တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်ခဲ့သည့် အသံတိတ်သပိတ် (Silent Strike) လုပ်ခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်က
ရန်ကုန်မြို့ ၊ လသာမြို့နယ်၌ ဓာတ်ပုံရိုက်ကူးနေစဉ် ဖမ်းဆီးခံရသည့် အလွတ်တန်း သတင်းထောက် ကိုစိုးနိုင်မှာ စစ်ကြောရေးတွင် သေဆုံးသွားခဲ့ရသည်။
ဖမ်းဆီးခံရသည့် ကိုစိုးနိုင်မှာ စစ်ကြောရေးသို့ ရောက်ပြီး ၄ ရက်အကြာ သေဆုံးခဲ့သော်လည်း ၎င်းနှင့်အတူ ဖမ်းဆီးခံ ရသည့် တခြားသော ဓာတ်ပုံဆရာ၏ အခြေအနေကိုမူ လက်ရှိအချိန်ထိ သတင်း မရရှိသေးပေ။
စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရကာ စစ်ကြောရေးတွင် သေဆုံးခဲ့ရသူ ဦးရေမှာ ကိုစိုးနိုင်အပါအဝင် အယောက်၂၀၀ ရှိလာပြီဖြစ်သည်။
ကိုစိုးနိုင် ကဲ့သို့ သတင်းသမားများ စစ်ကြောရေးတွင် သေဆုံးရသည့် အခြေအနေများနှင့် ပတ်သက်၍ သတင်းမီဒီယာ ကဏ္ဍတွင် လုပ်ကိုင်နေသူများ၏ သဘောထားအမြင်များကို ဧရာဝတီက မေးမြန်းထားပါသည်။
ဒေါ်တင်ထားဆွေ
ဘီဘီစီ မြန်မာပိုင်း ဌာနမှူးဟောင်း
ကိုယ်ပိုင်လွတ်လပ်ခွင့် ဆုံးရှုံးနေတာကိုလည်း ဖော်ပြတယ်။ ကင်မရာကိုင်ပြီး ဓာတ်ပုံရိုက်တာနဲ့ပဲ ဖမ်းရသလား မေးရ သလား ဘာအပြစ်ရှိလို့လဲ။ ဒီမှာဆန္ဒပြတဲ့ပွဲကို သွားရိုက်တာလည်း မဟုတ်ဘူး။ လူတွေ မထွက်လို့ ရန်ကုန်မြို့ အခြေ အနေကို ရိုက်တာ။ ဒါဟာ ကိုယ့်အတွက်ကိုယ် ရိုက်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ကိုယ်သိမ်းထားချင်လို့ စုထား ချင်လို့ ရိုက်တာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ်ရင်လည်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တင်ချင်လို့လည်း ဖြစ်နိုင်တယ်။ ဒီလောက် အခွင့်အရေးလေးတောင်မှ မပေးနိုင်ဘူး ဆိုကတည်းက လူတွေရဲ့စိတ်ထဲမှာ သူတို့ကို ဒီလိုမျိုး ချုပ်ခြယ်လေ ဖိနှိပ်လေ လူတွေက ပိုပြီးတော့ ပုန်ကန် ထကြွမှာပဲ။ အဲဒီ Message ကိုတော့ စစ်ကောင်စီက ရသလား မရသလား တော့ မသိဘူး။ ဒီဖြစ်ရပ်ဟာ လူတွေရဲ့ နာကြည်းစိတ်ကို ပိုပြီးတော့ ကြီးထွားလာစေမယ်လို့ ယုံကြည်တယ်။
ဦးစိန်ဝင်း
မဇ္ဇိုမသတင်းဌာန၊ အုပ်ချုပ်မှု အယ်ဒီတာ
ကျနော့်အမြင်တော့ စစ်ရာဇဝတ်မှုကို ကျူးလွန်တာပဲ ဖြစ်တယ်။ တကယ်တော့ ကျနော်တို့ ဒီလိုမျိုးကာလ တွေမှာ Citizen Journalist (CJ) တွေရဲ့ အခန်းကဏ္ဍဟာ အင်မတန်မှ အရေးပါတယ်။ သူတို့တွေကို လူမသိကြဘူး။ သူတို့ တွေကို ပူလစ်ဇာဆု ပေးဖို့အတွက် ဘယ်သူမှ သတိထားမိတာ မရှိဘူး။ ဒီလို လူတွေက ရဲရဲဝင့်ဝင့်နဲ့ သူတို့ လုပ်ချင်တဲ့ အဖြစ်အပျက်တွေကို တင်ပြတာ။ မြေပြင်မှာ ဘာဖြစ်နေလဲ ဆိုတာတွေကို တင်ပြတာ။ တကယ့်သတင်းသမား သူရဲ ကောင်း အစစ်တွေ ဖြစ်တယ်။ အဲဒီလို လူမျိုး တွေကို ဆုံးရှုံးရတာ အင်မတန် နှမျောစရာ ကောင်းတယ်။
လူမဆန်တဲ့ လုပ်ရပ်တွေကို စစ်ကောင်စီက ကျူးလွန်နေတာ ထမင်းစား ရေသောက်လိုမျိုးပဲ။ နောက်ဆုံး တနေ့မှာ အပြစ်ပေး အရေးယူနိုင်အောင် လုပ်မှသာ ကွယ်ပျောက်သွားမှာ ဖြစ်တယ်လို့ မြင် တယ်။
ကိုနေသန်မောင်
ကမာရွတ်မီဒီယာ တည်ထောင်သူ
ဖေဖော်ဝါရီလ ၁ ရက်ကတည်း သူ့ကို ဆန့်ကျင်တဲ့ မည်သူကိုမဆို ရန်သူလို့ သတ်မှတ်တဲ့ထဲမှာ သတင်း သမားတွေက ထိပ်ဆုံးက ပါလာတာ။ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို အုံနဲ့ကျင်းနဲ့ သန်း ပေါင်းများစွာ ဆန့်ကျင်မှုကို သတင်းထောက် တွေ၊ ဓာတ်ပုံသမားတွေက ရှုထောင့်မျိုးစုံက တင်ပြလေလေ ဒီကိစ္စကို အငြှိုးတကြီး ပစ်မှတ်ထားလေပဲ။
သတင်းသမားတွေ ဓာတ်ပုံသမားတွေကို လက်ရဲဇက်ရဲ သတ်ဖြတ်တာ ဖမ်းဆီးတာက ဘာကိုပြနေလဲဆို ရင် လူမဆန်တဲ့ ဖက်ဆစ်စစ်တပ်နဲ့ ဆွေးနွေးညှိနှိုင်းတဲ့ ကိစ္စသည် ဘယ်လိုမှ ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းမှာ မဖြစ် နိုင်ဘူး ဆိုတဲ့ အချက်ကို ရှင်းရှင်းလင်းလင်းပြတာကိုပဲ။ လူမဆန်တဲ့ စစ်ရာဇဝတ်မှုတွေ ဆက်လုပ်နေဦးမှာပဲ။
ကိုဂျေပိုင် (Myanmar Pressphoto Agency တည်ထောင်သူ)
ပထမ ကျနော်တို့ သတင်းထောက် ၂ယောက်ကို ကားနဲ့တိုက်ပြီး ဖမ်းဆီးတာ ဆေးရုံရောက်တယ်။ သေလုမျောပါး ဖြစ်တယ်။ အမျိုးသားသတင်းထောက်ကို ဆေးရုံကနေခေါ်ပြီးတော့ စစ်ကြောရေးလုပ်တယ်။ မမှူးရတနာကတော့ အခုအချိန်ထိ ဆေးကုသမှုခံယူနေဆဲပါ။
အခုက ကိုစိုးနိုင်ပေါ့၊ သူသေဆုံးတာဟာ ကျနော်တို့ မီဒီယာလောက ဒီကာလမှာ ပထမဆုံးတိမ်းပါးခြင်းပေါ့။ သတင်း ထောက်တွေက မြေပြင်မှာ သတင်းယူဖို့ကို တော်တော်လေးကို စဉ်းစားသွားတယ်။ သတင်းထောက်တွေကို ဖမ်းဆီး ထောင်ချရုံတင်မကဘူး။ သတ်ဖြတ်ဖို့ရည်ရွယ်တာဟာ အရမ်းဆိုးရွားတဲ့လုပ်ရပ်ဖြစ်တယ်။ လက်ခံနိုင်စရာ အကြောင်း မရှိဘူး။ သတင်းလုပ်ငန်းကို မလုပ်နိုင်အောင် ပိုပြီးကြောက်သွားအောင် ခြိမ်းခြောက်တဲ့ အကြီးမားဆုံးခြိမ်းခြောက်မှု လို့မြင်တယ်။ သတင်းထောက်တွေကို ဖမ်းဆီးတာတွေ ကားနဲ့တိုက်တာတွေ သေသွားတာတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကောင်းကျိုးတွေ အကုန်လုံးကိုတာဝန်ခံရမှာက စစ်ကောင်စီပဲ။
You may also like these stories:
ထောင်တွင်း အသံတိတ်သပိတ် ပါဝင်၍ ရိုက်နှက်၊ တိုက်ပိတ်ခံရသူများ၏ အခြေအနေ စိုးရိမ်ရ
သတင်းသမားများ ဖမ်းဆီးထောင်ချဆုံးတွင် စစ်ကောင်စီပါဝင်
တိတ်ဆိတ်ခြောက်ခြားသွားစေတဲ့ ပြည်သူ့ အသံတိတ်သပိတ်
အသံတိတ်သပိတ်လှုပ်ရှားမှုနေ့က ပိတ်ခဲ့သည့် ဆိုင်များကို အကျပ်ကိုင်နှိပ်ကွပ်နေ