နော်ဝေးအခြေစိုက် တယ်လီနောက ၎င်း၏ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံထားသည့် ဆက်သွယ်ရေး အော်ပရေတာ တယ်လီနောမြန်မာကို လက်ဘနွန်ကုမ္ပဏီ M1 သို့ ရောင်းရန် မရေရာသေးသည့် အခြေအနေတွင် ပြည်တွင်းကုမ္ပဏီ တချို့ကလည်း တယ်လီနောမြန်မာကို ဝယ်ယူရန် စိတ်ဝင်စားလျက် ရှိနေကြသည်။
ယင်းကုမ္ပဏီများအနက် မြန်မာစစ်တပ်၏ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ညီအစ်ကို တော်စပ်သူ ဦးနေအောင် ပိုင်ဆိုင်သော IGE စီးပွားရေးလုပ်ငန်းစု၏ လက်အောက်ခံ ကုမ္ပဏီတခု ဖြစ်သည့် Amara Communications Co.,Ltd (ACS) လည်း အပါအဝင် ဖြစ်သည်။
အဆိုပါ ACS ကုမ္ပဏီက တယ်လီနောမြန်မာတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ရန် စိတ်ဝင်စားမှု၊ လတ်တလော အခြေအနေ များနှင့် ပတ်သက်၍ ယင်းကုမ္ပဏီ၏ Head of Legal and Regulatory ဖြစ်သူ ဦးမြင့်ကိုကိုအား ဧရာဝတီသတင်းဌာနက ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ တယ်လီနောမြန်မာမှာ ရင်းနှီးမြှုပ်နှံဖို့ Amara ဘက်က စိတ်ဝင်စားမှု ရှိနေတယ်လို့ သိထားရတယ်။ ဒီအခြေ အနေကို အရင်ဆုံး ရှင်းပြပေးပါ။
ဖြေ ။ ။ လက်ရှိ အခြေအနေ ဆိုတာထက် တယ်လီနောစပြီး မြန်မာက ထွက်တော့မယ်ဆိုတော့ အစကို အရင်ပြောပြ ချင်တယ်။ Amara Communications က ဟိုးအစ ဇူလိုင်လလောက်မှာ တယ်လီနောဘက်က Offer Letter (ကမ်းလှမ်း ချက်) တောင်းလာတွေ ရှိလာတယ်။ သူတို့ စထွက်တော့မယ့် အချိန်လောက်ကပေါ့။
အဲဒီ အချိန်တုန်းကတော့ ကျနော်တို့ သူတို့ဘက်ကို Offer Letter ပေးပို့ခဲ့တာ ရှိပါတယ်။ အဲဒီမှာ တယ်လီနောဘက်က ပြန်ပို့လာတဲ့ ကုမ္ပဏီတွေကို ဘယ်သူ့ကိုတော့ ဦးစားပေးမယ်၊ ဘယ်သူ့ကိုတော့ ဒုတိယ ဦးစားပေး ဆိုတာမျိုးတွေကို တယ်လီနောဘက်က လုပ်ထားခဲ့တယ်။ သူတို့ M1 ကို ရောင်းချဖို့ ရွေးချယ်လိုက်ပြီလို့ တရားဝင် ကြေညာချက်တွေ ထုတ်ပြန်လိုက်ပြီးနောက်မှာ ကျနော်တို့လည်း Silent (နှုတ်ဆိတ်နေခဲ့တယ်) ဖြစ်တယ်။
ကျနော်တို့ ဘက်ကလည်း သူတို့ဘက်က Offer Letter တောင်းခဲ့လို့ တင်ခဲ့ရတာမျိုးပေါ့။ ကျနော်တို့လည်း တယ်လီ ကွန်း ဈေးကွက်ထဲမှာ ရှိနေတဲ့ ကုမ္ပဏီဆိုတော့ တင်ခဲ့တယ်။ တင်ခဲ့ကြတဲ့ အချိန်တုန်းကလည်း ကျနော်တို့ Amara Communications တခုတည်းကပဲ သီးသန့်တင်ခဲ့တာမျိုး မဟုတ်ပါဘူး။ ပြည်တွင်း တယ်လီကွန်း ဈေးကွက်ထဲမှာ ရှိနေကြ တဲ့ ISP (Internet Services Provider) ကုမ္ပဏီတွေနဲ့ ပေါင်းပြီး တင်ခဲ့တာမျိုးပါ။ တဦးတယောက် သက်သက်ထွက်ပြီး တင်ခဲ့တာမျိုး မရှိခဲ့ပါဘူး။ အဲဒီတုန်းက စိတ်ဝင်စားပြီး Offer Letter တင်ခဲ့ကြတဲ့ ပြည်တွင်းကုမ္ပဏီပေါင်း ၇၀ ဝန်းကျင် လောက်အထိ ရှိခဲ့တယ်။ Amara Communications က အဲဒီထဲက တခုပါပဲ။
မေး ။ ။ လက်ရှိမှာက M1 ကို ရောင်းချဖို့ကလည်း မသေချာ မရေရာသေးတဲ့ အခြေအနေကလည်း ဖြစ်နေတော့ Amara အနေနဲ့ တယ်လီနောမြန်မာကို ဝယ်ယူဖို့ ကြိုးစားနေဆဲပဲလား။
ဖြေ ။ ။ ကျနော်တို့ သိထားရတဲ့ အခြေအနေကတော့ တယ်လီနောက တယ်လီနောမြန်မာကို M1 ကို Ownership (ပိုင်ဆိုင်သူ) အပြောင်းအလဲအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန (PTD) ကို ဇူလိုင်လလောက်မှ စာတင်ထားခဲ့တယ်ပေါ့။ အခု အချိန်အထိ PTD ဘက်က ဘာမှ ဆုံးဖြတ်ချက် မထွက်သေးတဲ့ အခြေအနေလို့ ကျနော်တို့ သိထားတယ်။ တကယ်တမ်းဆိုရင် တယ်လီနောမြန်မာကို ကျနော်တို့ ဝင်လုပ်မယ်၊ မလုပ်ဘူးဆိုတဲ့ ဆုံးဖြတ်နိုင်တဲ့ အခြေအနေက ကျနော်တို့ လက်ထဲမှာ ရှိမနေပါဘူး။ အခြေအနေတွေက ဘယ်လို ဖြစ်လာမလဲ ဆိုတာ PTD ဘက်ကလည်း ဘာမှ မပြောသေးတော့ ဘာမှ မသိရသေးဘူး။ ဒါက လက်ရှိ အခြေအနေပေါ့။
PTD ကလည်း တယ်လီနော တင်ထားတဲ့ ပိုင်ရှင် အပြောင်းအလဲကိစ္စကို ဆုံးဖြတ်မပေးသေးဘူး။ သူတို့ အချင်းချင်းမှာ ဆွေးနွေး ညှိနှိုင်းမှုတွေကလည်း ရှိရင်တော့ ရှိနေနိုင်တာပေါ့။ ဘယ်လို အခြေအနေ ရှိနေလဲဆိုတာကို ကျနော်တို့ မသိဘူး။ နိုင်ငံတွေတိုင်းမှာ ဒီလိုမျိုး ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေ ပြန်ထွက်တော့မယ်ဆိုရင် လုပ်ထုံးလုပ်နည်းတွေ ရှိတယ်။ ဌာနဘက်က ၁၅ နှစ် လိုင်စင်ချပေးထားတယ်။ သူက ၈ နှစ်နီးပါးလောက် ပြီးသွားပြီ၊ ကျန် တဲ့ ၇ နှစ်လောက်ကို နောက်ထပ်တယောက်ကို ရှယ်ယာ လွှဲပြောင်းပေးမယ်ပေါ့။
အဲဒီတော့ လာတဲ့သူက ဒီ ၇ နှစ်အတွင်းမှာ တကယ်ရော လုပ်နိုင်ပါ့မလားဆိုပြီး ဌာနဘက်က စဉ်းစားပြီး တွက်ချက်တာမျိုးတွေလည်း ရှိတယ်။ အဲဒီအပေါ် မူတည်ပြီးတော့ ကျနော်တို့ကလည်း ဒီဆက်သွယ်ရေးကဏ္ဍထဲမှာ ရှိနေပြီး ဒီကဏ္ဍကို စိတ်ဝင်စားလို့လည်း ဒီကဏ္ဍထဲမှာ ရုန်းကန်ပြီး လုပ်ငန်းဆောင်ရွက်နေတာပေါ့။ ပြောမယ်ဆိုရင် ပြည်တွင်း ISP တွေ ပေါင်းတယ် ဆိုတာကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်မှာကတည်းက ဝန်ကြီးဌာနက ကျနော်တို့ ကို Consortium (အကျိုးတူပူးပေါင်းမှု) လုပ်ဖို့ တောင်းဆိုခဲ့တာပေါ့။ အဲဒီအချိန်မှာကျမှ Amara Communications လိုင်စင်ရခဲ့တာ ဖြစ်ပါတယ်။
အဲဒီ နောက်ပိုင်းမှာလည်း Telecom Opportunities (အခွင့်အလမ်း) မြင်တယ်ဆိုရင် Telecom က ကျနော်တို့ စီးပွားရေး ဖြစ်နေတယ်။ အလုပ်လုပ်နေရတာ။ ဒီကဏ္ဍမှာ ကျနော်တို့ ရင်းနှီးမြှုပ်နှံတယ်၊ ဝန်ဆောင်မှုပေးတယ်။ ရတဲ့ အရင်းအမြစ်ပေါ် မူတည်ပြီး ဒီကဏ္ဍမှာ ထပ်ပြီးရင်းနှီးမြှုပ်နှံမှု တိုးချဲ့တာ လုပ်သင့်၊ မလုပ်သင့်။ ကျနော်တို့ ဝယ်ချင်တိုင်းလည်း မရပါဘူး။ ကျနော်တို့ ပါနိုင်တဲ့ အဆင့်ရှိတယ်ဆိုရင် ကျနော်တို့ ဝင်ပါမယ်။ ပါဝင်လို့ မရနိုင်ဘူးဆိုရင်တော့ မပါဘူးပေါ့။ နောက်တခုက အခု အခြေအနေတွေက PTD တင်မကပါဘူး တယ်လီနောနဲ့ M1 အပေါ်လည်း အများကြီး မူတည်နေပါတယ်။
မေး ။ ။ ဒါဆိုရင် Amara က ဝင်ပါလို့ရမယ့် အခြေအနေတခုသာ ဖြစ်လာခဲ့မယ်ဆိုရင် ဘယ်လောက်အထိ ရင်းနှီးမြှုပ်နှံသွားဖို့ မျှော်လင့်ထားလဲ။
ဖြေ ။ ။ တကယ်တမ်းပြောရရင် ကိုယ့်လုပ်နိုင်တဲ့အား ရှိတယ်၊ လုပ်ဖို့ အခွင့်အရေး ရှိလာမယ်ဆိုရင်လည်း တောက်တို မယ်ရ ၀ ဒသမ ၁ ရာခိုင်နှုန်း၊ ၀ ဒသမ ၂ ရာခိုင်နှုန်း အဲဒီလောက်ပဲ ဖြစ်မယ်လို့ မြင်တယ်။ လုပ်ဖြစ်ရင်တောင်ပေါ့။ ပွင့်လင်း မြင်သာမှု ရှိဖို့အတွက်ရယ်၊ နောက်တခုက ငွေကြေးစကားတွေပါတယ်၊ တယ်လီနောပါတယ်၊ M1 ပါတယ်။ နောက်တခုက PTD ရဲ့ သုံးသပ်ချက်တွေ ပါမယ်။ ထို့နည်းတူ ကျနော်တို့ရဲ့ ရင်းနှီးမြှုပ်နှံနိုင်မယ့် အခြေအနေတွေ ပါတယ်။ ကိုယ်က ဒီထဲမှာပဲ အများကြီး ဝင်ရင်းနှီးမြှုပ်နှံလိုက်ရင် ကိုယ်အခုလုပ်နေတဲ့ လုပ်ငန်းအပေါ်လည်း သက်ရောက်မှု ရှိလာနိုင်သေးတာကိုး။ လုပ်ငန်း သက်သက်တခုကို ရင်းနှီးမြှုပ်နှံမှု လိုက်လုပ်ရမှာကို ဒီကဏ္ဍထဲက ကုမ္ပဏီတခု ဖြစ်နေတော့ ဒီကဏ္ဍမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကို သတင်းသိနေရဖို့အတွက် ရင်းနှီးမြှုပ်နှံသူ တယောက်အနေနဲ့တော့ ပါနေရမှာပေါ့။
မေး ။ ။ ဘာများ ဖြည့်စွက်ပြောချင်တာ ရှိသေးလဲ။
ဖြေ ။ ။ ကျနော်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ဖုံးကွယ်နေစရာလည်း မရှိပါဘူး။ နောက်ကွယ်ကနေ လုပ်မှာ မဟုတ်ဘူး။ လုပ်မယ်ဆိုရင်လည်း ကျနော်တို့ ပေါ်ပေါ်လွင်လွင်နဲ့ တရားဝင် ကြေညာမယ်။ ပြည်သူက လက်ခံနိုင်မှု ရှိတဲ့အပေါ် မူ တည်ပြီး ကျနော်တို့ လုပ်မယ်။ ပြည်သူက လက်မခံနိုင်တဲ့အရာ ရှိလာရင်လည်း လက်မခံနိုင်တာက ဘာလဲ ဆိုတာကို ကြည့်ပြီး ကျနော်တို့ ပြင်ဖို့တော့ လိုတာပေါ့။
နောက်တခုက ဝန်ထမ်းကို အလုပ်အခွင့်အရေး ပေးနိုင်မယ့် တယ်လီကွန်းကဏ္ဍ ဖြစ်တဲ့အတွက် ကျွမ်းကျင်ပညာ ရှင်တွေ မွေးထုတ်ပေးဖို့ လိုအပ်တယ်။ မွေးထုတ်ပေးနိုင်တဲ့ နေရာမှာ ကျနော်တို့ ပါရမှာဖြစ်တဲ့အတွက် အဲဒီလိုမျိုး နေရာမှာ ကျနော်တို့ ဝင်ပါပေးနေမှာပဲ။
ကျနော်တို့ နောက်ပိုင်း အခွင့်အရေး ရှိမရှိကလည်း မသိသေးရတဲ့ အခြေအနေမှာ လုပ်ခွင့်ရှိလာရင်ပဲဖြစ်ဖြစ်၊ လုပ်ခွင့် မရှိတာဘဲဖြစ်ဖြစ် တယ်လီနောတို့ ဘာတို့ဘက်က ခွင့်ပြုလာခဲ့လို့ ဝင်ပါခွင့်ရပြီး ဝန်ဆောင်မှု ပေးခွင့်ရမယ်ဆိုရင် ကျနော် တို့ အခုကတည်းက ပြောနိုင်တာတခု ရှိတာက ဘာလွှမ်းမိုးမှုမှ မရှိတဲ့ ဝန်ဆောင်မှုပေးမယ်။ ပြည်သူ့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် (Privacy) ထိခိုက်မှု ရှိမယ်ဆိုရင်ပဲဖြစ်ဖြစ် ဒီဟာသည် ပွင့်လင်းမြင်သာမှု မရှိတဲ့ ပုံစံမျိုးနဲ့ လာမယ်ဆိုရင် တော့ ဒီဟာကို ကျနော်တို့ဘက်က ဝင်ပါမှာ မဟုတ်ပါဘူး။ အဲဒီလိုဆိုရင် ဝင်ပါဖို့လည်း မရှိပါဘူး။
You may also like these stories:
တယ်လီနောကို စစ်အုပ်စုနှင့်နီးစပ်သည့် ခရိုနီကုမ္ပဏီများ ဝယ်ယူရန် ကြိုးပမ်းနေ
ဒေါ်လာဈေး အနည်းငယ်ကျလာသော်လည်း စက်သုံးဆီဈေး မြင့်နေသေး
တရုတ်စီမံကိန်းကြောင့် လယ်သမားများ မြေယာမဲ့ကိန်းဆိုက်
စီးပွားရေးမျှော်လင့်ချက်များ အားလုံး စစ်ကောင်စီ ဖျက်ဆီး