အောက်တိုဘာလ ၁၅ ရက်က ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို လာမည့် အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ပြုလုပ်မည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ မဖိတ်ကြားရန် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးက ကန့်ကွက်နေသည့်ကြားက ဆုံးဖြတ်ခဲ့သည်။
အစဉ်အလာအားဖြင့် ဆုံးဖြတ်ချက်များကို အများသဘောတူညီမှုဖြင့် ဆုံးဖြတ်လေ့ရှိသည့် အာဆီယံအဖွဲ့တွင် ထိုသို့ဆုံးဖြတ်ခဲ့ခြင်း ကြောင့် မြန်မာစစ်ကောင်စီဘက်က ပြန်လည်ဝေဖန်တုံ့ပြန်မှုများလည်း ရှိခဲ့သည်။
မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို အာဆီယံ ထိပ်သီးအစည်းအဝေးသို့ မဖိတ်ကြားရန် ဆုံးဖြတ်လိုက်သည့် ဆုံးဖြတ်ချက်ကြောင့် နောက်ဆက်တွဲ မည်သည့် အကျိုးဆက်များ ဖြစ်လာနိုင်သည်ကို ပိုမိုသိရှိနိုင်ရန် စင်္ကာပူနိုင်ငံအခြေစိုက် Yusof Ishak Institute ၏ မြန်မာ့အရေးလေ့လာမှု ပရိုဂရမ် ပူးတွဲညှိနှိုင်းရေးမှူးဖြစ်သူ ဒေါ်မိုးသူဇာအား ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ အောက်တိုဘာ ၁၅ ရက်က ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို လာမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးပေးမတက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အစည်းအဝေးမှာ နိုင်ငံရေးနယ်ပယ်က မဟုတ်တဲ့ ကိုယ်စားလှယ်ကိုပဲ တက်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ဘယ်လိုမြင်ပါသလဲ။ ဒါက ထူးခြားတဲ့ ဆုံးဖြတ်ချက်လား။
ဖြေ ။ ။ ဒါက ထူးခြားတဲ့ ဆုံးဖြတ်ချက်တခုလို့ ယူဆလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဆီယံရဲ့ သမိုင်းတလျှောက်မှာ ဘယ်တုန်းကမှ အဖွဲ့ဝင်နိုင်ငံတနိုင်ငံကို ဒီလိုမျိုး အရေးပါတဲ့ နိုင်ငံရေးအရလည်း အရေးကြီးတယ်ပေါ့။ အရေးပါတဲ့ ထိပ်သီးအစည်းအဝေးပွဲတွေမှာ မည်သူမည်ဝါတက်ရောက်ရမယ်ဆိုတဲ့ အနေအထားကန့်သတ်ချက်မျိုးကို အာဆီယံအနေနဲ့ ပထမဆုံး ဆုံးဖြတ်လိုက်တဲ့အနေအထားရှိပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း အာဆီယံအနေနဲ့ ဝင်ရောက်တုံ့ပြန်တဲ့အချိန်မှာ ဒီလိုမျိုး ဆုံးဖြတ်ချက်ချတာကလည်း ထူးခြားပါတယ်။
အရေးပါတဲ့ ထိပ်သီးအစည်းအဝေးပွဲတွေမှာ မည်သူမည်ဝါတက်ရောက်ရမယ်ဆိုတဲ့ အနေအထားကန့်သတ်ချက်မျိုးကို အာဆီယံအနေနဲ့ ပထမဆုံး ဆုံးဖြတ်လိုက်တဲ့အနေအထားရှိပါတယ်။
မေး ။ ။ ဒီလိုမျိုးဆုံးဖြတ်ချက်က အာဆီယံမှာ အစဉ်အလာရှိလား။ ပထမဆုံးလို့ပြောလို့ရလား။
ဖြေ ။ ။ ပထမဆုံးလို့တော့ မမိုးအနေနဲ့ သုံးသပ်လို့ရပါတယ်။ ခုနက ပြောသလိုပဲ အဖွဲ့ဝင်နိုင်ငံတနိုင်ငံကို အဖွဲ့ဝင်နိုင်ငံတွေ အားလုံးကနေပြီးတော့ နှစ်စဉ်ပုံမှန် ကျင်းပစည်းဝေးနေတဲ့ ထိပ်သီးညီလာခံလိုမျိုးမှာ ဘယ်သူတက်စေ၊ ဘယ်သူမတက်စေ ဆိုတာမျိုးက ဒီလိုမျိုး အာဆီယံအနေနဲ့ ဆုံးဖြတ်ခဲ့တာမရှိပါဘူး။ သဘောက ဒီလိုပါ။ ဒီလိုမျိုး ထိပ်သီးအစည်းအဝေး ညီလာခံတွေဟာဆိုရင် နိုင်ငံရဲ့ Head of State ၊ နိုင်ငံ့ခေါင်းဆောင် Head of Government အစိုးရအဖွဲ့ခေါင်းဆောင် ၊ ဝန်ကြီးချုပ်၊ သမ္မတ ဒီလိုမျိုးတွေ တက်ရောက်တာဖြစ်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်တွေက အကြောင်းကြောင်းကြောင့် တက်ရောက်နိုင်ခြင်း မရှိဘူးဆိုရင်တော့ သူတို့ရဲ့ ကိုယ်စားလှယ်တွေကို သူတို့ကိုယ်တိုင်ကိုက ဆီလျော်သလို ထိုက်သင့်သလို အဆိုပြုပြီးတော့မှ ကိုယ်စားပြုတက်ရောက်စေခဲ့တဲ့ အနေအထားတွေရှိပါတယ်။ အာဆီယံဘက်က ဘယ်သူတက်စေ၊ ဘယ်သူမတက်စေဆိုတာမျိုးကို ဘယ်တုန်းကမှ ပြောခဲ့တယ်လို့တော့ မမိုးအနေနဲ့ သုံးသပ်ထားခြင်း မရှိပါဘူး။ ပိုပြီးထူးခြားတာကလည်း နိုင်ငံရေးနယ်ပယ်က မဟုတ်တဲ့ ကိုယ်စားလှယ်ဆိုတာကို သတ်မှတ်တယ်ဆိုတဲ့အခါမှာ လက်ရှိ မြန်မာနိုင်ငံမှာ အာဏာကို ဆွဲယူထားတဲ့ နိုင်ငံအုပ်ချုပ်တဲ့ ခုံမှာတက်ထိုင်ထားတဲ့ ပုဂ္ဂိုလ်များကို ကန့်သတ်ခြင်းဖြစ်တယ်လို့လည်း ပြောလို့ရပါတယ်။
မေး ။ ။ ဒါက စစ်ကောင်စီအတွက် ထိုးနှက်ချက်တခုဖြစ်သလား။ ဘယ်လောက်ထိုးနှက်ချက်ဖြစ်ပါသလဲ။
ဖြေ ။ ။ သဘောကတော့ စစ်ကောင်စီဘက်ကို ဒီလိုမျိုး အာဆီယံထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံရဲ့ ထိုင်ခုံမှာ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်ဆိုတဲ့ အနေအထားမျိုး မတက်ရောက်စေချင်တဲ့အတွက် အာဆီယံက ထုတ်ပြန်တယ်လို့လည်း တမျိုးအဓိပ္ပာယ်ဖွင့်လို့ရပါတယ်။ အဲဒီရှုထောင့်က ကြည့်မယ်ဆိုရင်တော့ စစ်ကောင်စီဘက်ကနေ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းကနေ တစိုက်မတ်မတ်နဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည်သာလျှင် မြန်မာနိုင်ငံကို တရားဝင် ကိုယ်စားပြုတဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတဲ့ အနေအထား အဆိုပြုချက်တွေ သူတို့ဘက်က ဒီလိုမျိုးလှုပ်ရှားနေတဲ့ပုံစံကိုတော့ အထိနာစေတယ်ပေါ့။
မေး ။ ။ ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း ဒါက ဖိအားပေးနေတာဖြစ်တဲ့အကြောင်း ဘေးထွက်ဆိုးကျိုးတွေသာ ဖြစ်လာနိုင်တဲ့ အကြောင်း အောက်တိုဘာ ၁၆ ရက်မှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာတယ်။ ဒါက အာဆီယံအပေါ် သက်ရောက်မှု ရှိနိုင်ပါသလား။ ဘယ်လိုသက်ရောက်မှုရှိနိုင်ပါသလဲ။
ဖြေ ။ ။ ဒီလိုမျိုး အာဆီယံဘက်ကနေ ဆုံးဖြတ်ချက်တရပ်ချတယ်ဆိုလို့ရှိရင်တော့ အဲဒီလိုဆုံးဖြတ်ချက်ချခံရတဲ့ နိုင်ငံပေါ့။ ဒါကတော့ အာဆီယံတင်မဟုတ်ပါဘူး။ နိုင်ငံတကာအဆင့်မှာလည်း ဒီလိုပါပဲ။ ကုလသမဂ္ဂမှာ နိုင်ငံတနိုင်ငံဆိုင်ရာ အဆိုပြုချက်တင်သွင်းတယ်။ ဆုံးဖြတ်ချက်တွေ ချတယ်ဆိုရင် ဒီလိုမျိုး သက်ဆိုင်ရာ ဆုံးဖြတ်ချက်ချခံရတဲ့နိုင်ငံအနေနဲ့က တုံ့ပြန်ချက်ထုတ်တယ်ဆိုတဲ့ အနေအထားမျိုးက ရှိပါတယ်။ ဒီလိုမျိုးနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်ချက်ထုတ်တယ်ဆိုတာကလည်း အရင်တုန်းက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ကုလသမဂ္ဂမှာ ချမှတ်ခဲ့တယ်ဆိုရင်လည်း ဒီလိုမျိုး တုံ့ပြန်ချက်တွေက ထုတ်ပြန်လေ့ရှိပါတယ်။
သဘောကတော့ စစ်ကောင်စီဘက်ကို ဒီလိုမျိုး အာဆီယံထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံရဲ့ ထိုင်ခုံမှာ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်ဆိုတဲ့ အနေအထားမျိုး မတက်ရောက်စေချင်တဲ့အတွက် အာဆီယံက ထုတ်ပြန်တယ်လို့လည်း တမျိုးအဓိပ္ပာယ်ဖွင့်လို့ရပါတယ်။
အာဆီယံအနေနဲ့ကတော့ သူ့ရဲ့ ဆုံးဖြတ်ချက် ချမှတ်ပြီးပြီ ဖြစ်ပါတယ်။ ဒါကိုတော့ ဘယ်လိုပြောမလဲ တုံ့ပြန်ချက်ထဲမှာ ခြိမ်းခြောက်တဲ့ ပုံစံမျိုးပါတဲ့ အနေအထားကိုတော့ အာဆီယံအနေနဲ့က ချက်ချင်းလက်ငင်းကြီး ဒီအတွက်နဲ့ တုံ့ပြန်တယ်ဆိုတဲ့ အနေအထားမျိုး၊ အဲဒီလိုမျိုး အာဆီယံဘက်က ဆုံးဖြတ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အရေးကိစ္စတွေကို အာဆီယံအနေနဲ့ မြန်မာနိုင်ငံသည်လည်း အာဆီယံရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တယ်ဆိုတဲ့အခါမှာ ဒေသတွင်းလုံခြုံရေးရှုထောင့်ကနေ အာဆီယံက ကြည့်ပြီးတော့ ဆက်လက်သုံးသပ်နေမှာတော့ ဖြစ်ပါတယ်။
မေး ။ ။ အာဆီယံ ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း NUG ဘက်က အောက်တိုဘာလ ၁၇ ရက်မှာ ကြေညာချက်ထုတ်တယ်။ အစည်းအဝေးမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ သူ ရွေးပေးဖို့ NUG ဘက်က ကမ်းလှမ်းတာလည်းရှိတယ်။ NUG ရဲ့ ကမ်းလှမ်းချက်ကို အာဆီယံ ဘက်က ထည့်သွင်းစဉ်းစားနိုင်ပါသလား။
ဖြေ ။ ။ ဒီကိစ္စကလည်း NUG အမျိုးသားညီညွတ်ရေးအစိုးရကနေပြီးတော့မှ အာဆီယံကို စာအားဖြင့် ကမ်းလှမ်းနေခဲ့ခြင်းက ဧပြီလ NUG အစိုးရပေါ်ထွက်လာကတည်းက အာဆီယံကို ကမ်းလှမ်းဆက်သွယ်ခဲ့တာတွေ ရှိပါတယ်။ အဲဒီအခါမှာလည်း ဒီလိုမျိုးအာဆီယံဘက်ကနေ NUG ကို ထည့်သွင်းစဉ်းစားဖို့ဆိုတာက အာဆီယံရဲ့ တူညီတဲ့ သဘောတူ ဆုံးဖြတ်ချက်အစဉ်အလာအရ အာဆီယံအဖွဲ့ဝင် နိုင်ငံအချင်းချင်းကြားမှာ ဒီလို ပေါ်ပေါက်လာတဲ့ ဘာသာရပ်တရပ်ကို ညှိနှိုင်းဆွေးနွေးတိုင်ပင်ခြင်းအစဉ်အလာအရ ဒီလိုမျိုးဆွေးနွေးကြမယ်ဆိုတဲ့ အခါမှာလည်း သတိချပ်ဖို့က အာဆီယံရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အစည်းအဝေးတွေမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဘက်ကနေပြီးတော့ သူတို့အောက်မှာရှိတဲ့ အစိုးရဌာနတွေကနေ တက်ရောက်နေခဲ့တဲ့ အနေအထားတွေ အခုထိ ရှိနေပါတယ်။ Working Level မှာပေါ့။ ဝန်ကြီးအဆင့် အစည်းအဝေးတွေ ၊ အဆင့်မြင့်အရာရှိ အစည်းအဝေးတွေမှာလည်း ဒီလိုပဲ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဘက်က ကိုယ်စားပြုခိုင်းတဲ့ အစိုးရဝန်ထမ်းတွေ၊ ဝန်ကြီးအဆင့်ဆိုရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဘက်က ခန့်ထားတဲ့ ဝန်ကြီးတွေ ဒီလိုတက်ရောက်နေတာ ရှိပါတယ်။ အာဆီယံကနေ ဒီလို တူညီဆန္ဒတွေနဲ့ တိုင်ပင်ဆွေးနွေးခြင်း အနေအထားနဲ့ NUG ရဲ့ ကမ်းလှမ်းချက်ကို ထည့်သွင်းစဉ်းစားဖို့ လှုပ်ရှားရင်တောင်မှ မြန်မာထိုင်ခုံမှာ ထိုင်နေတဲ့ ပုဂ္ဂိုလ်ကနေပြီးတော့ ဒါကို ကန့်ကွက်နေမယ့် အနေအထားတော့ ရှိပါတယ်။ ဒါကို သတိချပ်ဖို့ လိုပါတယ်။
အာဆီယံကနေ တူညီဆန္ဒတွေနဲ့ တိုင်ပင်ဆွေးနွေးခြင်း အနေအထားနဲ့ NUG ရဲ့ ကမ်းလှမ်းချက်ကို ထည့်သွင်းစဉ်းစားဖို့ လှုပ်ရှားရင်တောင်မှ မြန်မာထိုင်ခုံမှာ ထိုင်နေတဲ့ ပုဂ္ဂိုလ်ကနေပြီးတော့ ဒါကို ကန့်ကွက်နေမယ့် အနေအထားတော့ ရှိပါတယ်။
ဒါပေမယ့် NUG ရဲ့ ကမ်းလှမ်းချက်ကို အာဆီယံဘက်ကနေ အသိအမှတ်မပြုဘူးဆိုတာတော့ ပြောလို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဧပြီလ အာဆီယံခေါင်းဆောင်များကနေပြီးတော့မှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဂျာကာတာကို ဖိတ်ပြီးတော့ အာဆီယံကို မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သဘောတူညီချက် ၅ ချက် (Five points Consensus) ကို လက်ခံအောင် ဆွေးနွေးခဲ့တဲ့အခါမှာ NUG ဘက်က ပို့ထားတဲ့စာကိုလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ လုပ်ငန်းညှိနှိုင်းရေး အစည်းအဝေးမှာ အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးမတိုင်ခင်ပေါ့ ။ NUG ရဲ့ စာကို လှည့်ပြီးတော့မှ မှတ်သားစေတယ်ဆိုတဲ့ လှုပ်ရှားမှုတရပ်ရှိခဲ့တယ်လို့လည်း မမိုးကြားထားပါတယ်။ အဲဒီတော့ အာဆီယံဘက်ကနေထည့်သွင်း စဉ်းစားနေတဲ့ အနေအထားတွေရှိပါတယ်။
ဒါပေမယ့် ခုနကပြောသလိုပဲ ကန့်ကွက်နေတဲ့ အသံတခုရှိတဲ့အခါကျတော့ ဒါကို အာဆီယံ အနေနဲ့ Balance (ချိန်ညှိ) လုပ်နေရတဲ့ အနေအထားရှိတယ်လို့ ယေဘုယျ သုံးသပ်မိပါတယ်။ တခုဒီမှာ စိတ်ဝင်စားစရာကောင်းတာက ပြီးခဲ့တဲ့ သောကြာနေ့ အရေးပေါ်အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက် ဒါကို နောက်တရက် ၁၆ ရက်နေ့မှာ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံက အဖွဲ့ရဲ့ ကြေညာချက်အနေနဲ့ ဆုံးဖြတ်ချက်တွေကို ခြုံငုံပြီးတော့မှ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာလည်း NUG ကို တိတိပပထည့်ပြောထားတာရှိပါတယ်။ ဒါကိုတော့ မမိုးအနေနဲ့ ထူးခြားတယ်လို့ သုံးသပ်လို့ရပါတယ်။
ပူးပေါင်းဆောင်ရွက်မှုနည်းခဲ့လို့ အာဆီယံရဲ့ သဘောတူညီဆန္ဒ ၅ ချက်ကို အကောင်အထည်ဖော်တာကို နှောင့်နှေးစေတဲ့ အနေအထားမျိုးတွေရှိခဲ့လို့လည်း ဒီအနေအထားတွေ ရောက်နေခဲ့တာ ဖြစ်ပါတယ်။
မေး ။ ။ အောက်တိုဘာ ၁၈ ရက်မှာ စစ်ကောင်စီဥက္ကဌက မိန့်ခွန်းပြောတယ်။ အကြမ်းဖက်တာတွေရပ်ဖို့ အာဆီယံက NUG ၊ CRPH နဲ့ EAO တွေကို မတောင်းဆိုဘဲ စစ်ကောင်စီကိုပဲ ပြောနေတယ်။ တဖက်ကိုလည်း ပြောသင့်တယ်ပေါ့။ အထူးကိုယ်စားလှယ်ဘက် ညှိမရတာတွေတောင်းဆိုတယ်လို့လည်းပြောတယ်။ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးဆောင်ရွက်မယ်လို့လည်းဆိုတယ်။ သူ့ရဲ့ တုံ့ပြန်ချက်အပေါ်ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ အကောင်းဆုံးဆောင်ရွက်သွားမယ်ဆိုတဲ့ ပြောဆိုချက်ကိုတော့ အပြုသဘောအနေနဲ့ ကြည့်မယ်ဆိုရင် အာဆီယံအနေနဲ့ ဆက်ပြီး သဘောတူညီဆန္ဒ ၅ ချက်ကို အကောင်အထည်ဖော်ဖို့အတွက်က ဒီလိုမျိုး အဓိက တာဝန်ရှိတဲ့ အဖွဲ့အစည်း တရပ်ကနေ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်မှုနည်းခဲ့လို့ အာဆီယံရဲ့ သဘောတူညီဆန္ဒ ၅ ချက်ကို အကောင်အထည်ဖော်တာကို နှောင့်နှေးစေတဲ့ အနေအထားမျိုးတွေရှိခဲ့လို့လည်း ဒီအနေအထားတွေ ရောက်နေခဲ့တာ ဖြစ်ပါတယ်။ အကြမ်းဖက်တာတွေရပ်ဖို့ အာဆီယံက တောင်းဆိုတယ် ဆိုတာကလည်း သဘောတူညီဆန္ဒ ၅ ချက်ကို ပြန်ကြည့်မယ်ဆိုရင်လည်း အကြမ်းဖက်တာတွေကို ရပ်ဖို့ကို အားလုံးခြုံပြီး ပြောထားတာဖြစ်ပါတယ်။ ဒီမှာ သတိတခုချပ်ဖို့ကလည်း ဒီလိုအကြမ်းတာတွေ ဖြစ်စေဖို့ ပြဿနာအရင်းအမြစ်က ဘယ်က စသလဲဆိုတာကတော့ လူတိုင်းသိပါတယ်။
မေး ။ ။ သူမိန့်ခွန်းပြောတဲ့ နေ့ရယ်၊ အောက်တိုဘာလ ၁၉ ရက်နေ့ရယ်မှာ ဖမ်းထားတဲ့သူတွေ ကို စစ်တပ်ဘက်က လွှတ်ပေးတာရှိတယ်။ ဒါက အာဆီယံက သူ့ကို အစည်းအဝေးပေးမတက်ဘူးလို့ ဆုံးဖြတ်လိုက်တဲ့အတွက်ကြောင့်လို့ ယူဆပါသလား။
ဖြေ ။ ။ အာဆီယံရဲ့ ဆုံးဖြတ်ချက်ရယ်။ ဖမ်းဆီးခံထားရတာတွေကို လွှတ်ပေးလိုက်တဲ့ အောက်တိုဘာ ၁၉ ရက်က အဖြစ်အပျက်ပေါ့။ ဒါတွေအကုန်လုံးက သိပ်ကိုနီးကပ်နေတဲ့အခါမှာ ဒါဖြစ်လို့ ဒါတွေဖြစ်တယ်ဆိုပြီးတော့ တွက်ဆတာက တွက်ကောင်းတွက်ကြပါလိမ့်မယ်။ ဒါပေမယ့် မမိုးအနေနဲ့ကြည့်မိတာက ဒီလိုရှိပါတယ်။ ဖမ်းဆီးခံထားရတဲ့သူတွေကို လွှတ်ပေးတာက ဒီတကြိမ်နဲ့ဆိုရင် ၄ ကြိမ်မြောက်ရှိပါပြီ။ ပြည်ထောင်စုနေ့တုန်းက တခါ ၊ သင်္ကြန်တုန်းက တခါ အဲဒီ ၂ ခါကတော့ အာဆီယံရဲ့ ဧပြီလ ခေါင်းဆောင်များအစည်းအဝေးမတိုင်ခင်ကပေါ့။ အာဆီယံရဲ့ အဆိုပြုချက်တွေ အာဆီယံဘက်က တောင်းဆိုချက်တွေနဲ့ ပထမ ၂ ကြိမ်လွှတ်ပေးတဲ့ အနေအထားက မသက်ဆိုင်ဘူးလို့ ပြောလို့ရတယ်ပေါ့။ ဒါပေမယ့် ဧပြီလ အာဆီယံခေါင်းဆောင်များ အစည်းအဝေးပြီးတဲ့အခါကျတော့ ဇွန်လမှာ တခါ ဒီလိုမျိုး ဖမ်းဆီးခံထားရတဲ့ သူတွေကို ဘယ်လိုခေါ်မလဲ အခါကြီးရက်ကြီးမဟုတ်ဘူးပေါ့။ အရင်တုန်းကတော့ ပြည်ထောင်စုနေ့ ၊ သင်္ကြန် ဒီလိုမျိုးလွှတ်ပေးတယ်ဆိုတဲ့ အခါကျတော့ အခုလည်း သီတင်းကျွတ်ဆိုပြီး လွှတ်ပေးတယ်ဆိုတော့ ဘာကြောင့်ရယ်မှမဟုတ်ဘူး လွှတ်တော့ လွှတ်ပေးလိုက်တယ်ပေါ့။ အဲဒါက ဧပြီလ အာဆီယံ ခေါင်းဆောင်များအစည်းအဝေး ပြီးတဲ့နောက်ပိုင်း အာဆီယံတူညီဆန္ဒ ၅ ချက်ကို ချပြီးတဲ့နောက်ပိုင်း လွှတ်ပေးခြင်းရဲ့ ပထမအကြိမ်ပေါ့။ အခုဆိုရင် သီတင်းကျွတ် ဒုတိယအကြိမ်ပေါ့။ ဒီလိုပဲ မမိုးကတော့ ဖြစ်စဉ်ကို ခြုံငုံသုံးသပ်ပါတယ်။
အာဆီယံသံအမတ်ဆိုရင်လည်း အခု ဂျာကာတာမှာ ရုံးစိုက်ပြီး တာဝန်ထမ်းဆောင်နေတယ်။ အာဆီယံထိပ်သီးအစည်းအဝေးတွေ အကုန်လုံးကလည်း အွန်လိုင်းကနေတဆင့် ကျင်းပမှာဖြစ်တဲ့အတွက် နေပြည်တော်ကပဲ ဖြစ်ဖြစ် ဂျာကာတာကနေပဲ ဖြစ်ဖြစ် တက်တာမျိုး ဖြစ်မှာပါ။
အာဆီယံကနေ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံကို လာဖို့အတွက် ဆွေးနွေးတဲ့အချိန်ကာလတုန်းကတော့ ဒီလိုမျိုး လွှတ်ပေးဖို့ရှိတယ်ဆိုတာကို အထူးကိုယ်စားလှယ်ကို ပြောထားသလား။ မပြောခဲ့ဘူးလားဆိုတာကတော့လည်း အတွင်းသိ မသိနိုင်တဲ့အတွက်ကြောင့် ဒီကိစ္စကတော့ မေးခွန်းတရပ်အနေနဲ့ မေးစရာရှိတယ်ပေါ့။ မြန်မာနိုင်ငံဘက်ကနေပြီးတော့မှ ဒီလိုမျိုး အာဆီယံ အထူးကိုယ်စားလှယ်ကို လွှတ်ပေးဖို့ ရှိတယ်လို့ ပြောခဲ့လို့ရှိရင်တော့လည်း အထူးကိုယ်စားလှယ်အနေနဲ့ အာဆီယံ အဝန်းအဝိုင်းတရပ်လုံးက ခေါင်းဆောင်များကို တင်ပြတဲ့အခါမှာ ဒါတွေကိုတော့ ထည့်သွင်းပြောမှာပေါ့။ သူပြောသလား။ မပြောသလားကတော့ အာဆီယံရဲ့ ကြေညာချက်ထဲမှာ မပါပါဘူး။ မမိုးကတော့ ဒီလိုပဲ ဖြစ်စဉ်တခုလုံးကိုပဲ ခြုံငုံသုံးသပ်ပါတယ်။
မေး ။ ။ လာမယ့် အောက်တိုဘာ ၂၆ ၊ ၂၇ ၊ ၂၈ မှာဆိုရင်တော့ အာဆီယံ ထိပ်သီးအစည်းဝေးကျင်းပတော့မှာ ဖြစ်ပါတယ်။ မေးချင်တာက ဒီကြားထဲမှာ အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာပြည်လာနိုင်ရေးက ဖြစ်နိုင်ချေရှိသေးလား။ ဘယ်လိုယူဆပါသလဲခင်ဗျ။
ဖြေ ။ ။ အထူးကိုယ်စားလှယ်အနေနဲ့ သူကြေညာထားတာရှိတယ်မှတ်လား။ သူ့ရဲ့လုပ်ငန်းဆောင်တာထဲမှာ ပါတယ်လေ။ သက်ဆိုင်ရာ အားလုံးနဲ့ တွေ့ဆုံဖို့ဆိုတဲ့ဟာ ပါတယ်။ အဲဒီမှာလည်း သူအကောင်အထည်ဖော်ရမယ့် လုပ်ငန်းဆောင်တာတွေကို ဒီလိုမျိုးထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အနေအထားလိုမျိုးမှာ အောက်တိုဘာ ၁၅ ရက် အစည်းအဝေးမတိုင်ခင်တုန်းက မလာတော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့ အချက်ရယ်။ နောက်ပြီးတော့ သူအရင်တုန်းက ကြေညာထားတဲ့ အားလုံးနဲ့တွေ့ဆုံဖို့ဆိုတဲ့ အချက်ကို အဓိကထားနေတယ်ဆိုတဲ့ အပေါ်မှာ ဒါမျိုးတွေကိုတော့ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။
မေး ။ ။ လာမယ့် ထိပ်သီးအစည်းအဝေးက ဘယ်လိုအခင်းအကျင်းမျိုး ဖြစ်လာနိုင်ပါသလဲ။ မြန်မာဘက်က နိုင်ငံရေးအရ ကိုယ်စားပြုတာ မဟုတ်တဲ့ ကိုယ်စားလှယ်တက်ခွင့်ရမယ်ဆိုတော့ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေ အစည်းအဝေးမှာလာတက်နိုင်ပါသလဲ။
ဖြေ ။ ။ မမိုးလည်း ဒီဆုံးဖြတ်ချက်ချတဲ့ အချိန်တုန်းက တချို့သတင်းဌာနတွေကို ပြောတဲ့အထဲမှာ ဒီဟာပါပါတယ်။ နိုင်ငံရေးနယ်ပယ်က မဟုတ်တဲ့ ပုဂ္ဂိုလ်ဆိုတာကတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အဓိပ္ပာယ်ဖွင့်တာသည် ဝန်ကြီး ၊ ဒုဝန်ကြီးအဆင့်ထဲကမဟုတ်ဘဲ Civil Servant လို့ခေါ်တဲ့ ဝန်ထမ်းထဲကနေပြီးဖြစ်နိုင်တာပေါ့။ ဝန်ထမ်းဆိုတဲ့အခါကျတော့ အမြဲတမ်းအတွင်းဝန်အဆင့်ဖြစ်မလား။ ညွှန်ချုပ်အဆင့်ဖြစ်မလားဆိုပြီး ယေဘုယျသုံးသပ်ပါတယ်။ ဖြစ်နိုင်တာကလည်း နိုင်ငံရေးနယ်ပယ်က မဟုတ်ဘူးဆိုတဲ့ အခါမှာ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဆိုတာလည်း ရှိပါတယ်။ အဲဒါကလည်း သံအမတ်အဆင့်ဆိုတော့ ညွှန်ချုပ်အဆင့်ခေါ်လို့ရတယ်။ အမြဲတမ်းအတွင်းဝန်အဆင့်ခေါ်လို့ရတယ်။ ဒီလိုမျိုး ညွှန်ချုပ်ဖြစ်မလား။ အမြဲတမ်းအတွင်းဝန်ဖြစ်မလား။ အာဆီယံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်မလားကတော့ စောင့်ကြည့်ရမှာပေါ့။ အာဆီယံသံအမတ်ဆိုရင်လည်း အခု ဂျာကာတာမှာ ရုံးစိုက်ပြီး တာဝန်ထမ်းဆောင်နေတယ်။ အာဆီယံထိပ်သီးအစည်းအဝေးတွေ အကုန်လုံးကလည်း အွန်လိုင်းကနေတဆင့် ကျင်းပမှာဖြစ်တဲ့အတွက် နေပြည်တော်ကပဲ ဖြစ်ဖြစ် ဂျာကာတာကနေပဲ ဖြစ်ဖြစ် တက်တာမျိုး ဖြစ်မှာပါ။
မျက်နှာပန်းလှချင်လား။ ဒါမှမဟုတ် တချိန်လုံးပဲ အပြစ်ဖို့ခံနေရတဲ့ အနေအထားမျိုးမှာ ရောက်ချင်သလားဆိုတာကတော့ စဉ်းစားဖို့လိုပါတယ်။
မေး ။ ။ ရေရှည်မှာရော စစ်ကောင်စီနဲ့ အာဆီယံအကြား ဆက်ဆံရေး ဘယ်လိုဖြစ်နိုင်ပါသလဲ။ ဆက်ဆံ ရေးအဆင်ပြေနိုင်ပါသလား။ သို့တည်းမဟုတ် ခက်ခဲနေနိုင်ပါလား။
ဖြေ ။ ။ အာဆီယံနဲ့ မြန်မာရဲ့ ဆက်ဆံရေးကတော့ ၁၉၉၇ ခုနှစ် အဖွဲ့ဝင်နိုင်ငံဖြစ်ကတည်းက ဒီလိုပဲ အတက်အကျတွေအများကြီး ရှိပါတယ်။ ဒါကလည်း အာဆီယံ အဝန်းအဝိုင်းတရပ်လုံးနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ကိစ္စရပ်တွေ ပေါ်လာပြီဆိုရင်တော့ ဒီလိုမျိုး အတက်အကျတွေ အမြဲတမ်းရှိပါတယ်။ အဆင်ပြေမယ်။ ခက်ခဲမယ်ဆိုပြီးတော့မှ ဒီလိုမျိုး အဖြူအမည်းခွဲပြီးတော့မှ ပြောလို့မရပါဘူး။ အာဆီယံရဲ့ တူညီဆန္ဒ ၅ ချက် (Five points Consensus) အကောင်အထည်ဖော်ခြင်း ဖြစ်စဉ်တခုလုံးနဲ့ ယှဉ်တွဲပြီး သုံးသပ်ရမှာဖြစ်ပါတယ်။ တခုရှိတာပေါ့။ မျက်နှာပန်းလှချင်လား။ ဒါမှမဟုတ် တချိန်လုံးပဲ အပြစ်ဖို့ခံနေရတဲ့ အနေအထားမျိုးမှာ ရောက်ချင်သလားဆိုတာကတော့ စဉ်းစားဖို့လိုပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်တာတွေ တည်ငြိမ်ဖို့အတွက် အခုဖြစ်နေတဲ့ ပဋိပက္ခတွေ အားလုံး ပြည်သူတရပ်လုံးအနေနဲ့ ခံစားနေရတာတွေ အားလုံး အဆင်ပြေနိုင်စေဖို့အတွက်ကိုတော့ အာဆီယံဘက်ကနေပြီးတော့မှ ပူးပေါင်းဆောင်ရွက်ဖို့ ၊ ဝိုင်းဝန်းဖြေရှင်းပေးဖို့ ကမ်းလှမ်းချက်ဆိုတာက အပြုသဘောဆောင်တဲ့အနေအထားကို ကြည့်ပြီးတော့မှ ဆက်ပြီးဆောင်ရွက်နိုင်ရင်တော့ ကောင်းတာပေါ့။ ဒီလိုပဲ မမိုးကတော့ မြင်ပါတယ်။
မေး ။ ။ ဘာများဖြည်စွက်ပြောကြားဦးမလဲခင်ဗျ။
ဖြေ ။ ။ အာဆီယံထိပ်သီးအစည်းအဝေးတွေရဲ့ သဘောသဘာဝကတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ ကြားမှာသာ တွေ့ဆုံဆွေးနွေးခြင်း မဟုတ်ဘူးလေ။ အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ ဆက်စပ်ပြီးတော့လည်း အာဆီယံရဲ့ ဆွေးနွေးဖက် မိတ်ဖက်ဆိုတဲ့ Dialogue Partner က ခေါင်းဆောင်များနဲ့လည်း တွေ့ဆုံဆွေးနွေးမယ့် အနေအထားတွေရှိပါတယ်။ အဲဒီတော့ ဒီလိုမျိုး ခုနကပြောခဲ့သလိုပဲ အထင်ကရ နိုင်ငံရေးအရ အရေးကြီးတဲ့ ထင်ပေါ်တဲ့ အစည်းအဝေးဆိုတာက အရေးပါတယ်ပေါ့။ ဒီလိုမျိုးအစည်းအဝေးတွေမှာ မြန်မာ့အရေးအပြင် တခြားနိုင်ငံတကာအဝန်းအဝိုင်းကနေ အလေးထားတဲ့ အရေးထားတဲ့ ဘာသာရပ်တွေကလည်း ဆွေးနွေးဖို့ရှိနေပါတယ်။
You may also like these stories:
စစ်ကောင်စီအကြီးအကဲက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအာဃာတ ကြီးမားနေ
အာဏာသိမ်းခေါင်းဆောင် မိသားစုစီးပွားရေးများကို သပိတ်မှောက်ရန် NUG တိုက်တွန်း
လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လည်ဖမ်းဆီးခံရ
နိုင်/ကျဉ်းများ လွှတ်ပေးမှု ကြေညာချက်ပါ အရေအတွက်ထက် နည်းနေနိုင်ဟု AAPP ဆို