ပြည်သူ့ဆန္ဒ ပယ်ဖျက်ခံလိုက်ရသည့် ၂၀၂၀ ရွေးကောက်ပွဲ ၁ နှစ်ပြည့် စကားသံများ

ဧရာဝတီ

နိုဝင်ဘာ ၈ ရက်သည် မြန်မာနိုင်ငံ၏၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကြီး၏ ၁ နှစ် ပြည့်မြောက်သောနေ့ ဖြစ်သည်။

မြန်မာစစ်တပ်သည် ရွေးကောက်ပွဲ ကျင်းပပြီး ၃ လဝန်းကျင်တွင် မဲမသမာမှုများ ဖြစ်ခဲ့သည်ဆိုကာ တိုင်းပြည်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီဘဲ အာဏာ သိမ်းလိုက်သည်။ ထို့နောက် လွတ်လပ်စွာ မဲပေးခဲ့ကြသည့် အများပြည်သူ များ၏ ဆန္ဒမဲ ရလဒ်များကို သက်သေ ခိုင်လုံမှု မရှိသော စွပ်စွဲချက်များနှင့် ပယ်ဖျက်ခဲ့သည်။

ယခု အချိန်တွင်လည်း တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍ အားလုံးလိုလိုမှာ အဘက်ဘက်မှ ယိုယွင်း ပျက်စီးနေလျက်ရှိပြီး၊ မြန်မာနိုင်ငံအနှံ့အပြား စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲများ ဖြစ် ပွားလျက်ရှိသည်။

ထိုသို့ အခြေအနေများအပေါ် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် နိုင်ငံရေး ပါတီများနှင့် မဲထည့်ခဲ့ကြသည့်အများ ပြည်သူများ၏ စကားသံများကို ဧရာဝတီက မေးမြန်းထားမှုကို ဖော်ပြအပ်ပါသည်။

ဦးကျော်ထွေး
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ဗဟို အလုပ် ကော်မတီဝင်

၂၀၂၀ ရွေးကောက်ပွဲ ကျင်းပပြီးခဲ့တာ ဒီနေ့ဆို တနှစ်ပြည့်ပါပြီ။ ပြီးခဲ့တဲ့ အချိန်ကာလတွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် အာဏာသိမ်းလိုက်ပြီးတော့ ရွေးကောက်ပွဲရလဒ်ကို ဖျက်ဆီးပစ်လိုက်လို့ တိုင်းပြည်ရဲ့ တည်ငြိမ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိတဲ့ တိုင်းပြည်ရဲ့ အရာရာဟာ ပျက်စီးသွားခဲ့တာ မျက်မြင်ပါပဲ။ အာဏာသိမ်းလိုက်တဲ့သူတွေ အပါအဝင် သူတို့ လက်အောက်ခံ တပ်မတော်သားတွေ၊ လုံခြုံရေး အဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေပါ ဘယ်သူမှ စိတ်အေးလက်အေး မနေ ကြရပါဘူး။ ဒါက ပကတိ အခြေအနေပါ။

ဦးကျော်ထွေး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ဗဟို အလုပ် ကော်မတီဝင်

ပြည်သူလူထု တရပ်လုံးရဲ့ မျှော်လင့်ချက်တွေ၊ အနာဂတ်တွေ ပျောက်ဆုံးကုန်ပါ တယ်။ လူမှု စီးပွားဘဝတွေ အကုန် ဆုံးရှုံးသွားပြီးတော့ အတွေးအခေါ်၊ အယူအဆတွေ ပြောင်းလဲကုန်ပါတယ်။ လုပ်နည်း လုပ်ဟန် ကွဲပြားလာတာတွေ ကြုံတွေ့လာကြရပါတယ်။ စံနှုန်းသတ်မှတ်ချက် အသစ်တွေနဲ့ ကျနော်တို့ ရင်ဆိုင်ဖြတ်သန်း နေကြရပါတယ်။

ဦးစိုင်းညွန့်လွင်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဥက္ကဋ္ဌ

ရွေးကောက်ပွဲ မတိုင်ခင် နဂိုကတော့ တိုင်းပြည်က ချောက် နှုတ်ခမ်းနားပေါ့ဗျာ။ အခုကတော့ ၁ နှစ် ပြည့်တဲ့အချိန်မှာ ချောက်ထဲကို ရောက်နေတာပေါ့။ မျှော်လင့်ချက် ရှိတာ မရှိတာတော့ ကျနော် မသိဘူး။ ဒါပေမယ့် မျှော်လင့်ချက်ရှိလာ အောင်တော့ ကျနော်တို့ အလုပ် လုပ်ကြရလိမ့်မယ်။ နည်းလမ်းတွေ ရှာရမှာပေါ့။ ဘယ်လို ဖြတ်ကျော်ရမလဲ ဆိုတာကို ပူးပေါင်း ဆောင်ရွက်ရမှာပေါ့။ ပြဿနာတွေက အမျိုးမျိုးပဲလေ။ တဖက်နဲ့တဖက် မတည့်ကြတာတို့ အမြင်မတူတာတို့ နိုင်ငံ ရေးနည်းနဲ့ နိုင်ငံရေး ပဋိပက္ခကို ဖြေရှင်းတာ မဟုတ်တော့ဘဲနဲ့ အခုက စစ်ရေး ပဋိပက္ခတွေ ဖြစ်နေတာပေါ့။ တိုက်ရေး ခိုက်ရေးတွေ ဖြစ်နေကြတာပေါ့။ ဒါက ပိုပြီး ဆိုးတာပေါ့။ ဒါက ဘယ်လို အခြေအနေမျိုးပဲ ဖြစ်နေပါစေ။ စိတ်ပူစရာတော့ ကောင်းတယ်။

ဦးစိုင်းညွန့်လွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဥက္ကဋ္ဌ

ဒါပေမယ့် ဒီတိုင်းပဲ ထိုင်ကြည့်နေရင် ပိုပြီး ဆိုးရုံပဲ ရှိမှာပေါ့။ နည်းလမ်းတွေတော့ ရှာရမှာပေါ့။ အကောင်းဆုံး စဉ်းစားရမယ်။ အကောင်းဆုံး ကြိုးစားရမှာပေါ့။ မဲရလဒ်တွေ အကုန်လုံးကို ဖျက်သိမ်းလိုက်တာကတော့ ဆိုးတာပေါ့ဗျာ။၂၀၂၀ ရွေး ကောက်ပွဲကြီးတခုလုံးမှာ နိုင်တဲ့လူအားလုံးက မတရားတဲ့နည်းနဲ့ နိုင်တာမှ မဟုတ်ဘဲ။ လိမ်လည်တာတို့ မတရားတာတို့က ရှိကောင်းရှိမှာပါ။ အားလုံးတော့ မဟုတ်ဘူးပေါ့။ အဲဒါပဲ ကျနော်ပြောချင်ပါတယ်။

ဦးထွန်းအောင်ကျော်
ရခိုင်အမျိုးသား ပါတီ (ANP)၊ နိုင်ငံရေး မူဝါဒရေးရာ ကော်မတီဝင်

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအလွန်မှာ ဒီမိုကရေစီ နည်းလမ်းအရ ရွေးကောက်တင်မြှောက်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို လက် မခံဘဲနဲ့ တပ်မတော်က အာဏာကို ထိန်းသိမ်းလိုက်တယ်ပဲပြောပြော ရွေးကောက်ပွဲကို ဖျက်သိမ်းလိုက်ခြင်းသည် အရှိန်အဟုန် တခုနဲ့ သွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းတခုကို နောက်ပြန် လှည့်လိုက်တာနဲ့ တူတယ်။

အဓိကတော့ ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေ ပျက်ပြယ်သွားတယ်။ စိတ်ပျက်စရာတွေ ဖြစ်သွားတယ်ဆိုတာတော့ တယောက်မှ မငြင်းနိုင်ဘူး။ ကျနော်ကိုယ်တိုင်က အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံ ရတယ်။ ရခိုင်ပြည်နယ်မှာ ဘာပဲဖြစ်ဖြစ်၊ ဘယ်သူက ဘာတွေပဲပြောပြော ရခိုင်ပြည်နယ်အနေနဲ့ ရွေးကောက်တင်မြှောက် ခံရတဲ့လူတွေက တရားသဖြင့်နဲ့ ဥပဒေအရ ရွေးကောက် တင်မြှောက်ထားတဲ့ လူတွေပဲလို့ လုံးဝ ယုံကြည်ထားတယ်။ ပြည်သူ လူထုကလည်း အတတ်နိုင်ဆုံး ဒီမိုကရေစီစနစ်ကို မျှော်မှန်းပြီးတော့ မိမိတို့ ကိုယ်စားလှယ်တွေကို အခက်အခဲ အမျိုးမျိုးကြားက ရွေးကောက်တင်မြှောက်နိုင်ဖို့ မဲပေးခဲ့ကြတယ်။

ဦးထွန်းအောင်ကျော် ရခိုင်အမျိုးသား ပါတီ (ANP)၊ နိုင်ငံရေး မူဝါဒရေးရာ ကော်မတီဝင်

ဘာကြောင့်လဲဆိုရင် တာဝန်ခံတယ် တာဝန်ယူတဲ့ အဖွဲ့အစည်း တခုအနေနဲ့ ဥပဒေနဲ့အညီ မှန်ကန်မှု ရှိ မရှိ ဆိုတာကို ပြည်သူလူထုရဲ့ စိတ်စေတနာကို လေးစားတဲ့အနေနဲ့ စိစစ်ရမယ့် တာဝန်ရှိတယ်။ စစ်ဆေးရမယ့် တာဝန်ရှိတယ်။ ဥပဒေနဲ့ ညီတယ်ဆိုရင် ဒီကိစ္စကို အသိတ်အမှတ်ပြုရမယ့် တာဝန်ရှိတယ်လို့ ကျနော်ကတော့ ယုံကြည်လက်ခံထားတယ်။ အခုက တော့ အားလုံးကိုရောပြီး လုံးဝ ပယ်ဖျက်တယ် ဆိုတာက အလွန်ပြင်းထန်တဲ့ အာဏာကို ကျင့်သုံးရာ ရောက်တယ်။

ဥပဒေနဲ့ မညီဘူးလို့လည်း မြင်တယ်။ အဲဒါကြောင့်လဲ နောက်နောင်မှာ ဒီလို ဖြစ်စဉ်မျိုး မဖြစ်အောင် ပြည်သူတရပ်လုံး အနေနဲ့ နိုင်ငံရေး ဖြစ်စဉ်အရ ဥပဒေနဲ့အညီ တင်ပြတောင်းဆိုသွားရမယ့် တာဝန်သည် ပြည်သူတရပ်လုံးမှာ တာဝန်ရှိသလို ရွေးကောက် တင်မြှောက်ထားတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့လည်း အချိန်အခါနဲ့ သင့်တော်တဲ့ အချိန်မှာ ဒီကိစ္စတွေကို မပျက် မကွက် တင်ပြသွားမယ်ဆိုပြီးတော့ ခိုင်ခိုင်မာမာ စိတ်ပိုင်းဖြတ်ထားတာ ရှိပါတယ်။

ဒေါ်နှင်းနှင်းမွှေး
တွဲဖက် အထွေထွေအတွင်းရေးမှူး (၁)
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ

စစ်ကောင်စီက ရွေးကောက်ပွဲ မဲအနိုင်ရလဒ်ကို မှားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တယ်။ စစ်အုပ်စုက လွဲပြီး တနိုင်ငံလုံးက လက်မခံတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ လက်မခံကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ ပြည်သူတွေကို စစ်ကောင်စီကနေပြီး လက်နက်အားကိုးနဲ့ အကြမ်းဖက် ဖိနှိပ်ဖြိုခွဲလို့ ပြည်သူကလည်း မတတ်သာလို့ ရရာလက်နက်ကို စွဲကိုင်ပြီးတော့ ခုခံကြရာကနေ အခုအချိန်မှာဆိုရင် တနိုင်ငံလုံး ဒေသအသီးသီးမှာရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးတွေ ပေါ်ပေါက်လာတာ ငြင်းမရတဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။

ဒေါ်နှင်းနှင်းမွှေး တွဲဖက် အထွေထွေအတွင်းရေးမှူး (၁) လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ

ပြည်သူလူထုရဲ့ ဘဝကတော့ တော်လှန်ရေးကို အောင်မြင်အောင် တိုက်နိုင်မှ ပျက်စီးသွားတဲ့ ဘဝတွေ၊ အသက် သွေး ချွေးတွေအတွက် ပြန်ပြီးတော့ တည်ဆောက်နိုင်မယ်လို့ ကျမကတော့ မြင်ပါတယ်။ ပြည်သူတွေကနေပြီး အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်ပါတီကို တခဲနက် မဲပေးခဲ့တယ်ဆိုတဲ့ အချက်က ဘယ်လိုမှ ငြင်းမရတဲ့ အချက်ဖြစ်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းတွေ၊ တချို့ ကိစ္စတွေမှာ အားနည်းချက်တွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေ မယ့် အဲဒီကိစ္စက နိုင်ငံရေး ကိစ္စဖြစ်ပြီးတော့ စစ်တပ်ကနေပြီး ဝင်ရောက် စွက်ဖက်ရမယ့် ကိစ္စ မဟုတ်ဘူး။ ဒီကိစ္စတွေက သူ့ကိစ္စ မဟုတ်ဘဲနဲ့ ဝင်ပြီးတော့ စွက်ဖက်ပြီးတော့ လက်နက်အားကိုးပြီးတော့ တိုင်းပြည်ရဲ့ အာဏာကို အရယူတဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့် ဒါက လုံးဝကို မလုပ်သင့် မလုပ်အပ်တဲ့ ကိစ္စဖြစ်တယ်လို့ ကျမတို့က မြင်ပါတယ်။

ကိုမင်းဇင်
ပထမဦးဆုံးအကြိမ် မဲပေးခဲ့ဖူးသူတဦး

ကျနော်တို့ မဲတွေကို အသိအမှတ်မပြုဘဲ စော်ကားလိုက်သလို ခံစားရတယ်။ ဘယ်လိုမှ အဓိပ္ပာယ် မရှိဘူး။ အခု ၁ နှစ် အတွင်းမှာ အဆုံးရှုံး အဖြစ်ဆုံးကတော့ လွတ်လပ်မှုပဲလေ၊ နေချင်သလို နေလို့ မရတော့ဘူး။ ကိုယ်ပြောချင်တာ ဆိုချင် တာကို လွတ်လွတ်လပ်လပ် ပြောခွင့်မရှိတော့ဘူး။ တကယ်ဆိုရင် အခု ဖုန်းပြောနေရတာတောင် လွတ်လပ်မှု မရှိဘူးလို့ ခံစားရတယ်။

ကိုမင်းဇင် ပထမဦးဆုံးအကြိမ် မဲပေးခဲ့ဖူးသူတဦး

အခု အပြင်ထွက်ပြီး သွားလာနေရတောင် ပတ်ဝန်းကျင်က စိတ်လုံခြုံမှု မရှိတဲ့ ပတ်ဝန်းကျင်ကြီးလို ဖြစ်နေတယ်။ အဲဒီ ခံစားချက်ကြီးကိုတော့ ကျနော် မပြောတတ်ဘူး။ ဒါပေမယ့် ပုံမှန်မဟုတ်တဲ့ ပတ်ဝန်းကျင်ကြီးလို့ ခံစားရတယ်။ အရင်လို ပုံမှန် ဖြစ်နေတဲ့ အခြေအနေကို အမြန်ဆုံး ပြန်ရောက်ချင်တယ်။

ထားထက်ထက်
လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေသည့် အလှမယ်

၁ နှစ် ပြည့်ခဲ့ပြီ။ မနှစ်က ဒီလိုအချိန်မှာတော့ ကိုဗစ်ကာလဖြစ်ပေမယ့် အလုပ်တွေပြန်လုပ်ဖို့ ကျွမ်းဘားသင်တန်း အတွက် ကလေးလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ပြန်စကြဖို့ အစီအစဉ်တွေချ အလုပ်အသစ်တွေ လုပ်ဖို့ စီစဉ်၊ ကိုယ့်ရဲ့ အနုပညာ အလုပ်တွေ အများကြီးလုပ်ဖို့ စဉ်းစားပြီး ခက်ခဲပင်ပန်းမှုတွေရှိရင်တောင် မိသားစု စုံစုံညီညီနဲ့ အားတဲ့အချိန် ခရီးလေးတွေ ထွက်အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရမယ်လို့ပဲ ထင်ခဲ့တာ။ ဒီလိုမျိုး အခြေအနေတွေ ကြုံရလိမ့်မယ်၊ ဒီလို ရောက်လာပြီး တော်လှန်ရေး လုပ်ရလိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးဘူး။ ဒါပေမယ့် ဒါဟာ သမိုင်းပဲ။ ကိုယ့်သမိုင်းကို အလှဆုံး ရေးကြရမှာ။ အနာဂတ်ကို ဆက်သွားရင်း အတိတ်ကို ပြန်ကြည့်တဲ့အခါ ကိုယ့်လုပ်ခဲ့တဲ့အရာတွေက ကိုယ့်ရဲ့ သမိုင်းပဲ။

ထားထက်ထက် (အလှမယ်)

တချိန်မှာ ပြန်စဉ်းစားကြည့်ရင် ဘယ်တော့မှ ရောက်ဖူးမှာ မဟုတ်တဲ့ နေရာဒေသတွေနဲ့ ဘယ်တော့မှ ဆုံရမယ် မထင် မှတ်ထားတဲ့သူတွေနဲ့ ရေစက် ကြုံဆုံရတာဟာ ကိုယ့်ဘဝတခုလုံးအတွက် မေ့မရနိုင်မယ့် တကယ့်အမှတ်တရ မှတ်တမ်း တွေပါပဲ။

ဆု
မဲဆန္ဒရှင် လူငယ်တဦး

ပထမဆုံးအကြိမ် မဲပေးတဲ့ လူငယ်တွေဆိုရင် အရမ်းကို ရင်ခုန်နေကြတယ်။ ညီမတို့ ပထမဆုံး မဲပေးခဲ့ကြတဲ့ အချိန်နဲ့ တောင် မတူဘူး။ ဒီနောက်ပိုင်းမှာ လူငယ်တွေက သူတိုရဲ့ ပထမဆုံး မဲပေးရတဲ့ ခံစားချက်ကို အရမ်းရူးသွပ်ကြတယ်။ ပြီးတော့ သူတို့ရဲ့ အနာဂတ်အတွက်ကိုလည်း အများကြီး မျှော်လင့်ထားခဲ့ကြတယ်။ ကိုယ်စိတ်ကူး မျှော်မှန်းထားပြီးတော့ ယုံကြည်ထားရတဲ့ အရာတခုကို ဖျက်ဆီးလိုက်သလိုမျိုး ခံစားရတယ်။

ဆု မဲဆန္ဒရှင် လူငယ်တဦး

ဒီနှစ်လို ရွေးကောက်ပွဲ တနှစ်ပြည့်တဲ့အချိန်မှာ တိုင်းပြည်ရဲ့ အခြေအနေက အဘက်ဘက်ကနေ ကုန်းကောက်စရာ မရှိ အောင် ကျဆင်းနေတယ်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး နိုင်ငံရေးကအစ အနာဂတ်ကိုတောင် မျှော်မှန်းလို့ မရနိုင် အောင်ကိိုုပဲ။ လူအများစုက အလုပ်လက်မဲ့၊ အိုးအိမ်မဲ့အပြင် မိသားစုမဲ့တဲ့ အဆင့်ကနေ အနာဂတ်မဲ့တဲ့ ဘဝကိုပါ ရောက် ကုန်ကြပြီ။

တိုင်းပြည်က အခုမှ ကောင်းမွန်တဲ့ အရွေ့တခုအတွက် ခြေလှမ်းစနေတုန်းမှာ အကုန်ပျက်စီးသွားသလို ခံစားရတယ်။ ပိုကောင်းတဲ့ဝင်ငွေရဖို့ ဖန်တီးပေးနိုင်မယ့် အခွင့်အလမ်းတွေ ရောက်တော့မယ့်အချိန်အခါမှ အကုန် ပျက်သုဉ်းသွား တဲ့အတွက် အခုအခြေအနေကို တကယ် စိတ် ပျက် နာကြည်းမိတယ်။

You may also like these stories:

ရွေးကောက်ပွဲရလဒ် ဖျောက်ဖျက်လျှင် ဒီမိုကရေစီ မဟုတ်

ASEAN နှင့် မြန်မာ့အကျပ်အတည်း သို့မဟုတ် တရုတ်၏ နောက်ထပ်ခြေလှမ်း

ခေတ်သစ်သမိုင်းထဲက လူစိတ်အဝင်စားဆုံး အမှုကြီးများ

Loading