ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ လှုပ်ရှားရာနယ်မြေဖြစ်သည့် ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက အာဏာသိမ်းမှုဆန့်ကျင်သည့် လွှတ်တော်အမတ်နှင့် CDM (လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု) လုပ်ဆောင်သူများကို ဖမ်းဆီးပြီးနောက် KNU ၏ တပ်ဖွဲ့ဝင်များ နှင့် စစ်ကောင်စီတပ်များအကြား အပြင်းအထန်တိုက်ပွဲ ဖြစ်ပွားလာသည်။
လေးကေကော်မှစသည့် တိုက်ပွဲသည် ပိုမိုကျယ်ပြန့်လာပြီး ယင်းတိုက်ပွဲများကြောင့် မြန်မာနိုင်ငံဘက်အခြမ်းတွင် နေရပ်စွန့်ခွာထွက်ပြေးရသူ ၃ ထောင်ကျော်ရှိသလို သောင်ရင်းမြစ်တဖက်ကမ်းရှိ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသူ ၅၀၀၀ ခန့်ရှိလာသည်။
စစ်ဘေးရှောင်များ ထောင်ချီရှိလာသည့်နောက် ဒီဇင်ဘာလ ၂၀ ရက်တွင် KNU ဗဟိုက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး လေးကေကော်ဒေသကို လေယာဉ်ပျံမပျံသန်းရဇုန် သတ်မှတ်ပေးရန် ကုလသမဂ္ဂသို့ တောင်းဆိုလာသည်။
စစ်ကောင်စီတပ်များနှင့် KNU လက်အောက်ခံတပ်များအကြား ဖြစ်ပွားသော တိုက်ပွဲအခြေအနေအပါအဝင် စစ်ဘေးရှောင်များ၏ အခက်အခဲနှင့် လက်ရှိ ပဋိပက္ခများအကြား KNU ၏ ရပ်တည်ချက်တို့ကို ပိုမိုသိရှိနိုင်ရန် KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ ဒီဇင်ဘာ (၁၅) ရက်က လေးကေကော်မြို့ထဲကို စစ်ကောင်စီဘက်က စစ်ကြောင်းချီ ဝင်လာပြီး အာဏာသိမ်းမှုဆန့်ကျင်တဲ့ နိုင်ငံရေးသမား၊ CDM (လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု) လုပ်ဆောင်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းတယ်။ အဲဒီနောက်ပိုင်းမှာ ကရင်အမျိုးသားအစည်းအရုံး KNU ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး အခုထိလည်း စစ်ရေးတင်းမာနေတယ်လို့ကြားပါတယ်။ ဆရာ့အနေနဲ့လည်း လေးကေကော်ကို အဲဒီရက်က ရောက်နေခဲ့တာရှိတော့ အခုလို စစ်ရေးတင်းမာရတဲ့အခြေအနေ ဘယ်လိုဖြစ်သလဲ ပြောပြပေးပါ။
ဖြေ ။ ။ လေးကေကော်ပဋိပက္ခတိုက်ပွဲတွေများလာတာက စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပိုပြီးစိပ်လာတဲ့ သဘောဖြစ်နေတယ်။ ပုံမှန်အားဖြင့်တော့ NCA (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ်) လက်မှတ်ထိုးပြီးနောက်ပိုင်းမှာ တိုက်ပွဲတွေကတော့ ကြိုကြား၊ ကြိုကြား ဖြစ်ကြတာပဲ။ ဖြစ်ရတာက NCA မှာပါတဲ့ အပစ်ရပ် နယ်မြေ သတ်မှတ်ရမယ့် ကိစ္စက မဆွေးနွေးနိုင်ဘူး။ မသတ်မှတ် နိုင်ဘူး။ ဒုတိယအချက်ကတော့ တပ်နေရာပြန်လည်ချထားရေး ဒါက ၂ ဖက်သဘောတူညီမှုမရရှိတဲ့ အပေါ်မှာ တခါတလေကျတော့ ဒီလို စိုးရိမ်မှုတို့ ၊ သံသယရှိမှုတို့ နဲ့ တိုက်ပွဲတွေ ကြိုကြား ကြိုကြားဖြစ်တယ်။ အထူးသဖြင့် တပ်မဟာ ၅ တို့ ၊ တပ်မဟာ ၃ တို့ ၊ တပ်မဟာ ၁ တို့မှာ ကြိုကြား ဖြစ်တယ်။ တခြားမှာမဖြစ်ဘူး။ အခုနောက်ဆုံးဖြစ်တဲ့ ဖြစ်စဉ်ကတော့ ထူးခြားတဲ့ ဖြစ်စဉ်တခုပေါ့။ လေးကေ့ကော်မှာ ဖြစ်တဲ့ ဖြစ်စဉ်ကတော့ ထူးခြားတယ်။ ကျနော်သွားတယ်ဆိုတာက သွားညှိတာမဟုတ်ဘူး။ ကိုယ့်ခရီးစဉ်နဲ့ ကိုယ်သွားတာ။ အဲဒီဒေသမှာရှိတဲ့ စခန်းတာဝန်ခံတွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ၊ ကိုဗစ်စင်တာတွေကို သွားပြီး ကြည့်ရှုတဲ့ သဘောဖြစ်တယ်။ ဒါပေမယ့် ခရီးကြုံလို့ ပြန်ထွက်လာပြီးနောက်တနေ့မှာတော့ စစ်ကြောင်းချီပြီး CDM လုပ်တဲ့ ပုဂ္ဂိုလ်တွေ ကျနော်တို့ဆီမှာ လာခိုလှုံတဲ့ ပုဂ္ဂိုလ်တွေကို အကြမ်းဖက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပါတယ်။
အထူးသဖြင့် သူတို့အကြောင်းပြတာက အဲဒီမှာ သူတို့ကို ဆန့်ကျင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိတယ်ဆို တဲ့အချက် ဖြစ်တယ်။ အမှန်က အဲဒီမြို့တွင်းမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ အဲဒါကို ဆန့်ကျင်တဲ့ အနေနဲ့ အနုနည်းနဲ့ ဆန္ဒပြကြတယ်။ ကန့်ကွက်ကြတယ်။ စစ်တပ်က အင်အားသုံးဖြေရှင်းတဲ့ အပေါ်မှာ တချို့ကတော့ စိုးရိမ်ပြီး ကျနော်တို့ဆီမှာ လာခိုလှုံတယ်။ လာရောက်ခိုလှုံတယ်ဆိုတော့လည်း ကျနော်တို့က ဘေးဒုက္ခရောက်နေတဲ့ လူတွေကို လက်ခံရမှာပဲ လို့ သဘောထားရှိထားပြီးဖြစ်တယ်။ ဒါကြောင့်လက်ခံခဲ့တယ်။ သို့သော်လည်းပဲ အဲဒီ လေးကေကော်က KNU ရဲ့ ကွပ်ကဲမှု အုပ်ချုပ်မှုအောက်မှာ ရှိနေပေမယ့်လည်း အစိုးရရဲ့ စီမံမှုက တပိုင်း တစရှိတယ်။ ပြောရရင် ၂ ဖက်က ကြီးကြပ်တဲ့ သဘောဖြစ်တယ်။
လုံးဝ လွတ်မြောက်ဒေသတော့ မဟုတ်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးစံပြမြို့အနေနဲ့ ၂ ဖက်သဘောတူ တည်ဆောက်ထားတဲ့ မြို့သစ်ဖြစ်တာကိုး။ အဲဒီအခါမှာ လာရောက်ခိုလှုံတဲ့ သူတွေကလည်း ဆက်သွယ်ရေးက ကောင်းတယ်။ လမ်းပန်း ခရီးသွားလာရေးကလည်း ကောင်းတဲ့အတွက်ကြောင့် အများအားဖြင့် ရောက်လာကြတာပေါ့။ ရောက်လာကြသူတွေကလည်း အစုအဖွဲ့အသီးသီးဆိုတော့ ကျနော်တို့လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေအကုန်က မသိရတော့ဘူးပေါ့။ တဖက်မှာလည်း သူတို့ရဲ့ဆောင်ရွက်မှုတွေကို တပ်မတော်ရဲ့ ထောက်လှမ်းရေးကလည်း သိတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ လာတဲ့အပေါ်မှာ ပထမပိုင်းမှာတော့ စခန်းတာဝန်ရှိသူတွေနဲ့ မြို့တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီးတော့ ၅ ကြိမ်၊ ၆ ကြိမ်လောက်ဝင်လာခဲ့တယ်။ ဝင်လာရှာတယ်။ ဖမ်းဆီးမှုတော့ မရှိဘူး။
ဒီတခေါက်ဝင်လာတာက စစ်ကြောင်းချီတဲ့ ပုံစံနဲ့ ဝင်လာတာဖြစ်တယ်။ အလုံးအရင်းနဲ့ လေးဘက်လေးတန် ဝင်လာတဲ့အပေါ်မှာ တွေ့တဲ့လူတွေကို ဖမ်းတယ်။ စစ်တယ်။ မေးတယ်။ နောက်ပြီး အိမ်တွေဘာတွေ ပိတ်ထားလို့ရှိရင်လည်း ရိုက်ချိုးပြီးဖျက်တယ်လို့ သတင်းရတယ်။ ဒါတင်မကဘူး စခန်းအတွင်းတင်မကဘဲ စခန်းအပြင်ဘက်ပါ ထွက်ပြီး လိုက်ရှာတဲ့ အပေါ်မှာ ကျနော်တို့ကလည်း ကိုယ့်ဒေသကို ကျော်လာတဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကို ခုခံကာကွယ်တဲ့ အနေနဲ့ တိုက်ပွဲက စတယ်လို့ ပြောလို့ရပါတယ်။ သူတို့ဆောင်ရွက်တာက ကျနော်တို့ ဒေသမှာ တပ်မတော်က မလုပ်ရတဲ့အလုပ်တွေပေါ့။ ပြည်သူလူထုရဲ့ အိမ်တွေကို ဝင်ရင် လုပ်ချင်သလိုလုပ်၊ ဖျက်ချင်သလို ဖျက်လုပ်တာတွေက ကျနော်တို့ဆီမှာ မရှိတော့ ကျနော်တို့ လက်ခံနိုင်တဲ့ ဆောင်ရွက်မှု မဟုတ်ဘူးပေါ့။ အဲဒီလိုဖြစ်ပါတယ်။
မေး ။ ။ လက်ရှိမှာ စစ်ကောင်စီနဲ့ KNU ကြားမှာ ဘယ်လောက်အထိ စစ်ရေးတင်းမာနေတာရှိပါသလဲ။ မြေပြင်မှာ ဘယ်လိုအခြေအနေ ရှိပါသလဲ။
ဖြေ ။ ။ စစ်ရေးတင်းမာနေသလားဆိုတော့ ကျနော်ခုနက ပြောသလိုပေါ့။ NCA လက်မှတ်ထိုးပြီးနောက်မှာ နိုင်ငံရေးဆွေးနွေးပွဲလည်း အတိုင်းအတာတခုအထိဆောင်ရွက်နိုင်ခဲ့တယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေကလည်း အရှိန်လျော့သွားတယ်။ ကြိုကြား ၊ ကြိုကြားတိုက်ပွဲရှိပေမယ့် ကြီးမားတဲ့ တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ သို့သော်လည်း စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမှာ သံသယစိတ်တို့ စိုးရိမ်စိတ်တို့နဲ့ ယုံကြည်မှုကလည်း လျော့နည်းသွားတဲ့ အတွက်ကြောင့် တဖက်မှာလည်း ကိုယ့်ဘက်က ပြင်ဆင်လာတဲ့ အပိုင်းလည်းပါပါတယ်။ အခုဖြစ်တဲ့ တိုက်ပွဲကလည်း တကယ့်ကို ကြီးမားတဲ့ တိုက်ပွဲမဟုတ်ဘူးလို့ ပြောလို့ရတာပေါ့။ ကျနော်တို့ လွန်ခဲ့တဲ့ စစ်ဆင်ရေးတွေတုန်းကဆိုရင် တပ်မလိုက် ချီလာတာတွေ ရှိတာပေါ့။ အခုကတော့ အဲဒီလို အနေအထားမျိုးတော့ မရှိဘူး။ ဒီဒေသမှာလည်း တိုက်ပွဲက မဖြစ်တာကြာပြီဆိုတော့ ၊ ဒီလေးကေကော်မြို့သစ်ကလည်း တကယ်ငြိမ်းချမ်းတဲ့ နေရာ ဆိုတော့ ငြိမ်းချမ်းရေး စံပြအနေနဲ့ တည်ဆောက်တဲ့ မြို့ဆိုတော့ စိုးရိမ်ထိတ်လန့်သွားတာပေါ့။ တိုက်ပွဲဖြစ်ပေမယ့် အလုံးစုံတိုက်ပွဲ ဆောင်ရွက်တဲ့ သဘောတော့ မဟုတ်ပါဘူး။ အခုကတော့ ခုခံကာကွယ်စစ်ပေါ့။ အလုံးစုံ စစ်ပွဲရယ်လို့တော့ အခုက မရှိသေးပါဘူးလို့ပဲ ကျနော်တို့ မြင်တယ်။
မေး ။ ။ KNU လက်အောက်ခံ တပ်မဟာ ၇ ခုစလုံးကို ပစ်မိန့်ပေးထားတယ်ဆိုတဲ့အပေါ် ရှင်းပြပေးပါဦး။
ဖြေ ။ ။ တကယ်တော့ အဲဒီသတင်းက ညွှန်ကြားချက် အသစ်တော့ မဟုတ်ဘူး။ ညွှန်ကြားချက်အဟောင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပြီးတဲ့နောက်မှာ တပ်နယ်မြေသတ်မှတ်တာတို့၊ တပ်နေရာချထားရေးဆောင်ရွက်တာတို့ ခရီးသွားလာရေးတွေ ညှိနှိုင်း သဘောတူညီမှု မရရှိသေးတဲ့ အပေါ်မှာ သူ့ရဲ့ လှုပ်ရှားမှုက ဂွင်ကျော်လာပြီဆိုရင် ကျနော်တို့ရဲ့ စိုးရိမ်မှုက ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရမယ်ဆိုတဲ့ ဟာက ရှိထားပြီးသားဖြစ်တယ်။
ဒါက အခုမှ ညွှန်ကြားတာမဟုတ်ဘူး။ လွန်ခဲ့တဲ့ အပစ်ရပ်ထားပြီးနောက်ပိုင်းမှာ ကျနော်တို့ ဆောင်ရွက်ထားတဲ့ သဘောဖြစ်တယ်။ ဒါကြောင့်မို့ တိုက်ပွဲတွေ ကြိုကြားကြိုကြားဖြစ်တာက အဲဒီကိစ္စတွေကြောင့်ပဲ။ တချို့တိုက်ပွဲတွေက ဦးတည်ချက်ရှိရှိနဲ့ တဖက်ကို သွားတိုက်တာမဟုတ်ဘူး။ တဖက်က ကျော်လာရင် စိုးရိမ်မှုရှိတဲ့အတွက် Warning ပေးတဲ့သဘော။ သတိပေးတဲ့ သဘော။ ကန့်ကွက်တဲ့ သဘောနဲ့ တိုက်ပွဲဖြစ်လာတာတွေ။ အထူးသဖြင့် တပ်မဟာ (၅) ဘက်မှာ ဖြစ်တာပေါ့။ ကိုယ့်ဘက်က အဲဒီလိုဆောင်ရွက်တော့ တပ်ဘက်က လက်နက်ကြီးနဲ့ လှမ်းပြီး ပစ်တဲ့အခါမှာ လူထုကြားထဲကျတာတို့ ရွာတွေပေါ်ကျတာတို့ အဲဒီလို အပြန်အလှန်ဖြစ်တဲ့ တိုက်ပွဲတွေတော့ ရှိတယ်။
မေး ။ ။ လေးကေ့ကော်မြို့သစ်မှာ တိုက်ပွဲစဖြစ်တဲ့ အချိန်ကစပြီး လက်ရှိအချိန်အထိ စစ်ကောင်စီတပ်တွေနဲ့ KNU တို့ အကြား ဖြစ်တဲ့တိုက်ပွဲတွေအတွင်းမှာ ၂ ဖက်ထိခိုက်ကျဆုံးမှုကရော ဘယ်လောက်ရှိပါသလဲ။
ဖြေ ။ ။ များများရယ်တော့ မဟုတ်ဘူး။ သတင်းတွေမှာ လွှင့်သလို ဘယ်နှစ်ဆယ်။ ဘယ်လောက်စသဖြင့် အဲဒီလိုလည်း မဟုတ်ဘူး။ ကျဆုံးမှုတော့ မသိဘူး။ ထိခိုက်မှုတော့ရှိမယ်။ ကျနော်တို့ဘက်မှာလည်း အနည်းအပါးတော့ ရှိပါတယ်။ ကျဆုံးမှုကတော့ နည်းပါတယ်။ တပ်မတော်ဘက်ကတော့ ကျဆုံးမှု တော့ရှိမယ်။ အတိအကျတော့ မပြောတတ်ဘူး။ တိုက်ပွဲဖြစ်တာဆိုတော့ ၂ ဖက်ထိခိုက်မှုကတော့ ရှိမှာပါ။ သို့သော်လည်း များများစားစား ထိခိုက်ကျဆုံးမှုရယ်တော့ မရှိဘူးလို့ သုံးသပ်မိပါတယ်။ အခုတိုက်ပွဲတွေကလည်း ကြန့်ကြာတဲ့ တိုက်ပွဲတွေမဟုတ်ပါဘူး။
မေး ။ ။ တိုက်ပွဲကြောင့် လေးကေကော် မြို့သစ်၊ မယ်ထော်သလေးနဲ့ ဖလူးစတဲ့ ရွာတွေက ရွာသူ၊ ရွာသားတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကြားပါတယ်။ ဆိုတော့ စစ်ဘေးရှောင်တွေ ဘယ်လောက်ရှိနေပါသလဲ။ သူတို့လက်ရှိ ဘယ်လိုမျိုးစားသောက်နေထိုင်နေရပါသလဲ ပြောပြပေးပါ။
ဖြေ ။ ။ တိုက်ပွဲဖြစ်တာတော့ စစ်သားချင်းဆိုတော့ တွေ့ကြတာပေါ့။ သို့သော်လည်း တပ်မတော်က လက်နက်ကြီးတွေကို အသုံးချပြီးတော့ လူထုအတွင်း ၊ ရွာတွေအတွင်းကို ပစ်လာရင်တော့ လူထုတွေက စိုးရိမ်တာပေါ့။ အခုဖြစ်တဲ့ နေရာတွေက တချို့တိုက်ပွဲတွေဆို လူထုနေတဲ့ ရွာတွေထဲမှာဖြစ်တာကိုး။ မယ်ထော်သလေးဆိုရင်လည်း ရွာဖြစ်တယ် ၊ လူမျိုးပေါင်းစုံနေတဲ့ ဒေသ၊ ခရီးသွားလာရေးနဲ့ အရောင်းအဝယ်ကလည်း ရှိတဲ့ ဒေသဖြစ်တော့ လူထုကလည်း များတယ်လေ။ တဖက်နိုင်ငံရောက် စစ်ဘေးရှောင်ကတော့ တိုက်ပွဲစကတည်းက ဆို ၄ ထောင်၊ ၅ ထောင်လောက်တော့ ရောက် မယ်ထင်တယ်။ ၅ ထောင်လောက်တော့ မပိုဘူးထင်တယ်။ ဒါက ထိုင်းဘက်ကတော့ လက်ခံပြီး နေရာချထားပေးတယ်။ နောက်တခုကတော့ ဒီဘက်မှာ မြန်မာနိုင်ငံဘက်မှာ ပုန်းနေတာကလည်း ၃ ထောင် ၊ ၄ ထောင်လောက်ရှိမယ်။ ဆိုလိုတာက နေရာပြန့်နေတာကိုး။ ဖလူးတို့ လေးကေ့ကော်ရဲ့ အောက်ဘက် ၊ သောင်ရင်းမြစ်ရဲ့ အထက်ဘက်ပေါ့။ အဲဒီမှာလည်း စစ်ရှောင်နေရတဲ့ သူတွေရှိတယ်။ အကုန်လုံးကို စုပေါင်းလိုက်မယ်ဆိုရင်တော့ ၁ သောင်းပတ်ဝန်းကျင်လောက် ရှိလိမ့်မယ်ထင်တယ်။
အထူးသဖြင့် အခုလို အေးတဲ့ ချမ်းတဲ့ ကာလမှာ သူတို့အတွက် နေရေးထိုင်ရေးအခက်အခဲရှိမယ်။ ထိုင်းဘက်အခြမ်း ကူးသွားတဲ့သူတွေကျတော့ အကူအညီက ရသင့်သလောက်ရတာပေါ့။ ထိုင်းအစိုးရရဲ့ ခွင့်ပြုချက်နဲ့ တာဝန်ရှိတဲ့ ခွင့်ပြုချက်နဲ့ တကယ့်နိုင်ငံတကာအဖွဲ့အစည်းတွေ ဝင်လို့မရပေမယ့် ဒေသခံအဖွဲ့အစည်းတွေက တဆင့် စားရေးသောက်ရေး အကူအညီပေးပို့တာရှိပါတယ်။ ဒါပေမယ့် ဒီဘက်ကိုယ့်နယ်ဘက် အခြမ်းမှာတော့ နယ်ခြားကို ကူးပြီး အကူအညီပေးနိုင်ရေးက ကြိုးပမ်းဆောင်ရွက်နေတုန်းပဲ ရှိတယ်။ လူတွေပျံ့ကြဲနေတဲ့ အပေါ်မှာ ကျနော်တို့ အဖွဲ့အစည်းက လိုက်ပြီး စာရင်းတွေစုစည်းဖို့လုပ်နေတယ်။ ဘာတွေလိုအပ်နေသလဲဆိုတာ ကျနော်တို့ ဆောင်ရွက်နေတုန်း ဖြစ်တယ်။ ဒါကိုလည်း တာဝန်ရှိတဲ့ ခေါင်းဆောာင်တွေက ဆောင်ရွက်နေပါတယ်။
မေး ။ ။ လက်ရှိမှာရော ထိုင်းနဲ့ မြန်မာနိုင်ငံဘက်အခြမ်းက စစ်ဘေးရှောင်တွေကို ဘယ်လို အကူအညီ ပေးနေတာတွေ ရှိပါသလဲ။
ဖြေ ။ ။ ဒါကတော့ ၂ ပိုင်းရှိမယ်ထင်ပါတယ်။ တချို့အဖွဲ့အစည်းတွေကျတော့ တိုက်ရိုက် ဒေသခံအဖွဲ့အစည်းက ပေးနိုင်တဲ့ အနေအထားရှိတယ်။ ဒါပေမယ့်လည်း ထိုင်းမှာရောက်နေတဲ့ IDP တချို့ ၊ စစ်ဘေးရှောင်တချို့ ဆီတောင် နိုင်ငံတကာအဖွဲ့အစည်းတွေ ရောက်နိုင်တဲ့ အခွင့်အရေးကမရှိသေးဘူးပေါ့။ တဆင့်ခံပဲလုပ်နေရတယ်။ ဆိုတော့ နယ်ခြားကူးလို့ရှိရင် ထိုင်းဘက်က ခွင့်ပြုချက်ရမှ ဖြစ်မှာ ။ ထိုင်းဘက်က ခွင့်ပြုရင်လည်း တပ်မတော်ဘက်က နားလည်လက်ခံမယ့် အနေအထားလိုအပ်မယ်လို့ ထင်တယ်။ အဲဒါက ဘယ်လိုအခြေအနေလည်း ကျနော်မသိဘူး။ ဒါပေမယ့် လုပ်နေကြတာတော့ ဒီ IDP တွေအတွက် နည်းလမ်းရှာပြီး ကူညီနိုင်ဖို့ လုပ်နေတယ်။
တချို့ IDP တွေကျတော့လည်း ထိုင်းဘက်သွားရင် လက်ခံနိုင်တဲ့အနေအထားမရှိဘူး။ လူဦးရေများရင်လည်း သူတို့ (ထိုင်းအစိုးရ) ကလည်း စိုးရိမ်တာပေါ့။ ပြီးတော့လည်းတိုက်ပွဲက ဘယ်လောက်ကြာမယ်မှန်းမသိဘူး။ တချို့တွေကျတော့လည်း ထိုင်းဘက်ကို မကူးချင်ဘူး။ ကိုယ့်ဒေသမှာပဲ ကိုယ်နေချင်တယ်။ ကိုယ့်ရဲ့ ရပ်ရွာ ၊ အိမ်ခြေ၊ ရှိတဲ့ ပစ္စည်း ၊ အိမ်ထောင်တွေကိုလည်း စိုးရိမ်တဲ့အတွက် နီးနီးနားနားနေပြီး အခွင့်အရေးရရင်တော့ ပြန်နေတာမျိုးရှိနိုင်တယ်လေ။ တချို့ကျတော့လည်း စိုးရိမ်လို့ မနေရဲတော့ဘဲ တဖက်ကို ကူးတာတွေရှိပါတယ်။
မေး ။ ။ ဒီဇင်ဘာလ ၂၀ ရက်က KNU ဗဟိုဌာနချုပ်က ထုတ်တဲ့ ကြေညာချက်မှာ စစ်ကောင်စီဘက်က လေးကေကော် ဒေသကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာနိုင်တဲ့အတွက် ကုလသမဂ္ဂက ဦးစီးပြီး လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုန် သတ်မှတ်ပေးဖို့ တောင်းဆိုထားတာတွေ့ပါတယ်။ ဘာကြောင့် အခုလို တောင်းဆိုရတာလဲ ရှင်းပြပေးပါ။
ဖြေ ။ ။ ကျနော်တို့ အတွေ့အကြုံအရ သူက စစ်ရေးအရ မြေပြင်မှာရှိတဲ့ ခြေလျင်တပ်တွေက စွမ်းဆောင်နိုင်မှု မရှိတော့ဘူးဆိုရင် တဖက်ကလည်း စိတ်ဓာတ်မြှင့်တင်တဲ့ အနေနဲ့ပဲ ဖြစ်ဖြစ် တဖက်ကို နှိမ်နင်းဖို့အတွက် နံပါတ် ၁ အချက် သူတို့ လက်နက်ကြီးတွေ သုံးတယ်။ ဒုတိယအချက်က စစ်လေယာဉ်တွေ သုံးတယ်။ ကျနော်တို့အတွေ့အကြုံအရ တပ်မဟာ (၅) ဘက်မှာ သူတို့ စစ်လေယာဉ်တွေသုံးတယ်။ အဆင့်မြင့်တဲ့ စစ်လေယာဉ်တွေဆိုတော့ ကျနော်တို့ ဘယ်လိုမှ ခုခံကာကွယ်နိုင်တဲ့ အနေအထား မရှိဘူး။ အထူးသဖြင့် တပ်မဟာ (၅) ဘက်မှာက လူဦးရေက ပြန့်ကျဲတယ်။ ကျေးရွာတွေကလည်း ပြန့်ကျဲတယ်။ ထိခိုက်မှုက အနည်းအကျည်းတော့ရှိတယ်။ အဆောက်အဦတွေတော့ ထိတာပေါ့။ လေးကေကော်ဘက်မှာကျတော့ မယ်ထော်သလေးတို့ ၊ မဟီကလောတို့ ၊ ထီးမဲ့ဝါးခီးတို့ကျတော့ ဆက်စပ်နေတယ်။ တကယ်လို့ သူက စစ်လေယာဉ်တွေသုံးရင် လူထုထိခိုက်မှုက တကယ်ကိုကြီးမားမယ်။ ဒါကြောင့်မို့ ကျနော်တို့က ဒါကို အသုံးမပြုဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်း ၊ ကုလသမဂ္ဂက ဦးဆောင် ကမကထ လုပ်ပြီး လေယာဉ်ပျံမပျံသန်းရဇုန် (no fly zone) သတ်မှတ်ဖို့ တောင်းဆိုရခြင်းဖြစ်ပါတယ်။ ကျနော်တို့အတွေ့အကြုံအရ ပြည်တွင်းမှာ သူက လုပ်လာခဲ့တော့ ဒါမျိုး မလုပ်ဘူးလို့လည်း ပြောလို့မရနိုင်တဲ့ အတွက် ကြိုတင်ပြီးတောင်းဆိုခြင်းဖြစ်ပါတယ်။
မေး ။ နောက်ထပ်မေးချင်တာက KNU ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်းပါပါတယ်။ စစ်တပ်ကို နိုင်ငံရေးက ဆုတ်ခွာဖို့တောင်းဆိုထားတာပေါ့။ အဲဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီးမေးချင်ပါတယ်။ ဘာကြောင့်အခုလို တောင်းဆိုရတာပါလဲ။
ဖြေ။ ။ ကျနော်တို့ KNU မှာ ကျနော်တို့ရဲ့ နိုင်ငံရေးရပ်တည်ချက်က အမျိုးသားရေးနဲ့ ဒီမိုကရေစီအရေး ။ အမျိုးသားရေးဆိုတဲ့ နေရာမှာကျတော့ တိုင်းရင်းသားအကုန်လုံး တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်သွားမယ်ပေါ့။ ဒီဖက်ဒရယ်ပြည်ထောင်စုဆိုတာက ဒီမိုကရေစီနိုင်ငံဖြစ်ရမယ်။ ဒီမိုကရေစီနိုင်ငံမှာ ဘယ်တပ်မှ ပြည်သူလူထုကရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရရဲ့ အပေါ်မှာ မရှိရဘူး။ အစိုးရရဲ့ အမှုထမ်းပဲ ရှိမယ်ဆိုတဲ့အပေါ်မှာ တပ်မတော်က အခု နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုမရှိဘဲနဲ့ တပ်မတော်အလုပ်ပဲ လုပ်ဖို့ ကျနော်တို့ တောင်းဆိုခြင်းဖြစ်ပါတယ်။ ဆိုလိုတဲ့ သဘောက နှစ်ပေါင်း ၅၀ ၊ ၆၀ တပ်မတော်က အာဏာသိမ်းပြီးတဲ့နောက်မှာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာဟာ အခုတခါ အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ ပြည်သူလူထုရဲ့ ယုံကြည်မှု ၊ ပြည်သူလူထုရဲ့ အားကိုးမှုဟာ လုံးဝ ပျက်သုဉ်းပြီးတော့ စိတ်နာသွားတဲ့အပေါ်မှာ သူ့ရဲ့ သိက္ခာနဲ့ တပ်မတော်ရဲ့ အနာဂတ်အတွက်၊ တိုင်းပြည်အနာဂတ်အတွက် ရည်ရွယ်ပြီး လုပ်မယ်ဆိုရင် တပ်မတော်က နိုင်ငံရေးကနေ ထွက်ခွာဖို့ပဲ လိုအပ်တယ်။ ကျနော်တို့နိုင်ငံကိုလည်း ဖက်ဒရယ်နိုင်ငံတည်ဆောက်မှသာ ကျနော်တို့နိုင်ငံ အေးချမ်းမှာဖြစ်တယ်။
မေး ။ ။ စစ်ကောင်စီဘက်ကတော့ KNU ဟာ NUG လက်အောက်ခံ PDF တွေကို စစ်သင်တန်းပေးနေတယ်လို့ နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာကနေ ပြောနေတာ ရှိပါတယ်။ မေးချင်တာက KNU နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကြားမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေရှိနေပါသလဲ။
ဖြေ ။ ။ နံပါတ် (၁) အချက် ခုနကပြောတဲ့ NUG ပေါ့နော်။ NUG ကလည်း တပ်မတော်ရဲ့ အာဏာသိမ်းမှု ရှိလာပြီးနောက်မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းလာတဲ့ အစိုးရဖြစ်တယ်။ ဒါက သူ့ရဲ့ နိုင်ငံရေးမှာ လုပ်ရတဲ့ အပိုင်းဆိုတော့ ကျနော်တို့ ဘာမှပြောစရာမရှိပါဘူး။ သူတို့ သင့်တော်သလို လုပ်ဆောင်သွားမှာ ဖြစ်တယ်။ ကျနော်တို့ KNU ရဲ့ သဘောထားက KNU ရဲ့ လမ်းစဉ် လုပ်ငန်းလမ်းစဉ်ထဲမှာ ကျနော်တို့ရဲ့ အဓိက အခြေခံ ရန်သူဖြစ်တဲ့ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဘယ်အဖွဲ့အစည်းနဲ့ မဆို ၊ ဘယ်လူမျိုးနဲ့ မဆို ကျနော်တို့က ပူးတွဲ ဆောင်ရွက်သွားမှာပဲ။ ပူးပေါင်းတဲ့ နေရာမှာလည်း တထပ်တည်းတော့ မဟုတ်ဘူးပေါ့။ ဆိုလိုတဲ့ သဘောကတော့ တူတဲ့ဟာတွေကိုပဲ မိတ်ဖက်အနေနဲ့ ရည်မှန်းချက်တခုအတွက် တူတဲ့ဟာတွေ အတူပူးပေါင်းဆောင်ရွက်မယ်။ မတူတဲ့ဟာတွေ သီးခြား ကိုယ့်ဟာကိုယ် ဆောင်ရွက်မယ်ဆိုတဲ့ ဟာဖြစ်ပါတယ်။
နောက်ပြီး PDF နဲ့ ပတ်သက်တာကျတော့ ကျနော်တို့ ကိုယ်တိုင်ကိုက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အတွက် လက်နက်ကိုင်ပြီးတော့မှ တော်လှန်ရေးလမ်းစဉ်၊ စစ်ရေး လမ်းစဉ်နဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ရတာကိုး။ လုပ်ချင်လို့ လုပ်နေတာမဟုတ်ဘူး။ အဲဒီလိုပဲ ပြည်သူလူထုတွေကလည်း သူတို့ရဲ့ နိုင်ငံရေးရပ်တည်ချက် ၊ နိုင်ငံရေး ရည်မှန်းချက်ကို ငြိမ်းချမ်းစွာ ဆန္ဒပြပြီးတောင်းဆိုတာကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်လုပ်လာတယ်။ အကြမ်းဖက်ပြီးနှိမ်နင်းလာတယ်ဆိုတော့ သူတို့မှာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိတဲ့ အပေါ်မှာ ဒါက လုပ်ရမယ့် အလုပ်ဖြစ်တယ်။ သူတို့ကိုယ်ကို ခုခံကာကွယ်ဖို့အတွက် လိုအပ်တဲ့ နည်းနာတွေကို ကျနော်တို့ ပေးရတယ်။ သူတို့ လုပ်တာ မလုပ်တာကတော့ သူတို့တာဝန်ဖြစ်တယ်။ ကျနော်တို့က အဲဒီလို သဘောထားနဲ့ ဆောင်ရွက်ခြင်းဖြစ်တယ်။ ကျနော်တို့က သူတို့ကို မြှောက်ထိုးပင့်ကော် လုပ်နေတာမဟုတ်ဘူး။ ဒါက သူတို့အတွက် လိုအပ်တဲ့ နည်းပညာတွေပေါ့။ နည်းပညာဆိုတာက ကိုယ့်ကိုယ်ကို ခုခံကာကွယ်တဲ့ နည်းပညာအဆင့်ပဲ။ သူတို့ လုပ်တာမလုပ်တာကတော့ သူတို့တာဝန်ဖြစ်ပြီး ကျနော်တို့က ခိုင်းနေတာလည်း မဟုတ်ဘူး။ ကျနော်တို့အဖွဲ့အစည်း ရင်ဆိုင်ရတဲ့ အခက်အခဲနဲ့ ဆောင်ရွက်မှုအပေါ် ကိုယ်ချင်းစာပြီး ဆောင်ရွက်တဲ့ အပိုင်းတော့ ရှိပါတယ်။
မေး ။ ။ KNU က NCA စာချုပ်ကို လက်မှတ်ထိုးထားပြီး NCA ရဲ့ သဘောတူညီချက်အတိုင်း တလျှောက်လုံး ကိုင်စွဲလာတယ်လို့ နားလည်မိပါတယ်။ အခုရော NCA လမ်းကြောင်းကို ဆက်ပြီး ကိုင်စွဲထားတုန်းပဲလား။ ဒါမှမဟုတ် လက်ရှိ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပြီး စစ်ရေးတင်းမာ လာတဲ့နောက် NCA စာချုပ်ဟာ ပျက်သွားပြီလို့ ဆိုနိုင်မလား။
ဖြေ ။ ။ NCA က မပျက်ဘူးလို့ ပြောလို့ရတာပေါ့။ သို့သော်လည်းပဲ အသက်ဝင်သလားဆိုတော့ အကောင် အထည်မဖော် နိုင်တဲ့ အနေအထားဖြစ်တယ်။ NCA ဟာ သဘောတူစာချုပ်ဖြစ်တယ်။ ၂ ဖက်စလုံးဖျက်မှ ၊ တဖက်တည်း၊ တဖွဲ့တည်းက ဖျက်လိုက်လို့မရဘူး။ လက်မှတ်ရေးထိုးထားတဲ့ ဘက် ၂ ဖက်စလုံး၊ အခုတပ်မတော်က လက်မှတ်ရေးထိုးထားတဲ့ဘက်မှာပဲ အဖွဲ့တဖွဲ့တည်းဖြစ်တယ်။ လက်မှတ်ထိုးတဲ့အခါမှာ အစိုးရပါတယ်။ တပ်မတော်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ကလည်း တဖွဲ့ချင်း လက်မှတ်ရေးထိုးကြတယ်။ ဒီစာချုပ်ကို ၂ ဖက်စလုံးက ဖျက်တာမရှိဘူး။ ဒါကြောင့် ပျက်တာတော့ မပျက်ဘူး။ ဒါပေမယ့် အကောင်အထည်ဖော်လို့ မရဘူး။ ဆိုလိုတဲ့ သဘောက ကျနော်တို့ နောက်ဆုံး ငြိမ်းချမ်းရေး ညီလာခံ ၂၀၂၀ အလွန်မှာ နိုင်ငံရေးဆွေးနွေးပွဲကို အဆင့် ၃ ဆင့်နဲ့ လုပ်ငန်းစဉ် ၃ ရပ်နဲ့ အကောင်အထည်ဖော်မယ်လို့ သဘောတူညီချက်ရတယ်။
နောက်တခု အပစ်အခတ်ရပ်စဲမှု ခိုင်မာစေရေးအတွက် တပ်မတော်နဲ့ သဘောတူညီချက်ရတယ်။ ဒါဆိုရင်တော့ ကျနော်တို့က မျှော်လင့်ချက် တော်တော်ကြီး မြင့်မားလာတယ်။ ၂၀၂၀ အလွန်တက်လာမယ့် အစိုးရသစ် လက်ထက်မှာဆိုရင် ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်မယ်။ NCA ရဲ့ ပြဌာန်းချက်အရပေါ့။
သို့သော်လည်း ရွေးကောက်ပွဲပြီးတဲ့နောက် NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) က အပြတ်အသတ်အနိုင်ရတဲ့ အခါမှာ တပ်မတော်က NLD က မဲမသမာမှုနဲ့ အနိုင်ရတယ် အကြောင်းပြပြီး အာဏာသိမ်းလိုက်တယ်။
အဲဒီအာဏာသိမ်းမှုကြောင့် ကျနော်တို့ ၂၀၂၀ ဩဂုတ်လမှာလုပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံရဲ့ သဘောတူညီချက်တွေက ပျက်သွားတဲ့ သဘောဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ မျှော်လင့်ချက်က ကျသွားတဲ့ သဘောဖြစ်တယ်။ အခုက NCA က ပျက်တာမဟုတ်ဘူး။ ဘယ်လိုမှ အကောင်အထည်ဖော်လို့မရတဲ့ အနေအထား။ NCA ရဲ့ အပစ်အခတ်ရပ်စဲရေးလုပ်တာကိုက နိုင်ငံရေးဆွေးနွေးပွဲအတွက် ဖြစ်တယ်။ အခုက နိုင်ငံရေးဆွေးနွေးပွဲလည်း လုပ်လို့မရဘူး။
မေး ။ ။ KNU အနေနဲ့ လက်ရှိဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ရှေ့ဆက်ပြီးတော့ရော ဘယ်လိုရပ်တည်ချက်မျိုးနဲ့ ဆက်လက်ရပ်တည်သွားဖို့ရှိမလဲ။
ဖြေ ။ ။ ကျနော်တို့ကတော့ ၂ ပိုင်းပေါ့။ နိုင်ငံရေးအရတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးဆွေးနွေးပွဲနဲ့ သွားမယ်ဆိုတဲ့ အပေါ်မှာ ကျနော်တို့ ရပ်တည်တယ်။ သို့သော်လည်း စစ်ရေးအရ ကျူးကျော်လာမယ်။ ဆောင်ရွက်မယ်ဆိုရင် ကိုယ့်ရဲ့ နိုင်ငံရေးရပ်တည်ချက်ကို ကာကွယ်ဖို့အတွက် စစ်ရေးအရ တုံ့ပြန်ရမှာပဲ။ သို့သော်လည်း စစ်ရေးတုံ့ပြန်မှုမှာ စစ်ရေးနည်းဟာ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ အဆုံးသတ်တော့ မဟုတ်ဘူး။ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးနိုင်ဖို့အတွက်သာ စစ်ရေး ဆောင်ရွက်ခြင်းဖြစ်တယ်။ ဆိုလိုတဲ့ သဘောက စစ်ရေးဆောင်ရွက်မှုဟာ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲအတွက် ဖြစ်တယ်။
သို့သော် အခု နိုင်ငံရေးဆွေးနွေးပွဲက NCA လမ်းကြောင်းဆိုတာထက် ၊ NCA လမ်းကြောင်းထက် ပိုမိုတရားမျှတတဲ့ လမ်းကြောင်းကို ဖန်တီးရမယ်လို့ မြင်ပါတယ်။ ဆိုလိုတဲ့ သဘောက တပ်မတော်က အာဏာသိမ်းတာကို ပြန်ပြီးတော့ ရုပ်သိမ်းပါ။ နောက်ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲလုပ်ပါ။ နိုင်ငံရေးဆွေးနွေးပွဲလုပ်ရင် ပါဝင်သင့်တဲ့ အစုအဖွဲ့အကုန်လုံး NCA ထိုးတာရော၊ မထိုးတာရော နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ ဒါတွေအကုန်လုံး ပါလာဖို့လိုအပ်တယ်လို့ မြင်ပါတယ်။ လွန်ခဲ့တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ မှာတော့ NCA မှာပါပေမယ့် လည်း နိုင်ငံရေးဆွေးနွေးပွဲလုပ်တဲ့ အချိန်မှာ အထူးသဖြင့် ကျနော်တို့ ရင်ဆိုင်နေရတာ တပ်မတော်နဲ့ဖြစ်တယ်။ တပ်မတော်ရဲ့ နိုင်ငံရေး ဆန္ဒ၊ နိုင်ငံရေး အာသီသ မရှိတဲ့အပေါ်မှာလည်း ဖြစ်ရင်ဖြစ်မယ်။ စိုးရိမ်မှုရှိတဲ့အပေါ်မှာလည်း ဖြစ်ရင်ဖြစ်မယ်။ သို့သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအရသာ ကိုင်စွဲနေမယ်ဆိုရင် ကျနော်တို့ရဲ့ မျှော်လင့်ချက်နဲ့ ရည်ရွယ်ချက်တွေက နိုင်ငံရေးဆွေးနွေးပွဲတွေမှာ မျှော်လင့်သလောက် ရည်မှန်းသလောက် အကောင်အထည်ပေါ်အောင်မြင်မှုမရှိခဲ့ဘူးလို့ ပြောလို့ရပါတယ်။ အခု အာဏာသိမ်းပြီးတဲ့နောက်တော့ အကုန်လုံးက ပြီးသွားတဲ့သဘောပေါ့ဗျာ။
You may also like these stories:
လေးကေကော်တိုက်ပွဲအပေါ် မြို့ပြနေပြည်သူတို့ အမြင်
နယ်ကျော်လာလျှင် ပစ်ခွင့်မူချထားပြီးဖြစ်ဟု KNU ပြော
လေးကေ့ကော်နှင့် မဲ့ထော်သလေးတွင် တိုက်ပွဲပြင်းထန်