ချင်းပြည်နယ် တီးတိန်မြို့နယ် အပ်လွယ်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့များက မီးဖွားပြီးစမိခင်တဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးကို နိုဝင်ဘာလ ၁၁ ရက် ညကအုပ်စုဖွဲ့ ကျူးလွန်ခဲ့ရာ ယင်းစက်ဆုပ်ဖွယ် ကြုံတွေ့ရမှုနှင့် ပတ်သက်၍ သားကောင်ဖြစ်ခဲ့ရသူ ကိုယ်ဝန်ဆောင် အမျိုးသမီး မရိုင်ဗန်း (အမည်လွှဲ)ကို ဧရာဝတီသတင်းဌာနက ဆက်သွယ် မေးမြန်းထားပါသည်။
ယင်းသို့ မေးမြန်းရာတွင် မရိုင်ဗန်းမှာ မြန်မာဘာသာစကားကို အပြည့်အဝ မပြောတတ်သဖြင့် မိသားစုနှင့် နီးစပ်သူ တဦးက ချင်းဘာသာမှ မြန်မာဘာသာသို့ ကူညီပြန်ဆိုပြောပြပေးခဲ့သည်။
မေး ။ ။ အမရဲ့ ကျန်းမာရေး အခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ လက်ရှိကတော့ ကောင်းပါတယ်။ စစ်သားတွေရဲ့ အဓမ္မမှုကျူးလွန်တဲ့ အချိန်မှာ မအင်္ဂါကို ကိုက်ခဲ့တဲ့အတွက် အဲဒီနေရာက တော်တော်လေး နာကျင်နေပြီးတော့ လုံခြုံတဲ့နေရာမှာ ရောက်တာ မကြာသေးတဲ့အတွက် ဆေးခန်း ပြနိုင်ခြင်း မရှိသေးပါဘူး။
မေး ။ ။ အဲဒီနေ့က ဖြစ်စဉ်ကို ပြန်ပြောပြလို့ ရမလားရှင့်။
ဖြေ ။ ။ ည ၁၀ နာရီခွဲမှာ စစ်ကောင်စီတပ်သား ၃ ယောက်က အိမ်တံခါးဖွင့်ဖို့ တံခါးခေါက်တယ်။ အဲဒါကို ဖွင့်မပေး တဲ့ အချိန်မှာ စစ်ကောင်စီ ၃ ယောက်က အိမ်နောက်ဖေးက ရေချိုးခန်းနဲ့ ကပ်လျက် တံခါးကို ခြေထောက်နဲ့ကန်လိုက် တဲ့အချိန်မှာ ပွင့်ထွက်သွားပြီးတော့ အမတို့အိမ်နောက်ဖေး ရေချိုးခန်းရှေ့မှာ စစ်သား ၃ ယောက် ရပ်နေတာကို တွေ့ လိုက်ရတယ်။
အဲဒီအချိန် စစ်သား ၃ ယောက် ဝင်လာပြီး ဖုန်းရှိလား မေးတယ်။ ပိုက်ဆံဘယ်လောက်ရှိလဲ။ ဘာလုပ်လဲ ဝင်ငွေမေး တယ်။ မေးအပြီးမှာ ၂ ယောက် ပြန်ထွက်သွားတယ်။ ၁ယောက်က ၁၀ မိနစ်လောက်စောင့်ကြည့်ပြီး ခဏနေနေတယ်။ မကြာခင်မှာပဲ အိမ်ကနေ ထွက်သွားတယ်။ အဲဒီလို ထွက်သွားလို့ မကြာခင်မှာပဲ အိမ်မောကျနေတဲ့ အချိန် ည ၁၁ နာရီခွဲလောက် မီးပိတ်တဲ့ အချိန်မှာပဲ စစ်ကောင်စီ တပ်သား ၃ ယောက် ထပ်ပြီး တံခါးခေါက်တယ်။
ခုခံပိုင်ခွင့် မရှိတဲ့ အဆုံး တံခါးဖွင့်ပြီးတော့ ဝင်လာတဲ့ ၃ ယောက်ထဲက ၁ ယောက်က အမရဲ့ ယောက်ျားကို ကြမ်း ပြင်မှာ လှဲခိုင်းပြီးတော့ သူ့ရဲ့ခေါင်းတွေကို သေနတ်ဒင်တွေနဲ့ရိုက် ဖန်ခွက်တွေနဲ့ ပစ်၊ ခြေထောက်တွေနဲ့ ကန်ပြီးတော့ လုံးဝလှုပ်လို့မရအောင် တယောက်ကနေပြီးတော့ အဆက်မပြတ် နှိပ်စက်ခဲ့တယ်။
အဲဒီအချိန်မှာ အမကို ကျန်တဲ့ ၂ ယောက်က အပြင်ကို ခေါ် ပြီး အဓမ္မကျင့်ဖို့ ကြိုးစားတဲ့အချိန်မှာ အပြင်မှာ အဆင် မပြေဘူးဆိုပြီး အိမ်နောက်ဖေးမှာရှိတဲ့ ရေချိုးခန်းကို ဆွဲပြီး အမရဲ့ အနွေးထည်နဲ့ ဘောင်းဘီကို ချွတ်ဖို့ ကြိုးစားခဲ့ကြ တယ်။ အမက ကိုယ်ဝန် ၇ လရှိပါတယ် မလုပ်ပါနဲ့ သားသမီး ၄ ယောက်လည်း ရှိတယ်။ မလုပ်ကြပါနဲ့ ဆိုပြီး အကြိမ် ကြိမ် ငြင်းဆိုခဲ့ပေမယ့် စစ်ကောင်စီတပ်သား ၂ ယောက်နေပြီးတော့ အမကို အကြိမ်ကြိမ်အဓမ္မကျင့်ခဲ့ကြပါတယ်။
အပြီးမှာ အမနဲ့ ကလေးတွေနဲ့ ယောက်ျားကို ကျေနပ်လားဆိုပြီး ခြိမ်းခြောက်စကား ပြောတဲ့အချိန်မှာ ငြင်းဆိုပိုင်ခွင့် မရှိတဲ့ အဆုံးကျေနပ်တယ်လို့ ပြောပြီးတော့ စစ်ကောင်စီတပ်သားတွေ ပြန်ထွက်သွားပါတယ်။ အဓမ္မပြုကျင့် ခံရတဲ့ အချိန်မှာ မအင်္ဂါကို အကိုက်ခံရတယ်၊ မအင်္ဂါကို သွားတိုက်ဆေးတွေနဲ့ သုတ်ခံရတယ်။ မအင်္ဂါကို တံတွေးနဲ့ ထွေးတာ တွေ၊ ကန်ကျောက်ခံရတယ်။
နောက် အဲဒီလူတွေ ပြန်ထွက်သွားတယ်၊ လင်းကြက် မတွန်ခင် အချိန်မှာပဲ အဲဒီထဲက လာသွားတဲ့ ၃ ယောက်ထဲကမှ ၂ယောက်က ထပ်လာပြီးတော့ တံခါးဖွင့်ဖို့ ပြန်တောင်းဆိုတဲ့ အချိန်မှာ ထပ်မလာတော့ဖို့ ပြောပေမယ့် အမယောက်ျား ကို သေနတ်ဒင်တွေ ရိုက်၊ မိသားစုအိပ်ခန်းထဲမှာ ယောက်ျားကို တယောက်တည်းထားခဲ့ပြီးတော့ အမကို ရေချိုးခန်းကို ခေါ်ကာ ထပ်မံအဓမ္မကျင့်ပြန်တယ်။
အဲဒီလို အဓမ္မကျင့် ခံရတဲ့ အချိန်မှာ အမရဲ့ ခင်ပွန်းဖြစ်သူကလည်း နှာခေါင်းသွေး တညလုံး အဆက်မပြတ်ကျနေပြီး ပါးစပ်ကနေလည်း သွေးယိုတဲ့အထိ ကိုယ်ထိလက်ရောက် ရိုက်နှက်ခံခဲ့ရတယ်။ အဓမ္မကျင့်တာ ၂ ကြိမ်တိတိဖြစ်ပါ တယ်။
ဝင်လာတာက ၃ ကြိမ်ဖြစ်ပြီးတော့ ဒုတိယအကြိမ်နဲ့ တတိယအကြိမ်မှာ အဓမ္မ ပြုကျင့်ခဲ့ပါတယ်။ ဒုတိယအကြိမ်မှာက ၃ ယောက်လာပြီးတော့ ၁ ယောက်က အမရဲ့ ယောက်ျားကို ကြမ်းပြင်ပေါ်မှာ အကြိမ်ကြိမ် ကိုယ်ထိလက်ရောက် နှိပ်စက်မှုတွေ ပြုလုပ်ခဲ့တယ်။ နောက်ဆုံး တတိယအကြိမ်မှာကတော့ ဒုတိယ ပြုကျင့်ခဲ့တဲ့ ၂ ယောက်ထပ်လာတာပါ။
မေး ။ ။ အဲဒီညက အိမ်ကို လာရောက်ခဲ့တဲ့ ၊ ကျူးလွန်ခဲ့တဲ့ စစ်သားတွေ ဝတ်ထားတဲ့ ယူနီဖောင်းက နံပါတ်က ဘယ် လောက်လို့ တွေ့လိုက်လဲ။ သူတို့က ဘယ်လိုပုံစံမျိုးတွေလဲ။
ဖြေ ။ ။ ကျူးလွန်သွားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ရုပ်ရည်ကဆိုရင် ၂၅ – ၃၀ အရွယ်တွေ ဖြစ်ပြီးတော့ သူတို့ရဲ့ အင်္ကျီ လက်မောင်း တံဆိပ်မှာ သူတို့ဝင်လာတုန်းက ၂၂ လို့ ရေးထားတာကို မျက်မြင်တွေ့ခဲ့ရတယ်။ ကျူးလွန်တဲ့ စစ်ကောင်စီတွေ အနေနဲ့ အရက်တွေကို အလွန်အကျူး သောက်ထားတယ်၊ ရွာကအရက်ရောင်းတဲ့ ဆိုင်ကိုလည်း ငွေ ၁ သိန်း တောင်းပြီးတော့ ဆိုင်မှာ ရှိတဲ့ အရက်တွေကို အလွန်အကျွံ သောက်ပြီး အခုလိုမျိုး လုပ်ရပ်တွေကို ကျူးလွန်ခဲ့ တယ်။
မေး ။ ။ အမမှာ ကလေးက ဘယ်နှယောက် ရှိတာပါလဲ။
ဖြေ ။ ။ ကလေးက ၄ ယောက်ရှိတယ်။ အခု ၇ လလွယ်ထားတဲ့ ကိုယ်ဝန်နဲ့ဆို ၅ ယောက်မြောက်ပေါ့။ ကျူးလွန်ခံရတဲ့ အချိန်မှာ သားသမီးတွေလည်း ငိုယိုနေပြီး အိမ်ကနေ အမြန်ဆုံး ထွက်ပြေးမယ်လို့ သူတို့ အော်ဟစ်နေတဲ့ အချိန်မှာ စစ်ကောင်စီ တပ်သားတွေက မငိုဖို့ ချိန်းခြောက်ခဲ့တယ်။ ဖြစ်စဉ်ပြီးသွားတဲ့ အချိန်မှာ အမတို့ အနေနဲ့ အပ်လွယ်ကနေ ၇ မိုင်ဝေး တဲ့ ရွာကို ခြေလျင်နဲ့ အမအနေနဲ့ ကိုက်ခံရတဲ့ ဒဏ်ရာကြောင့် သွေးထွက်ထွက်ကြီးနဲ့ပဲ တိမ်းရှောင်ခဲ့ရတယ်။
တိမ်းရှောင်ခဲ့ရတဲ့ အချိန်မှာ အမအနေနဲ့ ကျူးလွန်ခံရတဲ့ ဒဏ်ရာတွေ ခန္ဓာကိုယ်နာတာတွေကြောင့် သားပျက်ကျလု မတတ် နာကျင်စွာ ခံစားရတယ်။
မေး ။ ။ အခုကိုယ်ဝန် အခြေအနေက ဘယ်လိုရှိပါသလဲ။ နာကျင်တာတွေရှိသေးလား။
ဖြေ ။ ။ လက်ရှိ ရောက်ရှိနေတဲ့ Safe zone မှာရှိတဲ့ သူနာပြု တယောက်က နေပြီး ပြုစုစောင့်ရှောင့်မှုကြောင့် နေရ ထိုင်ရတာ သက်သာပေမယ့် စစ်ကောင်စီတွေ ကျူးလွန်နေတုန်းမှာ မ အင်္ဂါကို ကိုက်ခဲ့တဲ့ ဒဏ်ရာကြောင့် အခုထိ နာနေတုန်းပေါ့။ လက်ရှိအချိန်မှာတော့ ဆေးရုံကို မပြရသေးဘူး။
မေး ။ ။ ဒီလိုမျိုး ဖြစ်ခဲ့တဲ့ အခြေအနေအပေါ် ဘယ်လိုခံစားရပါသလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံမှာ အမလို အမျိုးသမီး ထပ်မရှိဖို့နဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက် ကျူးလွန်မှုတွေကို ရပ်တန်းက ရပ်နိုင်ဖို့ ထိရောက်တဲ့ တုံ့ပြန်မှုတွေကို အမြန်ဆုံး ပြုလုပ်ပေးဖို့ အတွက် ပြောချင်ပါတယ်။
အခုလိုမျိုး ကျူးလွန်ခံရမှုအပြီးမှာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်အရရော အလွန်တုန်လှုပ်မိပြီးတော့ အလွန်ကြောက်ရွံ့ မိတယ်။ ကျူးလွန်မှု ခံစားရပြီးတဲ့ အချိန်မှာ ဝမ်းနည်းပက်လက် မျက်ရည်တွေနဲ့ ဖြစ်ခဲ့ရ တယ်။ အဲဒီလိုမျိုး အခြေအနေ ကို ကြုံပီးတဲ့ အချိန်မှာ အခုလိုမျိုး လုံခြုံတဲ့ နေရာကို ရောက်ရှိအောင်လို့ PDF – CDM Siyin နဲ့ လုံခြုံတဲ့ နေရာကို ရောက်ရှိအောင် ပို့ပေးတဲ့ ZFU၊ PDF-Zoland ကိုလည်း ကျေးဇူးတင်ပါတယ်။
မေး ။ ။ ကျူးလွန်တဲ့ စစ်တပ်က တပ်သားတွေကိုရော ဘာပြောချင်တာရှိဦးမလဲ။
ဖြေ ။ ။ စစ်ကောင်စီတပ်တွေအနေနဲ့ ခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာဖြစ်ပြီး ဒီလိုမျိုး အကြမ်းဖက်လုပ်ရပ်တွေ ထပ်ပြီး တော့ မကျူးလွန်နိုင်အောင်လို့ ဘုရားသခင်အနေနဲ့ သူတို့တွေရဲ့ ခန္ဓာကိုယ်နဲ့ သူတို့တွေ့ရဲ့ မကောင်းတဲ့ စိတ်ဓာတ်တွေ ကို အမြန်ဆုံး ဖယ်ရှားပေးပြီး သူတို့ရောက်တဲ့ နေရာတိုင်းမှာ များများကျဆုံးဖို့ ခံစားရတယ်။
မေး ။ ။ အခုလို အဖြစ်ဆိုးနဲ့ ကြုံပြီး နေရပ်ကနေ စွန့်ခွာလာရတဲ့ အပေါ်ရော ဘာပြောချင်လဲ။ နေရပ်ကိုရော ပြန်ဖြစ်ဦး မလား။
ဖြေ ။ ။ ဒီအခြေအနေဆိုးကြီး ပြီးတဲ့ အချိန်မှာ ဘာမှ မရှိပေမယ့် ကိုယ့်အိမ်ကိုယ်ရာမှာပဲ နေဖို့ ဆန္ဒရှိပါတယ်။ အခုကတော့ ကိုယ့်အိမ်ကိုယ့်ရာကို ပြန်ဖို့ ခွန်အား ဘယ်လိုမှ မရှိတော့ပါဘူး။ စစ်ကောင်စီအနေနဲ့ အိမ်ကို လာမှာ ဆိုပြီးတော့ စိတ်ခံစားချက်ထဲမှာ ခြောက်လှန့်မှုတွေကြောင့် ဘယ်လိုမှ ခွန်အား မရှိတော့သလို စစ်ကောင်စီတွေ မကျဆုံးသရွှေ့ ပြန်ဖို့တော့ အစီအစဉ်မရှိဘူး။
You may also like these stories:
တီးတိန်၌ စစ်ကောင်စီတပ်သားများ ကိုယ်ဝန်သည်တဦးကို ထပ်မံ အဓမ္မပြုကျင့်
တီးတိန်မှာ စစ်တပ်က မုဒိန်းကျင့်ပြီး လုယက်
အမှုနိုင်သော်လည်း မျက်နှာမပြဝံ့သူ
ဦးဂါ ရွာသူကို အဓမ္မကျင့်ခဲ့သည့် တပ်မတော်သား ၃ ဦးအား ထောင် အနှစ်၂၀ စီချမှတ်