စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာသို့ ဝင်ရောက် စီးနင်းစဉ် ဆယ်ကျော်သက် အရွယ် ၆ ဦး အပါအဝင် ရွာသား ၁၀ ဦးကို စစ်ကောင်စီတပ်များက နည်းအမျိုးမျိုးဖြင့် နှိပ်စက်ပြီးမှ ကြိုးတုတ်ကာ အရှင်လတ် လတ် မီးရှို့သတ်ဖြတ်ခဲ့သည်။
သေဆုံးခဲ့သူများမှာ ကိုအာကာစိုး ၁၄ နှစ်၊ ကိုဆန်းမင်းဦး ၁၇ နှစ်၊ ကိုသန်းမြင့်အောင် ၁၇ နှစ်၊ ကိုဆန်းကို ၁၇ နှစ်၊ ကိုကျော်သက် ၁၇ နှစ်၊ ကိုချစ်နန်းဦး ၁၉ နှစ်၊ ကိုဝင်းကော် ၂၀ နှစ်၊ ကိုထက်ကို ၂၂ နှစ်၊ ကိုဇင်မင်းထွန်း ၂၂ နှစ် နှင့် ကိုတင့်နိုင် ၃၀ နှစ်တို့ ဖြစ်ကြသည်။
သေဆုံးသူများသည် လက်နက်ကိုင်ဆောင်ကာ တိုက်ခိုက်နေသူများ မဟုတ်ဘဲ စစ်တပ်က ရွာတွင်း ဝင်ရောက် စီးနင်းမှုကြောင့် ထွက်ပြေး တိမ်းရှောင်ရန် ပြုလုပ်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး ၎င်းတို့၏ ရုပ်အလောင်းများတွင် ရိုက်နှက်နှိပ်စက်ခံထားရသည့် ဒဏ်ရာများရှိသည့်အပြင် အရှင်လတ်လတ် မီးရှို့ ခံရသည့်အတွက် ရုန်းကန် ထားသော အခြေအနေများကို တွေ့ရကြောင်း အင်တာနက်ပေါ်တွင် တွေ့ရသော ဓာတ်ပုံများကို ကြည့်၍ သုံးသပ်နေမှုများလည်း ရှိသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်မှုကို ကြုံတွေ့ခဲ့ရသူ ၁၀ ဦးထဲတွင် ပါဝင်သွားသူ တဦး၏ ဇနီးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ ညီမရဲ့ အမျိုးသားက ဘယ်လိုမျိုးကြုံတွေ့ခဲ့ရသလဲ။ ညီမတို့ကရော ဘယ်လိုမျိုး လွတ်မြောက်ခဲ့တာလဲ။
ဖြေ ။ ။ ညီမ အမျိုးသားက မလွတ်တာ။ ညီမတို့ကိုက လွတ်အောင်ပြေးခိုင်းတာ။ ညည်းတို့ သားအမိသာ ဆိုင်ကယ်စီးပြီး လွတ်အောင်ပြေးကြတဲ့။ အဲဒီလို ခိုင်းတော့ ညီမလည်း ရွာအနောက်ကို ဆိုင်ကယ်နဲ့ သားမိ ၂ ယောက်ပြေးတာ။ ထမင်းထုပ်လေးတွေ ခူးပြီးတော့ မုန့်ထုပ်လေးတွေထည့်ပြီး ရေဗူးရော ထည့်ပြီး အဝတ်ထုပ်ယူပြီး အမတို့ သားမိ ၂ ယောက်က ရွာအနောက်ကို ပြေးကြတာ။ သူကနေခဲ့ပြီးတော့ ရွာဦးဘက်ကိုပြေးတာ။ တအောင့်လောက်လည်း နေရော စစ်သားတွေ ရောက်လာပြီး လက်နက်ကြီးသံတွေ အုံးအုံးဒိုင်းဒိုင်းနဲ့ ကြားရတော့တာပဲ။
ညီမတို့ သားမိကို လွတ်ရာကျွတ်ရာ ဆိုပြီးပဲ ပြေးခိုင်းတာ။ သူကတော့ တကိုယ်ရည်တကာရဆိုတော့ ဘယ်နားပုန်းနေနေရတယ် ဆိုပြီး သူကနေခဲ့တာ။ ကလေးက ယောကျာ်းလေး ၄ နှစ်ရှိပြီ။ အိမ်ကပြေးတဲ့ အချိန်က ၁၀ နာရီလောက်တော့ ရှိမယ်။
မေး ။ ။ အမျိုးသားဖြစ်သူဆုံးတယ် ဆိုတာကို ဘယ်လိုသိရလဲ။
ဖြေ ။ ။ အမျိုးသားက ဖုန်းဆက်သေးတယ်။ ညည်းတို့ ဘယ်တွေ ရောက်နေတာတုန်းတဲ့။ ငါတို့တောင်ပေါ် ရောက်နေတာလို့။ နင်က ဘယ်မှာလဲဆိုတော့ ငါက ပုန်းနေတာတဲ့။ ညည်းက ဘယ်သူတွေနဲ့တုန်းတဲ့ တခြားလူတွေ ပါတယ်လို့ ပြောတော့ အေအေး ဒါပဲ ဆိုပြီး ဖုန်းချသွားတာ။ နောက်ပိုင်းကျတော့ ဖုန်းက ခေါ်တာကို ခေါ်လို့မရတော့ဘူး။ နောက်ပိုင်းကျတော့ ဖုန်းကိုချသွားတော့တာ။ ခေါ်ပါများတော့ ဖုန်းကို စက်ပိတ်သွားတော့တာ။ အဆက်အသွယ် လုံးဝကို မရတော့ဘူး။ အဲဒီမှာ ညီမလည်း စိတ်ပူတာနဲ့ ခေါ်ပေးကြပါဦး ဆက်သွယ်ပေးကြပါဦးလို့ လိုက်ပြီး အကူအညီတောင်းတာ နောက်ပိုင်း သူနဲ့ အဆက်အသွယ် မရခဲ့ဘူး။
နောက်ကျမှ လူ ၁၁ ယောက်လောက် ဒေသခံ ၂ ဦးက ရေလောင်းရင်းနဲ့ တွေ့တာတဲ့။ ဓာတ်ဆီတွေနဲ့ လောင်းပြီးတော့ မီးရှို့ထားခဲ့တာတဲ့။ အဲဒီလို ပြောသံကြားတော့ ညီမယောကျာ်းဆိုပြီး ညီမတော့ အဲဒီကတည်းက ငိုတော့တာပဲ။ ညီမတို့ ရွာက ဒေသခံ ၂ ဦးက ရေလောင်းနေတာ အဲဒီမှာ သူတို့ရဲ့ အလောင်းတွေ ထပ်ပြီးတော့ မသေမရှင်ကို သူတို့ မီးရှို့သွားတာ။ ညီမတို့ အဲဒါကျတော့ ပိုပြီး ခံစားရတာပေါ့။ အသက်က ဘယ်ကနေ ဘယ်လိုထွက်လိုက်တယ်မသိ။ အရမ်းပဲ ကြေကွဲရတယ်၊ နာကျင်ရတယ်။ ဒါတွေကလည်း အမြန်ဆုံးမပြီးသေးဘူးလား မသိပါဘူး။ မြန်မြန်လည်း ပြီးချင်လှပါပြီ။ သူနဲ့ နောက်ဆုံးဖုန်းပြောတာက ပြေးပြီး သိပ်မကြာဘူး ဖုန်းပြောတာ။ နောက်ကျတော့ ဆက်တိုက်ခေါ်တာ ခေါ်လို့ကို မရတော့ဘူး။
မေး ။ ။ အမျိုးသားက ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်လား။ သာမာန် ဒေသခံပဲလား။
ဖြေ ။ ။ လက်နက် တခုမှ မပါပါဘူး။ ဒေသခံတွေပါ။ သူတို့ကိုကြောက်လို့ ပုန်းနေကြတဲ့ လူတွေ ကိုင်းတောထဲကို ပုန်းနေတဲ့ လူတွေပါ။
မေး ။ ။ အာဏာသိမ်းတဲ့ အပေါ်မှာရော သူမသေဆုံးမီက ဘာတွေပြောပြဖူးတာရှိလဲ။
ဖြေ ။ ။ သူကတော့ စိတ်မကောင်းတဲ့ အကြောင်းတွေတော့ ပြောတယ်။ လူတွေသတ်တဲ့အကြောင်း အသားလွတ် သတ်သွားတာတွေ စိတ်တိုတဲ့ အကြောင်းတွေတော့ ပြောပြတယ်။ လက်နက်ကိုင်တာတွေ ဘာတွေတော့ တခါမှ မလုပ်ခဲ့ပါဘူး။
မေး ။ ။ အမျိုးသားဖြစ်သူရဲ့ ရုပ်အလောင်းကို နောက်ဆုံးအနေနဲ့ ကြည့်ခွင့်ရခဲ့သေးလား။
ဖြေ ။ ။ ကြည့်ခွင့်ကို မရခဲ့ဘူး။ ညီမတို့က ရွာကို မပြန်ရသေးတာ။ ရွာကို မကပ်နိုင်သေးဘူး ရွာကိုလည်း မပြန်ရဲလို့။ မပြန်သေးဘူး။ တခြားမှာ ခိုနေရတာပါ။ တွေ့ခွင့်လည်း မရဘူး။ သဂြိုဟ်ခွင့်လည်း မရခဲ့ဘူး။ အဲဒီအတွက်ကို ဝမ်းနည်းပြီးတော့ စိတ်မကောင်း ဖြစ်ရတယ်။ နောက်ဆုံးအနေနဲ့ ညီမကြည့်ခွင့်ရချင်ပါသေးတယ်။ ဒါပေမယ့်ကြည့်ခွင့်မရခဲ့ဘူး။
မေး ။ ။ သားလေးကရော အဖေဆုံးတာကို သိပြီလား။
ဖြေ ။ ။ သိတယ်၊ သိတယ်။ ညီမငိုတဲ့ နေ့က အမေကြောက်တယ် သားတို့ ပြေးရအောင်၊ ပြေးရအောင်ပဲ ခေါ်နေတာ။ ဖြစ်တဲ့နေ့က သူ့အဖေ အဲဒီလို ဖြစ်တယ်ဆိုတော့ ညီမက ငိုတော့ အဲဒီလိုတွေ ပြောတာ။
မေး ။ ။ အခုလို အခြေအနေအပေါ်မှာ ဘာပြောချင်တာရှိမလဲ။
ဖြေ ။ ။ ရက်ရက်စက်စက် သတ်ကို သတ်သွားတာ။ အရမ်းကို နာကျင်ကြေကွဲရတယ်။ ဘယ်တော့မှလည်း အဲဒီနေ့ကို မေ့လို့မရဘူး။ သူတို့လည်း အဲဒီလို အဖြစ်ဆိုးမျိုးနဲ့ မကြုံပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။ သူတို့သားသမီးတွေလည်း မိဘမဲ့ မဖြစ်ပါစေနဲ့လို့။
You may also like these stories:
ဆားလင်းကြီးက ဒေသခံ ၁၀ ဦး နှိပ်စက်ပြီးမှ မီးရှို့သတ်ခံရခြင်းဖြစ်