မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုလုပ်လာသည်နှင့်အမျှ မြန်မာနိုင်ငံ တဝှမ်းလုံးတွင် လက်နက်ကိုင် ခုခံဆန့်ကျင်မှုများ တိုးလာနေသည်။
ထိုသို့ လက်နက်ကိုင် ဆန့်ကျင်မှုများ ရှိနေသော်လည်း အခြားတဖက်တွင် အသံတိတ်သပိတ် (Silent Strike) ကဲ့သို့သော အကြမ်းမဖက်နည်းဖြင့် ခုခံဆန့်ကျင်မှုများ ရှိနေသည်။
ခုခံဆန့်ကျင်မှုများ အားကောင်းနေသော်လည်း အာဏာသိမ်း စစ်ကောင်စီသည် အလျှော့ပေးမည့်ဟန် မပြဘဲ ရက္ခိုင်စစ်တပ် (AA) အပါအဝင် မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေး စကားပြောပြီး မြန်မာနိုင်ငံတောင်ပိုင်း ကရင် ပြည်နယ်တွင် ကရင် အမျိုးသား အစည်းအရုံး (KNU) ကို စစ်ဆင်တိုက်နေသည်။

အာဏာသိမ်းမှု ၁၀ လကျော်ကြာလာပြီးနောက် စစ်ကောင်စီ၏ စွမ်းရည်နှင့် လှုပ်ရှားမှုများ အပါအဝင် အာဏာသိမ်းမှု ခုခံ ဆန့်ကျင်ရေး လှုပ်ရှားမှုများ၏ အလားအလာကို ပိုမိုသိရှိနိုင်ရန် မြန်မာနိုင်ငံပဋိပက္ခနှင့် ငြိမ်းချမ်းရေး လေ့လာသည့် လွတ် လပ်သော သုတေသီ David Scott Mathieson အား ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် လူထုက စစ်တပ်ကို အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်ဆန္ဒပြခဲ့ ကြတယ်။ စစ်တပ်က အကြမ်းဖက် နှိမ်နင်းလာတဲ့အခါမှာ အာဏာသိမ်း စစ်တပ်ကို နေရာအနှံ့ လက်နက်ကိုင် တိုက်လာတာ တွေ ဖြစ်လာတယ်။ မေးချင်တာက အာဏာသိမ်းပြီး ၁၁ လလောက်အကြာမှာ မြန်မာနိုင်ငံက ဘယ်လိုအခြေအနေ ဖြစ်နေ တယ်လို့ မြင်သလဲ။
ဖြေ။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ မြန်မာ့လွပ်လပ်ရေး ရပြီးတဲ့နောက်ပိုင်းမှာ အတော်လေး စိတ်ပျက်စရာ ကောင်း ပြီး ပဋိပက္ခအဖြစ်ဆုံး အခြေအနေ ဖြစ်နေပါတယ်။ ဖေဖော်ဝါရီ အာဏာသိမ်းမှုဟာ ပြည်သူတွေကို ဆန့်ကျင်ပြီး စစ်ကြေညာ လိုက်တာနဲ့ တူပါတယ်။ အဲဒါပြီးတဲ့နောက်မှာ အထူးသဖြင့် စစ်ကိုင်း၊ ချင်းနဲ့ မကွေးမှာ ကျနော်တို့ တခါမှ မမြင်ဖူးတဲ့ ပဋိပက္ခ တွေ ဖြစ်ခဲ့တယ်။ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသနဲ့ တခြားနေရာတွေမှာဖြစ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေလည်း ပါတယ်။ ထို့အတူ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ရဲ့ တချို့ ဒေသတွေမှာလည်း ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်နေတာ ကိုလည်း တွေ့ရတယ်။
စစ်တပ်က အခြေအနေ အားလုံးကို ထိန်းသိမ်းနိုင်မယ်လို့ ထင်နေပြီး မြန်မာနိုင်ငံကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်။ ဒါက ကျနော့် ရဲ့ အမြင်ပါ။ စစ်တပ်က သူတို့သာလျှင် တနိုင်လုံးကို အတူတကွ စုစည်းနိုင်လိမ့်မယ်လို့ ထင်နေတယ်။ စစ်တပ်က ပြည်ထောင် စု မပြိုကွဲရေးအတွက်လို့ ပြောနေပေမယ့် သူတို့ ကိုယ်တိုင်က ပြိုကွဲအောင် လုပ်နေတယ်။ သူတို့က အဓိက ဖျက်ဆီးသူတွေပဲ။

ဒါကြောင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ သူ့ရဲ့ ထိန်းချုပ်မှုအောက်က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက စစ်တပ်ကို ပြန်တိုက်ခိုက်နေတာက အံ့ဩစရာတော့ မဟုတ်ဘူး။ ဒါပေမယ့်လည်း NUG ရဲ့ ထိန်းချုပ်မှုအောက် မရောက်သေး တဲ့ PDF တွေ အများကြီး ရှိနေပါသေးတယ်။ တကယ်တော့ သူတို့အကုန်လုံးက စစ်တပ်ကို ပြန်တိုက်ခိုက်နေတာက အံ့ဩစရာ တော့ မဟုတ်ပါဘူး။ သူတို့က တရားမျှတမှု ရဖို့အတွက် လုပ်နေတာ ဖြစ်တယ်။ မြန်မာ စစ်တပ်အနေနဲ့ကတော့ လက်ရှိအခြေ အနေကို အထူးစိုးရိမ်သင့်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ သူတို့တွေ ဒီတိုက်ပွဲမှာ ရှုံးကောင်း ရှုံးနိုင်တာကြောင့် ဖြစ်ပါတယ်။
မေး။ ။ NUG က စက်တင်ဘာလမှာ ခုခံစစ် ကြေညာလိုက်တဲ့နောက် မြန်မာနိုင်ငံမှာ စစ်အုပ်စုကို လက်နက်ကိုင်တိုက်မှပဲ ရမယ်ဆိုတဲ့ အယူအဆက ရှေ့တန်း ရောက်လာတယ်။ သို့သော်လည်း သိပ်မကြာသေးတဲ့ ဒီဇင်ဘာလ ၁၀ ရက်မှာ ဆိုရင် မြန်မာနိုင်ငံတဝှမ်းမှာ ပြည်သူသန်းနှင့်ချီက အသံတိတ်သပိတ် (Silent Strike) ဆင်နွှဲပြီး မြန်မာစစ်အုပ်စုကို အာခံခဲ့ကြတယ်။ မေးချင်တာက အသံတိတ်သပိတ်ဟာ မြန်မာနိုင်ငံမှာ စစ်တပ်ကို အကြမ်းမဖက်တဲ့နည်းနဲ့ ခုခံဆန့်ကျင်မှုဟာလည်း အား ကောင်းမောင်းသန် ရှိနေတယ်ဆိုတာကို ဖော်ပြတာလား။ ဘယ်လို ထင်ပါသလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံမှာ အာဏာသိမ်းလိုက်ကတည်းက တော်လှန်မှု အမျိုးမျိုးကို တွေ့မြင်ရပါတယ်။ အားလုံးက တောထဲသွား ပြီး လက်နက်ကိုင်တာ တခုပဲ မဟုတ်ဘူး။ လူတိုင်းက အကြမ်းဖက်နေတာ မဟုတ်ဘူး။ လူတော်တော်များများက ပုံစံမျိုးစုံနဲ့ စစ်တပ်ကို တော်လှန်ကြောင်း ဖော်ပြကြတယ်။ CDM (လူထု အာဏာဖီဆန်ရေး) တွေလည်း လုပ်တယ်။ ကျနော့်အမြင်မှာ တော့ silence strike ဟာ အရမ်းကို အင်အားကြီးမားတယ်လို့ ထင်ပါတယ်။ ဒါက ပြည်သူတွေသည် အာဏာသိမ်းတဲ့ စစ် တပ်ကို ခွင့်မလွှတ်ဘူးဆိုတဲ့ ရှင်းလင်းတဲ့ အဓိပ္ပာယ်လည်း ရပါတယ်။ တချို့လူတွေကလည်း ကဗျာတွေ ရေးပြီး စစ်တပ်ကို ဆန့်ကျင်ကြတယ်။
တချို့က အလုပ်တွေ ပြန်လုပ်ကြပြီး စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အကြမ်းဖက် တိုက်ခိုက်ဖို့အတွက် အားပေး ထောက်ပံ့မယ် ဆိုတဲ့သူတွေလည်း ရှိတယ်။ သေနတ်ကိုင် တော်လှန်တာပဲ မဟုတ်ပါဘူး။ ပုံစံမျိုးစုံနဲ့ စစ်တပ်ကို တော်လှန်နေကြတယ်။ တချို့ ကလည်း လူထုကို ပိုပြီး ကြံ့ခိုင်လာအောင် အားပေးကြမယ်ဆိုတာလည်း ရှိပါတယ်။ ကျနော် ထင်တာကတော့ တော်လှန်တဲ့ နေရာမှာ ခေါင်းဆောင်မှုပိုင်း လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ထင်တယ်။ ဘာပဲဖြစ်ဖြစ် ပုံစံမျိုးစုံနဲ့ အခုလို ဆန့်ကျင်တာက ကိစ္စမရှိပါဘူး။ သို့သော်လည်း သက်သေ မရဘဲ ဒလန်ရှင်းလင်းရေး လုပ်တာမျိုးတွေကိုတော့ အားမပေးသင့်ဘူး ထင်ပါတယ်။

မေး။ ။ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီဇင်ဘာလ ၁၅ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမှာ မြောက် ပိုင်း မဟာမိတ်လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးကြတယ်။ ဒါပေမယ့် မြန်မာပြည်တောင်ပိုင်း ကရင်ပြည်နယ်မှာ ကျတော့ ကရင်အမျိုးသား အစည်းအရုံး (KNU) ကို အင်အား အမြောက်အမြားနဲ့ တိုက်ခိုက်တာတွေ လုပ်တယ်။ စစ်ကောင်စီ က မြောက်ပိုင်းအဖွဲ့တွေနဲ့ ဆွေးနွေးပြီး တောင်ပိုင်းမှာ တိုက်နေတာက ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ။ ။ တကယ်တော့ မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ ပြောစကားတွေကို မယုံသင့်ပါ ဘူး။ သူတို့ ပါးစပ်ထဲက ထွက်သမျှဟာ အလိမ်အညာတွေပဲ ဖြစ်မှာပါ။ ဒီလို လုပ်ရပ်မျိုးက မကြာခဏဖြစ်နေတဲ့အတွက် မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင်တွေကိုတော့ မြန်မာ စစ်တပ်က အရူးလုပ်လို့ ရမှာ မဟုတ်ပါဘူး။ ဒါက ဘာနဲ့တူသလဲ ဆိုတော့ တဖက်မှာ ငြိမ်းချမ်းရေး အကြောင်းပြောနေပေမယ့် တဖက်မှာ ကရင်ပြည်နယ်ထဲမှာ တိုက်ခိုက်တာတွေ လုပ်တယ်။ ပြီးရင် စစ်ကိုင်းကို ပြန်တိုက်တာတွေ လုပ်နေမယ်။ AA ကိုလည်း ဖိအားပေးတာတွေ စစ်တပ်က လုပ်မယ်။ ဒီလိုပုံစံမျိုးပဲဆို တော့ စစ်တပ်ကို မယုံသင့်မှန်း လူတိုင်း သိကြပါတယ်။
အာဏာသိမ်းပြီးကတည်းက တချို့ မြောက်ပိုင်း မဟာမိတ် လက်နက် ကိုင် အဖွဲ့တွေကတော့ စစ်ကောင်စီကို တိုက်တာ မလုပ်ဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်း တိုက်တာမျိုးတွေ ရှိတယ်။ စစ်ကောင်စီအနေနဲ့ကတော့ လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေကနေ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေကို ခွဲထုတ်ချင်နေတယ်။

ဘာကြောင့်လဲဆိုတော့ တချို့ လက်နက်ကိုင် အဖွဲ့တွေက ဘယ်ဘက်ကိုမှ မပူးပေါင်းချင်ကြဘူး။ NUG နဲ့လည်း မပူးပေါင်းချင် ဘူး။ သူတို့သာ စပြီး တိုက်ခိုက်မယ်ဆိုရင် မြန်မာစစ်တပ်အတွက် ထိခိုက်မှုတွေ အများကြီးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကိုးကန့် အဖွဲ့ဖြစ်တဲ့ MNDAA (မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်) ကတော့ လွန်ခဲ့တဲ့လတွေထဲက စစ်တပ်ကို တိုက်ခိုက်နေ ပြီး အထိနာအောင် လုပ်နိုင်တာ တွေ့ရပါတယ်။
တဖက်မှာ ငြိမ်းချမ်းရေး စကားပြောပြီး တဖက်မှာ တိုက်နေတဲ့ ပုံစံက စစ်ကောင်စီအနေနဲ့ ခွဲခြား အုပ်ချုပ်နိုင်ဖို့ လုပ်နေတာပါ။ တဖက်မှာ တိတ်တိတ်နေအောင် လုပ်ထားပြီး အခြားတဖက်ကို ဖိတိုက် မယ်ဆိုတာမျိုးပေါ့။ ဒီလုပ်ရပ်က ကျနော့်အမြင်အရ တော့ သူတို့ (စစ်ကောင်စီတပ်) တွေဟာ တချို့နေရာတွေမှာ အတော့်ကို အင်အားနည်းနေပြီ ဆိုတဲ့ သဘောမျိုးပြသတာလို့ ထင်ပါတယ်။
မေး ။ ။ AA ဟာ PDF လူငယ်အချို့ကို သင်တန်းပေးနေတာ ရှိတယ်လို့ ကြားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ဆိုရင်လည်း ရခိုင်ပြည်နယ်မှာ AA နဲ့ မြန်မာစစ်တပ်ကြား စစ်ရေး တင်းမာတာတွေ ရှိတယ်။ လက်ရှိ မြန်မာနိုင်ငံရေး အကျပ်အတည်းမှာ AA က ဘယ်လို ရပ်တည်နေသလဲ။ ရခိုင်ပြည်နယ်မှာရော ဘာတွေ ဆက်ဖြစ်နိုင်သလဲ။
ဖြေ။ ။ ရခိုင်ပြည်နယ်မှာ ဘာဆက်ဖြစ်မယ်ဆိုတာက ခန့်မှန်းရခက်ပါတယ်။ ဒီနေ့ အခြေအနေက ရခိုင်ပြည်နယ် အပါအဝင် မြန်မာ တနိုင်ငံလုံးရဲ့ ဘယ်နေရာမှာမဆို ဘာဆက်ဖြစ်မယ်ဆိုတာ ခန့်မှန်းရ ခက်ခဲပါတယ်။ AA နဲ့ မြန်မာစစ်တပ်ကြားမှာ စစ် ရေးတင်းမာမှု တချို့ရှိတယ်ဆိုတာက ဟုတ်ပါတယ်။ ဒါတွေက စိုးရိမ်ဖွယ်ရာ အခြေအနေပါ။ လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ AA ဟာ ရခိုင်ပြည်နယ်တခုလုံးကို သူ့ရဲ့ တပ်တွေ ဖြန့်ကျက်ပြီး မြန်မာစစ်တပ်ကို တိုက်နိုင်တာက အတော်လေး အံ့ဩဖို့ ကောင်းပါ တယ်။ ပြီးရင် သူ့ရဲ့ ရခိုင်အုပ်ချုပ်ရေး စီးပွားရေး၊ တရားစီရင်ရေးနဲ့ မြေယာကိစ္စတွေကို စီမံခန့်ခွဲနိုင်တာက အတော်လေးကို အသိအမှတ် ပြုဖွယ်ရာပါ။ ပြည်နယ် တခုလုံးကို သူတို့ပြန်ယူဖို့ လုပ်နေတဲ့ အနေအထားပါ။ မြန်မာစစ်တပ်ကတော့ ကြိုက်မှာ မဟုတ်ပါဘူး။ မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ် စိုးဝင်းတို့က စိတ်ဆိုးကြမှာပါ။ သူတို့ AA ကို တိုက်ဖို့ လာကြမှာပါ။
သူတို့ တိုက်ဖို့ တကယ်တမ်း လာတော့ ရောဘာဖြစ်မှာလဲ။ အခြားတဖက်မှာ ရခိုင်ပြည်သူတွေရဲ့ အခြေအနေက ထည့်သွင်း စဉ်းစားရမှာတွေ ရှိပါတယ်။ မြေပုံ၊ မင်းပြား၊ ပေါက်တောနဲ့ မြောက်ဦးလိုမြို့တွေဟာ ရခိုင်ပြည်သူတွေ အားကောင်းတဲ့ နေရာ ဖြစ်ပါတယ်။ မွတ်စလင်နဲ့ ချင်းတို့လို တိုင်းရင်းသားတွေ ရှိနေပေမယ့်လည်း AA အတွက် သူတို့ရဲ့ အိမ်လိုပါပဲ။ ဒါပေမယ့် ရခိုင် ခေါင်းဆောင်တွေက စစ်တိုက်ချင်နေတယ်လို့တော့ ကျနော် မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ AA ဟာ သူ့ရဲ့ အုပ်ချုပ်ရေး အာဏာကို ပိုကျယ်ပြန့်စေချင်တယ်။ ဒါပေမယ့် တခုရှိတာက မြန်မာစစ်တပ်က လာတိုက်မယ်ဆိုရင် AA ဘက်က ပြောမှာပေါ့။ တနိုင်ငံလုံးက မြန်မာစစ်တပ်ကို မုန်းနေကြတာ။ တနိုင်ငံလုံးကလည်း မြန်မာစစ်တပ်ကို ပြန်တိုက်နေတာ။ မင်းက ငါနဲ့ ပြန် တိုက်ချင်တာလား။ ရတယ် လာကြိုးစားကြည့်လေလို့ ပြောမှာပဲ။
တကယ်လည်း လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက မြန်မာစစ်တပ်ကို ထိထိရောက်ရောက် တိုက်ခဲ့တာပဲလေ။ မင်းငါနဲ့ နောက် တခေါက် ထပ်တိုက်ချင်လားပေါ့။ AA ကတော့ ငါတို့ မင်းကို မတိုက်ချင်ဘူး။ ဒါပေမယ့် မင်းကငါတို့ကို ခြိမ်းခြောက် လာမယ် ဆိုရင်တော့ ငါတို့က တိုက်မှာပဲ။ ငါတို့က NUG နဲ့လည်း မပူးပေါင်းချင်ဘူး။ ဒါပေမယ့် AA က သူ့ဒေသနဲ့ နီးစပ်တဲ့ PDF ကို တော့ ကူညီမှာပဲ။ ဒါက နိုင်ငံရေး မဟာဗျူဟာအရ ကူညီတာပဲ။ မြန်မာစစ်တပ်ရဲ့ အခြားသော ရန်သူကို ငါတို့က ဘာလို့ မကူ ညီနိုင်ရမှာလဲဆိုတဲ့ စဉ်းစားချက်မျိုးနဲ့ လုပ်တာပေါ့။

AA က အရမ်းကို ပါးနပ်တယ်လို့ ကျနော်ထင်တယ်။ ရေရှည်မှာလည်း သူတို့ ပါးပါးနပ်နပ် ဆက်ကစားမယ်လို့ ထင်တယ်။ မြန် မာ စစ်တပ်က စိုးရိမ်ပူပန်ရမယ့်အခြေအနေ ရောက်နေတယ်။ ဘာကြောင့်လဲဆိုရင် သူ့မှာ ရန်သူတွေ အများကြီး ပတ်လည် ဝိုင်းနေလို့ ဖြစ်တယ်။ နောက်ပြီးတော့ မြန်မာစစ်တပ်က မလိုအပ်ဘဲ ရန်သူ ပိုများလာအောင် လုပ်တဲ့အချက်က တော်တော် ဆိုးတယ်။ မလိုအပ်ဘဲ အာဏာသိမ်းတယ်။ စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်တွေမှာ ဖြိုခွင်းမှုတွေ လုပ်တယ်။ AA နဲ့ ပတ်သက် လို့တော့ကတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ အနီးကပ် ဆက်ပြီး စောင့်ကြည့်ရမယ် ထင်တယ်။
မေး။ ။ တရုတ်အစိုးရကတော့ မြန်မာ့အရေးနဲ့ ပတ်သက်ရင် မတူညီတဲ့ အစုအဖွဲ့ အားလုံး ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှာပဲ တွေ့ဆုံ ဆွေးနွေးကြဖို့ ပြောနေတာရှိတယ်။ လက်ရှိ မြန်မာနိုင်ငံ အကျပ်အတည်းက တဖြည်းဖြည်း ပိုဆိုးလာတော့ တရုတ်နိုင်ငံဘက်ကရော ဘယ်လို လုပ်ဆောင်လာနိုင်သလဲ။
ဖြေ။ ။ ကျနော် မြင်တာတော့ တရုတ်က သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတွေကို တိုက်ရိုက် ဖိအားပေးတာမျိုး မလုပ်ဘူးဆိုပေမယ့် လက် တွေ့မှာတော့ ဖိအားပေးနေတာ ရှိတယ်။ တရုတ်ဟာ သူ့ရဲ့ ပထဝီ အကျိုးစီးပွား၊ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားတွေ မြန်မာ နိုင်ငံမှာ ရှိနေတာကြောင့် မြန်မာနိုင်ငံ တည်ငြိမ်တာကိုပဲ လိုချင်ပါတယ်။ သို့သော်လည်း လက်ရှိ အနေအထားအရ မြန်မာပြည် တည်ငြိမ်ဖို့ ဆိုတာက စစ်တပ် အပေါ်မှာပဲ မူတည်နေပါတယ်။ တရုတ်က မြန်မာနိုင်ငံမှာ အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်ကို လိုချင်တယ်။ စီးပွားလုပ်ငန်းတွေ လုပ်နိုင်ဖို့ ကူညီချင်တယ်။ ဒါပေမယ့် အဲဒီအရာတွေအားလုံးဟာ စစ်တပ်က အာဏာသိမ်း လိုက်တာကြောင့် လုပ်ဆောင်နိုင်ဖို့ အန္တရာယ်ရှိနေပါပြီ။ ဒါကြောင့်မို့ တရုတ်အစိုးရက သူတို့ အကျိုးစီးပွားအတွက် နည်းလမ်း ရှာနေပါပြီ။
တရုတ်က မြန်မာနိုင်ငံ ဒီမိုကရေစီ ရခြင်း မရခြင်းကို ဂရုမစိုက်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ လက် ထက်မှာ တရုတ်နိုင်ငံဟာ တချို့ကိစ္စတွေမှာ သဘောတူညီချက်ရဖို့ ပြဿနာတချို့ ရှိနေပေမယ့်လည်း သူမနဲ့ သဘောတူ စာချုပ်တွေ ချုပ်လို့ ရခဲ့ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ စစ်တပ်နဲ့ ညှိနှိုင်းမှုတွေ လုပ်ရတော့မှာဖြစ်တယ်။ အရင်က စစ် တပ်နဲ့ တရုတ်ဟာ ညှိနှိုင်းမှုတွေ လုပ်ခဲ့ပေမယ့်လည်း ကံမကောင်းခဲ့ပါဘူး။ ဒါကြောင့် ကျနော်ထင်တာတော့ တရုတ်က ဒီလို အခြေအနေမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပြီး ဆွေးနွေး ညှိနှိုင်းခြင်းဖြင့် တည်တည်ငြိမ်ငြိမ် ဖြေရှင်းဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။

တရုတ်ဟာ စစ်ကောင်စီကို နောက်ကွယ်မှာလည်း ဒီလိုပဲ လုပ်ဖို့ ဖိအားတွေ အများကြီး ပေးနေရတာ ရှိပါတယ်။ ဒါပေမယ့် မေး စရာရှိတာက မင်းအောင်လှိုင်ကရော ဒါတွေကို အလေးထားသလား ဆိုတာပါ။ တကယ်တော့ သူက အလေးထားမှာ မဟုတ် ပါဘူး။ သူက အပေးအယူ လုပ်ချင်ရင် ငါ့ဆီလာခဲ့လို့ ပြောမှာပါ။ မင်းကလည်း ငါ့ဆီက လိုချင်တာရှိတယ်။ငါကလည်း မင်းဆီ က ရချင်တာ ရှိတယ်ဆိုတဲ့ ပုံစံမျိုး ပေါက်ပါတယ်။ ကျနော်ထင်တာတော့ ဒီလိုပုံစံနဲ့ ကစားနေတာ ထင်ပါတယ်။ မင်းအောင် လှိုင် က တကယ်တော့ စောင့်ဆိုင်းနေတာပါ။ သူက အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေ၊ ဂျပန်နဲ့ တရုတ်နိုင်ငံတွေဟာ အကုန်လုံး သူ့ဆီပြန်လာကြမယ်လို့ သိနေပုံရပါတယ်။ အဲဒီနိုင်ငံတွေက သူ့ကို မကြိုက်ပေမယ့်လည်း နောက်ဆုံးမှာ သူနဲ့ သဘောတူညီမှု ယူရမယ်ဆိုတာ မင်းအောင်လှိုင်က သိနေပါတယ်။ ဒါကြောင့် မင်းအောင်လှိုင်က စိတ်ရှည် ရှည်နဲ့ စောင့်နေတယ်လို့ ထင်ပါတယ်။
မေး။ ။ စစ်ကိုင်းတိုင်း၊ ချင်း၊ ကရင်နဲ့ ကယား ပြည်နယ်တွေမှာ မြန်မာ စစ်တပ်ဘက်က အသေအပျောက်များတဲ့ သတင်းတွေ တွေ့ရပါတယ်။ မေးချင်တာက မြန်မာစစ်တပ်အနေနဲ့ တိုက်ပွဲတွေမှာ အရှုံးနဲ့ ရင်ဆိုင်နေရပြီလား။ ဘယ်လိုထင်ပါသလဲ။
ဖြေ။ ။ ကျနော်ထင်တာတော့ မြန်မာစစ်တပ်က အာဏာသိမ်းလိုက်ကတည်းက တိုက်ပွဲမှာ စကတည်းက ကျရှုံးသွားပြီလို့ ထင် ပါတယ်။ သူတို့က အာဏာကို ထိန်းချုပ်ချင်နေတဲ့အတွက် လုပ်နေကြတယ်။ ဒါပေမယ့် ပြည်သူတွေက သူတို့ လုပ်ရပ်ကို မုန်း ကြတယ်။ ဒါကြောင့် လူတွေက ခုခံဆန့်ကျင်တာတွေ လုပ်ကြတယ်။ ကျနော့်အနေနဲ့ကတော့ လူဘယ်လောက် သေသလဲ ဆို တဲ့ အရေအတွက်ပေါ် မူတည်ပြီး အောင်မြင်မှုကို မတိုင်းတာချင်ဘူး။ တပ်မတော်ဆိုတဲ့ အသုံးအနှုန်းကို မသုံးရအောင်ပါ။ သူ တို့က အဲဒီစကားနဲ့ မတန်ပါဘူး။ မြန်မာစစ်တပ်ဟာ အတော်လေး အထိနာနေတယ် ဆိုတာတော့ မှန်ပါတယ်။ ဒါကသူတို့ရဲ့ အမှားကြောင့်ပါပဲ။ သူတို့က စစ်တိုက်ဖို့ လမ်းကို ရွေးခဲ့တယ်။ သူတို့က စစ်ကြေညာခဲ့တယ်။
စစ်ဗိုလ်ချုပ်တွေက သာမန် စစ်သားတွေရဲ့ အသက်တွေကို လက်လွတ်စပယ် ဖြုန်းတီးနေပါတယ်။ ဒါက အင်မတန်မှ ဝမ်းနည်း ဖွယ်ရာ ဖြစ်ပါတယ်။ ဒါကသာမန် စစ်သားတွေဘက်က ကြည့်ရင် စစ်သားတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ကောင်းတဲ့ အရာ မဟုတ်ပါဘူး။ သိတယ်မို့လား။ တနိုင်ငံလုံးမှာ တိုက်ခိုက်ပြီး သေဆုံးနေရတယ်လေ။ အခြေအနေ တစုံလုံး ဘယ်လို ဖြစ် နေတယ် ဆိုတာကတော့ ခြုံကြည့်လို့ ရပါတယ်။ ဒါပေမယ့် လူဘယ်လောက် သေတယ်ဆိုတာကို ကြည့်ပြီးတော့ အနိုင်အရှုံး က ဆုံးဖြတ်လို့ မရပါဘူး။ အကယ်၍ လူသေဆုံးမှုတွေကို ရေတွက်ပြီး နောက် ၄ လလောက်နေရင် နိုင်တော့မှာပဲ ဆိုပြီး ကျနော်တို့က တွက်ချက်တယ်ဆိုရင် အဲဒီ အနိုင်ရမှုက ဘယ်လို အနိုင်ရမှုမျိုး ဖြစ်လာမလဲ။ ကျနော်တို့ မှတ်သားထားရမှာက လူတွေ အသတ်ခံရတယ်ဆိုတာက လူသားမျိုးနွယ်တွေအတွက် အလွန် ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တွေပဲ ဖြစ်ပါ တယ်။ ဒါတွေ အားလုံးက ဝမ်းနည်းကြေကွဲ ဖွယ်ရာတွေပါ။
မေး။ ။ လွန်ခဲ့တဲ့ နှစ်၂၀ လောက်တုန်းကဆိုရင် မြန်မာစစ်တပ်ဟာ ရှမ်းပြည်နယ်မှာဆိုရင် ဗမာပြည်ကွန်မြူနစ်ပါတီကို အပြင်း အထန် တိုက်ခဲ့တယ်။ နောက်ပြီး ကရင်ပြည်နယ်မှာဆိုရင်လည်း KNU ဌာနချုပ်ဖြစ်တဲ့ မာနယ်ပလောကို တိုက်ခဲ့တယ်။ လက်ရှိ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်အပေါ်ရော ဘယ်လိုမြင်လဲ။ စွမ်းရည်ကျနေပြီလား။
ဖြေ။ ။ ၁၉၆၀ ၊ ၇၀ နဲ့ ၈၀ ကာလတွေတုန်းက မြန်မာစစ်တပ်ဟာ တော်တော်လေးကို မာကျောပါတယ်။ သူတို့မှာလည်း အတွေ့အကြုံတွေ အများကြီး ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့လို လက်နက်ကိုင်အဖွဲ့တွေကို နေရာပေါင်းစုံမှာ တိုက်ခိုက်နေရတာကြောင့်ပါ။ ကျနော် ထင်တာတော့ ၁၉၉၀ မှာ သူတို့ အပစ်အခတ် ရပ်စဲတာတွေ ဘာတွေ လုပ်တယ်။ အဲဒီနောက်တော့ မြန်မာစစ်တပ် ဟာ အရင်လို မမာကျောတော့ဘဲနဲ့ ပျော့လာတယ်။ ပျင်းရိပြီးတော့ လောဘကြီးလာတယ်။ ဒါပေမယ့်လည်း သူတို့ တိုက်ခိုက် တာတွေကိုတော့ ဆက်လုပ်ခဲ့တယ်။

ဥပမာအားဖြင့် KNU ကို သူတို့ တိုက်တယ်။ သူတို့ စစ်သားတွေ အများကြီး ဆုံးရှုံးခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ စစ်သား တွေက တိုက်ခိုက်ပြီး မသေချင်ကြတော့ဘူး။ အဲဒီနောက် ၂၀၀၉ ခုနှစ်မှာ သူတို့ ကိုးကန့်ကို တိုက်တယ်။ အဲဒီမှာ ဘာသိသာ သလဲ ဆိုရင် မြန်မာစစ်တပ်ဟာ စစ်ပွဲအတွက် ပြင်ဆင်မှု အားနည်းခဲ့တယ် ဆိုတာပဲ။ အဲဒီနောက်ပိုင်းလည်း ကချင်ပြည်နယ်မှာ သူတို့ တိုက်တယ်။ သူတို့ စစ်သားတွေ ထောင်နဲ့ချီ ဆုံးရှုံးခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ အဆင်သင့်မဖြစ်ခဲ့လို့။
နောက်ပိုင်းလည်း ရက္ခိုင်စစ်တပ် (AA) ကို တိုက်တယ်။ ဒါပေမယ့်လည်း စစ်သားတွေမှာ စိတ်ဓာတ်ပိုင်းက အရမ်းကို နိမ့်ကျနေ တယ်။ သူတို့ရဲ့ စစ်သုံးပစ္စည်းတွေကတော့ ပိုကောင်းလာပါတယ်။ ဒီလို စစ်ပွဲတွေတိုက်တဲ့အခါမှာ ရဟတ်ယာဉ်တွေ သုံးပြီး စစ်သားတွေကို မြေပြင်ပေါ် ချပေးတာမျိုးတွေကတော့ အရင်ကထက် အဆင့် ပိုမြင့်လာတဲ့ သဘောတော့ ရှိပါတယ်။ ဒါပေ မယ့်လည်း စစ်သားတွေကြည့်ရတာ တိုက်ခိုက်ရေးမှာတော့ အရမ်းကောင်းတဲ့ပုံတော့ မပေါ်တော့ပါဘူး။ ဒါ့ပြင် မြန်မာစစ်တပ် ဟာ အမြောက်ကြီးတွေနဲ့ ပစ်ခတ်ချေမှုန်းတာတွေ ပိုသုံးလာတယ်။ ဒီလိုလုပ်လာနိုင်ပေမယ့်လည်း သူတို့အတွက် အလုပ်ဖြစ်ပုံ တော့ မရပါဘူး။
ပြဿနာက အရာရှိနဲ့ မြေပြင်မှာ တိုက်နေတဲ့ စစ်သားတွေအကြားက ကွာခြားချက် ကြီးမားနေတာကြောင့်ပါ။ အရာရှိပိုင်းတွေ ကိုတော့ သူတို့ ကောင်းကောင်း လေ့ကျင့်ပေးနိုင်ပုံတော့ ရပါတယ်။ ဒါပေမယ့် ရှင်းလင်းတာကတော့ မြန်မာစစ်တပ်ဟာ အရင် ကလောက် မမာကျောတော့သလို အရင်ကလောက် ပြတ်သားတာ မရှိတော့ပါဘူး။ ဒါပေမယ့် ကျနော် EAO အဖွဲ့တဖွဲ့က လူ တွေနဲ့ စကားပြောကြည့်တော့ သူတို့က မြန်မာ စစ်တပ်ကို ဘယ်တော့မှ အထင်မသေးဖို့ ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားအနေနဲ့ သူတို့ အားနည်းနေပြီလို့ ထင်နေပေမယ့် သူတို့က ရုတ်တရက် ခင်ဗျားကို ပြန်လှည့်ပြီး တိုက်ခိုက်နိုင်ပါတယ်။ ကျနော်ထင်တာတော့ လက်ရှိအချိန်အထိတော့ မြန်မာစစ်တပ်ဟာ သူတို့အလုပ်တွေ ဆက်လုပ်ဖို့အတွက် စစ်သား အလုံ အလောက် ဆက်ရှိနေသေးတယ် ထင်တယ်။ ပြီးတော့ သူတို့အားလုံးဟာ အလုပ်တွေ ဆက်လုပ်နေကြသေးတယ်။
သူတို့အလုပ်အတွက်လည်း ယုံကြည်မှုတွေ ရှိနေသေးတယ်။ ဒါကြောင့် NUG အနေနဲ့လည်း အဲဒီစစ်သားတွေ၊ အရာရှိတွေကို ပစ်မှတ်ထားပြီး စစ်တပ်ဟာ သူတို့ ယုံကြည်နေသလို မဟုတ်ဘူး။ ဒါက မြန်မာပြည်အတွက်လုပ်နေတာ မဟုတ်ဘူး။ ခင်ဗျား ဟာ မင်းအောင်လှိုင်အတွက် လုပ်နေတာသာ ဖြစ်တယ် ဆိုတာကို ဆက်လက် စည်းရုံးသင့်တယ်။ ပြောရမယ်ဆိုရင် စိတ်ဓာတ် ပိုင်းဆိုင်ရာ စစ်ဆင်ရေး တခုပုံစံနဲ့ လုပ်ဆောင်သင့်တာပေါ့။ တကယ် မာကျောပြီး တိုက်နေတဲ့ စစ်သားတွေကို သူတို့ တိုက် ခိုက်မှုနဲ့ သေဆုံးမှုတွေဟာ သူတို့အတွက် အကျိုးမရှိဘူး ဆိုတာကို ဆက်လက် စည်းရုံးဖို့ လိုတယ်လို့ ထင်ပါတယ်။

မေး။ ။ PDF (ပြည်သူ့ ကာကွယ်ရေးတပ်) တွေ အကြောင်းလဲ ဆွေးနွေးကြည့်ရအောင်ပါ။ PDF တွေဟာ အရင်ကဆိုရင် တူမီး သေနတ်တွေ ကိုင်နေပေမယ့် အခုဆိုရင် တချို့ အဖွဲ့တွေက မောင်းပြန် ချေမှုန်းရေး ရိုင်ဖယ်တွေ ကိုင်နေကြပါပြီ။ အကုန်လုံး တော့လည်း မကိုင်နိုင်သေးဘူးပေါ့။ တချို့လည်း ကိုယ့်ဟာကိုယ် ရရာပစ္စည်းတွေနဲ့စုပြီး လက်လုပ်သေနတ်တွေ ဖောက်ခွဲရေး ပစ္စည်းတွေ လုပ်နေတာ ရှိပါတယ်။ PDF တွေရဲ့ အရည်အသွေးနဲ့ လုပ်ကိုင်နိုင်စွမ်းက တိုးတက်နေသလား။ ဘယ်လိုထင်ပါ သလဲ။
ဖြေ။ ။ PDF တွေရဲ့ လုပ်ကိုင်နိုင်စွမ်းကို ကြည့်မယ်ဆိုရင် အရေးကြီးတာက သူတို့တွေဟာ လွန်ခဲ့တဲ့ ၇ လလောက်တုန်းက PDF တွေ မဟုတ်ကြပါဘူး။ သူတို့က သာမန် လူတွေဖြစ်တယ်ဆိုတာကို သိထားဖို့ လိုပါတယ်။ PDF ဖြစ်လာတာက ထူးခြားတဲ့ အခြေအနေအသစ် တခုပါပဲ။ အခုတော့ မတူကွဲပြားတဲ့ မြန်မာနိုင်ငံနေရာအနှံ့မှာ တိုက်နေကြတယ်။ ပြီးတော့ ဒီတိုက်ခိုက်မှု တွေက ဆက်ရှိနေပြီး ပိုကျယ်ပြန့်လာနေတယ်။ လက်နက်တွေကလည်း ပိုကောင်းလာနေတယ်။ သူတို့ဟာ လက်နက်ပုံစံ ရေး ဆွဲတာနဲ့ ထုတ်လုပ်တာတွေမှာ ကိုယ့်ဟာကိုယ် လုပ်ဆောင်လာနိုင်ကြတယ်။ လက်နက်တွေက အကြမ်းထည်တွေ ဆိုပေမယ့် လည်း လွန်ခဲ့တဲ့ ၇ လတုန်းက သူတို့လက်ထဲမှာ ဘာမှ ရှိခဲ့တာမှ မဟုတ်ဘဲ။ အခုတော့ သူတို့ဟာ မော်တာတွေ၊ ဒုံးလက်နက် တွေပါ ထုတ်ဖို့ လုပ်လာနေကြတယ်။
အဲဒီလက်နက်တွေနဲ့ စစ်တပ်ရဲ့ လေယာဉ်ကွင်းတွေ သင်္ဘောတွေကို တိုက်ခိုက်ကြတယ်။ မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းတွေကို ဖြတ်တိုက်ကြတယ်။ တကယ်လို့ သူတို့ရဲ့ လက်နက်တွေက အခုထက်ပိုပြီး အဆင့်မြင့်လာမယ်ဆိုရင် တိုက်ခိုက်နိုင်စွမ်းက ပို ကောင်းလာလိမ့်မယ်။ နည်းပညာတွေ ပိုကောင်းလာတာနဲ့အမျှ စစ်တပ်ကို လမ်းမှာ လက်လုပ်ဗုံး (IED) တွေနဲ့ ဖောက်ခွဲ တိုက် ခိုက်တာတွေ ပိုလုပ်ဆောင်လာနိုင်ကြတယ်။ ဒီအခြေအနေတွေ အားလုံးက ကတယ့်ကို မြန်မာစစ်တပ်အတွက် စိုးရိမ်ပူပန် ဖွယ်ရာ အနေအထားပါ။ PDF တွေ တဆင့်ပြီး တဆင့် လုပ်ကိုင်နိုင်စွမ်း အဆင့်မြင့်လာပြီး ချိတ်ဆက်မှုတွေ ပိုကောင်းလာတာ နဲ့အမျှ ပစ်မှတ် အမာတွေဖြစ်တဲ့ စစ်တပ်ရဲ့ အခြေစိုက် စခန်းတွေ လေယာဉ်ကွင်းတွေကို ပိုပြီး တိုက်ခိုက်လာနိုင်ပါလိမ့်မယ်။ ဒါက တကယ့်ကို မြန်မာစစ်တပ်အတွက် စိုးရိမ်စရာ အနေထားပါ။
အခုတော့ PDF တွေဟာ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်းနေပါတယ်။ မတူညီတဲ့နေရာ ဒေသအသီးသီးမှာ လက်လုပ်သေနတ် တွေနဲ့ တိုက်ခိုက်နေကြပါတယ်။ တကယ်လို့များ သူတို့မှာ ဒီထက်ပိုကောင်းတဲ့ လက်နက်တွေသာ ရရှိသွားရင် ဘာတွေဖြစ်လာ မလဲ။ အဖွဲ့တိုင်းကတော့ အစမှာတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ရဲ့ တနေရာမှာ စတင်ခဲ့ကြရတာပဲ။ ဒီလိုပဲလုပ် ဆောင်ပြီး နှစ်တွေကြာလာတဲ့အခါမှာ ဘယ်လောက် အင်အားတောင့်လာသလဲ။ AA ကိုပဲ ကြည့်ပါ။ လွန်ခဲ့တဲ့နှစ် အနည်းငယ် တုန်းက ဘာမှမဟုတ်သေးပေမယ့် အခုအင်အား ဘယ်လောက်ရှိနေပြီလဲ။ ကျနော့်အမြင်အရတော့ PDF တွေကိုလည်း လျှော့ တွက်လို့ မရပါဘူး။ PDF တွေ လုပ်ကိုင်နိုင်စွမ်း အဆင့်မြင့်လာတာနဲ့အမျှ မြန်မာစစ်တပ်ဟာ သူ့ရဲ့ နယ်မြေထိန်းချုပ်မှုတွေ လုပ်ဖို့ အတော် ရုန်းကန်လာရနိုင်ပါတယ်။ ဒါတွေဟာ တကယ်ဖြစ်လာနိုင်ပါတယ်။

မေး။ ။ နောက်ဆုံး မေးခွန်းအနေနဲ့ မေးချင်တာက ဖေဖော်ဝါရီ၊ မတ်လနဲ့ ဧပြီလတွေမှာတုန်းက မြန်မာပြည်သူတွေဟာ UN နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို အကူအညီ တောင်းခံခဲ့ကြတယ်။ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဝင်ရောက် တားဆီးပေးဖို့ သူတို့မျှော်လင့်ခဲ့ကြတယ်။ အခုရော မြန်မာပြည်သူတွေက မျှော်လင့်ချက်ထားတုန်းပဲလို့ ယူဆနိုင်သေးလား။ နိုင်ငံတကာကရော မြန်မာပြည်သူတွေ မျှော်လင့်သလို ဝင်ကူနိုင်တဲ့ အနေအထား ရှိလား။
ဖြေ။ ။ အကူအညီတွေ လာလိမ့်မယ်လို့ မျှော်လင့်တဲ့ မျှော်လင့်ချက်ကတော့ လက်လျှော့သွားကြပါပြီ။ ဘာမှလည်း မလာကြ ပါဘူး။ အဲဒီမျှော်လင့်ချက်က ပြီးခဲ့တဲ့ မတ်လလောက်အထိ အားကောင်းခဲ့ပါသေးတယ်။ လက်ရှိ အခြေအနေမှာ ကုလသမဂ္ဂက လည်း ဘာမှ မကူညီနိုင်ပါဘူး။ လူသားချင်း စာနာမှု အကူအညီတွေ ပေးတာတော့ ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်။ အကောင်း ဆုံး လုပ်ပေးနိုင်ရင်တောင် ပဋိပက္ခတွေ ပြေလည်ဖို့ ကြားဝင်ညှိပေးတာလောက်ပဲ လုပ်ပေးနိုင်ပါလိမ့်မယ်။ သေချာတာက တော့ မင်းအောင်လှိုင်က စကားပြောမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက စကားမပြောချင်လို့ ဖြစ်ပါတယ်။ မင်းအောင်လှိုင်က အလိမ်အညာတွေကိုပဲ ပြောနေတာ ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေအနေနဲ့လည်း မင်းအောင်လှိုင်ကို မယုံကြည်သင့်ပါဘူး။ အမေရိကန်ဖြစ်ဖြစ်၊ တရုတ်ပဲဖြစ်ဖြစ် ၊ UN နဲ့ အာဆီယံကိုတောင် လိမ်မှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒါက သူ့အကျင့်ပဲလေ။ ပြင်ပကနေ မြန်မာပြည်သူတွေ တကယ် လို အပ်နေတဲ့ အကူအညီတွေက လာမှာ မဟုတ်ပါဘူး။ ပြင်ပကနေ လုပ်နိုင်တာကတော့ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ အစ္စရေး တို့ကို မြန်မာစစ်တပ်ဆီကို လက်နက် မရောင်းဖို့တော့ ကျယ်ကျယ်လောင်လောင် တောင်းဆိုတာတွေ လုပ်နိုင်ပါ တယ်။ ဒါကလည်း တကယ်တမ်းတော့ အရေးကြီးတဲ့ ကိစ္စတခုပါ။ အဲဒီထဲက အိန္ဒိယနဲ့ တရုတ်ကတော့ အဲဒီလို နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေကို ဂရုမစိုက်တာ သေချာပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် သူတို့မှာ သူတို့ရဲ့ ကိုယ်ပိုင် အစီအစဉ်တွေ ရှိနေကြပါတယ်။ ထိုင်းကတော့ အကုန်လုံးနဲ့ အဆင်ပြေ အောင် ဘက်မျှအောင် လုပ်ပြီး ကစားမှာပါ။ သူတို့က မင်းအောင်လှိုင်ကို သိပ်မကြိုက်ပေမယ့်လည်း အပေးအယူရှိထားတော့ မရှောင်လွှဲနိုင်ဘူး။ ကျနော့်အမြင်အရတော့ ပြင်ပကနေ ထိရောက်တဲ့ အကူအညီကတော့ လာလိမ့်မယ် မထင်ဘူး။ အနောက် နိုင်ငံတွေဆီက အလှူရှင်တွေကိုတော့ ပြည်တွင်းက စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးဖို့နဲ့ ကိုဗစ် ရောဂါကာကွယ်ရေးဆိုင်ရာ အကူအညီတွေပေးဖို့ ဖိအားပေးတာတွေ ဆက်လုပ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအကူအညီတွေ ပေးနိုင်ဖို့က အရမ်း အရေးကြီးပါတယ်။
နိုင်ငံတကာက တွေးတာက အကယ်၍ နိုင်ငံရေးအရ မြန်မာနိုင်ငံကို အကူအညီ မပေးနိုင်ဘူးဆိုရင်ပေါ့။ ဥပမာ – NUG နဲ့ PDF တွေ၊ EAO တွေကို လက်နက် မထောက်ပံ့ပေးနိုင်ဘူးဆိုရင် ဘာလုပ်နိုင်မလဲပေါ့။ အဲဒီအခါမှာ လူသားချင်းစာနာမှု အကူအညီ တွေ စားဝတ်နေရေးအတွက် ထောက်ပံ့တာတွေ၊ ကယ်ဆယ်ရေး အကူအညီတွေ လုပ်ပေးနိုင်တယ်ပေါ့။ ဒီအကူအညီတွေက မြန်မာစစ်တပ်ကို ကူညီတာမျိုးမဟုတ်ဘဲ မြန်မာပြည်သူတွေဆီရောက်အောင် ကူညီတာမျိုးပေါ့။ အဲဒီလို ကူညီဖို့ဆိုတာမှာ လည်း ဘယ်လို ထိရောက်အောင် ကူညီမလဲဆိုတဲ့ စိန်ခေါ်ချက်တွေက ရှိတယ်။
မြန်မာစစ်တပ်လက်ထဲ မရောက်အောင် ဘယ်လို ကူညီမလဲပေါ့။ အဲဒီအတွက်လည်း နည်းလမ်းရှာရမယ် ထင်တယ်။ ထုတ်ပြန် ချက်တွေ ထုတ်နေတာကတော့ ဘာမှ သက်ရောက်မှု မရှိပါဘူး။ ဘာမှ မပြောတာကမှ ပိုကောင်းဦးမယ်။ ဒီထုတ်ပြန်ချက်တွေ အပေါ်မှာလည်း မြန်မာပြည်သူတွေက အတော်လေး စိတ်ပျက်နေကြပါတယ်။
You may also like these stories :
ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်သဘောထား မပြောင်း
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်စီမံကိန်းများ အမြန်ဆုံးပြန်စရန် စစ်ကောင်စီ မျှော်လင့်
အာဏာသိမ်းတပ်၏ စည်းကမ်းမဲ့ တိုက်ခိုက်မှုများ ရပ်ရန် နိုင်ငံတကာသံရုံးများ တောင်းဆို