စစ်ကောင်စီသည် ချင်းပြည်နယ်အတွင်းရှိ ချင်းတော်လှန်ရေးတပ်များအား တိုက်ခိုက်ရန် အောက်တိုဘာ ဒုတိယပတ်မှ စ၍ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှ စစ်ကြောင်းနှစ်ကြောင်းဖြင့် ချင်းပြည်နယ်၏ တောင်နှင့်မြောက်ကို စစ်ကြောင်းထိုး တက်လျက် ရှိသည်။
အောက်တိုဘာ ၁၃ ရက်တွင် စစ်ကိုင်းတိုင်း ကလေးမြို့မှတဆင့် ဝင်လာသည့် စစ်ကောင်စီ၏ စစ်ကြောင်းသည် ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်နှင့် ဖလမ်းမြို့နယ်တို့ကို ဝင်ရောက်လာပြီ ဖြစ်ပြီး မကွေးတိုင်း ယော၊ ဆော၊ ကျောက်ထုမြို့နယ်ဘက်မှ တက်လာသည့် စစ်ကြောင်းသည်လည်း ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
အဆိုပါ စစ်ကြောင်းနှစ်ကြောင်းသည် ဖလမ်းမှတဆင့် ဟားခါး၊ မင်းတပ်မှတဆင့် မတူပီ၊ ထန်တလန်မြို့နယ်များ ဘက် သို့ တက်ရန် ပြင်ဆင်နေသည်ဟု ချင်းတော်လှန်ရေးတပ်များက ခန့်မှန်းထားပြီး ရှေ့ဆက်မတက်နိုင်ရန်လည်း တိုက် ခိုက်မှုများ ပြုလုပ်ရန် ပြင်ဆင်ထားသည်။
ချင်းပြည်နယ်၏ လက်ရှိ စစ်ရေးအခြေအနေ၊ စစ်ကောင်စီ၏ စစ်ဆင်ရေး လုပ်ဆောင်မှုများကြောင့် ဖြစ်လာနိုင်သည့် စစ်ရေး ပဋိပက္ခများနှင့် ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး (CNF) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။
ဝါရင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် CNF သည် စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ် တွင်း ဒေသခံများ အသစ်ဖွဲ့စည်းကာ တိုက်ခိုက်နေသည့် ချင်းတော်လှန်ရေးတပ် ထူထောင်နိုင်ရန် စစ်ပညာ သင်ပေး သည့်အပြင် တိုက်ပွဲများတွင်လည်း ဦးဆောင်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် တပ်ဖြစ်သည်။
မေး ။ ။ ဖလမ်း-ဟားခါးဘက်မှာ အောက်တိုဘာ ၁၃ ရက်ကစ တိုက်ပွဲ ဖြစ်နေပြီ ကြားပါတယ်။ အခြေအနေတွေ ပြောပြပေးပါအုံး။
ဖြေ ။ ။ ကျနော်တို့ အတည်ပြုထားတဲ့ သတင်းအရ ဟားခါးမြို့ အထွက်မှာ ပထမဆုံးရောက်တဲ့ကျေးရွာ တန်လွန်း ကျေးရွာ အစပ်နားမှာ တိုက်ပွဲဖြစ်တာပေါ့။ ၁၁ နာရီဝန်းကျင် (အောက်တိုဘာ ၁၃ ရက်) က စပါတယ်။ ပြီးတော့ ဖလမ်းမြို့နဲ့ ၆ မိုင်အကွာ လုံပီးရွာမှာတော့ သေနတ်သံတွေတော့ ကြားရတယ်။ အဲဒါက ကျနော်တို့နဲ့ ထိပ်တိုက်ရင်ဆိုင် ဖြစ်သလား ဆိုတာတော့ အတည်ပြုချက် မရသေးပါဘူး။ ဟားခါးမြို့နားမှာဖြစ်တဲ့ တိုက်ပွဲကတော့ အတည်ပြုပါတယ်။
မေး ။ ။ ဟားခါးမှာ ဖြစ်တဲ့ တိုက်ပွဲက မြို့နဲ့ ဘယ်လောက် နီးပါသလဲ။ CNF ဘက်က ဖြတ်ပြီး တိုက်ခိုက်တာလား။ ဘယ်လိုကြောင့် တိုက်ပွဲ ဖြစ်တာပါလဲ။
ဖြေ ။ ။ သူတို့က ဟားခါးမြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်တပ်တွေပါ။ မြို့ပြင်မှာ ကျနော်တို့ ရဲဘော်တွေ ရှိပြီး သားပါ။ ပြောက်ကျားပုံစံနဲ့ တိုက်ပွဲ ဖြစ်တာပါ။ အဲဒီနေရာက ဟိုးအရင်က တိုက်ပွဲဖြစ်ခဲ့တုန်းက အဲဒီကျေးရွာတွေ၊ အိမ် တွေကို စစ်ကောင်စီကပစ်လို့ ရွာသားတွေအကုန် ထွက်ပြေးကြရတယ်။ အဲဒီနေရာပါပဲ။
မေး ။ ။ ဖလမ်းကနေ ဟားခါးကို တက်လာတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့ မင်းတပ်ဘက်ကို တက်လာတဲ့ စစ်ကြောင်းတွေ အခြေအနေ ဘယ်လို ရှိပါသလဲ။ သူတို့ ဘယ်နားထိ ရောက်နေပြီလဲ။
ဖြေ ။ ။ လမ်းကြောင်း နှစ်ခုကနေ ထွက်လာတာ။ ချင်းပြည်နယ်တောင်ပိုင်းကို တက်လာတဲ့ စစ်ကြောင်းက ပခုက္ကူ ကနေ ထွက်လာတဲ့ စစ်ကြောင်း၊ ကလေးဘက်ကနေ ထွက်လာတဲ့ ချင်းတောင်ပေါ်ကို ထွက်လာတဲ့ စစ်ကြောင်းရယ်လို့ လမ်းကြောင်း နှစ်ခုကနေ ဝင်လာတာပါ။ ဒီနေ့ (အောက်တိုဘာ ၁၃ ရက်) ထိက စစ်ကောင်စီရဲ့ တပ်တွေက မြောက် ပိုင်းမှာဆိုရင် ဖလမ်းနဲ့ တီးတိန်မြို့တွေအထိကို ရောက်ပြီးပြီ။ ချင်းပြည်နယ် တောင်ပိုင်းဘက်ကနေ တက်လာတာ ကတော့ မင်းတပ်တော့ ရောက်ပြီးပြီ။ မတူပီကို ရောက်နိုင်ဖို့ကတော့ မင်းတပ်-မတူပီ ကားလမ်းက မြေပြိုနေတော့ လမ်းတွေက ဖောက်နေတုန်းလို့ ကျနော်တို့ သတင်းရထားတယ်။
မေး ။ ။ အဲဒီ စစ်ကြောင်းနှစ်ကြောင်းက အင်အား ဘယ်လောက် များပါသလဲ။
ဖြေ ။ ။ အဓိကတော့ တောင်ပိုင်းစစ်ကြောင်း လမ်းကြောင်းကတော့ သူတို့ သံချပ်ကာကားနဲ့ တင့်ကား ၂ စီး ပါတာပေါ့။ ကားတွေကတော့ ၅၀/၆၀ လောက် စစ်ကားတွေ ပါတယ်။ မြောက်ပိုင်းကလည်း ထိုနည်းလည်းကောင်း ပါပဲ။ အစီး ၅၀ လောက် ရောက်နေတယ်။ အင်အား အတိအကျတော့ ပြောလို့မရပေမယ့် အခုလက်ရှိ ကျနော်တို့ ချင်းပြည်နယ်မြောက်ပိုင်း ဟားခါး၊ တီးတိန်၊ ဖလမ်းမှာကတော့ သူတို့ ရှိပြီးသား အင်အားနဲ့ ဆိုရင်တော့ ၆၀၀၊ ၇၀၀ လောက်တော့ ကျနော်တို့ ခန့်မှန်းထားတယ်။ အဓိက တက်လာတာက တပ်မ ၁၀၁၊ ၉၉၊ ၇၇၊ ၁၁ အဲဒီ တပ်မတွေက ပိုများပါတယ်။ တပ်မ ၄ ခုပေါ့။
မေး ။ ။ ဒီစစ်ကြောင်းတွေက ချင်းပြည်နယ်မှာ လက်နက်ကိုင်တော်လှန်ရေးကို အဓိက အထောက်အကူ ပြုနေတဲ့ CNF ဌာနချုပ်ကို တိုက်ဖို့လို့ သုံးသပ်ကြတာတွေ ရှိနေပါတယ်။ CNF အနေနဲ့ရော ယူဆချက် ဘယ်လို ရှိပါသလဲ။ CNF ဌာနချုပ်တဝိုက်က စစ်ရေးအခြေအနေကိုလည်း သိချင်ပါတယ်။
ဖြေ ။ ။ ချင်းပြည်နယ်မှာ တိုင်းရင်းသားလက်နက်ကိုင်ဆိုလို့ CNF ပဲရှိတယ်။ ဆိုတော့ သူတို့မှာ တခြား ထိုးစစ်ဆင် စရာ အခြားလက်နက်ကိုင် မရှိပါဘူး။ အစကတည်းကိုက ကျနော်တို့ CNF က သူတို့ အကြမ်းဖက်အဖွဲ့လို့ ကြေညာ ထားတဲ့ NUG (အမျိုးသားညီညွတ်ရေးအစိုးရ) နဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်လာတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ နောက် တခုက အာဏာသိမ်းပြီးနောက် Generation-Z လူငယ်တွေက တောင်ပေါ်ရော၊ မြေပြန့်ရော တိုက်ပွဲဝင်မယ် ဆို ပြီးတော့ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေဆီမှာ အခြေခံစစ်သင်တန်းတွေ လာတက်ကြတယ်။
အဲဒါကို ရန်သူက မျက်စိဒေါက်ထောက် ကြည့်တယ်ဆိုတော့ Generation-Z တွေကို အထောက်အကူ ပေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတခု အနေနဲ့ CNF ကို သူတို့ မြင်လာတယ်။ အဲဒါကြောင့် စစ်ရေးအရ အင်အားစုစည်းမှုတွေ မလုပ်နိုင်အောင်ရော CNF ရဲ့ စခန်းတွေ ဌာနချုပ်ကို တိုက်ဖို့ပဲလို့ ကျနော်တို့က မြင်တယ်။ ကျနော်တို့ကတော့ အဲဒီလိုပဲ မြင်ပါတယ်။
လေကြောင်းကလည်း ပြီးခဲ့တဲ့လမှာ ကျနော်တို့ ဌာနချုပ်ခွင် အနီးမှာရှိတဲ့ လုံလဲရ်တပ်စခန်းကို ကျနော်တို့ ဝင်နေရာ ယူလိုက်တော့၊ သိမ်းလိုက်တော့ အဲဒီတုန်းက လေယာဉ်ကနေ ဗုံးလာကြဲတာ ရှိတယ်။ မနေ့ကလည်း ကျနော်တို့ခွင်၊ ကျနော်တို့ တပ်တွေ ရှိတဲ့နေရာကို လေယာဉ်က တခါတော့ လာဝဲတယ်။ ဂျက်ဖိုက်တာ ၁ စီး လာပါတယ်။
မေး ။ ။ ရှေ့မှာလည်း တိုက်ပွဲတွေက ပြင်းပြင်းထန်ထန် ဖြစ်ထားတယ်။ အခုလည်း စစ်ကြောင်းတွေ ထပ် ထိုးနေတော့ လာမယ့်ရက်တွေမှာ စစ်ရေး ပိုတင်းမာလာနိုင်တဲ့နေရာ၊ ပဋိပက္ခ ပိုကြီးလာနိုင်တဲ့ နေရာတွေက ဘယ်ဒေသတွေ ဖြစ်လာနိုင်ပါသလဲ။
ဖြေ ။ ။ အခု သူတို့ ဝင်လာတဲ့ ပုံစံက အင်အားပိုပြီး ဖြည့်လာတာက တောင်ပိုင်းဘက်မှာဆိုရင် အဓိက မတူပီ၊ မင်းတပ်ကို ထိုးစစ်ဆင်လာမယ့် အနေအထားမှာ ရှိတယ်။ အဲဒီမှာ ကျနော်တို့ CDF (Chinland Defense Force) ရဲ့ လှုပ်ရှားမှုက ပိုပြီး အားကောင်းလာတယ်။ ကျနော်တို့ ချင်းပြည်နယ် မြောက်ပိုင်းဖြစ်တဲ့ CNF ဗဟိုဌာနချုပ်ခွင်၊ ထန်တ လန်၊ ဖလမ်း၊ ဟားခါး အဲဒီနေရာတွေက စစ်ရှိန် မြင့်လာနိုင်တယ်လို့ သုံးသပ်တယ်။
အဲဒီအတွက် ကျနော်တို့ ဘက်က လည်း အတတ်နိုင်ဆုံး ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ ကျနော်တို့ ချင်းတပ်မတော်နဲ့ ဒေသကာကွယ်ရေး တပ်တွေ ဖြစ်တဲ့ CDF တွေရယ် ပူးပေါင်းပြီးတော့ ပြန်လည်ခုခံဖို့ အတတ်နိုင်ဆုံး ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။
မေး ။ ။ စစ်ရေးပဋိပက္ခ ပိုမြင့်လာနိုင်တဲ့ နေရာတွေမှာ ရှိနေတဲ့ လူထုတွေနဲ့ ပတ်သက်လို့ရော CNF အနေနဲ့ စဉ်းစားချက်တွေက ဘယ်လို ရှိပါသလဲ။
ဖြေ ။ ။ ကျနော်တို့ စစ်ဆင်ရေး ကြီးလာနိုင်တယ် ဆိုတာနဲ့ ပတ်သက်လို့ တခုစိုးရိမ်တာ လူထုထိခိုက်မှုကတော့ အနည်းနဲ့အများ ရှိလာမှာပါ။ တိုက်ပွဲက အရှိန်မြင့်လာပြီ ဆိုရင်တော့ ပြည်သူလူထုတွေ အနေနဲ့ ထိခိုက်မှု အနည်းဆုံး ဖြစ်အောင်ပဲ ကျနော်တို့က လိုချင်တယ်။ ပြည်သူလူထုကို ဘယ်လို ကာကွယ်ရမလဲဆိုတဲ့ နေရာမှာ လူထုကို တိုက်ပွဲတွေရှောင်ဖို့ နေရာတွေ အထူးသဖြင့် စစ်ရှိန်မြင့်လာရင် တဖက်နိုင်ငံ နယ်စပ်ဘက်မှာ စစ်ဘေးရှောင်တွေက များရင် များလာနိုင်တဲ့ အနေအထားမှာ ရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အတတ်နိုင်ဆုံး NUG နဲ့ ချိတ် ဆက်မှုတွေ ကောင်းကောင်း လုပ်နိုင်ဖို့ရယ်၊ အခုလည်း ကျနော်တို့ နယ်စပ်ဒေသမှာ စစ်ဘေးရှောင်တွေ ခိုလှုံဖို့၊ ရှောရှောရှူရှူ တဖက်ကို သွားနိုင်ဖို့ ကျနော်တို့ ပြင်ဆင်မှုတွေ လုပ်ထားတာ ရှိပါတယ်။
မေး ။ ။ ဒါဆို စစ်ရေး ဘယ်လောက်ပဲပြင်းပြင်း လူထုအတွက် အစီအစဉ်တွေက ရှိပြီးသားလို့ ဆိုလိုတာပေါ့။
ဖြေ ။ ။ ဟုတ်ကဲ့။ ကျနော်တို့က စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း တိုက်ပွဲစဖြစ်ကတည်းက အဲဒီလိုမျိုး ပြည်သူလူထုအတွက် ပြင်ဆင်မှုလုပ်ပြီး တဖက်နိုင်ငံရဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ NGO တွေနဲ့ ကျနော်တို့က ချဉ်း ကပ်ပြီး အကူအညီတောင်းတာတွေ လုပ်တာက စစ်အာဏာ စသိမ်းကတည်းက ဒီနေ့အထိပါပဲ။
မေး ။ ။ ဒီတခေါက် ဖြစ်လာမယ့် တိုက်ပွဲတွေက မီးကုန်ယမ်းကုန် တိုက်ရပြီး ချင်းပြည်နယ်ကို ဘယ်သူက နယ်မြေ စိုးမိုးမလဲဆိုပြီး အဆုံးအဖြတ်ပေးမယ့်ပွဲ ဖြစ်လာနိုင်ပါသလား။
ဖြေ ။ ။ အဲဒီ အနေအထားက စစ်ကောင်စီရဲ့ သဘောထားပေါ်မှာ မူတည်ပါတယ်။ ကျနော်တို့ကတော့ အတတ် နိုင်ဆုံး ကိုယ့်နယ်ထဲကို ဝင်လာတဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်မှု၊ တိုက်ခိုက်မှုတွေကို ပြန်ပြီးခုခံတိုက်ခိုက် ရမှာပဲ။ တိုက်ပွဲတွေ ဘယ်လောက်ကြီးမလဲ၊ ဘယ်လောက်သေးမလဲ ဆိုတာက သူတို့ (စစ်ကောင်စီ) အပေါ်မှာ မူတည်တယ်။ တဖက်မှာ တိုက်ပွဲအရှိန် လျော့နိုင်ဖို့ဆိုရင် အားလုံးပါဝင်တဲ့ တိုက်ခိုက်မှုတွေ ဥပမာ မြေပြန့်က PDF တွေရော တပြည်လုံး အတိုင်း အတာနဲ့ ကျနော်တို့ ကစားတတ်ဖို့ လိုလိမ့်မယ်။ တနေရာတည်းမှာ ဖိပြီးတိုက်တာ မဖြစ်အောင် အားလုံးမှာ တာဝန်ရှိ တယ်လို့ပဲ ကျနော်က ပြောချင်တယ်။
မေး ။ ။ အင်တာဗျူးရဲ့ နောက်ဆုံး မေးခွန်းပါ။ စစ်ကောင်စီက စစ်ဆင်ရေးကြီးတွေလုပ်ဖို့ ကယားမှာရော၊ ချင်း မှာရော အင်အားတွေ ဖြည့်တင်းနေပေမယ့် နိုင်ငံတကာ မျက်နှာစာမှာတော့ ၂၀၂၂ ဖေဖော်ဝါရီထိ အပစ်ရပ်ပေးပါ တယ် ဆိုတာမျိုး၊ ကိုဗစ်ကာကွယ်ရေးကိုပဲ တွန်းတွန်းတိုက်တိုက် လုပ်နေတယ် ဆိုတာမျိုးတွေ ကြေညာထားတယ်။ ဒါတွေနဲ့ ပတ်သက်လို့ရော CNF ဘက်က တုန့်ပြန်ပြောဆိုချင်တာ ရှိပါသလား။
ဖြေ ။ ။ ကျနော်တို့က NCA လမ်းကြောင်းအတိုင်း နိုင်ငံရေးဆွေးနွေးပွဲကို တက်ခဲ့တယ်။ ၇၊ ၈ နှစ်ပါ။ အဲဒီ အတွေ့ အကြုံ၊ ရလဒ်တွေကို ကြည့်တော့ NCA အရ ရှေ့ဆက်သွားဖို့က စာထဲမှာပဲ ရှိလာတယ်လို့ ကျနော်တို့ မြင်လာတယ်။ ဒီကနေ့ မြေပြင်မှာ အာဏာသိမ်းလိုက်တယ်။ အာဏာသိမ်းတယ်ဆိုတာ တကယ်တော့ အပြန်အလှန် ယုံကြည်မှု တည်ဆောက်တာနဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ လုပ်ငန်းစဉ်ကို သူတို့က စပြီး ဖောက်ဖျက်လိုက်တာပဲ။ ကျနော်တို့က သူတို့အပေါ် ယုံကြည်မှု အင်မတန်မှ အားနည်းသွားတယ်။ ရှေ့ဆက်သွားဖို့ အတွက်ပေါ့။ ပြီးတော့ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ရှေ့လုပ်ငန်းစဉ် ၅ ခု ချထားတယ်။ ဒီနေ့ထိ တခုမှ အကောင်အထည်ဖော်တာ မရှိဘူး။ ဒေသတည်ငြိမ်အောင် လုပ်မယ်ဆိုတာတွေ၊ ကိုဗစ်ကာကွယ်ရေး၊ တိုင်းပြည်စီးပွားရေး နာလန်ပြန်ထရေး ပြီးတော့ ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးရေး ဆိုတာတွေက သူတို့ ရှေ့လုပ်ငန်းစဉ်နဲ့ မြေပြင်မှာ ဖြစ်နေတာတွေက အင်မတန်မှ ကွာဟနေတယ်။
အဲဒီ နောက်ပိုင်း အာဏာမသိမ်းခင်ကလည်း တိုင်းရင်းသား နယ်တချို့မှာ အပစ်ရပ်တာတွေ လုပ်ခဲ့တယ်။ ဒါပေမဲ့ အပစ်ရပ်တာက တလျှောက်လုံး လုပ်တာပဲ။ မြေပြင်မှာတော့ ဘာမှ မရှိပါဘူး။ အပြောနဲ့အလုပ်က အင်မတန်မှ ကွာပါတယ်။ ယုံကြည်ဖို့က အင်မတန်မှ ခက်ပါတယ်။ NCA လမ်းကြောင်း ဆိုတာကလည်း ငြိမ်းချမ်းရေးဆိုပြီး ဘယ်လောက်ပဲပြောပြော NCA လမ်းကြောင်းပေါ်မှာ လျှောက်မယ်ဆိုကတည်းက တိုင်းရင်းသား လက်နက်ကိုင် အင်အားစု တချို့က မယုံကြည်လို့ လက်မှတ်မထိုးခဲ့တာ ရှိတယ်။ အာဏာသိမ်းလိုက်တည်းက ဒီမိုကရေစီ က နောက်ပြန်လှည့်သွားတယ်လို့ ကျနော်တို့က မြင်တယ်။ နောက်ဆုံး ပြောချင်တာက သူ့ရဲ့ အပြောနဲ့ မြေပြင်မှာ ဖြစ်နေတဲ့ ကိစ္စတွေက လုံးဝ မတူဘူး၊ လုံးဝ မကိုက်ညီပါဘူး။
You may also like these stories:
တရားခွင်မှာ သမ္မတ ဦးဝင်းမြင့် ဘာတွေ ထွက်ဆိုခဲ့လဲ
အမှုက တည်ဆောက်ပြီးလို့ တရားရုံး တင်လိုက်တာတောင် သက်သေခံပစ္စည်း မရှိဘူး
သတင်းသမားတွေ ငြိမ်းချမ်းရေး နိုဗယ်ဆု ရတဲ့အပေါ် မြန်မာသတင်းစာဆရာများ အမြင်