၁၉၄၃ ခုနှစ်တဝိုက် ဒုတိယကမ္ဘာစစ်ကာလအတွင်းက ဥရောပတွင် လူကြိုက်များခဲ့သည့် ဖက်ဆစ်အာဏာရှင် ဆန့်ကျင်ရေး သီချင်းတပုဒ်ဖြစ်သော “Bella Ciao”သီချင်းကို မြန်မာတေးလောကမှ ပန့်ခ်တေးဂီတအဖွဲ့ များဖြစ် သည့် Rebel Riot နဲ့ Cacerolazo တို့ ပူးပေါင်းကာ ဒီဇင်ဘာလ ၁၉ ရက် ညက Burmese Punk Version (မြန်မာ ပန့်ခ်ဗားရှင်း) အနေနဲ့ cover သီချင်း Music Video တပုဒ် ဖြန့်ချိခဲ့ပါတယ်။
“Bella Ciao” ကတော့ အီတလီ ဘာသာစကားအရ “နှုတ်ဆက်ပါတယ် အလှကလေးရေ” လို့ အဓိပ္ပာယ်ရပြီး ဒီ သီချင်းဟာ ဒုတိယကမာ္ဘစစ်အတွင်း တော်လှန်ရေးသမားတွေအတွက် ဖက်ဆစ်ဆန့်ကျင်ရေး သီချင်းတပုဒ်ဖြစ်ခဲ့ ကာ ဒီသီချင်းကို နိုင်ငံတကာမှာလည်း အာဏာရှင်စနစ် တော်လှန်ရေးအတွက် ဘာသာစကားမျိုးစုံနဲ့ ပြန်လည် သီဆိုကြပါတယ်။
Music video
ဒါကြောင့် မြန်မာပြည် စစ်အာဏာရှင် စနစ်ကို တော်လှန်နေတဲ့သူတွေအတွက် ရည်ရွယ်ပြီး ဒီသီချင်းကို ဖန်တီးခဲ့ ကြတဲ့ Rebel Riot Band ကို ဧရာဝတီ သတင်းဌာနက အခုလိုပဲ ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ ပထမဆုံး ဒီ Bella Ciao သီချင်းအကြောင်း ဖန်တီးဖြစ်ပုံ ပြောပြပေးပါ။
ဖြေ။ ။ Bella Ciao သီချင်းကို ကျနော် စသိတာက ၂၀၁၅ ကျောင်းသား အရေးအခင်းမှာ စသိတာ။ အဲဒီသီချင်းကို International စာသားတွေနဲ့ Youtube မှာ တွေ့တယ်။ ဒီသီချင်းကို လိုက်ကြည့်တော့ သူက အီတလီ ဘာသာ စကား ဖြစ်နေတယ်။ ဒါက ဖက်ဆစ် ဆန့်ကျင်ရေး သီချင်းပေါ့။ ၁၉၄၃ နဲ့ ၁၉၄၅ ဝန်းကျင်လောက်မှာ ဖက်ဆစ် တွေကို ဆန့်ကျင်တဲ့ အီတလီကနေ ဖြစ်ပေါ်လာတဲ့ ဖက်ဆစ် ဆန့်ကျင်ရေး သီချင်းပေါ့။
ဒီသီချင်းကို မြန်မာလို ဘာသာပြန်တာက ဇင်လင်းပေါ့။ ဇင်လင်းဆိုတာ ဗကသ ကျောင်းသားထဲကပဲ။ သူက မြန်မာလိုလေး ပြန်လိုက်တော့ ကျနော်တို့က အရမ်း သဘောကျတယ်။ သဘောကျပြီး ကျနော်တို့က ပန့်ခ်ပုံစံနဲ့ လုပ်ချင်တာ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်ခဲ့ဘူး။ ဒီကာလမှာမှ လုပ်ဖြစ်သွားတယ်။
မေး။ ။ ဒီ သီချင်းက ၂၀၁၅ ကျောင်းသားသပိတ်မှာ ရဲဘော် ကိုဇင်လင်း ရေးခဲ့တာဆိုတော့ အစ်ကိုတို့ အဖွဲ့အနေ နဲ့ ကာဗာ ပြန်ဆိုတဲ့အခါ ဘယ်လို အားစိုက်၊ ဖန်တီးမှု ပြန်လုပ်ခဲ့ရလဲ။
ဖြေ။ ။ သူက နိုင်ငံတကာမှာလည်း ဘာသာစကားအမျိုးမျိုးနဲ့ ပြန်ဆိုကြတော့ ကိုယ်ကလည်း ကိုယ့်ရဲ့ ဟန်ပေါ့ နော်။ အားစိုက်ထုတ်မှုကတော့ ဒီဘက်က Punk version ဖြစ်တဲ့အခါကျတော့ Music style တွေ ဘာတွေကအစ အကုန် ပြန်ပြောင်းပစ်ရတယ်။ သူ့ရဲ့ Original က Folk music ပေါ့။ ကျေးလက်ဂီတ ပုံစံဆိုတော့ ကျေးလက်ဂီတ ကို Punk version ပြောင်းရတာဆိုတော့ နည်းနည်းတော့ အားထည့်ရတာပေါ့။ နည်းနည်း ပိုပြီးတော့ ဖန်တီးမှု ဆန်းသစ်အောင် ထည့်ပေးရတာပေါ့။ သူ့ရဲ့ ပင်ကိုယ်အရသာလည်း မပျောက်အောင်လို့။ အချိန်တော့ ကျနော်တို့ ၆ လလောက် ယူလိုက်ရတယ်။

မေး။ ။ ဒီသီချင်းကို ဖန်တီး သီဆိုရတဲ့ ရည်ရွယ်ချက်လည်း သိချင်ပါတယ်။
ဖြေ။ ။ ဖန်တီးသီဆိုရတဲ့ ရည်ရွယ်ချက်ကတော့ အာဏာရှင် ဆန့်ကျင်ရေးပေါ့။ ကျနော်တို့ ဒီကမ္ဘာအရပ်ရပ်မှာ ဖက်ဆစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံ၊ မြန်မာပြည်မှာကလည်း လက်ရှိ အာဏာသိမ်းပြီးတော့ ၉ လ ကျော် ကြာတဲ့အချိန်၊ ဖက်ဆစ်အာဏာရှင်က ကြီးစိုးနေချိန်မှာ ဒီသီချင်းက ဖက်ဆစ်အာဏာရှင်ကို တော်လှန်နေ တဲ့သူတွေအတွက် ခွန်အားတခုများ ဖြစ်မလားပေါ့။ အဲဒီလို ခွန်အားပေးတဲ့ သီချင်းမျိုး အနေနဲ့ပေါ့။ ရည်ရွယ်ချက် ကတော့ တော်လှန်နေတဲ့သူတွေကို စိတ်ဓာတ်ခွန်အားပေးချင်တဲ့ ရည်ရွယ်ချက်ပါ။
မေး။ ။ အခုလက်ရှိ အာဏာသိမ်းကာလ မြန်မာနိုင်ငံမှာ အနုပညာ ဖန်တီးမှုတွေ ရှားပါးသွားတယ်။ သေဆုံးသွား တယ်လို့ ပြောလို့ရတယ်။ အဲဒီလို အကျပ်အတည်းကာလမှာ အနုပညာ ဖန်တီးရတဲ့ အခက်အခဲက ဘာဖြစ်မလဲ။
ဖြေ။ ။ အခက်အခဲကတော့ အများကြီးပဲ။ အများကြီးပဲဆိုတာ လူတွေ တွေ့ဖို့ဆုံဖို့ ချိန်းတာတွေ၊ စတူဒီယိုတိုင်းက လည်း မဖွင့်ဘူး။ ဖွင့်တဲ့ စတူဒီယိုတွေကလည်း ခိုးကြောင်ခိုးဝှက် သွားရတာတွေ၊ အဲဒီလိုမျိုးပေါ့။ နေရာတိုင်းက အခက်အခဲတွေ ချည်းပါပဲ။ ပြီးတော့ ဒီလို သီချင်းတွေဆိုရင် တချို့ကလည်း လက်မခံရဲတာဆိုတော့ အခက်အခဲ တွေက များပါတယ်။ ကိုဗစ်လည်း ရှိနေတာဆိုတော့ စတူဒီယိုတွေက မိုက်ခရိုဖုန်းတွေ ဘာတွေနဲ့ဆိုတော့ သူငယ်ချင်း ၏တွေနဲ့ပဲ စုပြီး ကြုံသလို အခက်အခဲတွေကို ကျော်လွှားခဲ့ရတာ။ အရင်ကလောက်တော့ အရမ်းကြီး လွယ်လင့်တကူ မရှိဘူး။
မေး။ ။ Music Video ဖန်တီးတဲ့ အပိုင်းမှာကော ဘယ်လို အခက်အခဲတွေ ကြုံခဲ့လဲ။
ဖြေ။ ။ အခက်အခဲတွေကတော့ ဒီ Music Video ဖြစ်ဖို့အတွက် ရိုက်ကူးရေးအချိန်တွေမှာ ဒီလူအုပ်နဲ့ ဒီကောင် တွေ စစ်ကားတွေ လာမလား၊ ရဲတွေလာမလား အဲဒီလိုမျိုး တွေ့သွားမလား။ ပြီးတော့ အလံကြီးတွေလွှင့် ဘာတွေ လွှင့်ဆိုတော့ အဲဒါတွေတော့ အန္တရာယ် ရှိတာပေါ့။ အဲဒီမှာ အခက်အခဲ ရှိတယ်။ သီချင်းတွေကတော့ ကျနော်တို့ မကြိုက်မချင်း သွင်းလိုက်၊ ပြန်နားထောင်လိုက် ဆိုတော့ နောက်ဆုံး စိတ်ကြိုက်ဖြစ်တော့မှပဲ ထုတ်လိုက်တာပေါ့။ အခက်အခဲကတော့ ဒီကာလမှာ ဘာလုပ်လုပ် ရှိတာပါပဲ။
မေး။ ။ အစ်ကိုတို့ Band အကြောင်းနဲ့ လှုပ်ရှားမှုတွေ အကြောင်းလည်း သိချင်ပါတယ်။
ဖြေ။ ။ ကျနော်တို့ Band ကတော့ Rebel Riot ပေါ့။ ကျနော်တို့ ဂီတကို ၂၀၀၇ ကနေ လုပ်လာခဲ့တာ အခုချိန်ထိ ပဲပေါ့။ ကျနော်တို့ကတော့ လူ့အခွင့်အရေးပိုင်းဆိုင်ရာတွေ၊ မတရားမှုပိုင်းဆိုင်ရာတွေ၊ လူ့ဂုဏ်သိက္ခာနဲ့ ပတ်သက် တဲ့ ဟာတွေ၊ ကျနော်တို့ မကြိုက်တဲ့အရာတွေကို အမြဲတမ်း ကျနော်တို့က တတ်နိုင်တဲ့ထောင့်ကနေ ထုတ်ဖော်ပြီး တော့ သီချင်း သီဆိုလေ့ရှိပါတယ်။ ကျနော်တို့ကတော့ ဒီအတိုင်းပဲ ဆက်ပြီးတော့ ကိုယ်တတ်နိုင်သလောက် ဝိုင်း ပြီးတော့ ပါဝင်နေဦးမှာပါ။

မေး။ ။ Band အနေနဲ့ အရင်က ဘယ်လို သီချင်းတွေ ထုတ်ခဲ့လဲ။ ဘာဖန်တီးမှုတွေ လုပ်ခဲ့လဲ။
ဖြေ။ ။ ကျနော်တို့က Punk Band ဆိုတော့ ပန့်ခ်သီချင်းတွေ ထုတ်တယ်။ ပြီးတော့ ကျနော်တို့ လိုချင်တဲ့ လူ့အဖွဲ့ အစည်းအသစ် ဖြစ်အောင် သီချင်းလေးတွေတို့၊ Music Video တို့ မကြာမကြာ ထုတ်ဖြစ်ပါတယ်။
မေး။ ။ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ သီချင်းတွေ ဖန်တီးထားတာ ဘယ်နှပုဒ်လောက် ရှိသွားပြီလဲ။ အဲဒီသီချင်း တွေအကြောင်းလည်း သိချင်ပါတယ်။
ဖြေ။ ။ ဒီကာလထဲမှာ ကျနော်တို့ Album တချပ်တော့ ထွက်ဖြစ်တယ်။ “One Day” ဆိုတဲ့ Album ပါ။ နိုင်ငံရေး ရယ်လို့ မဟုတ်ဘဲ ကျနော်တို့က မျက်စိထဲမှာ အမြင်မတော်တဲ့ ကိစ္စတွေဆိုတာ ဆိုတော့ နိုင်ငံရေး သက်သက် ကြီး လုပ်တဲ့ တီးဝိုင်းတော့ မဟုတ်ဘူး။ အဲဒီမှာမှ ကျနော်တို့ လူ့အခွင့်အရေး အော်တာတွေ၊ မတရားတဲ့ စနစ်တွေ ကို Complaint တက်တာတွေ ဒါမျိုးပေါ့။ နိုင်ငံရေးရယ်လို့ သီးသန့် လုပ်တာမျိုး မဟုတ်ဘူး။ အဲဒီတော့ ဘယ်ဟာ က နိုင်ငံရေးသီချင်း၊ ဘယ်ဟာက နိုင်ငံရေးသီချင်း မဟုတ်ဘူးလို့ ပြောရခက်တယ်။ ကျနော်တို့ ယုံကြည်ရာကို ကျနော်တို့ လုပ်နေတယ်ဆို ပိုမှန်ပါတယ်။
မေး။ ။ သီချင်းတွေ ဖန်တီး ဖြန့်ချိတဲ့အခါ ပရိသတ်တွေဆီက ရတဲ့ Feedback က ဘယ်လို ရှိလဲ။ ဒီသီချင်းတွေရဲ့ Impact ကကော ဘယ်လောက်ထိ လူထုကြား ထိရောက်ပျံ့နှံ့မှု ရှိလဲ။
ဖြေ။ ။ ကျနော်တို့က ပရိသတ်တွေဘာတွေ သိပ်ပြီး ဂရုမစိုက်ဘူး။ ဂရုမစိုက်ဘူးဆိုတာ ကျနော်တို့ ဂီတက လူတွေ ကြိုက်ခြင်း၊ မကြိုက်ခြင်းထက် ကိုယ်လုပ်ချင်တာ ကိုယ်လုပ်တယ်။ ကြိုက်တဲ့လူလည်း ကြိုက်တယ်။ မကြိုက်တဲ့ လူလည်း မကြိုက်ဘူး။ ဆဲတဲ့လူလည်း အများကြီး ရှိမယ်။ လက်ခုပ်တီးတဲ့သူလည်း ရှိမယ်။ အဲဒီနှစ်ခုလုံးကို ကျနော်တို့က ဂရုမစိုက်ဘူး။ ပရိသတ်အတွက်ဆိုပြီး ဖန်တီးပြီး လုပ်တာ မဟုတ်ဘူး။ ကျနော်တို့က ကျနော်တို့ ယုံကြည်ရာ၊ ကျနော်တို့ ကြိုက်တာ လျှောက်လုပ်တယ်။ အဲဒီအပေါ်မှာ ကျနော်တို့က ဘာမှ စိတ်ထဲမထားဘူး။ မကြိုက်လို့ ဆဲတဲ့သူကိုလည်း ကျနော်တို့ ပြန်မဆဲဘူး။ ကြိုက်လို့ အားပေးတဲ့သူတွေ ရှိရင်လည်း ကျနော်တို့က အဲဒီအပေါ်မှာ မသာယာသွားဘူး။ ကိုယ်ယုံကြည်ရာ ဆက်လုပ်နေတယ်။
ဒီ Bella Ciao သီချင်းကျတော့ ပရိသတ်တွေအတွက် မဟုတ်ပေမယ့် လက်ရှိ တော်လှန်ရေးလုပ်နေတဲ့ ရဲဘော် တွေ စိတ်ဓာတ်ခွန်အား ဖြစ်ဖို့အတွက် ရည်ရွယ်ထားတယ်။ ပြီးတော့ ဒီသီချင်းကို ရေးတဲ့ ဇင်လင်းက အင်းစိန် ထောင်ထဲမှာ။ သူ့ကိုလည်း သတိရပြီးတော့ ဂုဏ်ပြုတဲ့ ပုံစံလည်း ဖြစ်တယ်။
မေး ။ ။ ဒီသီချင်းကို လူမှုကွန်ရက် ပလက်ဖောင်းမှာ အခမဲ့ ဖြန့်ချိတာလား။ အခြား music ထုတ်လုပ်မှုတွေလို Click to donate တို့ကနေ တင်ပေးဖို့ ရှိလား။
ဖြေ ။ ။ ကျနော်တို့ကတော့ အခမဲ့ ဖြန့်ချိတာပါ။ အခမဲ့ ဖြန့်ချိတယ်ဆိုတာ ဒီသီချင်း နားထောင်လိုက်ပြီးတော့ ဖက်ဆစ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ပိုပြီး ကြီးထွားဖို့အတွက်ပေါ့။ ကျနော်တို့က Music လုပ်ပြီဆိုရင် ငွေရေး ကြေးရေးပေါ်မှာ အခြေခံပြီး လုပ်တာ မဟုတ်ဘဲ အခြား ပလက်ဖောင်းတွေတော့ သိပ်မတင်ဖြစ်ဘူး။ ကျနော်တို့ရဲ့ ကိုယ်ပိုင် Page ကနေ (သို့မဟုတ်) ကျနော်တို့ရဲ့ Youtube Channel ကနေ တင်ဖြစ်တယ်။
မေး ။ ။ စစ်ကောင်စီ အာဏာသိမ်းလိုက်ချိန်မှာ လူငယ်တွေရဲ့ အနာဂတ် သေဆုံးသွားတယ်။ ထောင်ထဲ ရောက် နေတဲ့ ကျောင်းသား လူငယ်တွေ လူမဆန်စွာ နှိပ်စက်ခံရတယ်။ အခု ဒီသီချင်းက အဲဒီအကြောင်းအရာတွေကို Speak Out လုပ်တယ်လို့ ပြောလို့ရမလား။
ဖြေ ။ ။ ပြောလို့ရတယ်ဗျ။ သီချင်းတပုဒ်ဆိုတာထက်ကို လက်ရှိ လူတွေ မေ့မသွားအောင်လို့။ ကျနော်က ဂီတကို ယုံတယ်။ ဂီတက လူတွေကို ပိုပြီးတော့ စည်းလုံးစေတယ်။ လူတွေကို ညီညွတ်စေတယ်။ လူတွေကို ပိုပြီးတော့ လူလူချင်း ဆက်သွယ်ဖို့ အကောင်းဆုံး ဘာသာစကားလည်း ဖြစ်တော့ ဒီဂီတကို နားထောင်လိုက်ခြင်းအားဖြင့် လူတွေက မေ့နေတဲ့အရာတွေ ပြန်ပေါ်လာတယ်လို့ ခံစားရတယ်။ ပြီးတော့ ကိုယ်ဘာလုပ်ရမလဲဆိုတာလည်း ပြန်မြင်လာလိမ့်မယ်လို့ ယုံတယ်။ ပြီးတော့ ဂီတကလည်း အဲဒီလို စွမ်းအင်တမျိုး ပေးတယ်။ အဲဒါကြောင့် ကျနော် တို့ ဂီတလုပ်တဲ့ ရည်ရွယ်ချက်တွေကလည်း အဲဒါမျိုးတွေပေါ့။ ကျနော်တို့ တချို့ ဝမ်းနည်းကြေကွဲစရာ ကိစ္စမျိုး မပြောနိုင်တဲ့အခါကျ သီချင်းလေးတွေ ဆိုပြီးတော့ ပြောပြတဲ့ သဘောမျိုးပေါ့။
မေး ။ ။ တော်လှန်ရေးကို ဆက်ပြီး တိုက်ပွဲဝင်နေကြတဲ့ ပြည်သူတွေ၊ လူငယ်တွေကိုကော ဘယ်လို တိုက်တွန်း အားပေးစကား ပြောချင်လဲ။
ဖြေ ။ ။ ဘယ်လို ပြောချင်လဲဆိုတော့ တခုခုဆိုရင် စိတ်ဝမ်းကွဲမယ့်အစား အားလုံး စုစည်းနေဖို့က ပိုပြီး အရေးကြီး တယ်။ အားလုံး စုစည်းပြီးတော့ သဘောထားတွေ ကြီးကြဖို့။ နောက်တချက်က ကျနော်တို့ တော်လှန်ရေး တခု လုပ်လိုက်တိုင်း ဘယ်တော့မှ မမေ့သင့်တဲ့ အယူအဆတခု ရှိတာက “ဘယ်လို လူ့အဖွဲ့အစည်းမျိုးကို လိုချင်လို့ ငါတို့က တော်လှန်နေတာလဲ” ဆိုတဲ့ဟာပေါ့။ အဲဒါက အရမ်း အရေးကြီးတယ်။ တော်တော့ တော်လှန်နေတယ်။ ကိုယ်က ဘယ်လို လူ့အဖွဲ့အစည်းမျိုးကို လိုချင်မှန်း မသိတဲ့အခါကျတော့ ဒီဖက်ဆစ်စရိုက်၊ ဖက်ဆစ်စနစ်တွေကို ဆန့်ကျင်ရင်းနဲ့ ကိုယ်ကိုယ်တိုင်လည်း ဖက်ဆစ် ပြန်ဖြစ်သွားတာမျိုးတွေလည်း တွေ့ရတာတွေ ရှိတယ်။ ဥပမာ- ဘီလူးကို တိုက်ရင်း ကိုယ်ကိုယ်တိုင် ဘီလူး ပြန်ဖြစ်သွားတာပေါ့။
အမှန်မှန်တော့ ကျနော်တို့က ဖက်ဆစ်ရဲ့ စနစ်ကို တိုက်တာ၊ ဖက်ဆစ်ရဲ့ Ideology ကို တိုက်တာ။ အဲဒီအခါကျ တော့ ကျနော်တို့ ဒီတော်လှန်ရေး ပြီးသွားရင် ဖြစ်ပေါ်လာမယ့် လူ့အဖွဲ့အစည်း အသစ်က ဘယ်လို လူ့အဖွဲ့အစည်း မျိုးကို လိုချင်တာလဲ။ လက်ရှိ ဒီဖက်ဆစ်စနစ်ကြီးတော့ မရှိတော့ပါဘူး။ ဒီဖက်ဆစ် စစ်ကောင်စီ မရှိတော့ဘူး ထားပါတော့။ နောက်တက်လာမယ့် လူတွေကကော ဒီဖက်ဆစ် စရိုက်တွေနဲ့ပဲ ထပ်ဖြစ်နေမယ်ဆိုရင် ကျနော်တို့ က ဘာမှ မထူးဘူး။ အဝတ်အစားတွေပဲ ချိန်းသွားမှာ။ အဲဒါကြောင့် ကျနော်တို့ လိုချင်တဲ့ လူ့အဖွဲ့အစည်းက ခွဲခြား မှုတွေ ကင်းစင်သော၊ ဘာသာရေး ခွဲခြားမှု၊ အသားအရောင် ခွဲခြားမှု၊ လူမျိုးရေး ခွဲခြားမှု၊ လိင်ခွဲခြားမှု၊ အဲဒါတွေ ကင်းစင်ပြီးတော့ မေတ္တာတရား အခြေခံပြီး၊ တယောက်ကို တယောက် အပြန်အလှန် လေးစားယုံကြည်ပြီး တန်ဖိုး ထားတဲ့ လူ့အဖွဲ့အစည်းမျိုးကို ကျနော်တို့ လိုချင်တာ ဖြစ်တယ်။
You may also like these stories:
တရားခွင်အတွင်း သတိလစ် မေ့မြောသွားခဲ့တဲ့ ရဲတိုက်
စစ်အာဏာရှင်ကို သီချင်းတွေနဲ့ တိုက်မယ့် Rap Against Junta