လက်ရှိ ကျင်းပနေသည့် အာဆီယံ ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးပွဲတွင် စစ်ကောင်စီ ခေါင်းဆောင် ဖိတ်ကြား ခြင်း မရှိသလို ကမ္ဘာ့နိုင်ငံများကလည်း စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်ပြုမှု မရှိသေးပါ။
ယခုလို အခြေအနေများက စစ်ကောင်စီအတွက် သံတမန်ရေးတွင် ရှုံးနိမ့်မှု ဖြစ်ပေါ်လာနေခြင်းဖြစ်ကြောင်း လေ့လာ သုံးသပ်သူများက ပြောဆိုနေကြသည်။
နိုင်ငံတကာ မျက်နှာစာတွင် စစ်ကောင်စီ၏ ရှုံးနိမ့်မှုများက အမျိုးသား ညီညွှတ်ရေးအစိုးရ (NUG) အတွက် သံခင်း တမန် ခင်းတွင် အောင်ပွဲရရှိခြင်း ဟုတ်၊ မဟုတ်နှင့် ပတ်သက် NUG ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ NUG နဲ့ အာဆီယံ ဆက်ဆံရေးကရော ဘယ်လို အခြေအနေ ရှိပါသလဲ။
ဖြေ ။ ။ NUG အနေနဲ့ကတော့ ဒေသတွင်း နိုင်ငံတွေရော အိမ်နီးနားချင်း နိုင်ငံတွေနဲ့ရော ကျမတို့ရဲ့ လှုပ်ရှားမှုမှာ NUG ရဲ့ သံတမန်မျက်နှာစာမှာ အတတ်နိုင်ဆုံး ထိတွေ့ ဆက်ဆံသွားဖို့နဲ့ ကျမတို့ NUG ရဲ့ နိုင်ငံရေးအရ လုပ်ဆောင်ချက်တွေ ပြည် တွင်းမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ပိုပြီး သိရှိ နားလည်နိုင်အောင် ကျမတို့ကို ပိုပြီး ထိတွေ့ ဆက်ဆံလာအောင် နောက်လှုပ်ရှားမှုအပေါ်မှာ ထောက်ခံမှုတွေ ပိုရလာအောင်လို့ ဆက်သွယ် ဆောင်ရွက်နေ တာ ရှိပါတယ်။ အာဆီယံတခုလုံး ဆက်ဆံရေးနဲ့ ပတ်သက်ရင်တော့ ကျမတို့ဘက်ကနေပြီး ကျမတို့ရဲ့ သဘောထားတွေ၊ Special envoy (အထူး သံတမန်) ခန့်အပ်တဲ့ အပေါ်မှာ ကျမတို့ရဲ့ သဘောထားတွေ ပုံမှန်ပေးပို့လျက် ရှိပါတယ်။
ပေးပို့ပြီးတော့ engagement လုပ်တဲ့နေရာမှာ သဘောတူချက် ၅ ရပ်ကို အကောင်အထည်ဖော်တဲ့ နေရာမှာ ထားသင့် ထားအပ်တဲ့ သဘောထားတွေကို ပုံမှန်ပေးပို့ပါတယ်။ ASEAN Summit (အာဆီယံ ထိပ်သီးအစည်းအဝေး) ကို စစ်ကောင် စီကို မဖိတ်ဖို့ ဘာဖြစ်လို့လဲဆိုတော့ အာဏာသိမ်းထားတယ်။ ပြည်သူကို ကိုယ်စားမပြုဘူး အာဏာသိမ်းမှုဟာ အာဆီယံရဲ့ အဓိက ကျောရိုးဖြစ်တဲ့ ASEAN Charter (အာဆီယံ ပဋိဉာဉ်) မှာ ပါတဲ့ ကိစ္စတွေကိုလည်း ချိုးဖောက်ထားတာ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ စစ်ကောင်စီကို လက်မခံဖို့ စာရေးသားပေးပို့ခဲ့တယ်။
ဒုတိယ တချက်အနေနဲ့ကတော့ ဖိတ်မယ်ဆိုရင် NUG က ဒေသတွင်းရှိနေတဲ့ အာဆီယံ မိသားစုဝင်တွေနဲ့ ပူးပေါင်းဆောင် ရွက်ဖို့ ပြည်သူကို ကိုယ်စားပြုပြီး ဆောင်ရွက်ဖို့ အဆင်သင့် ရှိနေတယ်။ ကိုယ်စားလှယ်စေလွှတ်ရမယ် ဆိုရင်လည်း အဆင်သင့်ရှိနေတယ်ဆိုတဲ့ အကြောင်းတွေကို ပုံမှန် ဆက်သွယ် ဆောင်ရွက်နေတာတွေ ရှိပါတယ်။
မေး ။ ။ လက်ရှိ ပြုလုပ်နေတဲ့ အာဆီယံ အစည်းအဝေးမှာ မြန်မာကိုယ်စားလှယ်တွေ မပါဘဲနဲ့ နေရာလွတ် ထားပြီးတော့ ဆွေးနွေးနေတဲ့ အပေါ်မှာ NUG အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ အစကတည်းက နိုင်ငံတကာက ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဒီအာဏာသိမ်းမှုကို ဘယ်နိုင်ငံတကာကမှ လက် မခံသေးပါဘူး။ ဒါက ဒီရဲ့ နောက်ဆက်တွဲလို့ပဲ မြင်ပါတယ်။ ဒါကြောင့် အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို အသိအမှတ်မ ပြုဘူး။ အာဏာသိမ်းမှုကိုလည်း တကမ္ဘာလုံးက ရှုတ်ချနေတယ်။ ပြောရမယ်ဆိုရင် စစ်ကောင်စီကို ဘယ်နိုင်ငံကမှ တရား ဝင် အစိုးရအနေနဲ့ အသိအမှတ် ပြုမထားဘူး ဆိုတာ အခု ASEAN Summit မှာ ပိုပြီးတော့ ပေါ်လွင်သွားတယ်လို့ ပြောလို့ ရပါတယ်။
မေး ။ ။ လက်ရှိ ပြုလုပ်နေတဲ့ အာဆီယံ အစည်းအဝေးကနေ ဘယ်လိုရလဒ်တွေကို မျှော်လင့်ထားလဲ။ မြန်မာ့ အရေးနဲ့ ပတ်သက်လို့ အချက်အလက် တင်ပြမှုတွေကို NUG က ပေးပို့ခွင့် ရရှိထားလား။ NUG အနေနဲ့ သံတမန်ရေးရာမှာ ဘာ တွေ ဆက်လုပ်သွားဖို့ ရှိလဲ။
ဖြေ။ ။ ဒီဘက်ခေတ်ကတော့ Internet နဲ့ Email နဲ့ သွားတဲ့ ခေတ်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကျမတို့ကတော့ Engagement ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပြီးတော့ ပေးပို့နေပါတယ်။ တချို့ နိုင်ငံတွေကလည်း ကျမတို့ကို Copy ခံပြီး တာ့ ပေးပို့တဲ့ နိုင်ငံတွေကလည်း လက်ခံရရှိတဲ့ အကြောင်း တုံ့ပြန်တာတွေ ရှိတယ်။ တချို့ နိုင်ငံတွေ ကတော့ မတုံ့ပြန်တဲ့ နိုင်ငံတွေလည်း ရှိတယ်။ ကျမတို့ကတော့ အာဆီယံ အထွေအထွေ အတွင်းရေးမှူးရုံးချုပ် အပါအဝင် သက်ဆိုင်ရာ အာဆီ ယံ မိသားစုဝင် နိုင်ငံတွေ အားလုံးရဲ့ ကျမဆို နိုင်ငံရေးဝန်ကြီးဌာန ရုံးတွေကို စာပေးပို့တယ်။
အခုဆိုရင်လည်း သမ္မတကြီး မတက်ရောက်နိုင်တဲ့ အတွက်ကြောင့် ယာယီသမ္မတကြီးကနေပြီးတော့ NUG ကိုယ်စား သဝဏ်လွှာလည်း ပေးပို့ခဲ့ပါတယ်။ ဆိုတော့ ဖတ်ကြားသည်ဖြစ်စေ မဖတ်ကြားသည်ဖြစ်စေ ဒေသတွင်း အာဆီယံ မိသားစု ဝင်တွေမှာ ကျမတို့ရဲ့ ပူးပေါင်း ဆောင်ရွက်လိုမှု ဒီပုံရိပ်ကို ပြသနိုင်ခဲ့တယ်လို့ မြင်ပါတယ်။
ဒီအစည်းအဝေးကနေ ဘာတွေမျှော်လင့်လဲဆိုရင်တော့ သံတမန်ရေး ဖိအားတွေ ပိုပေးဖို့ လိုအပ်တယ်။ အာဆီယံ အနေနဲ့ ရှိရင်းစွဲ သွားနေတဲ့ Solution (ဖြေရှင်းချက်) တွေ အပေါ်မှာ ဘယ်လိုမျိုး ဖြေရှင်းချက်တွေ လိုမလဲပေါ့။ အာဆီယံချည်း သက်သက် မလုံလောက်တဲ့ အတွက်ကြောင့် အာဆီယံ Plus ပေါ့။ အာဆီယံနဲ့ တရုတ် ရှိမယ်၊ အာဆီယံနဲ့ US ရှိမယ်။ စသဖြင့် အာဆီယံနဲ့ မိတ်ဖက် တခြားနိုင်ငံတွေနဲ့ရော ဘယ်လိုပူးပေါင်း ပြီးတော့ မြန်မာ့အရေးကို အရှိန်အဟုန်မြှင့်ပြီး ဖြေ ရှင်းကြမလဲပေါ့။ ဒီကိစ္စတွေကို ဆွေးနွေးသွားကြလိမ့်မယ်လို့ ကျမအနေနဲ့ မျှော်လင့်တယ်။ အာဆီယံ Plus UN ပေါ့။ အခု ဆိုရင် UN ရဲ့ မြန်မာပြည်ရဲ့ Special Envoy (အထူးသံ တမန်) လည်း ခန့်အပ်ပြီးသွားတဲ့ အနေအထားဆိုတော့ ပိုပြီး အားကောင်းတဲ့ ဖြေရှင်းမှု အသစ်တွေကို ရှာဖွေဖို့ တော့ ဆွေးနွေးကြလိမ့်မယ်လို့ ကျမအနေနဲ့ မျှော်လင့်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံအတွက် မစ္စ နိုလိန်းဟေဇာကို အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်တဲ့အတွက် မြန်မာ့အရေးမှာ ဘယ်လို ရလဒ် NUG က ဘယ်လိုမျှော်လင့်ထားလဲ။
ဖြေ။ ။ လူပုဂ္ဂိုလ်အရ ပြောရရင်တော့ မစ္စ နိုလိန်းက မြန်မာနဲ့ ပတ်သက်ပြီး ထိုက်သင့်တဲ့ ရင်းနှီးမှု၊ နားလည်မှုရှိတဲ့ လူလို့ မြင်လို့ရပါတယ်။ ဒါ့ပြင်ကို အိမ်နီးချင်းနိုင်ငံတွေပေါ့၊ ကမ္ဘာ့နိုင်ငံရေး အနေအထေားမှာ ဆိုလို့ရှိရင်လည်း သူက ဒေသတွင်း နိုင်ငံက ဖြစ်တယ်။ စင်ကာပူနိုင်ငံသူဖြစ်တဲ့အတွက်ကြောင့် ဘာပဲပြောပြော ကမ္ဘာ့နိုင်ငံကြီးတွေက ဒေသတွင်းက ပြဿနာ ကို ဖြေရှင်းတဲ့အခါမှာ ဒေသတွင်းက ကိုယ်စားလှယ်ကို ပိုပြီးတော့ Focus ထားပြီး ရွေးချယ်တဲ့ သဘောလို့ ကျမတို့ နားလည်ရတယ်။ ဒီနည်းက နိုင်ငံကြီးတွေရဲ့ အားပြိုင်မှုတွေကိုလည်း ဖြေလျှော့ပြီးတော့ ကိုယ်စားလှယ်ခန့်အပ်တဲ့နေရာမှာ ဒေသတွင်းနိုင်ငံက ကိုယ်စားလှယ်တယောက်ကို ခန့်အပ်လိုက်တာလို့ ကျမတို့ မြင်တယ်။
မြန်မာပြည်အရေးကတော့ ဘယ်သူ့အတွက်မှ သံခင်းတမန်ခင်းအရ ကြည့်မယ်ဆိုရင် သိပ်လွယ်ကူတဲ့ အရာတော့ မဟုတ် ဘူး။ အထူးသဖြင့် အင်မတန် ခေါင်းမာတဲ့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့ထက်၊ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို ဦးထိပ် ထားဖို့ထက် ကိုယ်အာဏာရဖို့၊ ကိုယ်အမြဲတမ်း အသားစီးရနေဖို့ပဲ စဉ်းစားတဲ့ အာဏာရှင်မျိုးနဲ့ စေ့စပ်ညှိနှိုင်းမှု (Engage) လုပ်ရမှာက အင်မတန်ကြီးမားတဲ့ စိန်ခေါ်မှုပဲလို့ ကျမတို့အနေနဲ့ မြင်ပါတယ်။
ဒါကြောင့် တဦးတယောက်ထဲ တစုတဖွဲ့ထဲနဲ့ စာရင် ဒီပြဿနာဟာ နိုင်ငံတကာကလည်း တကယ့်ကို Coordinated Approach ကောင်းကောင်းနဲ့ ဆောင်ရွက်ရလိမ့်မယ်။ မြန်မာ့အရေး ဆောင်ရွက်နေကြတဲ့ မိတ်ဖက်နိုင်ငံတွေ၊ အစုအဖွဲ့ တွေနဲ့ပါ၊ ပူပေါင်းပြီးတော့ ဆောင်ရွက်ရမှာသာလျှင် ထိရောက်နိုင်လိမ့်မယ်၊ အောင်မြင်နိုင်လိမ့်မယ်။
မေး။ ။ ရှေ့လထဲမှာ ဆုံးဖြတ်မယ့် ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်ရှိရေး၊ မရှိရေးပေါ့။ ဒီအပေါ်ရော NUG ဘာတွေ ပြင်ဆင်ထားလဲ၊ ဘာတွေမျှော်လင့်ထားလဲ။
ဖြေ။ ။ ကျမတို့ မျှော်လင့်ထားတာကတော့ တိုင်းပြည်ရဲ့ ပြည်သူလူထုအသံကို သံခင်းတမန်ခင်း မျက်နှာစာမှာ အမှန် တကယ် ကိုယ်စားပြုနေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ပြည်သူကို ကိုယ်စားလှယ်တဲ့ လူပုဂ္ဂိုလ်မျိုး ဆက်ရှိနေဖို့ ပထမဦးစားပေးအနေနဲ့ ကျမ ပစ်မှတ်ထားပါတယ်။ ဒီချဉ်းကပ်ပုံကနေပဲ ကျမတို့ ချဉ်းကပ်ပါတယ်။
အခုအနေအထားအရ UN ဘက်က ဦးကျော်မိုးထွန်းကို သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစု ကြည်က ခန့်အပ်ခဲ့တဲ့ ကိုယ်စားလှယ်အဖြစ် မှတ်ယူထားဆဲ ဖြစ်ပါတယ်။ သမ္မတကြီး ဦးဝင်းမြင့် နဲ့ ဒေါ်အောင်ဆန်းစုကြည် ကလည်း UN က အသိအမှတ်ပြုထားဆဲဖြစ်တာကြောင့် သူတို့ ခန့်အပ်ခဲ့တဲ့ ကိုယ်စားလှယ်ဟာ ဆက်ပြီးတော့ ရှိနေရမှာ ဖြစ်ပါတယ်။ ဒီအထိုင်ကို ဘယ်သူမှ ဖျက်လို့ မရသေးဘူး။ ကျမတို့ ဒီအထိုင်ကနေပဲ ချဉ်းကပ်သွားမယ်လို့ စဉ်းစားထားတာ ရှိပါတယ်။
တဖက်ကလည်း NUG အမျိုးသား ညီညွတ်ရေး အစိုးရအနေနဲ့ အသိအမှတ်ပြုခံရဖို့ ဆက်လက်ကြိုးစား ဆောင်ရွက်သွား မယ်။ နိုင်ငံတကာမှာရော ပြည်တွင်းမှာရော ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံမှုမှာရောပေါ့။ ပြည်သူလူထု လိုအပ်တဲ့ ဝန် ဆောင်မှုတွေကိုလည်း အခက်အခဲတွေ ကြားထဲကနေကိုပဲ ပေးနေကြတယ်။ Recognition မပေးနိုင်သေးသည့်တိုင်အောင် သံခင်းတမန်ခင်း ဆက်ဆံရေးကို တိုးမြှင့် ထိတွေ့ဆက်ဆံသွားနိုင်ဖို့ ကျမတို့အနေနဲ့ ကြိုးစားဆောင်ရွက်သွားပါမယ်။
မေး။ ။ ပြီးခဲ့သည့်အပတ်က အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးနဲ့ NUG တို့ တွေ့ဆုံတယ်လို့ သိထားရတယ်။ ဘာတွေ ဆွေးနွေးခဲ့ကြလဲ။
ဖြေ။ ။ ဒါကတော့ ကျမတို့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့ နိုင်ငံတွေရဲ့ သံတမန်တွေနဲ့ ပုံမှန်ဆက်ဆံမှုတွေ ရှိပါ တယ်။ လစဉ်နီးပါးလောက် ပုံမှန်တွေ့ဆုံမှုတွေ ရှိတယ်။ နောက်ပြီး ကမ္ဘာ့အခြေအနေပေါ့။ ကမ္ဘာ့အခြေအနေဆိုတဲ့နေရာမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ event တွေ၊ အစည်းအဝေးတွေက စဉ်ဆက်မပြတ်ရှိနေတဲ့ အတွက်ကြောင့် ကျမတို့ နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံတွေက ပုံမှန်ရှိပါတယ်။
ဒါကြောင့်ပဲ အမေရိကန်ပြည်ထောင်စုနဲ့ ဆိုရင် အဆင့်ဆင့်သော သံတမန်တွေနဲ့ ပုံမှန်တွေ့ဆုံမှုတွေရှိတယ်။ အခုကတော့ သမ္မတရဲ့ အမျိုးသားလုံခြုံရေးအကြံပေးဆိုတော့ သမ္မတကို တိုက်ရိုက်အကြံပေးနေတဲ့ ပုဂ္ဂိုလ်နဲ့ ကျမတို့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ကျမတို့ အမေရိကန်ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့လည်း တွေ့ဆုံခဲ့တာတွေ ရှိပါတယ်။
နောက် နိုင်ငံခြားရေးဝန်ကြီးရဲ့ အကြံပေးနဲ့လည်း ကျမတို့ သုံးကြိမ်အထိ တွေ့ဆုံခဲ့ပြီးပါပြီ။ အမေရိကန်ပြည်ထောင်စုနဲ့ ပုံမှန် ထိတွေ့ဆက်ဆံမှုတွေ ရှိတယ်။ လူတွေကတော့ အမေရိကန်ပြည်ထောင်စုနဲ့ တွေ့ဆုံမှုတွေကို ပိုပြီးတော့ စိတ်ဝင်စားကြ တာပေါ့။ တခြားရော ဒေသတွင်းနိုင်ငံတွေ၊ ဥရောပနိုင်ငံတွေ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက သံတမန်တွေနဲ့လည်း ဆက်သွယ် ဆောင်ရွက်နေပါတယ်လို့ ဒီနေရာမှာ တင်ပြလိုပါတယ်။
အဓိကကတော့ အမေရိကန်ပြည်ထောင်စုက ကျမတို့ ပြည်သူလူထုရဲ့ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးနဲ့ တရားမျှတမှု ရရှိရေးအတွက် လှုပ်ရှားနေတဲ့ လှုပ်ရှားမှုကြီးကို သူတို့ ထောက်ခံဆိုတဲ့ အခြေအနေကို ပိုပြီး ခိုင်မာတယ်ဆိုတာကို ပြသဖို့ အတွက် အခုလို သမ္မတရဲ့ အမျိုးသားလုံခြုံရေး အကြံပေးနဲ့ တွေ့ဆုံစေတာဖြစ်ပါတယ်။
ဒါ့ပြင်ကို ဒီ ၁ ရက်၊ ၂ ရက် အာဆီယံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကိုလည်း သမ္မတ ဂျိုးဘိုင်တန် တက်ရောက် မှာဖြစ်တယ်။ သူမတက်ရောက်ခင်မှာ ကျမတို့ဆီက အသံတွေ၊ မြေပြင်က အနေအထားတွေကို သူတို့သိချင်တယ်၊ နားထောင်ချင်တယ်။ နောက် လိုအပ်နေတဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးကိစ္စတွေ အပါ အဝင် ဒေသတွင်း ဆက်ဆံရေးတွေနဲ့ ပတ်သက်လို့ အမြင်ချင်း ဖလှယ်ကြတာတွေ ရှိပါတယ်။
ဒီတွေ့ဆုံမှုအတွက် အရေးကြီးဆုံး တခွန်းတည်းပြောပါဆိုရင်တော့ အမေရိကန်ပြည်ထောင်စုက ကျမတို့ အပေါ်မှာ ထားရှိ တဲ့ NUG အပါအဝင် မြန်မာပြည်သူအားလုံး လိုလားတောင့်တနေတဲ့ ဒီမိုကရေစီနဲ့ လူအခွင့်အရေး၊ ဖက်ဒရယ် ပြည်ထောင်စုထူထောင်ရေးနဲ့ ပတ်သက်တဲ့ ဒီနွေဦးတော်လှန်ရေးကို သူတို့ ဆက်လက်ပြီးတော့ ထောက်ခံသွားမယ်၊ အားပေးသွားမယ်ဆိုတဲ့ သတင်းစကားကို ခိုင်ခိုင်မာမာရရှိခဲ့တာဖြစ်ပါတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို NUG အနေနဲ့ ဘယ်လိုရှုမြင်ပါသလဲ။ လက်ရှိအချိန်မှာ NUG အနေနဲ့ သံတမန်မျက်နှာစာမှာ အောင်မြင်နေပြီလို့ ပြောလို့ရမလား။
ဖြေ။ ။ အာဏာသိမ်းလိုက်တဲ့အတွက်ကြောင့် ပြည်တွင်းရှိတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးစနစ်အားလုံးက တစုတဖွဲ့အောက်ထဲကို ရောက်သွားပြီ။ အဲဒီလိုမျိုး ရောက်သွားတာကို ကျမတို့က ပြန်သွားတော့ ရောက်မသွားအောင် တော်လှန်နေကြတယ်။ ခုခံနေကြတယ်။ ကျမတို့ ရခဲ့တဲ့ ရှိခဲ့တဲ့ ရွေးကောက်ပွဲကနေ ပြည်သူလူထုက ပေးအပ်လိုက်တဲ့ တာဝန်တွေကို ထမ်းဆောင်နေတာ ဖြစ်သလို တဖက်ကလည်း ပြည်သူလူထု နိုင်ငံသားတွေ အနေနဲ့လည်း အာဏာသိမ်း တာကို လက်မခံဘဲနဲ့ အာဏာရှင်စနစ်ကို ပြန်သွားနေပြီး ပိုပြီး တာရှည်ခံမယ့်နည်းကို ပုံစံမျိုးစုံ အားထုတ်မှုမှန်သမျှကို ဆန့်ကျင်သွားကြဖို့ ဖြစ်တယ်။
နိုင်ငံတကာနဲ့ ပတ်သက်တဲ့ ဆက်ဆံရေးမှာလည်း ကျမတို့ နိုင်ငံရဲ့ ဒီမိုကရေစီအရေး၊ လူအခွင့်အရေး ၊ ဖက်ဒရယ်ပြည် ထောင်စု ထူထောင်ရေး ကြိုးစားအားထုတ်မှုတွေကို ကျမတို့ ပြည်သူနဲ့ အတူရပ်တည်ပြီး ကြိုးစားအားထုတ်မှုတွေကို နိုင်ငံတကာ မျက်နှာစာမှာ ပျောက်ကွယ်မသွားဖို့ ဆက်ရှိနေဖို့ကို အရေးကြီးပါတယ်။
နိုင်ငံတကာက အာရုံကျနေဖို့လည်း လိုအပ်ပါတယ်။ ဒီအတွက်ကို ကျမတို့ဘက်ကလည်း ဆောင်ရွက်သွားမှာဖြစ်သလို အခု ရရှိနေတဲ့ အောင်မြင်မှုတွေကလည်း ပြည်သူလူထုနဲ့ အတူတူရှိနေလို့ အားလုံး၊ အလွှာပေါင်းစုံ ကြံ့ကြံ့ခံပြီး ကြိုးစား အားထုတ်မှုကြောင့်သာလျှင် ဒီအနေအထားမှာ ကျမတို့ တောင့်ခံနိုင်နေတာဖြစ်ပါတယ်။
ဒါကိုတော့ ကျမတို့ အောင်မြင်မှုရယ်လို့ အောင်ပွဲခံလို့ မရသေးပါဘူး။ သို့သော်လည်း တိုးတက်မှုအနေနဲ့တော့ မြင်လို့ရ တယ်။ ဒီတိုးတက်မှုတွေကို ဆက်လက်ပြီးတော့ အောင်ပွဲရသည်အထိ ထိန်းသိမ်းသွားဖို့ အရှိန်မြှင့်သွား ဖို့ကတော့ ကျမတို့ ဆက်လက်ပြီးတော့ ကြိုးစားအားထုတ်ဖို့ လိုအပ်နေပါသေးတယ်။
ကျမတို့ ပြည်တွင်းပြည်ပရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေ အားလုံး ဟန်ချက်ညီညီဆောင်ရွက်သွားမှသာလျှင် တကယ့် အောင်မြင်မှုဆီကို ရောက်မှာဖြစ်ပါတယ်။
You may also like these stories:
အာဆီယံအနေဖြင့် NUG နှင့် တရားဝင်တွေ့ဆုံရန် APHR တိုက်တွန်း
မြန်မာစစ်အာဏာသိမ်းမှု တရားမဝင်ကြောင်း ASEAN အသိအမှတ်ပြု