အောက်တိုဘာလ ၂၃ ရက် ည ၉ နာရီခန့်က ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ရှိ နေအိမ်တလုံးတွင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီ (ခေါ်) ဦးကျော်မင်းယုကို စစ်ကောင်စီ က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးမှုတွင် ကိုဂျင်မီ၏ ဦးခေါင်းထိခိုက်သွားကာ အသက် အန္တရာယ် စိုးရိမ်ရသည့်အခြေအနေမျိုးဖြစ်ကြောင်း ကိုဂျင်မီ၏ ဇနီး မနီလာသိန်းက ဆိုသည်။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးလည်း ဖြစ်သူ မနီလာသိန်းသည်လည်း စစ်ကောင်စီ ရန်မှ ပုန်းအောင်းနေရသည်။ သူက “ခုဆိုရင် သူ့ရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားလို့ ကြားရတယ်။ ဖြစ်ပေါ်လာတဲ့ တခုချင်း တခုချင်းစီတိုင်းက စစ်ကောင်စီမှာ တာဝန်ရှိတယ်။ သူတို့ တာဝန်ယူရမယ်” ဟု ဧရာဝတီကို ပြောသည်။
ခုဆိုရင် သူ့ရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားလို့ ကြားရတယ်။ ဖြစ်ပေါ်လာတဲ့ တခုချင်း တခုချင်းစီတိုင်းက စစ်ကောင်စီမှာ တာဝန်ရှိတယ်။ သူတို့ တာဝန်ယူရမယ်
ကိုဂျင်မီသည် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်းလည်းဖြစ်ပြီး ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း တည်ထောင်သူတဦးဖြစ်ကာ ဒီမိုကရေစီအရေး နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် အတွက် နှစ်ရှည်ထောင် ဒဏ်ကျခဲ့သူ တဦးလည်း ဖြစ်သည်။
ထို့ပြင် စစ်တပ်အာဏာသိမ်းသည့် အချိန်ကစပြီး အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်သည့်အတွက် စစ်ကောင်စီက ပုဒ်မ ၅၀၅ (ခ) တပ်ကာ ဖမ်းဝရမ်းထုတ်ခံရထားရသူလည်း ဖြစ်သည်။
ကိုဂျင်မီ ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး မနီလာသိန်းကို ဧရာဝတီက မေးမြန်းထားပါသည်။
မေး။ ဦးဂျင်မီ အဖမ်းခံထားရပြီးနောက် သူ့အခြေအနေ ကို ဘယ်လောက် သိရပါလဲ။
ဖြေ။ အမတို့ ကြားထားရတာက ကတော့ မင်္ဂလာဒုံ စစ်ဆေးရုံမှာ ရှိတယ်သိရတယ်။ စောင့်ကြည့်အနေအထားရှိတယ်ဆိုတာ သိပါတယ်။
မေး။ သူ့ကို ခေါင်းကိုထိတယ်ဆိုတာက ရိုက်နှက်ဖမ်းဆီးရင်းနဲ့ ဖြစ်တာလား။ အပစ်ခံရတာလား။ ဘယ်လိုမျိုး သိရပါလဲ။
ဖြေ။ အဲ့လို အမ သေချာမသိဘူး။ သူ ခေါင်းထိတယ်ဆိုတဲ့ဟာတွေ သိတယ်။
မေး။ သူ့ကို လာဖမ်းတဲ့အချိန် နှစ်ယောက်တော့လွတ်လာတယ်ပြောတော့ သူတို့က လာဖမ်းတဲ့အချိန်က ဖြစ်ရပ်ကို ဘယ်လိုပြောလဲ။
ဖြေ။ (ကိုဂျင်မီနဲ့အတူတူရှိနေတဲ့) ကလေးနှစ်ယောက်က ကျတော့ ထွက်ပြေးသွားတာ။ ဆိုတော့ နောက်ပိုင်းအခြေအနေတွေ သူမသိတော့ဘူး။ သူတို့က တံခါးဖျက်ပြီးတော့ ဝင်လာတယ်။ သူတို့အုပ်စု အင်အား အလုံးအရင်းနဲ့ဝင်လာတယ်။ အဲဒီမှာ ကလေးတွေက ထွက်ပြေးကြတာ။
ရန်ကုန်မြေမှာနေပြီး တိမ်းရှောင်လုပ်နေတဲ့သူတွေ အများကြီးပဲ ရှိပါတယ်။ ဒီမှာနေပြီးတော့ ဒါကို တနေ့မဟုတ် တနေ့က ကြုံရမယ်ဆိုတာလည်း သိပါတယ်။
ဧည့်စာရင်းစစ်တာတော့ မဟုတ်ဘူး။ သူတို့က တံခါးတွေ ဖျက်ပီးဝင်လာတာ။ သူတို့ လူများတယ်လို့တော့ သိတယ်။
မေး။ ဦးဂျင်မီနဲ့အတူတူ လက်နက်တွေလည်းမိတယ်လို့ တချို့ပြောနေတာတွေ ကြားရတော့ အဲဒါဟုတ်လား။
ဖြေ။ အဲဒါတော့ အမ မသိဘူး။
မေး။ သူက စစ်အာဏာရှင်ဆန့်ကျင်ရေးအလုပ်တွေကို အထဲထဲမှာပဲ ဘာကြောင့် ပုန်းရှောင်ရင်း ဆက်လုပ်ဖြစ်နေတာလဲ။
ဖြေ။ အဓိကက ရန်ကုန်မြို့ထဲမှာ ရန်ကုန်မြေမှာနေပြီး တိမ်းရှောင်လုပ်နေတဲ့သူတွေ အများကြီးပဲ ရှိပါတယ်။ ဒီမှာနေပြီးတော့ ဒါကို တနေ့မဟုတ် တနေ့က ကြုံရမယ်ဆိုတာလည်း သိပါတယ်။ အခု စစ်အာဏာရှင်ရဲ့ ဖမ်းဆီးမှုကြောင့် တိမ်းရှောင်နေရတဲ့အခါမှာ နေရာပေါင်းစုံမှာ အားလုံးက ကိုယ့်ဟာကို ရွေးချယ်ပြီး တိမ်းရှောင်ကြတယ်။
ဒီ ရန်ကုန်ထဲမှာလည်း ၈ လတောင်ကြာခဲ့ပြီလေ။ တနေရာပြီး တနေရာ ပြောင်းပြီးတော့ နေထိုင်နေတာ။ အလုပ်လုပ်တဲ့အခါမှာက ဒီလိုမျိုး ကြုံတွေ့ရမယ်ဆိုတာ အရင်ကတည်းကတော့ ကိုယ်တွေက တွက်ဆပြီးသားပါ။ ဒါပေမယ့် ရသလောက်ကိုတော့ လုပ်နေကြတာ။ အလုပ်လုပ်ချင်လို့ကို၊ အလုပ်လုပ်ချင်လို့ဆိုတာ အဝေးမှာနေတဲ့သူက မလုပ်တာမဟုတ်ဘူးနော်။ ပုံစံ မျိုးစုံနဲ့ နေရာဒေသတွေမှာ ရွေွှ့ပြောင်းနေထိုင်ကြတယ်။ မတူညီတဲ့ အလုပ်တွေကို အားလုံးက ပုံစံမျိုးစုံနဲ့လုပ်နေကြတာပေါ့နော်။ အခု အဲဒါနဲ့ပတ်သက်ပြီး အများကြီး ကြားရတယ်။ ဒီထဲမှာနေလို့ (ဖမ်းမိသွားတဲ့) ပြစ်တင်ဝေဖန်သံတွေလည်း ကြားရတယ်။
လူတိုင်းကတော့ တယောက်ယောက်ပါသွားပြီဆိုရင် အားလုံးက ထောင်ရောက်မှ စိတ်ပူပန်မှုအနည်းငယ် လျော့ရတယ်။ အော် ထောင်ရောက်ပြီဆိုရင် ငါတို့ ရဲဘော်တွေ အသက်ရှင်ရက် ရှိတယ်ဆိုတာ ဟင်းချ နိုင်တာပေါ့။
အဓိကက ကိုယ် တတ်နိုင်သရွေ့ ကိုယ်လုပ်ချင်တဲ့အလုပ်ကို ရှိတဲ့နေရာမှာ အတတ်နိုင်ဆုံး လုံခြုံအောင် နေပြီးတော့ (လုပ်တာ) ကိုယ်ကတော့ လုံခြုံအောင်နေတာပဲပေါ့နော်။ ဒါပေမယ့် မလုံခြုံတော့ဘူးဆိုတဲ့ဟာက အားလုံးသိတယ်။ ဘယ်နေရာမှာပဲ နေနေ။ တချို့ဆို လွတ်မြောက်နယ်မြေမှာ နေရင် အဆင်ပြေတယ်။ လုံခြုံတယ်လို့ ထင်ပေမယ့် လွတ်မြောက်နယ်မြေမှာနေပြီးတော့ စစ်ကြောင်းတွေ ထိုးလို့ ထွက်ပြေးနေရသူတွေ တပုံကြီး ရှိတယ်။ မတူညီတဲ့ အခက်အခဲတွေ ပြဿနာတွေက နေရာတိုင်းမှာ မတူညီတဲ့ပုံစံတွေနဲ့ အားလုံးက ကြုံတွေ့နေရတာပဲလေ။
မေး။ အမ ကိုယ်တိုင်လည်း ရှောင်ရင်း တိမ်းရင်းနဲ့ (စစ်အာဏာရှင်ဆန့်ကျင်ရေး) လုပ်နေတော့ ကိုယ်ကိုယ်တိုင်အတွက်ကော ဦးဂျင်မီအတွက်ကော ဘယ်လောက်အထိ စိုးရိမ်ပူပန်မှုတွေ ရှိလဲ။
ဖြေ။ ဒီလို ဖမ်းဆီးခံရပီဆိုရင်တော့ အားလုံးသိတဲ့အတိုင်းပဲ၊ ဒီ ၈ လအတွင်း ဖမ်းဆီးခံရပြီးချိန် တွေ့ကြုံရတာ အသက်သေဆုံးရင်သေဆုံး၊ မသေဆုံးရင် သူတို့ရဲ့ မတရားညှင်းပန်းနှိပ်စက်တဲ့ဒဏ်ကို ခံရတယ်လေ။ အဲဒီအတွက်ကတော့ လူတိုင်းကတော့ တယောက်ယောက်ပါသွားပြီဆိုရင် အားလုံးက ထောင်ရောက်မှ စိတ်ပူပန်မှုအနည်းငယ် လျော့ရတယ်။ အော် ထောင်ရောက်ပြီဆိုရင် ငါတို့ ရဲဘော်တွေ အသက်ရှင်ရက် ရှိတယ်ဆိုတာ ဟင်းချ နိုင်တာပေါ့။ အဲ့လိုမျိုးပဲ အခုလည်း သူ့ရဲ့ အသက်အန္တရာယ်ကို အမတို့က စိုးရိမ်နေတယ်။ ပြီးတော့ ပါသွားတဲ့အနေအထားတွေ ပြန်ကြားရတဲ့ အနေအထားတွေမှာ ကြားရသလောက်မှာ အမတို့အတွက် အဆင်မပြေဘူး။ သူ့ရဲ့ အသက်အန္တရာယ်အတွက် အဆင်မပြေတာတွေပဲ အမတို့ တောက်လျှောက် ကြားနေရတယ်။ အဲဒီအတွက် စိုးရိမ်တယ်။
မေး။ ဘယ်လိုတွေ ပြန်ကြားရတာလဲ။။
ဖြေ။ တဆင့်စကား တဆင့်ကနေ ကြားတာပဲ။ အမတို့လည်း ဘယ်လိုမှ ကွန်ဖမ်းမရ။ တချို့အရာတွေလည်း ကွန်ဖမ်း လုပ်လို့မရတဲ့ အရာတွေလည်း ရှိတာပေါ့။
မေး။ သူ့အတွက် ကိုယ်စားပြုပေးမယ့် ရှေ့နေတွေနဲ့ ချိတ်ဆက်ထားတာမျုးိရှိလား။
ဖြေ။ အခု အဲဒါတွေတော့ ဘာမှ မရှိဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ မတရားအမှုဆင်တဲ့အပေါ်မှာ သူတို့နဲ့ ဘာမှ ထွေထွေထူးထူး ပူးပေါင်းဆောင်ရွက်ဖို့ မရှိပါဘူး။
ပုံစံမျိုးစုံနဲ့ နေရာပေါင်းစုံမှာ ဖမ်းဆီးခံရတာတွေ ရှိတယ်။ သေဆုံးသွားရတာတွေ ရှိတယ်။ အဲဒီဟာတွေကို အမတို့ ခွန်အားအဖြစ် ပြောင်းပြီးတော့ ဒီ စစ်အာဏာရှင် ဖြုတ်ချဖို့ အမတို့ ဆက်ပြီး အလုပ်လုပ်သွားမှာပဲ။
မေး။ ဒီတော်လှန်ရေးမှာ အမကိုယ်တိုင်လည်း ထဲထဲဝင်ဝင် ပါနေတယ်။ ဦးဂျင်မီ အဖမ်းခံရတာတော့ စိတ်မကောင်းဖြစ်ကြတာပေါ့။ ဒါပေမယ့် အမကိုယ်တိုင်လည်း လွတ်မြောက်နေသေးတယ်။ လုပ်နေသေးတယ်ဆိုတော့ တခြား သတင်းစကား ပြောချင်တာရှိရင် ပြောပေးပါ။
ဖြေ။ အခုကတော့ ကိုဂျင်မီ ဖမ်းခံထိတယ်။ အဲဒီမတိုင်ခင်လည်း အမတို့ ချစ်ခင်လေးစားရတဲ့ Generation Z တွေ၊ ချစ်ခင်လေးစားရတဲ့ ရဲဘော်တွေ အကုန်လုံး ကျောင်းသားသမဂ္ဂတွေ အားလုံးပေါ့နော် ပုံစံမျိုးစုံနဲ့ နေရာပေါင်းစုံမှာ ဖမ်းဆီးခံရတာတွေ ရှိတယ်။ သေဆုံးသွားရတာတွေ ရှိတယ်။ အဲဒီဟာတွေကို အမတို့ ခွန်အားအဖြစ် ပြောင်းပြီးတော့ ဒီ စစ်အာဏာရှင် ဖြုတ်ချဖို့ အမတို့ ဆက်ပြီး အလုပ်လုပ်သွားမှာပဲ။ ပိုပြီးတော့ ဒီလိုမျိုးတွေ အခက်အခဲတွေ နာကျင်မှုတွေ ကြုံရလေ အမတို့က အလုပ်ကို ပိုကြိုးစားပြီး ဒီအာဏာရှင် ပြုတ်ကျအောင် လုပ်ဆောင်သွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။
You may also like these stories:
အင်ဂျင်နီယာကျောင်းသား ကိုလင်းပိုင်စိုး စစ်ကြောရေးတွင် သေဆုံး
လွတ်မိန့်ပါသူ နိုင်/ကျဉ်း ၁၁၀ ဦး ပြန်လည်ဖမ်းဆီးခံရဟု AAPP ထုတ်ပြန်
ဒေါ်အောင်ဆန်းစုကြည် အမှုများ ပြည်သူမသိစေဖို့ ရှေ့နေတဦးကို ပြောဆိုခွင့်ထပ်ပိတ်
လူထုရဲ့ မျက်လုံးနဲ့ နားတွေကို ပိတ်ဖို့ စစ်ကောင်စီ ကြိုးစားနေ