရှင်နိုင်ငံတွေ၊ စစ်အာဏာရှင်ပဲ ပြောပြော အာဏာရှင်နိုင်ငံတွေကို ကြည့်လိုက်မယ်ဆိုရင် အာဏာရှင်စနစ် ကြီး စိုးနေသရွေ့သတင်းလွတ်လပ်ခွင့် ဆိုတာ ရှိကို မရှိဘူး။ သတင်း လွတ်လပ်ခွင့်ကိုလည်း ပေးကို မပေးဘူး။

ဦးစိန်ဝင်း
မဇ္ဈိမ သတင်းဌာန- အုပ်ချုပ်မှုအယ်ဒီတာ (Managing Editor)

ငြိမ်းချမ်းရေး နိုဗယ်ဆုကို ဂျာနယ်လစ်တွေကို ပေးတာက ဒါပထမဆုံးလို့ ကျနော် ထင်တယ်။ ကျနော်သိသလောက်က တော့ အရင်က မရှိဖူးသေးဘူး။ နိုဗယ်ဆု ရွေးချယ်ရေးကော်မတီက ပြောသလိုပဲ သတင်းသမားတွေ၊ ဂျာနယ်လစ်တွေ အားလုံးကို ကိုယ်စားပြုတဲ့အနေနဲ့ ဒီသတင်းသမား နှစ်ယောက်ကို ပေးတဲ့အခါကျတော့ ဂျာနယ်လစ်တယောက်အနေနဲ့ အင်မတန်မှ ဝမ်းသာတယ်။

အခုလိုမျိုး ကမ္ဘာမှာရော၊ မြန်မာပြည်မှာရော ဂျာနယ်လစ်တွေ၊ သတင်းသမားတွေကို ဖိနှိပ်မှုတွေ၊ တိုက်ခိုက်မှုတွေ မြန်မာ ပြည်မှာဆိုရင် အခြေအနေ တော်တော်ဆိုးပါတယ်။ ဖမ်းဆီးတာတွေ၊ နှိပ်စက်တာတွေ ပြီးတော့ သတ်ဖြတ်တဲ့အထိ ဖြစ်လာ တယ်၊ ဖြစ်ခဲ့တာဆိုတော့ ဂျာနယ်လစ်တွေရဲ့ စွန့်လွှတ်စွန့်စားရတဲ့ဟာ၊ သတ္တိရှိမှု၊ ရဲရင့်မှုတွေကို မီးမောင်းထိုးပြတာလို့ မြင် တယ်။

ဦးစိန်ဝင်း

ကျနော်တို့ မြန်မာပြည်က သတင်းသမားတွေ အခုနေနေရတာက အမှောင်ခေတ်ပဲ။ ကိုယ့်နေအိမ်မှာ၊ ကိုယ့်ရပ်ရွာမှာ ကိုယ့်အလုပ်ကို လွတ်လွတ်လပ်လပ် လုပ်နေရတဲ့ အနေအထား လုံးဝ မရှိတော့ဘူး။ ကျနော်ဟာ သတင်းထောက် ဖြစ်ပါ တယ်။ ကျနော်ဟာ အယ်ဒီတာဖြစ်ပါတယ်၊ သတင်းသမား ဖြစ်ပါတယ် ဆိုပြီးတော့တောင် မပြောဝံ့အောင်၊ သိုသို သိပ်သိပ်နဲ့ နေနေကြရတယ်။

အာဏာသိမ်းစစ်တပ်က လွတ်လပ်တဲ့ သတင်းသမားဆိုရင် ဖမ်းမယ်၊ ခြိမ်းခြောက်မယ်၊ ပြီးရင် မင်းငါနဲ့ ပေါင်းမလားဆိုတာ လုပ်မယ်။ မရရင် ထောင်ချမယ်။ သူရပ်တည်လို့ မရအောင် လုပ်မယ်။ သူ့ (စစ်ကောင်စီ) အတွက်ကတော့ သတင်းသမား ကို လက်ခံတာ မရှိဘူး။ သတင်းလွတ်လပ်ခွင့်ကို အသိအမှတ်ပြုတာ မရှိဘူး။ ငါတို့ အာဏာသိမ်းတာကို ထောက်ခံမလား ဆိုတာပဲ ရှိတယ်။ မြန်မာပြည်ကတော့ သတင်း လွတ်လပ်ခွင့် အနေအထားကတော့ အဆိုးဆုံး အနေအထားကို ရောက်နေ တာပဲ။ အရင်လူထု ရွေးကောက်ပွဲနဲ့ တင်မြှောက်တဲ့ အစိုးရတွေ လက်ထက်မှာ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အား နည်းတာတွေရှိတယ်။ ဒါပေမယ့် ဒီကာလကတော့ လုံးလုံးအမှောင်ကျသွားတဲ့ ကာလပါပဲ။

ဒေါ်မွန်မွန်မြတ်
နိုင်ငံရေး ဆောင်းပါးရှင်

အဲဒီသတင်းကြားတော့ အများကြီး ဝမ်းသာတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာကြီးက သတင်းသမားတွေကို အသိ အမှတ် ပြုပါလားဆိုတဲ့ သတင်းသမားတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ စွမ်းဆောင်ချက်တွေကို အသိ အမှတ်ပြုတဲ့ ကမ္ဘာကြီးပါလားဆိုပြီး ဝမ်းသာတာပေါ့။ အဲဒီမှာလည်း မြန်မာပြည်မှာလည်း လက်ရှိ ပဋိပက္ခ ကာလကြီးမှာ သက်စွန့်ဆံဖျား သတင်းယူနေရတဲ့ သတင်းထောက်တွေ သူတို့ရဲ့ အင်မတန်ကြီးမားတဲ့ အခန်းကဏ္ဍကိုလည်း ပိုမြင်လာတယ်။ ဒါသည် မီဒီ ယာရဲ့ အခန်းကဏ္ဍက ငြိမ်းချမ်းရေး အတွက် အရေးပါတယ်။ မီဒီယာသည် အရေးကြီးတဲ့ အခန်း ကဏ္ဍမှာ ရှိတယ်ဆိုတာ ကို ကမ္ဘာကြီးက ပိုမြင်လာတာပေါ့။

ဒေါ်မွန်မွန်မြတ်

အခု လက်ရှိ အနေအထားကတော့ မြန်မာပြည်က သတင်းလွတ်လပ်ခွင့် ပျောက်ဆုံးသွားတဲ့ အနေအထားကို ရောက်သွား ပြီး သတင်းထောက်တွေကို ဦးတည်ပြီးတော့ ဖမ်းဆီးပြီး သတင်းလွတ်လပ်ခွင့်ကို အမှောင်ချခံရတာမျိုးကို ရောက်သွားပြီ။ တပြိုင်နက်တည်းမှာပဲ သတင်းလွတ်လပ်ခွင့် အမှောင်ချခံရတာနဲ့ အတူတူ ဥပဒေစိုးမိုးမှုလည်း ပျောက်ဆုံး သွားတယ်။ သတင်းထောက်တွေတင် မကတော့ဘူး။ ဘယ်သူ့ပဲဖြစ်ဖြစ် အချိန်မရွေး ဖမ်းဆီးနိုင်တဲ့ အနေအထားကို ရောက်သွားတယ်။

ကျန်တဲ့ တရားမျှတမှုတို့ ဥပဒေတို့လည်း ပျောက်ဆုံးသွားတယ်လို့ မြင်ရတယ်။ အင်မတန် မှောင်တဲ့ သတင်းအမှောင် ခေတ်လို့ပဲ မြင်နေတယ်။ မြေပြင်မှာ တကယ် လက်ရှိလုပ်နေတဲ့ သတင်းထောက်တွေလည်း ရှိပါတယ်။ အင်မတန် အန္တရာယ်များတော့ လူထုသတင်းသမားတွေ အပေါ်မှာပဲ မှီခိုလာရတဲ့ အနေအထားတော့ ပိုများလာတာပေါ့။ အရင်က ထက်စာရင် အဲဒါတွေကတော့ သတင်းလွတ်လပ်ခွင့်အတွက် စိုးရိမ်ရေ အမှတ် ရောက်နေပြီလို့ မြင်ပါတယ်။

ကိုဆွေဝင်း
မြန်မာနောင်း အယ်ဒီတာချုပ်

ဒီဆုရှင်နှစ်ဦးရဲ့ နိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ ရုရှားဟာ သတင်းသမားတွေအတွက် အသက်အန္တရာယ် စိုးရိမ်ရတဲ့ နိုင်ငံ တွေပဲ ဖြစ်ပါတယ်။ သတင်းသမားတွေကို နိုဘယ်ဆု ချီးမြှင့်လိုက်တယ်ဆိုတာ သတင်းစာသမိုင်းမှာ အလွန်ထူးကဲတဲ့ ဖြစ်ရပ်ပါ။ ၂၁ ရာစု လူ့အဖွဲ့အစည်း အပြောင်းအလဲတွေမှာ သတင်းသမားတွေရဲ. အခန်းကဏ္ဍဟာ ရှေးရှေးကထက်ပိုပြီး ကြီးမားလာတယ်ဆိုတာကို ဒီဖြစ်ရပ်က ပြသလိုက်တာပါပဲ။ နောက်ပြီး သတင်းသမားတွေကို အာဏာရှိသူ အများစုက ပြဿနာရှာတဲ့ လူတွေသက်သက်အဖြစ် ရှုမြင်မှုတွေကိုလည်း မဟုတ်မမှန်ကြောင်း သတိပေးလိုက်တယ်လို့ မြင်ပါတယ်။

ပြည်တွင်းမှာ မှန်မှန်ကန်ကန် သတင်းလုပ်လို့ရတဲ့ အနေအထား လုံးဝ မရှိတော့ဘူး။ စစ်ကောင်စီရဲ့ ရက်စက်သတ်ဖြတ်မှု တွေကို ပေါ်ပေါ်တင်တင် တရားဝင် ရေးမရတော့ဘူး။ သတင်းစာ ရှင်းလင်းပွဲတွေမှာတောင် မှန်မှန်ကန်ကန် မေးခွန်းတွေ မေးလို့ မရတော့တဲ့ အခြေအနေ ဖြစ်သွားပြီ။ အဆိုးဆုံးကတော့ စစ်ကောင်စီ ထုတ်ပြန်တာမှန်သမျှကို သတင်းဆိုပြီး ရေး နေရပြီ ဆိုကတည်းက သတင်းစာရဲ့ အရည်အသွေးဆိုတာ ကင်းမဲ့သွားပြီ။

ကိုဆွေဝင်း

ပြည်တွင်းက သတင်းစာ အခြေအနေကတော့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ စစ်အုပ်ချုပ်ရေးအောက်က အခြေအနေကို ပြန်ရောက်သွားပြီလို့ပဲ ပြောချင်တယ်။ စစ်တပ်ကတော့ သူနဲ့ သဟဇာတဖြစ်တဲ့ မီဒီယာတွေ၊ သူထိန်းချုပ်လို့ရတဲ့ မီဒီယာ တွေကိုတော့ ဆက်လုပ်ပိုင်ခွင့်ပေးပြီး မြန်မာပြည်မှာ သတင်းစာ လွတ်လပ်ခွင့်ရှိသေးတယ်လို့ ဆက်လက်ဝါဒဖြန့်ချိနေမှာ ပါပဲ။

နန်းဖော့ဂေ
ကရင်သတင်းဌာန KIC ဒါရိုက်တာနှင့် အယ်ဒီတာချုပ်

သတင်း မီဒီယာတွေကိုတော့ နိုင်ငံတကာက အသိအမှတ်ပြုတာ ကောင်းတယ်လို့ မြင်တာပေါ့။ ဘယ်နိုင်ငံမှာမဆို သတင်း မီဒီယာရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးတယ်လေ။ ဒီနိုင်ငံ တနိုင်ငံရဲ့ တိုးတက်မှု ဆုတ်ယုတ်မှုအပေါ်မှာလည်း ထိန်း ကျောင်းတဲ့ ယန္တရားတွေ အများကြီးထဲက တခုလို့တော့ မြင်တယ်။ ဒီယန္တရားတွေကို အကောင်အထည်ဖော်တဲ့ လူတွေကို အသိအမှတ်ပြုတယ်ဆိုတာ နောက်ပြီး သတင်းမီဒီယာ လုပ်တယ်ဆိုတာ စိတ်ပိုင်း၊ ရုပ်ပိုင်း တော်တော်လေးကို ပေးဆပ်ပြီး တော့ နှစ်မြှုပ်ပြီးတော့ လုပ်ရတယ်ဆိုတာ သတင်းမီဒီယာ သမားတိုင်း သိပါတယ်။ ဒီလို လုပ်ဆောင်နေတဲ့ လူတွေကို အသိအမှတ်ပြုပြီးတော့ ဆုပေးတဲ့ အပေါ်မှာတော့ ဂုဏ်ယူစရာတော့ ဖြစ်တာပေါ့။ ကျန်တဲ့ ကျမတို့လို့ မြန်မာနိုင်ငံက သတင်းသမားတွေ ဖြစ်စေ အာရှနိုင်ငံတွေက သတင်းသမားတွေ ဖြစ်စေ ပိုပြီးတော့ အားတက်စရာတော့ ဖြစ်တာပေါ့။

နန်းဖော့ဂေ

ဘာပဲဖြစ်ဖြစ် သတင်းမီဒီယာ လုပ်နေတယ်ဆိုတာ ကိုယ့်ရဲ့ ခံယူချက် လုပ်နေကြတယ်။ အများပြည်သူအတွက် ရပ် တည်ပြီး လုပ်နေကြတယ်ဆိုတော့ ဒီလိုမျိုး ဆုတွေ ချီးမြှင့်ခံရတဲ့ လူတွေအတွက် ဂုဏ်ယူသလို မီဒီယာကို အသိအမှတ် ပြုတယ် မီဒီယာ အခန်းကဏ္ဍက အရေးကြီးတယ်ဆိုတာမျိုးကို နားလည်လို့ ရွေးချယ်တာပေါ့။

မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် အခြေအနေကတော့ တော်တော်လေး ဆုံးရှုံးသွားတာပေါ့။ သတင်း ထုတ် လုပ်လို့ မရဘူးလားဆိုတော့ ကြိုးစားပြီးတော့ နည်းလမ်းပေါင်းစုံနဲ့ ထုတ်လုပ်နေတာ ရှိတယ်။ ဒါပေမယ့် လွတ်လပ်စွာ ရေးသား ဆက်သွယ်မေးမြန်း ထုတ်လုပ်ခွင့်တွေတော့ တော်တော်လေးကို ဆုံးရှုံးသွားတယ်လို့ ပြောရမှာပေါ့။ မှန်ကန်တဲ့ တိကျတဲ့ သတင်းတွေရေးလို့ရှိရင် စစ်ကောင်စီရဲ့ ဆိုးကျိုး သက်ရောက်မှုတွေက ရှိလာနိုင်တယ်ဆိုတော့ လုံခြုံရေး အရ စိုးရိမ်စရာတွေက ဖြစ်လာနိုင်တဲ့ အခါကျတော့ လွတ်လွတ်လပ်လပ် ရေးခွင့် မရဘူး။ သတင်းရင်းမြစ်ကို ဖော်ထုတ်ရေး လို့ လုံးဝ မဖြစ်နိုင်တဲ့ကာလ ဆိုတော့ မြန်မာနိုင်ငံရဲ့ မီဒီယာသမားတွေက လုံခြုံရေးက အရေးပါတဲ့ အခန်းကဏ္ဍဖြစ်နေ တာပေါ့။ ဘယ်လိုပဲ စိန်ခေါ်မှုတွေ ဖြစ်နေပါစေ လုပ်ဆောင်နေကြတဲ့ အနေအထားရှိပါတယ်။

ဒေါ်အေးအေးဝင်း
AP သတင်းထောက်ဟောင်း

ဒီဆုက သတင်းထောက်တွေ မရတာက နှစ်ပေါင်း ၈၀ ကျော်ပြီ။ ဒီဘက်ခေတ်မှာဆိုရင် ဒါက ပထမဆုံးရတာပဲ နံပါတ် ၁ ကတော့ ကိုယ်တိုင် သတင်းသမားဖြစ်တော့ အင်မတန်မှ ဝမ်းသာပါတယ်။ သူတို့ အတွက်လည်း ဂုဏ်ယူတယ်။ သူတို့ရဲ့ အသက်အန္တရာယ်တွေ အများကြီးကြားထဲက အမှန်တရားကို ဖော်ထုတ်နေကြရင်းနဲ့ ဒါအတွက် ဆုရသွားတယ်ဆိုတော့ အင်မတန် ထိုက်ထိုက်တန်တန် ဆုရသွားတဲ့အတွက် အများကြီး ဝမ်းသာပါတယ်။

ကမ္ဘာကြီးပေါ်မှာရော တော်တော်များများ နိုင်ငံတွေရော ကိုယ့်တိုင်းပြည်မှာရော သတင်း လွတ်လပ်ခွင့်ဆိုတာတွေက တဖြည်းဖြည်းနဲ့ ဆိတ်သုဉ်းနေတဲ့အချိန်၊ အရမ်း ဖိနှိပ်ခံနေရတဲ့အချိန်၊ အမှန်တရား ဖော်ထုတ်ရင်းနဲ့ သတင်းထောက်တွေ ဒုက္ခရောက်နေကြတဲ့ ခေတ်ကာလကြီးထဲမှာ သတင်းသမားတွေကို နိုဗယ်ငြိမ်းချမ်းရေးဆု ပေးလိုက်တာက တကယ့်ကို သင့်တော်တဲ့ အချိန်ပါပဲ။

မြန်မာသတင်းသမားတွေ အတွက်တော့ အခုလိုအချိန်က အဆိုးဆုံး ကာလလို့ ပြောရမယ်။ သတင်းလုပ်ငန်း၊ သတင်း ထောက် ဆိုတာကတော့ အမြဲတမ်း အစိုးရနဲ့ ထပ်တိုက်တွေ့နေကြရတဲ့ လုပ်ငန်းပဲလေ။ သတင်းထောက်တွေ အများကြီး အဖမ်းခံရတယ်၊ အခုချိန်အထိ ထောင်ထဲမှာ သတင်းသမား ၅၀ ကျော်ရှိနေတယ်။

ဒေါ်အေးအေးဝင်း

အခုက ဥပဒေမဲ့ကို ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ကာလဆိုတော့ အမှန်တရား ဖော်ထုတ်နေတဲ့ သတင်းထောက်တွေက အသက် အန္တရာယ်လည်း အင်မတန်စိုးရိမ်ရတယ်။ တကယ်တမ်း တွက်ကြည့်ဆိုရင်လည်း မြန်မာပြည်သမိုင်းမှာ အဆိုးဆုံး ကာလ လို့ ကို ပြောလို့ရမယ်။

သတင်းထောက်တွေကို ဖမ်းထားပြီးရင်လည်း အရင်တုန်းကဆို ၅ ည (ပုဒ်မ) လို နိုင်ငံရေး ပုဒ်မတွေ အကြီးဆုံးကို ရှာပြီး တပ်လေ့ ရှိတယ်။ သူတို့က သတင်းထောက်တွေဆိုရင် ထောင်ထဲမှာ အကြာကြီး ထည့်ထားချင်တော့ နိုင်ငံရေး ပုဒ်မ၊ အကြီးဆုံး ပုဒ်မတွေ၊ ဘာမှမဆိုင်တဲ့ ပုဒ်မတွေကို သုံးပြီးတော့ ထောင်ထဲကို ထည့်လိုက်တာပေါ့။ အဲဒီလို ပုဒ်မတွေ သုံး တယ်ဆိုတာကလည်း သတင်းထောက်တွေကို အပြင်မှာ မရှိစေချင်လို့ လုပ်တာ။

အမှန်တရား ဖော်ထုတ်တဲ့သူတွေ၊ မတရားမှုတွေကို ဖော်ထုတ်တဲ့သူတွေကို သူက သင်ခန်းစာ ပေးချင်တဲ့သဘော ကြောက်သွားအောင် လုပ်တဲ့သဘောပေါ့။ ခက်တာက သတင်းထောက်ဆိုတာကလည်း သွေးထဲမှာ ပါပြီးသား ကြောက် တော့ မသွားကြပါဘူး။

ဦးမြင့်ကျော်
သတင်းစာဆရာ

သတင်းသမားတွေကို ဒီလိုမျိုး နိုဗယ်ဆုချီးမြှင့်တာက သတင်းလွတ်လပ်ခွင့်ဟာ ငြိမ်းချမ်းရေး အတွက်ရော၊ ဒီမိုကရေစီ အရေးအတွက်ရော အရေးကြီးတယ်ဆိုတဲ့ဟာကို မီးမောင်းထိုးပြသလိုဖြစ်တဲ့ ကြိုဆိုပါတယ်။ နောက်တခုက ဘာလို့ ဒီလို ဆုံးဖြတ်လဲ ဆိုတာကို ခန့်မှန်းကြည့်ရရင်တော့ ကမ္ဘာမှာ နိုင်ငံတော်တော်များများမှာ သတင်းလွတ်လပ်ခွင့်တွေ ကျဆင်း နေတဲ့ သဘောရှိတယ်။ သတင်းသမားတွေ အဖမ်းခံရတဲ့ ကိန်းဂဏန်းကလည်း တကမ္ဘာလုံးမှာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာ စုစုပေါင်း ၂၇၀ လောက်ရှိတယ်။ ဒီဟာက လွန်ခဲ့တဲ့ ၈ နှစ်၊ ၉ နှစ်အတွင်းမှာ အမြင့်ဆုံးကိန်းဂဏန်းလို့လည်း ပြောတယ်။ တကမ္ဘာလုံး အတိုင်းအတာနဲ့ကို သတင်းလွတ်လပ်ခွင့်က အကျဘက်ကို သွားနေပြီဆိုတဲ့သဘောကို ဒီဟာက သတင်း လွတ်လပ်ခွင့်ကို ပြန်ပြီးတော့လေးစားကြဖို့ နှိုးဆော်တာလို့ပဲ နားလည်ထားပါတယ်။

ဦးမြင့်ကျော်

ပြည်တွင်းမှာတော့ သတင်း လွတ်လပ်ခွင့်က အခြေအနေက တော်တော်လေး ဆိုးနေတယ်။ သတင်းသမား ၅၀ ကျော် လောက်က ထောင်တွေ၊ အချုပ်တွေထဲမှာ လက်ရှိ ဖမ်းဆီးခံထားရတယ်။ အမှုရင်ဆိုင်နေရတယ်၊ တချို့လည်း ပြစ်ဒဏ်ချ ခံထားရတယ်။ အရင်တုန်းက သတင်းသမား လုပ်ခဲ့ဖူးတာနဲ့တင် စောင့်ကြည့်တာတွေ၊ အိမ်တွေကို လာမေးတာတွေ ဖြစ် နေတဲ့ အခြေအနေမျိုးက သတင်းသမားတွေ အလုပ်လုပ်ဖို့အတွက် ဝန်လေးစေတယ်၊ သတင်း အလုပ်ကို စွန့်ခွာအောင် ဖိအားပေးမှုတွေလို့ မြင်တယ်။

ဒီလိုအခြေအနေမျိုးမှာတော့ သတင်းလွတ်လပ်ခွင့်က အတော်လေး စိုးရိမ်စရာ အနေအထားလို့ ပြောရမယ် ထင်ပါတယ်။ ဒေသတချို့မှာ အင်တာနက်လိုင်းတွေ ဖြတ်ထားတဲ့အတွက် သတင်း သိပိုင်ခွင့်တွေလည်း ဆုံးရှုံးတယ်၊ သတင်းသိပိုင်ခွင့် ဆိုတာ နိုင်ငံရေးသတင်းကြီးပဲ မဟုတ်ဘဲ ကျန်းမာရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ ပညာရေးဆိုင်ရာ စသဖြင့် သိပိုင်ခွင့် တွေပါ ဆုံးရှုံးခံရတာပေါ့နော်။ အားလုံးကို ထိခိုက်တယ်လို့ မြင်ပါတယ်။

You may also like these stories:

ဒီနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆု ဂျာနယ်လစ်တွေကို ပေး

မြန်မာနိုင်ငံ လူသားချင်းစာနာမှု အကျပ်အတည်း ရင်ဆိုင်နေရပြီဟု ကုလသမဂ္ဂပြော

အာဏာသိမ်း စစ်အုပ်စု လက်ခုပ်ထဲက ဘာသာရေး လွတ်လပ်ခွင့်

Did you find apk for android? You can find new Free Android Games and apps.
Loading