ထိုင်းရုပ်သံလိုင်းတခုဖြစ်သည့် Thai PBS တွင် ဒါရိုက်တာ ချတ်ချိုင်း ကတီနတ် ရိုက်ကူး သည့် “From Chao Phraya to Irawadee” (ကျောက်ဖရားမှ ဧရာဝတီသို့) ဒရာမာ စီးရီးကို ယမန်နေ့ညက ပြသသွားသည်။
ထိုင်း- မြန်မာချစ်ကြည်ရေးအတွက် ရည်ရွယ်သည့် အဆိုပါ ဇတ်ကားတွင် မြန်မာသရုပ်ဆောင် မင်းသားဒေါင်းနှင့် အလှ မယ် နှင်းသွေးယုအောင်တို့ ပါဝင်ကာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာမှ စတင်ရိုက်ကူးခဲ့ခြင်းဖြစ်သည်။
ဇတ်လမ်းမှာ ကုန်ဘောင်းခေတ်နှင့် အယုဒ္ဓယ ခေတ်နှောင်းပိုင်းကို အခြေခံထားခြင်းဖြစ်ပြီး ထိုင်းမိန်းကလေး နုချနာ တယောက် ရန်ကုန်တွင် လက်ထောက် စားဖိုမှူး အလုပ်စခဲ့ရာ မိတ်ဆွေ မဇင်ဇင်၊ စားဖိုမှူးခေါင်းဆောင် ပါခွန်တို့နှင့် တွေ့ဆုံ ကာ မြန်မာဘာသာဖြင့် ရေးထားသည့် နန်းတွင်းအီနောင်ဇတ်တော်ကြီး ရရှိပြီးနောက် သူ၏ စိတ်သည် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ကျော် ကုန်းဘောင်ခေတ်ဦး ဆင်ဖြူရှင်မင်းလက်ထက် ယိုးဒယား စစ်သုံ့ပန်းဖြစ်ခဲ့ရသည့် အတိတ်ကို မျောလွင့်သွားပြီး ရာမှ မောင်စ ခေါ် မြဝတီမင်းကြီးဦးစ(မင်းသားဒေါင်း)နှင့် တွေ့ဆုံရသည့် အကြောင်းအရာများ အချစ်အလွှမ်း သမိုင်းကြောင်း ရောယှက်ကာ ရိုက်ကူးထားခြင်းဖြစ်သည်။
ထို့အတွက် ယခုဇတ်လမ်းတွဲတွင် မြဝတီမင်းကြီး ဦးစ(စစ)၏ ဇတ်ရုပ်ကို သရုပ်ဆောင်ခဲ့သည့် မင်းသားဒေါင်းကို ဧရာဝတီ က ဆက်သွယ်ကာ ဇတ်ကားရိုက်ကူးစဉ် အတွေ့အကြုံ အခက်အခဲ၊ နွေဦးတော်လှန်ရေး အပေါ် ထားရှိသည့် ခံယူချက် စသည်များကို ဧရာဝတီက မေးမြန်းထားသည်။
မေး။ ။ ဒီ “From Chao Phraya to Irrawadee” ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ ဖြစ်လာတဲ့ အကြောင်းလေး ပြောပြပေးပါ။ ဘယ်လို စပြီး ကမ်းလှမ်းခံရတာလဲ။
ဖြေ။ ။ ရိုက်ဖြစ်တာက လွန်ခဲ့တဲ့ ၂ နှစ် ဒီလိုအချိန်လောက်ပဲ၊ တခန်း နှစ်ခန်းလောက် ရိုက်ဖြစ်တယ်။ ပြီးတော့ ပြန်လာ တယ်။ ပြန်လာပြီး နောက်တနှစ် ဒီဇင်ဘာလ လောက်မှာ အာဏာမသိမ်းခင် ကိုဗစ် ကွာရန်တင်းတွေဖြစ်ပြီး၊ ကျနော်တို့ နိုင်ငံမှာ ကိုဗစ် ပထမလှိုင်း စနေပြီ။ ဒီဇင်ဘာလောက်မှာ ဒီဘက်ကို ပြန်လာပြီး ရိုက်တယ်ဆိုတော့ ၂ နှစ်လောက် ရှုတင် တည်လိုက်၊ ပထမတနှစ်မှာ ရှုတင်တည် စမ်းရိုက်ကြည့်ပြီး နောက်တနှစ် ဒီဇင်ဘာလလောက်မှာ ကျနော် ဘန်ကောက်မှာ ကွာရန်တင်းဝင်ပြီး ရိုက်ဖြစ်တယ်။
မေး။ ။ ဒီဇာတ်လမ်းမှာ ကိုဒေါင်းက မြဝတီမင်းကြီး ဦးစ နေရာက ပါဝင်တယ်လို့ သိရတယ်။ အဲဒီဇတ်ရုပ် အကြောင်း ပြောပြပေးပါဦး။
ဖြေ။ ။ အဲဒီ ကာရိုက်တာက ကျနော့်အတွက် တော်တော် စိတ်ကူးယဉ်ခဲ့ရတဲ့ ကာရိုက်တာ တခုပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မြဝတီမင်းကြီး၊ မြဝတီစာပေ၊ မြဝတီ ဂီတတွေဆိုတာ ကျနော်တို့ နိုင်ငံမှာ တခေတ်ဆန်း သံဆန်းသီချင်းတွေကို ရေးဖွဲ့ခဲ့တဲ့ သီချင်းရေးဆရာကြီး၊ သူရဲကောင်းတဦးလို့ သုံးသပ်ရမှာပေါ့။ ကျနော် အဲဒီ ကာရိုက်တာကို စိတ်ဝင်စားတယ်။ အနုပညာ၊ နိုင်ငံရေးနဲ့ စစ်ရေးနဲ့ ကြားမှာ သူ ဘယ်လိုနေထိုင် ဖြတ်သန်းခဲ့လဲဆိုတာ ကျနော်တို့ နိုင်ငံမှာ တော်တော် စိတ်ဝင်စားစရာ ကောင်းတယ်။
သူ့ရဲ့ သမိုင်းတွေနဲ့ ပတ်သက်ရင် ထဲထဲဝင်ဝင် သိပ်ပြီးတော့ ရေးဖွဲ့ပြီး မြှောက်စားထားကြတာ သိပ်မတွေ့ရဘူး။ ဒါပေမယ့် သီချင်းတွေ၊ မြဝတီသီချင်းတွေ၊ မြဝတီ ဂီတတွေ ဆိုတာ မြဝတီမင်းကြီး ရေးခဲ့တာတွေကို ဖွဲ့ပြီးတော့ မြဝတီမင်းကြီး သီချင်း တွေလို့ ဆိုကြတာတွေ ရှိတာပေါ့။ သမိုင်းအရဆို ကျနော်တို့ စာအုပ်တွေ တော်တော် ရှာပြီး ဖတ်ရတယ်။ ဘာလို့လဲဆို သိပ်မတွေ့ရဘူး။ ပြီးတော့ ကျနော် စိတ်ဝင်စားတဲ့ အနုပညာသမားတယောက်၊ ဂီတသမားတယောက်၊ နိုင်ငံရေး သမားထဲ မှာလည်း ပါနေတယ် စသဖြင့်ပေါ့။ အဲဒီတော့ ဒီလို ကာရိုက်တာတခုကို ကျနော်တို့ နိုင်ငံအတွက် အရေးပါတဲ့ ကာရိုက်တာ တခု ဖြစ်တဲ့အတွက် ကျနော် စိတ်ဝင်စားတယ်။
ဒါပေမယ့် ဒီဇာတ်ကားမှာ မြဝတီမင်းကြီး ဖြစ်တဲ့အချိန် မဟုတ်သေးဘူး။ စစ ဆိုတဲ့ လူငယ်တယောက်၊ နန်းတွင်းစာရေး အဆင့်လောက်မှာ ရှိသေးတဲ့ လူငယ်တယောက်ရဲ့ ကာရိုက်တာဆိုတော့ ကျနော်တို့ ထင်ထားလောက်တဲ့ထိတော့ မရင့် ကျက်သေးဘူးလို့ ယူဆတယ်။ ဒါပေမယ့် သူက အဲအချိန်မှာတော့ စာပေဂီတတွေ၊ သက္ကတဘာသာတောင် တတ်ကျွမ်း နေပြီဆိုတော့ စာပေဂီတနဲ့ ပတ်သက်ရင် တော်တော် ကျွမ်းကျင်တဲ့ အဆင့်မှာ ရှိနေပြီ။
မေး။ ။ ဒီကာရိုက်တာနဲ့ ပတ်သက်ပြီးတော့ကော ဘာတွေ ပြင်ဆင်ခဲ့ရလဲ။ ဘာတွေ လေ့လာခဲ့ရလဲ။
ဖြေ။ ။ ကျနော် စာအုပ်တွေ တော်တော်ရှာဖွေ ဖတ်ယူရတယ်။ စာအုပ်တွေ ရှာဖတ်တဲ့ နေရာမှာ မြဝတီမင်းကြီးနဲ့ ပတ် သက်ပြီးတော့ City Mart Marketplace က Bookstore တခုမှာ “မြဝတီမင်းကြီး ဦးစ” ဆိုတဲ့ စာအုပ် တအုပ်ကို ကျနော် တွေ့တယ်။ အတ္ထုပတ္တိတွေ ရေးတဲ့ ကောင်တာမှာ တွေ့တယ်။ ရှားရှားပါးပါး တွေ့တာပေါ့။ ဒါပေမယ့် အဲဒီ စာအုပ်မှာက ကျနော် လိုချင်တာတွေ သိပ်မပါဘူး။ ကျနော် သိပြီးသားတွေပဲ ပါတယ်။ ကျနော် လိုချင်တာက သူ့ရဲ့ (မြဝတီမင်းကြီး ဦးစ) စိတ်ကို ကျနော် ဖမ်းမိချင်တာ။ သူ့ရဲ့ ပညာရပ်တွေ၊ သူ့ရဲ့ အနုပညာတွေက ဒီဇာတ်ကားအတွက်ဆို အသုံးမဝင်သေးတဲ့ ကာလ ဖြစ်တဲ့အတွက် ကျနော် သူ့ရဲ့ စိတ်၊ သူ့ရဲ့ ဖြတ်သန်းမှုဘဝ အစကို သိချင်တာ။ ကျနော် ထဲထဲဝင်ဝင် သိချင်တော့ နောက်ထပ် စာအုပ်တအုပ် ထပ်ဖတ်ဖို့ လိုမယ်ဆိုတာ ကျနော် သိတယ်။
အဲဒီတော့ နီးစပ်ရာ ဆရာသမားတွေကို မေးတာပေါ့။ နောက်ဆုံး ဆရာ နေဝင်းမြင့်ဆီမှာ ကျနော် စာအုပ်လေးတအုပ် ရတယ်။ အဲဒီစာအုပ်က တော်တော်ကြာပြီ။ ရွှေပြည် ဦးဘတင် ရေးတဲ့ စာအုပ်ပေါ့။ အဲဒီစာအုပ်ကို ကျနော် ဖတ်လိုက်ရမှ ကျနော် မြဝတီမင်းကြီး ဦးစ (စစ) ရဲ့ ကာရိုက်တာကို ကျနော့်ရဲ့ စိတ်ကူးထဲမှာ အတွေးထဲမှာ နည်းနည်း မြင်သွားတယ်။ အဲဒါ ကျနော့်အတွက် တော်တော် ကျေးဇူးတင်စရာ ကောင်းတယ်။ အဲဒီစာအုပ်က “မြဝတီစာပေ” ဆိုတဲ့ စာအုပ်၊ အဲဒီ စာအုပ်လေးတောင် ကျနော့် Page မှာ ပုံရိုက်ပြီး တင်ထားဖူးတယ်။ တချို့တွေ သတိထားကြမိမယ်။ ကျနော် ကွာရန်တင်း ဝင်တုန်းက အဲဒီစာအုပ် ဖတ်နေတာ။
အဲဒီ ခေတ်ကာလတုန်းက စာအုပ် တအုပ်တည်းနဲ့ ကျနော် မပြီးဘူး။ အဲဒီ ခေတ်တုန်းက အကြောင်းအရာတွေက ကျနော် တို့ နိုင်ငံမှာ စာအုပ်တွေပဲ ရှိတယ်။ ဆရာမြသန်းတင့်ရဲ့ “တောင်သမန် ရွှေအင်းက လေညှင်းဆော်တော့” တို့လို အဲဒီအချိန်က ခေတ်ကို နည်း နည်းလေး အငွေ့အသက်လေး ထင်ဟပ်နိုင်မယ့် စာအုပ်တွေ ပြန်ဖတ်တာပေါ့နော်။ ကျနော် ဖတ်ပြီးသားပါပဲ။
အဲဒီဟာတွေကနေပဲ ကျနော့်ရဲ့ စိတ်ကူးထဲမှာ၊ ကျနော့် အတွေးထဲမှာ မြဝတီမင်းကြီးရဲ့ ဇာတ်ကောင်ကို တည်ဆောက် လိုက်တာပဲ။ ဒါ ပထမ အဆင့်ပေါ့။ နောက်ပိုင်းမှာ ဇာတ်ညွှန်းကို ဖတ်တယ်။ ဇာတ်ညွှန်းနဲ့ ပတ်သက်တဲ့ သမိုင်းအချက် အလက်တွေ ပိုပြီး တိကျခိုင်မာဖို့၊ ကိုယ်သရုပ်ဆောင်တဲ့နေရာမှာ မြဝတီမင်းကြီးရဲ့ (ကျနော် မြဝတီမင်းကြီးလို့ မသုံးတော့ ဘူး) စစပေါ့။ စစရဲ့ ကာရိုက်တာကို စိတ်ကူးထဲမှာပဲ မြင်ရတာဖြစ်တဲ့အတွက် ဒီထက်ပိုပြီး အနီးစပ်ဆုံးတူဖို့ ကျနော် ကြိုး စားချင်တာပေါ့။ ဒါပေမယ့် ကျနော်တို့မှာ အခက်အခဲတွေ အများကြီးရှိတော့ စာအုပ်တွေကိုပဲ အများဆုံး အားကိုးခဲ့ရတာ ပါ။
မေး။ ။ အဲဒီ ကာရိုက်တာအပေါ် စီးမျောနိုင်ဖို့၊ ကာရိုက်တာအကြောင်း ကောင်းကောင်း သိနိုင်ဖို့ အချိန်ဘယ်လောက် ကြာကြာ လေ့လာခဲ့ရလဲ။ သင်ယူခဲ့ရလဲ။
ဖြေ။ ။ ကျနော်တို့ ကိုဗစ် မဖြစ်ခင် လွန်ခဲ့တဲ့၂ နှစ်လောက်မှာ ဒီကားကို စရိုက်တာပေါ့။ ဒါ မရိုက်ခင်မှာတုန်းကတည်းက ကျနော် လေ့လာနေတာ။ တနှစ်လောက် ကြာတာပေါ့။ တနှစ်လောက်ကြာပြီးတော့မှ ကိုဗစ်တွေ ဖြစ်ပြီးတော့ ကိုဗစ်ကာလ ၂၀၂၀ ဒီဇင်ဘာလမှာ ပြန်ပြီး ရိုက်တာ။ ရိုက်တော့ကျလည်း ကိုဗစ် စည်းကမ်းတွေနဲ့ ကျနော် တော်တော် စဉ်းစားရတယ်။ ထိုင်းမှာ လာရိုက်ရတာဆိုတော့ ရိုက်ရင် ကောင်းမလား၊ မရိုက်ရင် ကောင်းမလား။ ဒါပေမယ့် အရှေ့မှာ ရိုက်ပြီးသွားပြီဆို တော့ ဘယ်လိုပဲဖြစ်ဖြစ် ရောက်အောင်သွားပြီး ရိုက်မယ်ဆိုပြီး စဉ်းစား ဆုံးဖြတ်ပြီးတော့ လာလိုက်တယ်။ ကျနော် ယူဆ ထားတာ ၂ လ၊ ၃ လပေါ့။ အဲဒီထက်ပိုပြီး ကြာမယ်လို့ မထင်ထားဘူး။
ဒါပေမယ့် ရောက်ရောက်ချင်း ထိုင်းမှာ ကိုဗစ်လှိုင်းဖြစ်လာတော့ ကွာရန်တင်းဝင်ပြီး ထပ်နားရတဲ့ အခြေအနေပေါ့။ အဲဒီလိုနဲ့ ဒီကာရိုက်တာ တည်ဆောက်တဲ့နေရာမှာ ကျနော် အချိန်တွေ အများကြီး ရတယ်လို့ ပြောချင်တာ။ လွန်ခဲ့တဲ့ တနှစ်လောက် မှာလည်း ရတယ်။ ရိုက်ဖို့အတွက် ဘန်ကောက် ရောက်တဲ့အချိန်မှာလည်း ချက်ချင်း မရိုက်ရဘဲ ကိုဗစ် ကွာရန်တင်းကြောင့် ဘန်ကောက်မှာ Lockdown ချလိုက်တော့ ထပ်ပြီး လေ့လာခွင့်တွေ ရတယ်။
ဒါပေမယ့် ပြဿနာက ဘာလဲဆိုတော့ ကျနော်တို့ နိုင်ငံက ပညာရှင်တွေ၊ သမိုင်းပညာရှင်တွေ၊ စာအုပ်တွေ၊ ပြီးတော့ ကျနော် အားကိုးရတဲ့ ကျနော့်ရဲ့ ဆရာသမားတွေကို ဘာမှ ဆက်သွယ်လို့ မရတဲ့အတွက် အနေအထားတွေ ဖြစ်သွားတဲ့ အရာတွေ အများကြီး ရှိတာပေါ့။ အဲ့ဒါတွေက ကျနော့်အတွက် နစ်နာတယ်။ နောက်ပြီးတော့ ဒီဇာတ်ကားမှာ ကျနော် စိတ်ကူးထားတဲ့ အရာတွေအတွက် နစ်နာမှုတွေ နည်းနည်းတော့ ရှိတာပေါ့။
မေး။ ။ ဒါဆို ဒီဇာတ်ကားက အခက်အခဲတွေ၊ နစ်နာမှုတွေကြားကနေ ဖြစ်လာတဲ့ ဇာတ်လမ်းတွဲပေါ့။
ဖြေ။ ။ ကျနော့်အမြင် ပြောရရင် ဒါစကားလုံးအရ ပြောလို့ အဲဒီစကားတွေ သုံးရတာပေါ့။ ဒါပေမယ့် အဲဒီ အချိန်တုန်းက တော့ ငါနစ်နေပါလားလို့လည်း မယူဆမိဘူး။ အခက်အခဲလို့လည်း မတွေးမိဘူး။ ဘာလို့လဲဆိုတော့ ဒီဇာတ်ကောင်ကို လုပ်ချင်နေတဲ့ စိတ်ပဲ ရှိတာကိုး။ အဲ့တော့ကျ ဒီဇာတ်ကောင်ကိုပဲ လုပ်ဖို့ အာရုံထဲမှာ ထည့်ထားတာ ဒါ အာဏာမသိမ်းခင် ထိပေါ့။ အာဏာသိမ်းပြီးတော့ကျ တော်တော် ရှုပ်ယှက်ခက်ပါတယ်။
မေး။ ။ ဒီဇာတ်လမ်းတွဲက ဘယ်ခေတ် အခြေအနေကို အဓိကထား ရိုက်ကူးထားလဲ။ ဇာတ်လမ်းပုံစံ နည်းနည်းလောက် ပြောပြပေးပါဦး။
ဖြေ။ ။ အကြမ်းအားဖြင့် ပြောရရင်တော့ ခေတ်နှစ်ခေတ် ပါမယ်။ ခေတ်နှစ်ခေတ်မှာ မင်းသမီး တယောက်တည်းကို မြင်ရ မယ်။ အဲဒီမှာ ဒါရိုက်တာရဲ့ Twist တွေ၊ Plot တွေကို ဇာတ်လမ်းကြည့်မှပဲ ခံစားစေချင်တယ်။ ပြီးတော့ နောက်တခုက ကျနော်တို့က ဒီကောင်မလေးရဲ့ စိတ်ပိုင်းဆိုင်ရာအရ အခြေခံတာ ဖြစ်တဲ့အတွက် သမိုင်းကို အရမ်း အတိအကျကြီး မယူ ဘဲ ဇာတ်လမ်းကို ဇာတ်လမ်းအတိုင်း ကြည့်ဖို့တော့ လိုမယ်လို့ ကျနော် ပြောချင်တယ်။ ဘာလို့လဲဆိုတော့ ဒီကောင်မလေး ရဲ့ စိတ်ကနေ အခြေခံပြီး ဖြစ်တည်လာတဲ့ ဇာတ်လမ်း ဖြစ်တဲ့အတွက်ပါ။
မေး။ ။ ဒါဆို ဒီဇာတ်လမ်းက ချစ်ခြင်းမေတ္တာကို အဓိက အသားပေး ပုံဖော် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလို့ ပြောလို့ ရမလား။
ဖြေ။ ။ ချစ်ခြင်းမေတ္တာဆိုတာက ကျနော် အဓိပ္ပာယ် နည်းနည်းလေး ဖွင့်ပြောချင်တာပေါ့။ ဒီဇာတ်ကားမှာပါတဲ့ ချစ်ခြင်း မေတ္တာ ဆိုတာ လူတယောက်နဲ့ တယောက်ကြားက ချစ်ခြင်းမေတ္တာတခုတည်း မဟုတ်ဘူး။ ချစ်ခြင်းမေတ္တာဆိုတာ နည်း နည်းလေး နက်နက်နဲနဲ ရှည်ရှည်ဝေးဝေး တွေးမယ်ဆိုရင် အမုန်းတရားလည်း ပါနေတယ်။ ချစ်ခြင်းမေတ္တာမှာ အမုန်း တရားက မပါလို့ မရဘူး။ ဒီထဲမှာ အမုန်းတရားတွေပါမှ ချစ်ခြင်းမေတ္တာက လူတွေကို ပိုပြီး တန်ဖိုးထားမိစေမှာပေါ့။ အမုန်း တရားတွေကြားကပဲ ဖြစ်တည်လာတဲ့ ချစ်ခြင်းမေတ္တာလည်း ရှိတယ်။ လူတွေက ကိုယ့်ခံစားချက်၊ ကိုယ့်ရဲ့ ရပ်တည်ချက် တွေနဲ့ ဖြတ်သန်းရတဲ့အခါမှာ နိုင်ငံရေးတွေလည်း ပါတယ်။ နိုင်ငံရေးဆိုတာလည်း ကျနော်တို့ အနုပညာနဲ့ ဖန်တီးတင်ဆက် တာ ဖြစ်တဲ့အတွက် အဲဒီခေတ်က နှစ်နိုင်ငံရဲ့ စိတ်ခံစားမှုတွေ၊ နှစ်နိုင်ငံရဲ့ တဖက်အပေါ် တဖက်ထားတဲ့ သဘောထားတွေ ကို အနည်းအကျဉ်းလေး ထုတ်ပြပြီးတော့ အနုပညာကို အခြေခံပြီးတော့ အဲဒီ ခေတ်မှာရှိတဲ့ အနုပညာ၊ အနုလက်ရာတွေ ကို ပိုပြီးတော့မှ ထုတ်နုတ် ပြသတယ်လို့ ပြောရမှာပေါ့။
မေး။ ။ ရာဇဝင်သမိုင်းကြောင်းဆိုင်ရာနဲ့ ပတ်သက်ပြီးကော ဘယ်လို အကြောင်းအရာတွေ ပါမလဲ။
ဖြေ။ ။ အထူးသဖြင့် အီနောင်ဇာတ်ဗျ။ အီနောင်ဇာတ်ကို အဓိက အနည်းအကျဉ်း အခြေခံထားတာပေါ့။ အီနောင်ဇာတ်က ထိုင်းကနေ လာတယ်။ အီနောင်ဇာတ်နဲ့ ပတ်သက်ပြီး အခြေခံထားတဲ့ သမိုင်းကြောင်းလောက်ပဲ ပါလိမ့်မယ်ဗျ။ ဘာလို့လဲ ဆိုတော့ စစရဲ့ သမိုင်းကြောင်း တခုလုံးကို ရိုက်ပြမယ်ဆိုရင် အင်မတန်မှ ခက်ခဲ နက်နဲလိမ့်မယ်။ အင်မတန်မှ ရှုပ်ထွေးလွန်း မယ်လို့ ကျနော် ထင်ပါတယ်။ ကျနော်တို့က ဒီဇာတ်ကားမှာ ချစ်ခြင်းမေတ္တာနဲ့ လူတွေရဲ့ စိတ်ခံစားချက်တွေ၊ အနုပညာတွေ အဲဒါတွေကို စုဖွဲ့ပြီးတော့မှ တင်ဆက်ထားတာဖြစ်တဲ့အတွက် ဒါရိုက်တာရဲ့ ရည်ရွယ်ချက်က နှစ်နိုင်ငံရဲ့ ချစ်ကြည် ရင်းနှီးမှု ပေါ့။ ပြီးတော့ စစ်ပွဲတွေဆိုတာ ဘယ်တုန်းကမှ မကောင်းခဲ့ဘူးဆိုတဲ့ အရာတွေကို ပြောချင်တာဖြစ်တဲ့အတွက် အဲဒီ အပေါ် မှာ အခြေခံပြီးတော့ အနုပညာတွေကို တည်ဆောက်ထားတာပေါ့။ ရာဇဝင်အရဆိုရင် စစက အီနောင်ဇာတ်ကို ဘာသာ ပြန်တုန်းက အခိုက်အတန့် တခု၊ အပိုင်းလေး တခုကို ရိုက်ပြတာပေါ့။ ဒါပေမယ့် ကျနော် ထင်တယ်။ ကျနော်တို့ ဒီထက်ပို ပြီး ရိုက်လို့ရတာပေါ့။
မေး။ ။ ဒီဇာတ်လမ်းက ထိုင်း-မြန်မာ ချစ်ကြည်ရေးအတွက် ရိုက်ကူးထားတာဆိုတော့ အဲဒီအကြောင်းလည်း ပြောပြပေး ပါဦး။
ဖြေ။ ။ ချစ်ကြည်ရေးဆိုတဲ့ သဘောမှာ အနုပညာတခုကို ဖန်တီးတာကိုက Collaborate (ပူးပေါင်းဆောင်ရွက်) လုပ်တာ ပေါ့။ အဲဒါကိုက ချစ်ကြည်ရေး သဘောဖြစ်တယ်။ ဒါက နှစ်နိုင်ငံကြားမှာ “ကျောက်ဖရားမှ ဧရာဝတီသို့” ဆိုတဲ့ ဇာတ်ကား လေး ရိုက်တာကြောင့် ဇာတ်ကားနာမည်ကိုက သိသာပါတယ်။ နောက်တခုကကျတော့ ဒီဇာတ်ကားမှာပါတဲ့ အနှစ်သာရ ကလည်း အနုပညာတွေရဲ့ နှီးနှောဖလှယ်မှု၊ အနုပညာတွေရဲ့ ဒီကမာ္ဘမှာ စီးဆင်းမှုတွေ၊ အထူးသဖြင့် ဥပမာ-ရာမာယဏ ရှိတယ်၊ အီနောင် ရှိတယ်။ အရှေ့တောင်အာရှရဲ့ တနိုင်ငံ၊ တနယ်တဖျားကို စီးဆင်းနေတဲ့ အနုပညာ ဆက်နွယ်မှုတွေ ဆိုတာ ကူးချီသန်းချီ ဖြစ်နေတယ်ပေါ့။
အဲဒါတွေက ဆက်နွယ်နေမှု ဆိုတဲ့အရာ၊ အဲဒီ ဆက်နွယ်နေမှုမှာ ချစ်ခြင်းမေတ္တာ ပါပြီးသား။ ချစ်ခြင်းမေတ္တာကနေ လူတွေ ကို ယဉ်ကျေးမှုလာအောင် အနုပညာတွေနဲ့ ပြခဲ့ကြတယ်။ လူတွေကို ဒီထက်ပိုပြီး သိမ်မွေ့လာအောင် အနုပညာတွေနဲ့ ကပြပြီး အဲဒီခေတ်မှာတုန်းက ဖန်တီးခဲ့ကြတဲ့ အရာလေးတွေပေါ့။ ဒါပေမယ့် တချို့ ဘုရင်တွေရဲ့ စစ်ပွဲတွေ၊ ဆာလောင်မှု တွေ စသဖြင့် အများကြီးပေါ့။ အဲဒီ အများကြီးထဲမှာမှ ကျနော်တို့ ဒီအနုပညာကို အဓိက အခြေတည်ပြီး တည်ဆောက် ထားတဲ့ ဇာတ်ကားတကားလို့ ကျနော် ပြောချင်တယ်။
မေး။ ။ ဒီဇာတ်ကား ရိုက်ကူးစဉ်မှာ ထိုင်းအနုပညာရှင်တွေနဲ့ အလုပ်တွဲလုပ်ရတဲ့အခါ သူတို့ဆီက သင်ယူရတဲ့ အပိုင်းတွေ ဘာတွေ ရှိမလဲ။ နောက်ပြီး ထိုင်း ဒါရိုက်တာတွေ၊ Actor တွေနဲ့ အလုပ် လုပ်ရတဲ့အခါ မြန်မာပြည်နဲ့ ဘာတွေ ကွာခြားမှု ရှိမလဲ။
ဖြေ။ ။ ကျနော့် စိတ်ထဲမှာတော့ ဘာမှ မကွာဘူး။ ပြီးတော့ ကျနော်က ဒီကို သင်ယူမယ်လို့ လာတာ မဟုတ်တဲ့အတွက် ကျနော့် စိတ်ထဲမှာ သင်ယူမယ်လို့လည်း မတွေးမိဘူး။ ကျနော် တွေးမိတာ တခုပဲ။ ကျနော် ဒီ စစဆိုတဲ့ ကာရိုက်တာကို ဘယ်လို အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်မလဲ။ ငါ တာဝန်ကျေအောင် (တာဝန်ဆိုတာထက်) ကျနော် လုပ်ချင်တာ ပေါ့။ ဒီကာရိုက်တာကို ကျနော် လုပ်ပြချင်တယ်။ ကျနော် လေ့လာထားသလောက် ဒီကာရိုက်တာကို ဖန်တီးပြချင်တယ်။ ဒီအနုပညာဇောတခုပဲ ကျနော့်မှာ ရှိတယ်။ ဒီကိုလာတာလည်း အဲဒီ ဇောတခုတည်းနဲ့ လာတာပဲ။ ဒီဇာတ်ကားကို လက်ခံ တာလည်း အဲဒီဇောတခုကြောင့်ပဲ။ ကျနော် ဒီထက်ပိုပြီး မရှိဘူး။ ဒါပေမယ့် ဘာရှိလဲဆို ရိုက်ရတဲ့အခါမှာ အားမလို အားမရ ဖြစ်တဲ့ အပိုင်းတွေ ရှိတယ်။ ဒီနေရာ ဒီလို အခန်းတွေသာ ကိုယ့်နိုင်ငံမှာ ရိုက်ရရင် ဘယ်လောက် ကောင်းလိုက်မလဲ ဆိုတဲ့ အရာတွေပေါ့။ အဲဒါတွေကိုတော့ အမြဲတမ်း အားမလို အားမရ ဖြစ်ရတယ်။
မေး။ ။ ဇာတ်လမ်း ရိုက်ကူးစဉ်က အမှတ်တရနဲ့ အခက်အခဲတွေ အကြောင်းလည်း သိချင်ပါတယ်။
ဖြေ။ ။ အခက်အခဲကတော့ ခုနက ကျနော် ပြောသလိုပဲ။ ကျနော်တို့ နိုင်ငံမှာ လာရိုက်မယ့် ဆင်းန်တွေကို ကျနော် ပိုပြီး တော့ မျှော်လင့်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီတုန်းက မန္တလေးတို့၊ စစ်ကိုင်းတို့ဘက်မှာ ရိုက်မယ်ဆိုရင် ဒီဇာတ်ကား က အဲဒီ အငွေ့အသက်တွေ၊ အနှစ်သာရတွေ ပိုပြီး ကူးစက်မိမှာပေါ့။ အဲဒီ နေရာတွေမှာ မရိုက်ခဲ့လိုက်ရတဲ့အရာတွေက ကျနော့် အတွက်တော့ ဖီလင်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာ၊ ကာရိုက်တာဆိုတော့ စိတ်ခံစားချက်က ဆင်းသက် လာတာဆိုတော့ အဲဒီအပိုင်းမှာ ကျနော် နည်းနည်း အားမလို အားမရ ဖြစ်မိတယ်။
ကျနော်တို့က စတူဒီယိုထဲမှာ အချိန်ကုန်တာများတဲ့အတွက် ကျနော်တို့ ဒီလို အငွေ့အသက်ရှိတဲ့ နေရာ၊ ကိုယ့်နိုင်ငံမှာ ရိုက် မယ်ဆိုရင် ကျနော့် စိတ်ခံစားချက်တွေ၊ ကျနော့် စိတ်ဝိညာဉ်တွေက ဒီထက်ပိုပြီး ကွန့်မြူးလိမ့်မယ်လို့ ယုံကြည်နေမိတယ်။ အဲဒီလို ယုံကြည်နေမှုရဲ့ နောက်ကွယ်မှာ ကိုယ်ဖြစ်ချင်တိုင်း မဖြစ်ရအောင် ဖျက်ဆီးခဲ့တဲ့အရာတွေကို နေရင်းထိုင်ရင်း အကုသိုလ်များပြီး မေတ္တာ ပို့နေမိတာပေါ့။ အဲဒီ လူတွေ (အာဏာသိမ်း စစ်ကောင်စီ) ကို။ အဲဒါ အခက်အခဲဆုံးပဲ။
မေး။ ။ ဒါဆို အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ ရိုက်ရမယ့် ဇာတ်ဝင်ခန်းတွေ သွားမရိုက်ဖြစ်လိုက်ဘူးပေါ့။
ဖြေ။ ။ ဟုတ်တယ်ဗျ။ ကျနော်တို့ မြန်မာနိုင်ငံမှာ ရိုက်မယ့် Location Scout တွေကို လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက လာလုပ်ပြီးပြီ။ အဲဒါအတွက်လည်း Location နဲ့လည်း ကိုက်ညီမယ့် ဇာတ်ဝင်ခန်းတွေ၊ ဇာတ်လမ်းတွေ၊ Plot တွေ တည် ဆောက်ထားတယ်။ တည်ဆောက်ထားတဲ့ နေရာမှာ အများကြီးပဲ။ ကျနော်ကိုယ်တိုင်လည်း မျက်လုံးထဲမှာ မြင်မိတယ်။ ကျနော် ကိုယ်တိုင်လည်း အဲ့အရပ်မှာ ကြီးပြင်းခဲ့တဲ့သူဆိုတော့ အဲဒီ အငွေ့အသက်တွေကို ကျနော် ကောင်းကောင်း ခံစား မိတာပေါ့။ မြေကြီးတွေ၊ အငွေ့အသက်တွေ၊ သစ်ပင်တွေ၊ အဲဒီ မြစ်တွေကို ကျနော်တို့က ဘယ်လောက်ပဲ ကောင်းမွန် အောင် လုပ်တယ်ပြောပြော အစစ်နဲ့တော့ မတူနိုင်ဘူးလေ။ ထားပါတော့ ကျနော်တို့ အဲဒါတွေ ဆုံးရှုံးသွားတယ်။
အမှန်တော့ အဲဒါတွေက အနုပညာဆိုတဲ့ စိတ်ခံစားချက်ကနေ စီးဆင်းလာတဲ့ အငွေ့အသက်တွေ ရှိပြီးသားပေါ့နော် အဲ
ဒီ နေရာတွေမှာ။ အဲဒါတွေကို ကျနော်တို့ မပေးလိုက်နိုင်ဘူး။ မပေးလိုက်နိုင်တဲ့အရာကို ကိုယ်ကိုယ်တိုင် အရင် ခံစားရတာ။ ကြည့်တဲ့ ပရိသတ်က နောက်မှ ခံစားရမှာပေါ့။ ကိုယ်ကိုယ်တိုင်က အဲဒီ အငွေ့အသက်တွေကို မထိတွေ့လိုက်ရတဲ့အတွက် ပရိသတ်နေရာက တွေးကြည့်ရင်လည်း အင်တင်တင်ကြီးပေါ့။ ဒီထက်ပိုပြီး ဖြစ်စေချင်တာပေါ့။ အဲဒီတော့ ဒီလူတွေ (အာ ဏာသိမ်း စစ်ကောင်စီ) ရဲ့ ယုတ်ညံ့မှုကို ပိုပြီး မြင်ရတာပေါ့။
မေး။ ။ အဲဒီလို ရိုက်ခွင့်မရတဲ့အတွက် ဇာတ်လမ်းရဲ့ အနှစ်သာရ လျော့နည်းသွားတယ်လို့ မြင်မိလား။
ဖြေ။ ။ အဲ့လိုတော့ မမြင်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဒါကျနော်တို့ ခံစားချက်ပေါ့။ ကျနော်တို့ မြန်မာပြည်သူတွေရဲ့ ကိုယ်ပိုင် ခံစားချက်လို့ ပြောရင်လည်း ရတယ်။ ဘာပဲဖြစ်ဖြစ် အဲ့နေရာမှာ ရိုက်ရင် ဒီထက်ပိုကောင်းတဲ့ အငွေ့အသက်တွေ ပိုရမှာပေါ့ဗျာ။ ဒီထက်ပိုကောင်းတဲ့ ပုံရိပ်တွေ၊ ဒီထက်ပိုကောင်းတဲ့ အလှတရားတွေ ပိုရမှာပေါ့။ အခုကျတော့ အဲဒီလောက် မရတော့တဲ့ သဘောပဲ ရှိတာပေါ့။ ဒါပေမယ့် ဇာတ်လမ်းကိုတော့ အကောင်းဆုံး ကြိုးစားထားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ဇာတ်ကားတကား ရိုက်မှတော့ အနုပညာ ဖန်တီးမှတော့ မကောင်းဘဲနဲ့တော့ ကျနော်တို့ လက်မလွှတ်ချင်ဘူး။ ကိုယ့်ကိုယ်ကိုယ် တသက်လုံး နောင်တရနေမယ့် အဖြစ်မျိုး မဖြစ်ချင်ဘူး။ ကျနော် အကောင်းဆုံး ကြိုးစားတယ်။ ကောင်း၏ မကောင်း၏ကတော့ ရုပ်ရှင်ကြည့်တဲ့ ပရိသတ်တွေ ဆုံးဖြတ်မယ်။ ကျနော် ဆုံးဖြတ်လို့ မရဘူး။ ကျနော် ကောင်း ပါတယ်လို့တော့ ပြောလို့ မရဘူး။
မေး။ ။ ဒေါင်းရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှုနဲ့ ရှေ့ဆက်လုပ်မယ့် အနုပညာအလုပ်တွေ အကြောင်းလည်း သိချင်ပါ တယ်။
ဖြေ။ ။ ရှေ့ဆက်ပြီး ကျနော် အနုပညာနဲ့ ပတ်သက်ပြီးတော့ ပြောစရာ မရှိသေးဘူး။ ဘာလို့လဲဆိုတော့ ဒါ လုပ်လက်စ အလုပ်တခု၊ ကျနော် လက်ခံထားပြီးသား၊ စာချုပ်ချုပ်ထားပြီးသား ကျနော် တာဝန်ယူထားပြီးသား အလုပ်တခုအောင် ပြီး ဆုံးအောင် လုပ်ဖို့ ကျနော့်မှာ တာဝန်လည်း ရှိတယ်။ စိတ်ဆန္ဒလည်း ရှိတယ်။ ဒါ လုပ်ကိုလုပ်ရမယ်လို့လည်း ကျနော် ယူဆ တယ်။ ဒါ တခြားနိုင်ငံက လူတွေနဲ့ အလုပ်လုပ်ရတာ ဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံက လူတွေက အလုပ်နဲ့ ကိုယ်ရေး ကိုယ် တာ ရောတယ်ဆိုတဲ့ ပုံစံမျိုးလည်း ကျနော် မမြင်ချင်ဘူး။ ကျနော် ကိုယ်တိုင်လည်း အဲဒီလို အဖြစ်မခံနိုင်တဲ့အတွက် ဒီဇာတ်ကားကို အကောင်းဆုံးဖြစ်အောင်၊ ပြီးဆုံးအောင် ရိုက်တာပေါ့။
ကံတရားကိုတော့ ကျနော် မပြောလိုဘူး။ ဒါပေမယ့် ကျနော့်ရဲ့ ကိုယ်ပိုင် အခု လက်ရှိ စိတ်အရတော့ အနုပညာတွေထက် တော်လှန်ရေးကို ပိုစိတ်ဝင်စားတယ်။ တော်လှန် ရေးမှာ ကျနော် ဘယ်လို နည်းလမ်းနဲ့ ကူညီရမလဲ။ ပြည်သူတွေကို ဘယ်လို နည်းလမ်းနဲ့ ကျနော်တို့ ဝိုင်းဝန်းပြီး ကူညီရမလဲ။ အခုချိန်မှာလည်း ကျနော်တို့အတွက် အရေးကြီးတာလည်း တော်လှန်ရေးပဲ။ ဒီအရာ ပြီးဆုံးမှ၊ ဒါအောင်မြင်မှ ကျနော်တို့ လုပ်ချင်တာ ဆက်လုပ်လို့ရမှာ။ အနုပညာ လှုပ်ရှားမှုဆိုတာ ဒီဟာ အောင်မြင်မှုနဲ့ ဆက်နွယ်နေတယ်။ ဒီတော်လှန်ရေး မအောင်မြင်သေးတော့ အနုပညာ လှုပ်ရှားမှုတွေ ရှိနိုင်မှာ မဟုတ်ဘူးလို့ ကျနော် ပြောချင်တာပါ။
မေး။ ။ ဒေါင်းက အနုပညာအလုပ်တွေအပြင် တော်လှန်ရေးမှာလည်း ထဲထဲဝင်ဝင် ပါဝင် ပေးနေတာ တွေ့ရတယ်။ တချို့ အနုပညာရှင်တွေလည်း တော်လှန်ရေးကို အပြီးတိုင် ပါဝင်သွားတာ တွေ့ရတယ်။ အဲဒီတော့ အနုပညာရှင်နဲ့ တော်လှန်ရေး ရဲ့ ဆက်စပ်မှုအပေါ် ဒေါင်းရဲ့ ခံယူချက်၊ အယူအဆလည်း သိချင်ပါတယ်။
ဖြေ။ ။ အဲဒီနေရာမှာ ကျနော် အနုပညာရှင်ဆိုတာကို မသုံးချင်ဘူး။ ဒါ လူသားဆန်တဲ့ အမှန်တရားနဲ့ အဓမ္မတရားကိုပဲ ကျနော် သုံးရမှာပေါ့။ အနုပညာရှင်တွေ ဘာတွေဆိုတာ ကျနော်တို့ အလုပ်တွေကို ကိုယ်စားပြုတဲ့ ခေါင်းစဉ်တွေပေါ့။ အဲဒီ အလုပ်တွေက ကျနော်တို့အတွက် ဒီတော်လှန်ရေးကြီး ဖြစ်တဲ့အချိန်မှာ ပြီးနေပြီပေါ့။ အဲဒီတော့ ကျနော်တို့ ခေါင်းစဉ်က အနုပညာ ခေါင်းစဉ်အောက်မှာ မဟုတ်ဘူး။ ကျနော်တို့ ပြည်သူတွေ ကိုယ့်တာဝန်ကိုယ် ကိုယ်လုပ်နိုင်သလောက် ကိုယ့် အဝန်းအဝိုင်းနဲ့ ကိုယ် ကြိုးစားပြီး။ တာဝန်ယူကြရတာပေါ့။
ဒါက ကျနော်တို့ ဘာအတွက်မှ မဟုတ်ဘူး။ အမှန်တရားအတွက်ပဲ။ ဘာလို့လဲဆို အသိဉာဏ် မရှိတဲ့လူတွေ ပြောသလို ဗျာ။ ဘာဝါဒမှလည်း မဟုတ်ဘူး။ ဘာအကြောင်းနဲ့မှလည်း မဟုတ်ဘူး။ ရိုးရိုးလေး တွေးလို့ရတယ်။ ကျနော်တို့ နိုင်ငံမှာ ဒီမတရားမှု ရှိတယ်ဆိုတာ တကမာ္ဘလုံးကို အော်ပြောဖို့ လိုတယ်။ တကမာ္ဘလုံး သိဖို့ လိုတယ်။ လူ့အဖွဲ့အစည်း သိဖို့ လိုတယ်။ လူ့အဖွဲ့အစည်းသိပြီဆိုရင် လူ့အဖွဲ့အစည်းက ဒီမတရားလုပ်တဲ့ကောင်တွေကို ချေမှုန်းလိုက်ဖို့ပဲ။
ကျနော်တို့တွေက တချိန်လုံး အော်ရမယ်။ အော်ရုံကလွဲပြီး နောက်ထပ် လုပ်စရာက ကျနော်တို့ တိုက်ဖို့ပဲ ရှိမယ်။ အဲဒီ ၂ ခုကို ကျနော်တို့ ဘယ်လို နည်းလမ်းနဲ့ လုပ်မလဲ။
ပြီးတော့ ကျနော်တို့က ပြည်သူနဲ့ ရပ်တည်တဲ့ အလုပ်လုပ်တာဖြစ်တဲ့အတွက် ကျနော်တို့ ပြည်သူတွေကို ဘယ်လို နည်း လမ်းနဲ့ ကူညီမလဲ။ သူတို့ စိတ်အဆင်ပြေသွားဖို့၊ သူတို့ စိတ်တွေမှာ ခွန်အားတွေ ရသွားဖို့ ကျနော်တို့ ဘာလုပ်ကြမလဲ။ ဒါပဲ ကျနော်တို့ တွေးတယ်။ ကျနော်အပြင် ကျန်တဲ့သူတွေလည်း ဒီလိုပဲတွေးတယ်လို့ ကျနော် ယုံကြည်တယ်။ ဒါအမှန်တရား ပဲလေ။ အမှန်တရားဖြစ်တဲ့အတွက် မှားလား၊ မှန်လား ဘယ်တော့မှ နောက်လှည့်ကြည့် စဉ်းစားနေမှာ မဟုတ်ဘူး။ မှန်တယ် ဆိုတာ ကျနော် ယုံကြည်တယ်။
မေး။ ။ ဒေါင်းရဲ့ နိုင်ငံရေး အပေါ်ထားတဲ့ ခံယူချက်လည်း သိချင်ပါတယ်။
ဖြေ ။ ။ နိုင်ငံရေးဆိုတာ ကျနော်ကိုယ်တိုင်က ကျနော်တို့ နိုင်ငံမှာ ကြီးပြင်းတယ်။ ဒီနိုင်ငံမှာ ထမင်းစားတယ်။ ဒီနိုင်ငံမှာ ရေသောက်ပြီး ဒီနိုင်ငံမှာ ကြီးပြင်းခဲ့ပြီး ဒီနိုင်ငံကို ချစ်တယ်။ ဝေးနေတဲ့အချိန်မှာ ပိုချစ်တာပေါ့။ ဝေးနေတဲ့အချိန်မှာ ပိုလွမ်း တယ်။ ကိုယ့်ပြည်သူ၊ ကိုယ့်လူမျိုးတွေကို ပိုပြီးတော့မှ သတိရတယ်။ သတိရလေ ပိုပြီးတော့ စိတ်တိုမိလေ၊ ပိုပြီးတော့ အဓမ္မဝါဒီ သမားတွေကို ချေမှုန်းချင်လေပဲ။ ဒါ မှန်ကန်တဲ့ လောက ဓမ္မတာပဲ။ လူတိုင်းဖြစ်မှာပဲ။ ကျနော်မှ ဖြစ်တာ မဟုတ် ဘူး။
ဒီနိုင်ငံမှာ ဖြစ်နေတဲ့ မတရားမှုအတွက် ဒီနိုင်ငံက ပြည်သူတယောက်အနေနဲ့ လုပ်ကိုလုပ်ရမှာပဲ။ ဒါ ဘယ်သူ မြှောက် ပေးတာနဲ့မှ မဆိုင်ဘူး။ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပဲ။ လူတိုင်းက ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ် လုပ်ကြတာဆိုတော့ ကျနော် ကိုယ်တိုင် ကျနော့် ရွေးချယ်မှုနဲ့ ကျနော် ဒီလမ်းကို ပြီးဆုံးတဲ့အထိ လျှောက်ဖို့ ဆုံးဖြတ်ထားတယ်။ အဲ့အတွက် ကျနော် ပြည်သူတွေကို ဘယ်လို ကူညီပေးနိုင်မလဲ၊ ပြည်သူနဲ့အတူ ဘယ်လို ရပ်တည်ပေးနိုင်မလဲ အဲဒါပဲ စဉ်းစား ဆုံးဖြတ်တယ်။ အထူးသဖြင့် ဒီအာဏာရူးတွေ ကျနော်တို့ နိုင်ငံမှာ၊ ဒီခေတ် ဒီကာလမှာ လုံးဝ ပျောက်သွားဖို့ ကျနော် မျှော်လင့် တယ်။
မေး။ ။ နောက်ထပ် ဘာများ ဖြည့်စွက် ပြောချင်ပါသေးလဲ။
ဖြေ။ ။ ဇာတ်ကားနဲ့ ပတ်သက်လို့ သိပ်ပြီး ဖြည့်စွက်ပြောစရာ အကြောင်း မရှိတော့ပါဘူး။ ကျနော်တို့ ဆုံးရှုံးခဲ့တဲ့ အရာတွေ အားလုံးရဲ့ အဓိက တရားခံက ဒီအာဏာရူးတွေကြောင့်ပဲလို့ ကျနော် စာလေး ရေးပြီး ပြောဖူးတယ်။ အခု ပါးစပ်က ထပ် ပြောတာပေါ့။ ဘာလို့ အဲဒီလို ထပ်ပြောလဲဆိုရင် ဒီလူတွေ အာဏာသိမ်းတဲ့အချိန်မှာ ကျနော်တို့ ဇာတ်လမ်း စရိုက်နေရတဲ့ အချိန်၊ ကျနော်တို့ နိုင်ငံမှာရှိတဲ့ ပညာရှင်တွေ၊ ကျနော်တို့ နိုင်ငံမှာ ရှိတဲ့ ဒီရာဇဝင်တွေကို သိတဲ့သူတွေကို ဘာမှ အကူ အညီ တောင်းခွင့် မရတော့ဘူး။ ဘာမှ မေးမြန်းခွင့် မရတော့ဘူး။ အကနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ဇာတ်နဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ ဇာတ်တော်တွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် မြန်မာ့ အငွေ့အသက်တွေနဲ့ ပတ်သက်ပြီး ဒီထက်ပိုပြီး လုပ်နိုင်ရဲ့သားနဲ့ ဘာမှ လုပ်ပိုင်ခွင့် မရတော့ဘူး။
ဒါပေမယ့် တတ်နိုင်သလောက် ကျနော်တို့ ကြိုးစားပြီး၊ ကိုယ်လက်လှမ်းမီသလောက် လုပ်တယ်ဆိုပေမယ့် တကယ် ပညာ ရှင်တွေနဲ့ နှီးနှော တိုင်ပင်ပြီးတော့မှ ဒီထက်ပိုပြီး အကောင်းဆုံးတွေ လုပ်နိုင်ရဲ့သားနဲ့ မလုပ်နိုင်ရတဲ့ အကြောင်းအရင်း၊ ကိုယ့်နိုင်ငံမှာ လာမရိုက်ရတဲ့ အကြောင်းအရင်းတွေက ဒီအာဏာရူးတွေကြောင့် ဆုံးရှုံးခဲ့ရတဲ့ အရာတွေ ဖြစ်တဲ့အတွက် ကျနော်တို့မှာ အများကြီး နစ်နာတာတွေ ရှိပါတယ်။ အဲဒီ နစ်နာမှုက ကျနော့် တယောက်တည်း နစ်နာမှု မဟုတ်ဘူး။ ဒီအနု ပညာနဲ့ ပတ်သက်ပြီး မျှော်လင့်ထားတဲ့အရာကို ရာခိုင်နှုန်း အပြည့်အဝ မပေးနိုင်တာပေါ့။ အဲဒါ တခုက တော်တော် နစ်နာ စရာ ကောင်းတာပါ။ ကြည့်တဲ့သူတွေကို ဒီထက်ပိုပြီး အကောင်းဆုံး ကြည့်စေချင်တာတော့ ရုပ်ရှင်ရိုက်တဲ့သူတွေရဲ့ စေတ နာပေါ့။
ကျနော် ပြောချင်တာကတော့ ကျနော်တို့တွေ ဘာပဲဖြစ်ဖြစ် ဒီအာဏာရူးတွေကို ချေမှုန်းပြီးမှသာလျှင် ကျနော်တို့ရဲ့ အနာ ဂတ်တွေ ပြန်ပြီးတော့ ပိုင်ဆိုင်မှာဖြစ်တဲ့အတွက် အခုလက်ရှိ အနာဂတ်တိုင်းမှာ ဒီအာဏာရူးတွေကို ချေမှုန်းမယ့် လမ်းကိုပဲ ကျနော်တို့ သွားရမယ်။ အဲဒါသာလျှင် ကျနော်တို့ရဲ့ ထွက်ပေါက်၊ ကျနော်တို့ရဲ့ အနာဂတ်ဆိုတာ သိစေချင်တယ်။ အဲဒီလို ချေမှုန်းလိုက်မှ ကျနော်တို့ရဲ့ အနာဂတ်တွေ ပြန်ရမှာ။ ကျနော်တို့ရဲ့ မျှော်လင့်ချက်တွေ ပြန်ပိုင်ဆိုင်နိုင်မှာ။ လူငယ်တွေရဲ့ အိပ်မက်တွေ ပြန်လည် ပိုင်ဆိုင်မှာ။ အဲဒီတော့ အားလုံး လူဝိုင်းဝန်းပြီးတော့ ဖျက်ဆီးလိုက်ရအောင်၊ ဝိုင်းဝန်းပြီး ချေမှုန်း လိုက်ကြရအောင်လို့ပဲ ကျနော် ဒီကနေ ထပ်ပြီးတော့ ပြောချင်ပါတယ်။ ။
You may also like these stories :
Rebel Riot Band ရဲ့ ဖက်ဆစ်ဆန့်ကျင်ရေးသီချင်း “Bella Ciao”
သရုပ်ဆောင် ပိုင်တံခွန်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်