နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ကို ဖမ်းဆီး ချုပ်နှောင်ကာ တရားစွဲဆို ထားတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ တရားခွင်အတွင်း စစ်ဆေးမေးမြန်းချက်တွေနဲ့ ပတ်သက်တဲ့ အမှု အကြောင်း အရာတွေကို ပြောဆို ထုတ်ပြန်တာတွေ မလုပ်ဖို့ ရှေ့နေ ၅ ဦးကို ပိတ်ပင် တားဆီးထားပါတယ်။
ဒီလို ပိတ်ပင်မှုဟာ မနက်ဖြန် အောက်တိုဘာ ၂၆ ရက် တရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည် သက်သေ ထွက်ဆိုမယ့်ရက် မတိုင်ခင်မှာပဲ ပြည်သူတွေကို သတင်း ထုတ်ပြန်ပေးနေတဲ့သူတွေကို ဆက်တိုက် ဆိုသလို ပိတ်ပင်တားမြစ်မှုတွေ စစ် ကောင်စီ က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်ကလည်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် သက်သေထွက်ဆိုရာမှာ စစ်တပ်သူ့ကို ကျန်းမာ ရေး အကြောင်းပြကာ နုတ်ထွက်ဖို့ ဖိအားပေး ခြိမ်းခြောက်ခဲ့ကြောင်း ထွက်ဆိုခဲ့တာဖြစ်ပြီး ယင်းထွက်ဆိုချက်တွေဟာ စစ် တပ်ရဲ့ အာဏာလုယူမှုကို ပိုမို ပေါ်လွင်ထင်ရှားစေတဲ့ ထွက်ဆိုချက်တွေ ဖြစ်တယ်လို့လည်း လူထုကြား ကျယ်ကျယ် ပြန့် ပြန့် ပြောဆိုခဲ့ကြရပါတယ်။
ရှေ့နေတွေကို ပိတ်ပင်တဲ့နေရာမှာလည်း ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ ဆိုပြီး စစ်ကောင်စီ လက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေးဌာနက အမိန့်တွေ ထုတ်ပြန်နေတာဖြစ်တဲ့အတွက် တရားစီရင်ရေး ကဏ္ဍအပေါ် အနိုင်အထက် လွှမ်းမိုး လုပ်ဆောင်နေတာဖြစ်တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
အခုလို အာဏာသိမ်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေအပေါ် ပြောဆိုဖြေကြားခွင့်တွေ ပိတ်ပင်တား မြစ်တာနဲ့ ပတ်သက်လို့ သုံးသပ်ချက် အမြင်သဘောထားတွေကို ဥပဒေရေးရာ အကြံပေး တဦးဖြစ်တဲ့ ဦးခင်မောင်မြင့်ထံ ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ရှေ့နေတွေကို ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေ၊ မီဒီယာ တွေနဲ့ NGO တွေဆီ ပြောဆိုခြင်း မလုပ်ဖို့ ပိတ်ပင်တားဆီးတာတွေနဲ့ ပတ်သက်လို့ ဘယ်လို သုံးသပ်မိပါသလဲ။
ဖြေ။ ။ တရားစီရင်ရေး မူအရတော့ ဒါက လုံးဝ သင့်လျှော်တဲ့ ကိစ္စ မဟုတ်ဘူး။ ဥပဒေနဲ့ ညီညွတ်တဲ့ ကိစ္စမဟုတ်ဘူးလို့ စ ပြောရမှာပဲ။ ဘာကြောင့်လဲဆိုတော့ တရားစီရင်ရေးနဲ့ ပတ်သက်လို့ အမြဲတမ်း လိုက်နာရတဲ့ အခြေခံမူ တခုရှိပါတယ်။ ပြည် ထောင်စု တရားလွှတ်တော်ချုပ်ကနေမှ ကျင့်ထုံးတွေ ထုတ်ဝေတဲ့ အခါမှာလည်း သူ့ရဲ့ ပထမဆုံးစာမျက်နှာမှာ အမြဲတမ်း ရည်ညွှန်းကိုးကားတဲ့ စီရင်ထုံးတခုလည်းရှိပါတယ်။ အဲဒါက ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် မောင်ရွှေပါ မောင်ရှည်ဆို တဲ့ စီရင်ထုံးပေါ့။ စီရင်ဆုံးဖြတ်ခဲ့တာက ဟိုတုန်းက ပြည်ထောင်စု တရားသူကြီးချုပ်ဖြစ်တဲ့ ဒေါက်တာ မောင်မောင်ပေါ့။
အဲဒီမှာ စီရင်ဆုံးဖြတ်ပြီးတော့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးနဲ့ ပတ်သက်လို့ ဘာကို လမ်းညွှန်ထားခဲ့လဲဆိုတော့ တရား စီရင်တဲ့ အခါမှာ အမှန်ကို စီရင်ဆုံးဖြတ်ရုံသာမကဘဲနဲ့ အဲဒီလို အမှန်တရားကို စီရင်ကြောင်း အများမြင်စေရာသည်ပေါ့။
လွယ်လွယ်ပြောရရင်တော့ တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက် အဆင့်တိုင်း၊ အဆင့်တိုင်းဟာ ဥပဒေတွေနဲ့ ညီညွတ်တယ်။ မှန် ကန် မျှတတယ်ဆိုတာကို နိုင်ငံသားတွေ မြင်ခွင့်၊ သိခွင့်၊ ကြားခွင့်ရှိရမယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ အဲဒီတော့ အခုဒီလိုမျိုး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၊ သမ္မတ ဦးဝင်းမြင့်တို့ ကိစ္စနဲ့ ပတ်သက်လို့ သူတို့ရဲ့ ရှေ့နေတွေ ကတဆင့် နိုင်ငံသားတွေကို အသိပေးတဲ့ ကိစ္စကို ပိတ်ပင်တယ်၊ တားဆီးတယ်၊ တနည်းအားဖြင့် တရားစီရင်ရေး ကဏ္ဍကို အုပ်ချုပ်ရေးကဏ္ဍက လွှမ်းမိုးတာသည် ဥပဒေသမားတွေရဲ့ အမြင်နဲ့ဆိုရင်တော့ အင်မတန် မတင့်တယ်တဲ့လုပ်ရပ်၊ အင်မ တန် အကျည်းတန် အရုပ်ဆိုးတဲ့ လုပ်ရပ်လို့ မြင်ပါတယ်။
မေး။ ။ အခု ရှေ့နေတွေအပေါ် အမိန့် ထုတ်ပြန် တားဆီးနေတဲ့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ နဲ့ ပတ်သက်ပြီးတော့ လည်း ရှင်းပြပေးပါဦး ခင်ဗျာ။
ဖြေ။ ။ အခု ပိတ်ပင်တဲ့အမိန့်တွေ ထုတ်ပြန်တာက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ပြန်တယ်လို့ ကျနော်တို့သိ ထားပါတယ်။ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ရဲ့ စီရင်ပိုင်ခွင့် အာဏာက အရပ်ဘက် အာဏာ မဟုတ်ဘူး။ တရား စီရင်ရေး အာဏာ ဖြစ်တယ်။ ခရိုင် တရားသူကြီး အပါအဝင် စီရင်ဆုံးဖြတ်ပိုင်ခွင့်ပေးထားတဲ့ တရားသူကြီးတွေက ထုတ် ပြန်ရမယ့် အခွင့်အာဏာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေး အာဏာပိုင်တွေဖြစ်တဲ့ အရပ်ဘက်ကနေမှ လိုအပ်ခဲ့ရင် တရားစီရင် ရေး အာဏာပိုင်ဖြစ်တဲ့ သက်ဆိုင်ရာ စီရင်ပိုင်ခွင့်ရှိတဲ့ တရားသူကြီးဆီမှာ လျှောက်ထားရမှာ ဖြစ်ပါတယ်။
အဲဒီလို လျှောက် ထားတဲ့ အခါကျမှ တရားသူကြီးကနေ လျှောက်ထားချက် အပေါ်မှာ စိစစ်ပြီးတော့ လိုအပ်ခဲ့ရင်လည်း ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ အရအမှုမှာ လိုက်ပါ ဆောင်ရွက်နေကြတဲ့ ရှေ့နေ ရှေ့ရပ်တွေအပေါ်မှာ အများပြည်သူကို ပြောဆိုခွင့်တွေ၊ တားမြစ်ကန့်သတ်တဲ့ အမိန့်တွေ သူက ထုတ်ပြန်ရမှာ ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ပုဒ်မ ၁၄၄ ကို ကျင့်သုံးတယ်ဆို ပြီးတော့ အရပ်ဘက်ကနေ တရားစီရင်ရေး ကဏ္ဍကို လွှမ်းမိုးပြီး ဆောင်ရွက်တာသည် ဥပဒေနဲ့ ညီညွတ်တဲ့ ကိစ္စမဟုတ်ဘူး လို့ ရိုးရိုးလေးပဲ မြင်ပါတယ်။
မေး။ ။ ဒီလို ရှေ့နေတွေကို ပြောဆိုခွင့် ပိတ်ပင်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း အရေးပေါ် ကာလ အခြေ အနေမှာ လုပ်ခွင့်ရှိတယ် ဆိုတဲ့သဘော ပြောဆို တုံ့ပြန်တဲ့ အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ ခင်ဗျာ။
ဖြေ။ ။ ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် နိုင်ငံရေး အာဏာ၊ နိုင်ငံရေးအရ ယှဉ်ပြိုင်ကြတဲ့အခါမှာ နိုင်ငံရေးအင်အားစုတွေ ကြားထဲမှာ ဘယ်လိုပြဿနာတွေပဲ ဖြစ်နေပါစေ တရားဥပဒေ စိုးမိုးရေးနဲ့ တရားစီရင်ရေးနဲ့ ပတ်သက်ရင်တော့ လက်ရှိ တည်ဆဲဥပဒေအရပဲ ဆောင်ရွက်ကြဖို့ လိုအပ်တယ်လိုမြင်ပါတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ တရားစီရင်ရေးအပေါ်မှာ အုပ်ချုပ် ရေး အာဏာပိုင်တွေက အနိုင်အထက် ဩဇာလွှမ်းမိုးမယ် ဆိုရင်တော့ ဒါဟာ တရားစီရင်ရေးရဲ့ အခြေခံမူဖြစ်တဲ့ လွတ်လပ် ခြင်း၊ မှန်ကန်ခြင်း၊ တရားမျှတခြင်းဆိုတဲ့ အခြေခံမူတွေ ပျက်ယွင်းသွာရင် တရား ဥပဒေ စိုးမိုးရေးအတွက် အင်မတန် စိုးရိမ် သောက ရောက်စရာ ဖြစ်တယ်လို့ပဲ မြင်ပါတယ်။
န.စ.က အနေနဲ့လည်းပဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် အခြေခံဥပဒေနဲ့ မဆန့်ကျင်တဲ့ ဥပဒေ အားလုံးကို လေး စား လိုက်နာမယ်လို့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာကို ရယူခဲ့ကတည်းက ပြည်တွင်းကိုရော နိုင်ငံတကာ အဖွဲ့အစည်းတွေကိုရော နိုင်ငံရေး ကတိကဝတ် ပေးထားတာရှိတယ်။ အဲဒီတော့ န.စ.က အနေနဲ့လည်း ဒီကတိကဝတ် တွေ တည်ဖို့တော့ လိုတယ်လို့ မြင်တယ်။
ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုး အုပ်ချုပ်ရေး အာဏာပိုင်တွေက တရားစီရင် ရေးကို လွှမ်းမိုးတာသည် တော်တော်ကို အရုပ်ဆိုးတဲ့ ကိစ္စဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၄ မှာ နိုင်ငံသားတွေဟာ နိုင်ငံတော်ရဲ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ဒါမှမဟုတ် ပြည်သူတွေရဲ့ ကိုယ်ကျင့်တရား အလို့ငှာ ပြဋ္ဌာန်းထားတဲ့ တည်ဆဲ ဥပဒေတွေနဲ့ မဆန့်ကျင်ဘူးဆိုရင် မိမိတို့ရဲ့ ယုံကြည်ချက်၊ ထင်မြင် ယူဆချက်တွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေခွင့်ရှိတယ်လို့ ဒီအတိုင်းပဲ အတိအကျ ပြဋ္ဌာန်းထား တာ ဖြစ်ပါတယ်။
နောက်တခါ မြန်မာနိုင်ငံမှာ တည်ဆဲဥပဒေဖြစ်တဲ့ ၂၀၁၀ ပြည်နှစ် ရှေ့နေရှေ့ရပ်များရဲ့ ကျင့်ဝတ်သိက္ခာများနဲ့ တာဝန်ဝတ္တ ရားများကို ပြဋ္ဌာန်းပေးထားတဲ့ ဘားကောင်စီ ပေါ့လေ။ တရားရုံးချုပ် ရှေ့နေများ ကောင်စီရဲ့ ရှေ့နေများရဲ့ အခွင့်အရေး များမှာ ဆိုရင်လည်းပဲ တရားလွှတ်တော်ရှေ့နေပဲဖြစ်စေ၊ အထက်တန်းရှေ့နေပဲဖြစ်စေ၊ ရှေ့နေဖြစ်လာပြီဆိုတာနဲ့ တပြိုင်နက် သူ့ကို အပ်နှံထားတဲ့(သို့မဟုတ်) သူလိုက်ပါ ဆောင်ရွက်တဲ့ အမှုနဲ့ ပတ်သက်တဲ့ အရေး ကိစ္စတွေကို အများပြည်သူကို အသိပေးပိုင်ခွင့် အခွင့်အရေးသည် အလိုအလျှောက် ပါလာပြီးဖြစ်ပါတယ်။
အဲဒီနေရာမှာ ဒီအမှုက ကြားနာစစ်ဆေးဆဲဖြစ်တဲ့ အတွက် အမှုမှာ ပါဝင် ပတ်သက်နေတဲ့ နှစ်ဖက် အမှုသည်များရဲ့ ကိုယ် ကျင့်သိက္ခာကို ထိပါးစေတဲ့ အပြောအဆိုတွေ၊ ဒါမှ မဟုတ် ဒီအမှုကို စစ်ဆေးစီရင်နေတဲ့ တရားရုံး အပါအဝင် တရားစီရင် ရေး အပေါ်မှာ အယုံအကြည် ကင်းမဲ့ပြီးတော့ သိက္ခာ ကျဆင်းစေတဲ့ အပြောအဆိုတွေ သို့တည်းမဟုတ် တရားရုံး ကနေ စီရင်ဆုံးဖြတ်ခြင်း မပြုရသေးတဲ့ အမိန့်တွေ အပေါ်မှာ လွှမ်းမိုးပြီးတော့မှ လမ်းကြောင်းပေးတဲ့ အပြောအဆိုမျိုးတွေ မပါဘူးဆိုရင် ဒါဟာ သက်ဆိုင်ရာ ရှေ့နေများရဲ့ အခွင့်အရေးတွေဟာ အမှုနဲ့ပတ်သက်လို့ အများပြည်သူကို သူအသိပေးခွင့် ရှိပါတယ်။
ဘာကြောင့်လဲဆိုတော့ တရားရုံးတွေဟာ အမှန်ကို စီရင်ဆုံးဖြတ်ရုံတင် မကဘဲနဲ့ တရားရုံးက စီမံဆောင်ရွက်နေတဲ့ အဆင့် တိုင်းမှာ ဥပဒေနဲ့အညီ မှန်မှန်ကန်ကန်၊ မျှမျှတတ၊ လွတ်လွတ်လပ်လပ် ဆောင်ရွက်နေတယ် ဆိုတာကို နိုင်ငံသားတွေကို အသိပေးခြင်း ဖြစ်ပါတယ်။ ဒါကို အုပ်ချုပ်ရေးပိုင်းကလည်းပဲ အမိန့်တွေ ထုတ်ပြန်ပြီးတော့ တားမြစ်ပိတ်ပင်လို့ မရပါဘူး။ အဲဒီလို ပိတ်ပင်လိုက်မယ်ဆိုရင် ဒါသည်း လွတ်လပ်သော တရားစီရင်ရေးကို အနှောင့်အယှက်ပြုခြင်းလို့ပဲ မြင်ပါတယ်။
မေး။ ။ လက်ရှိရှေ့နေတွေကို ပိတ်ပင်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲခင်ဗျာ။
ဖြေ။ ။ ကျနော်တို့ အနေနဲ့ကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံတော်သမ္မတကြီးတို့နဲ့ ပတ်သက်တဲ့ အမှု ကိစ္စတွေသည် ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ စတင်ပြီးတော့ အာဏာကိုရယူခဲ့တဲ့ န.စ.ကရဲ့ တရားစီရင်ရေးနဲ့ ပတ် သက်တဲ့ အင်မတန် အရေးကြီးသော တရားစီရင်ရေးဆိုင်ရာ ကျင့်ထုံးကျင့်စဉ်တွေနဲ့ ပတ်သက်ပြီး အရေးကြီးသော အမှု အခင်းတွေ၊ ဒီအမှုအခင်းတွေကို အလေးအနက် ထားပြီး ဆောင်ရွက်ဖို့လိုတယ်။ ဒီလောက် အရေးကြီးတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံတော် သမ္မတတို့၊ နိုင်ငံတော် သမ္မတ ဆိုတာလည်းပဲ န.စ.က အာဏာရယူတဲ့ အချိန်မှာကိုပဲ နိုင်ငံ တော် သမ္မတအဖြစ် နိုင်ငံသားများက ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။
အဲဒီလို ပုဂ္ဂိုလ်တွေရဲ့ အမှုအခင်းတွေကို တရား ဥပဒေနဲ့အညီ သက်ဆိုင်ရာ တရားရုံးတွေ၊ ရှေ့နေ ရှေ့ရပ်တွေက လွတ်လွတ်လပ်လပ်၊ မျှမျှတတ၊ တည်ဆဲဥပဒေများနဲ့ အညီ ဆောင်ရွက်ပိုင်ခွင့် မရဘူးဆိုရင်၊ ဆောင်ရွက်ပိုင်ခွင့်တွေကို တားမြစ်ပိတ်ပင်ကန့်သတ်မယ်ဆိုရင် ဒါဟာ န.စ.က လက်ထက် စီမံဆောင်ရွက်နေတဲ့ အမှုအခင်းမှာ အရေးကြီးသော သက်ရောက်မှု ဖြစ်ပါလိမ့်မယ်။
ဒါကြောင့်မို့လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အပါအဝင် နိုင်ငံတော် သမ္မတကြီးတို့နဲ့ ပတ်သက်တဲ့ အမှုအခင်းတွေသည် တကယ်တမ်း ပြောရရင် နိုင်ငံသားတွေ သိခွင့်ရှိတဲ့ ကိစ္စဖြစ်ပါတယ်။ မှားခြင်း မှန်ခြင်း၊ ဥပဒေအရ တာဝန်ရှိခြင်း မရှိခြင်း သည် တရားရုံးရဲ့ နှစ်ဖက်တရားလိုနဲ့ စွပ်စွဲခံရသူတွေရဲ့ အပြန်အလှန် ချေပတဲ့အပေါ်မှာပဲ တရားသူကြီးရဲ့ ဆုံးဖြတ် ချက်ဖြစ် ပါလိမ့်မယ်။ သို့သော် တရားစွဲ အဖွဲ့အစည်းဖြစ်တဲ့ တိုင်ကြားသူတွေ၊ ရဲတပ်ဖွဲ့တွေကလည်း သူတို့ရဲ့ တိုင်ကြားချက်တွေ မှန်ကန်ကြောင်း၊ ခိုင်မာမှု ရှိကြောင်း၊ အခြေအမြစ် ရှိကြောင်း၊ စွပ်စွဲခံရသူတွေသည် ဥပဒေ တရပ်ရပ်အရ အပြစ်ပေး အရေးယူခံရ နိုင်ဖွယ်ရာ အခြေအနေရှိကြောင်း သူတို့ အခိုင်အလုံ သက်သေပြရပါလိမ့်မယ်။
ဒါဟာ တည်ဆဲသက်သေခံ ဥပဒေပုဒ်မ ၁၀၁ အရ ပြဋ္ဌာန်းထားတဲ့ သူတို့ရဲ့ တာဝန်ဖြစ်ပါတယ်။ ဒို့က စွပ်စွဲပြီးရင်ပြီးပြီ၊ မှန် ခြင်း မမှန်ခြင်းကို သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက သူတို့ဟာ သူတို့ ချေပကြပါစေ ဆိုပြီးတော့ သက်သေတင်ပြခွင့် အခွင့် အရေးကို စွပ်စွဲခံရသူတွေ အပေါ်မှာ တာဝန် ပုခုံး လွှဲပြောင်းပေးလို့ မရပါဘူး။ တဖက်ကလည်းပဲ တရားလိုဖြစ်တဲ့ တရားစွဲ အဖွဲ့အစည်းတွေရဲ့ စွပ်စွဲချက်တွေ မှန်ကန်မှု မရှိကြောင်း၊ အခြေအမြစ် မရှိကြောင်း၊ ခိုင်မာမှု မရှိကြောင်း၊ မည်သည့် အကြောင်းနှင့်မျှ စွပ်စွဲခံရသူတွေကို အရေးယူ ဆောင်ရွက်နိုင်ဖွယ်ရာ အကြောင်း တစုံတရာ မရှိကြောင်းကိုလည်း စွပ်စွဲခံရ သူတွေဘက်က သက်သေပြရမှာ ဖြစ်ပါတယ်။
အဲဒီလို နှစ်ဖက် သက်သေပြချက်တွေသည်လည်းပဲ တကယ်ပြောမယ်ဆိုရင် မြန်မာ့ရုပ်မြင်သံကြားကဖြစ်စေ၊ MRTV-4 က ဖြစ်စေ၊ မြဝတီကဖြစ်စေ မြန်မာနိုင်ငံသားများ အားလုံး မြင်သာ၊ သိသာအောင် ရှင်းရှင်းလင်းလင်း တရားခွင်ကို ရိုက်ကူးပြီး တော့မှ တိုက်ရိုက်ထုတ်လွှင့်ပြီးတော့ ပြသရမယ့် အနေအထားမျိုး ဖြစ်ပါတယ်။ ဒါမှသာလျှင် တရားစွဲ အဖွဲ့အစည်းရဲ့ စွပ်စွဲ ချက်တွေက ဘာတွေရှိတယ်၊ စွပ်စွဲချက်တွေသည် ဘယ်လောက် ခိုင်မာမှုရှိတယ်။ စွပ်စွဲခံရသူ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ သမ္မတတို့က ဘယ်လို ချေပကြတယ်။ ချေပချက်တွေသည် အထောက်အထား ဘယ်လောက် အခိုင်အမာရှိတယ်။ ဘယ်လောက် ခြေခြေမြစ်မြစ် ရှိတယ်ဆိုတာ နိုင်ငံသားတွေက သိရှိပြီးတော့ န.စ.က ရဲ့ တရားစီရင်ရေးအပေါ်မှာ ယုံကြည်မှု ရှိလာ ကြမှာဖြစ်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ အမိန့်က မချရသေးဘူး။ ဒီတရားစီရင်ရေးမှာ ဆောင်ရွက်နေတဲ့ ကိစ္စတွေ အများပြည်သူ သိရှိစေရန်အတွက် ပြောခွင့် မရှိဘူး၊ ဆိုခွင့် မရှိဘူး၊ ပြန်ကြားခွင့် မရှိဘူး၊ ဟိုဘက်ကပိတ်၊ ဒီဘက်က ပိတ်ဆိုရင်တော့ ဒီတရားစီရင်ရေးဟာ တော်တော်ကို တရားစီရင်ရေး အခြေခံမူတွေနဲ့ လွဲမှားပြီးတော့ တကယ်ကို ရှက်စရာ ကောင်းတဲ့ တရားစီရင်ရေး အခြေအနေမျိုးကို ရောက်သွားလိမ့်မယ်လိုပဲ မြင်ပါတယ်။
You may also like these stories:
ဖမ်းဆီးခံထားရသည့် ကိုဂျင်မီ မင်္ဂလာဒုံ စစ်ဆေးရုံ၌ အရေးပေါ်ကုသမှု ခံနေရ
စစ်ကောင်စီအကြီးအကဲက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအာဃာတ ကြီးမားနေ
ဒေါ်အောင်ဆန်းစုကြည် အမှုများ ပြည်သူမသိစေဖို့ ရှေ့နေတဦးကို ပြောဆိုခွင့်ထပ်ပိတ်