မောင်တော ဘူးသီးတောင် ခွဲထွက်မယ် ဆိုတာ ကလေးကလား စကားတွေပါ

ဧရာဝတီ
စာရေးဆရာ ဦးအောင်ခင် (စစ်တွေ)

ရခိုင်ပြည်နယ်အတွင်း ရခိုင် တိုင်းရင်းသားများနှင့် မွတ်စလင် ကျေးရွာသားတို့မှာ ၂၀၁၂ ခုနှစ် အရေးအခင်းကာလ နောက်ပိုင်းကတည်းက ကူးလူး ဆက်ဆံမှု ပြတ်တောက်သွားပြီး နှစ်ဖက်စလုံး သံသယများဖြင့်သာ နေထိုင်ခဲ့ကြသည်။ ၂၀၁၆ – ၂၀၁၇ ခုနှစ် မောင်တောအရေးအခင်း ဖြစ်ပေါ်မှုကြောင့်လည်း ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်တို့မှာ ပို၍ပင် စည်းခြားသကဲ့သို့ ဆက်ဆံ သွားလာမှုများ မရှိကြတော့ပေ။

၂၀၁၈ ခုနှစ်နှင့် ၂၀၂၀ အတွင်း ဖြစ်ပွားခဲ့သော ရခိုင်စစ်ပွဲ ကာလအတွင်း မွတ်စလင်များကဲ့သို့ ရခိုင်ကျေးရွာသားတို့မှာ ရွာလုံးကျွတ် မီးရှို့ခံရမှု၊ အိုးအိမ်များကို စွန့်ပစ်ကာ ဒုက္ခသည်စခန်းများသို့ ရောက်ရှိခဲ့ကြပြီး လူမျိုးနှစ်မျိုးစလုံး ဒုက္ခပေါင်းမျိုးစုံ ခါးစည်းခံရကာ ထိုဖြစ်စဉ်များနောက်ပိုင်း နှစ်ဖက်လူမှုအသ်ိုင်းအဝိုင်းတွင်လည်း တစတစ ယခင်အတိုင်း ကူးလူးဆက်ဆံ လာမှုကို ပြန်လည် မြင်တွေ့ရသည်။

လတ်တလော အခြေအနေတွင်လည်း ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများကို ကျယ်ကျယ် ပြန့်ပြန့် ထူထောင်လုပ်ကိုင်လာသည့် ရက္ခိုင် အမျိုးသားအဖွဲ့ချုပ် (ULA /AA) က ဦးစီကာ ရခိုင်-မွတ်စလင် ချစ်ကြည်ရင်းနှီးမှု တိုးတက်လာရန် ပြီးခဲ့သော ဒီဇင်ဘာလအတွင်းက ဘောလုံးပွဲများ ကျင်းပခဲ့သည်။

ထိုသို့သော ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်တို့အကြား လတ်တလော ဆက်ဆံရေး ကောင်းမွန်လာသည့် အခြေအနေများ အပါအဝင် သမိုင်းနှင့်ချီ၍ ဖြေရှင်းမရနိုင် ဖြစ်နေသည့် မွတ်စလင်အရေးမှာ ရေရှည်တွင် ထင်သလောက် ငြိမ်းချမ်းတိုးတက်မှု ရရှိနိုင်မည်လားဆိုသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး မွတ်စလင် တဦးဖြစ်သည့် ရိုဟင်ဂျာအရေး စာအုပ်များ ရေးသား ထုတ်ဝေသူ၊ ရိုဟင်ဂျာဆိုင်ရာ လေ့လာ သုံးသပ်သူလည်း ဖြစ်သည့် ဘာသာပြန် စာရေးဆရာ ဦးအောင်ခင် (စစ်တွေ) ကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားမှုကို ဖော်ပြလိုက်ပါသည်။

ဦးအောင်ခင်သည် စစ်တွေမြို့တွင် မွေးဖွားခဲ့ပြီး ဆယ်တန်းအောင်မြင်သည်အထိ မွေးရပ်မြေတွင် ပညာသင်ကြားခဲ့ကာ နောက်ပိုင်း ရန်ကုန်မြို့သို့ ပြောင်းရွှေ့အခြေချခဲ့သည်။ ထို့နောက် ၂၀၀၂ ခုနှစ်မှ စတင်ကာ Ever Win Media တွင် ဘာသာပြန် စာရေးဆရာအဖြစ် ၂၀၀၉ ခုနှစ်အထိ လုပ်ကိုင်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများကို ကျယ်ကျယ် ပြန့်ပြန့် ထူထောင်လုပ်ကိုင်လာသည့် ရက္ခိုင် အမျိုးသားအဖွဲ့ချုပ် (ULA /AA) က ဦးစီကာ ရခိုင်-မွတ်စလင် ချစ်ကြည်ရင်းနှီးမှု တိုးတက်လာရန် ပြီးခဲ့သော ဒီဇင်ဘာလအတွင်းက ဘောလုံးပွဲများ ကျင်းပခဲ့သည်။

ဦးသိန်းစိန် အစိုးရခေတ်တွင် ရန်ကုန်မြို့၌ ရိုဟင်ဂျာ ပြက္ခဒိန်ထုတ်ဝေမှုကြောင့် ဖမ်းဝရမ်း ထုတ်ခဲ့ရသည့်အတွက် တရုတ် ပြည်ထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး NLD အစိုးရလက်ထက်တွင် ပြန်လည် ဝင်ရောက်လာ၍ အဖမ်းခံရကာ ထောင်ဒဏ် ၅ လကျော် ကျခံခဲ့ရသည်။

မေး။ ။ ကျောက်တော်မြို့နယ်အတွင်းမှာ ရခိုင်-မွတ်စလင် ချစ်ကြည်ရင်းနှီးမှုအတွက် ULA / AA က ဦးစီးပြီးတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်က ဘောလုံးပွဲတွေ ကျင်းပပေးတာ ရှိတယ်။ ဒါက အမှန်တကယ်ပဲ လူမျိုးနှစ်ခုကြားမှာ စစ်မှန်တဲ့ ချစ်ကြည် ရင်းနှီးမှုကို ရရှိနိုင်တယ်လို့ ကောက်ချက်ချလို့ ရမလား။ ဘယ်လို သုံးသပ်မိလဲ။

ဖြေ။ ။ ဒါက ချစ်ကြည်ရင်းနှီးမှု တကယ် ရရှိနိုင်ပါတယ်။ အဲဒီ ဘောလုံးပွဲစဉ်တလျောက်လုံးကို ပြန်ကြည့်ရင် ဘယ်မွတ်စလင်တယောက်ကိုမှ ရခိုင်သားတွေ အနိုင်ကျင့်ပြီး ကစားခဲ့တာ မရှိဘူး။ ရခိုင်သား ဗုဒ္ဓဘာသာ ဆရာတော်တွေနဲ့ မွတ်စလင် ဘက်က ဗလီဆရာတွေနဲ့ လက်တွဲပြီးတော့ ဖဲကြိုးဖြတ်ပြီး ဖွင့်ပွဲလုပ်ခဲ့ကြတယ်။ ဆုပေးပွဲကိုလည်း ဆရာတော်တပါးနဲ့ ဗလီဆရာတဦးနဲ့အတူ ဆုပေးတာကို မြင်ရတယ်။ ကောင်းတဲ့အလုပ်တွေမှာ ကျနော်တို့ ပူးပေါင်းပြီး ဆောင်ရွက်နိုင်တာပဲ။

မေး။ ။ အခု ပွင့်လင်းရာသီမှာ မြောက်ဦး၊ မင်းပြား၊ ကျောက်ဖြူ၊ ဘူးသီးတောင် စတဲ့ မြို့နယ်ထဲက အောက်ခြေကျေးရွာ တွေမှာ စပါးပုံတွေ၊ စပါးကောက်လှိုင်းတွေ မီးရှို့ခံရတာ ရှိတယ်။ ပုံစံတူ ဖြစ်စဉ်တွေက တကယ့် လူမျိုးရေးပဋိပက္ခ အသွင် ဆောင်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားမှုတွေ ရှိပါတယ်။ အဲဒီအပေါ်ရော ဘယ်လို ထင်မြင် သုံးသပ်မိလဲ။

ဖြေ။ ။ အဲဒီဖြစ်စဉ်တွေမှာ ကျနော် အမှန်တကယ် ချီးကျူးမိတာက ရခိုင်သား ညီအစ်ကို အုပ်စုတွေကိုပါ။ ဒီလောက် ပြဿနာ ဖြစ်စေနိုင်တဲ့ သိန်း ၆၀၀ ကျော်လောက်တန်တဲ့ စပါးရိတ်သိမ်းခြွေလှေ့စက်တွေ မီးလောင်ပြီး ဆုံးရှုံးခဲ့တာတွေ၊ နောက်တခါ နွားခြေထောက်ကို ဓားနဲ့ ခုတ်တဲ့ဖြစ်စဉ်တွေမှာ ဘယ်ရခိုင်သားမှ ဒါက ကုလားတွေ လုပ်တာပါဆိုပြီး ပြောဆိုတာတွေ Facebook မှာတောင် မတွေ့ရဘူး။ ရခိုင်သားတွေကလည်း မွတ်စလင်အပေါ်မှာ သံသယ မရှိသလို၊ မွတ်စလင် စပါးကောက်လှိုင်းတွေ မီးရှို့ခံရတဲ့ ဖြစ်စဉ်မှာလည်း ဘယ်မွတ်စလင်တွေကမှ ဒါ ရခိုင်သားတွေ လုပ်တာဆိုပြီး မစွပ်စွဲဘူး။ အခု နှစ်ဖက်စလုံးက ယုံကြည်တဲ့ တရားစီရင်ရေး အဖွဲ့တွေ ရှိနေတော့ ဒါက ပြဿနာ ဖြစ်ပေါ်လာစရာ မရှိဘူး။

မေး။ ။ အခု အခြေအနေမှာ ရခိုင်ဒေသခံ တိုင်းရင်းသားနဲ့ မွတ်စလင်ရွာသားတွေရဲ့ ဆက်ဆံမှုကို ဘယ်လို မြင်တွေ့ရလဲ။

ဖြေ။ ။ ကျနော့်အသက် အခု ၇၃ နှစ်ပါ။ ကျနော် အရွယ်ရောက်တဲ့ ၁၉၆၂ ခုနှစ်ကတည်းက ကျနော်တို့ ရခိုင်ဒေသမှာ ရှိတဲ့ မွတ်စလင်တွေကို တရစ်ပြီးတရစ် တင်းကျပ်လာတာ ၁၉၇၈ ခုနှစ်မှာ နဂါးမင်း စီမံချက်ဆိုပြီးတော့ တမျိုး၊ ပြီးတော့ တခါ န်ိုင်ငံတကာ ဖိအားနဲ့ ဟင်္သာစီမံချက်နဲ့ ပြန်ခေါ်လိုက်ပြီးတော့ အဲဒီလို သွားရင်းသွားရင်းနဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကျော် ၊ ၃ နှစ် လောက်မှ ရက္ခိုင့် တပ်တော်ရယ်၊ ရခိုင်မြေကို ခြေချတာနဲ့ အဲဒီကတည်းက ကျနော် သဘောပေါက်သွားတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ အသက်အရွယ်၊ ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ နိုင်ငံရေး အတွေ့အကြုံအရ ခန့်မှန်းလို့ ရတယ်။

ရခိုင်သားတွေကလည်း မွတ်စလင်အပေါ်မှာ သံသယ မရှိသလို၊ မွတ်စလင် စပါးကောက်လှိုင်းတွေ မီးရှို့ခံရတဲ့ ဖြစ်စဉ်မှာလည်း ဘယ်မွတ်စလင်တွေကမှ ဒါ ရခိုင်သားတွေ လုပ်တာဆိုပြီး မစွပ်စွဲဘူး။ အခု နှစ်ဖက်စလုံးက ယုံကြည်တဲ့ တရားစီရင်ရေး အဖွဲ့တွေ ရှိနေတော့ ဒါက ပြဿနာ ဖြစ်ပေါ်လာစရာ မရှိဘူး။

ဗိုလ်ချုပ် (AA စစ်ဦးစီးချုပ်) က အဲဒီအချိန်ကတည်းက မွတ်စလင်ကိစ္စကို တိတိကျကျ မပြောဆိုပေမယ့် ပလက်ဝမှာ တပ် အခြေချပြီး လုပ်နေတဲ့အချိန်မှာ ကျောက်တော်ဒေသတဝိုက်က မွတ်စလင်တွေကို သတင်းပေးပြီး ကျနော်တို့ရယ်၊ တမြေ တည်းနေ၊ တရေတည်းသောက် အားလုံးရယ် သင့်သင့်မြတ်မြတ် နေမယ်။ ကျနော်တို့ ရခိုင်သားဆိုပေမယ့် မွတ်စလင် တွေကို မခွဲခြားဘူး။ အားလုံး တန်းတူ ဆက်ဆံမယ်။ အဲဒီ စကားကို လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက ကျနော်ကြားလာ ရင်း၊ ကြားလာရင်း ကျနော် စစ်တွေမြို့၊ ကျောက်တော်မြို့၊ မြောက်ဦး၊ မင်းပြားအထိ သွားပြီးတော့ ကွင်းဆင်း ကြည့်တော့ တကယ့်ကို ဗိုလ်ချုပ်ပြောတဲ့စကားနဲ့ မြေပြင်မှာ ဖြစ်နေတဲ့ အနေအထားနဲ့ ထပ်တူ ဖြစ်နေတာကို တွေ့ပါတယ်။

အရင်တုန်းက ဆိုရင်တော့ ကျနော်တို့ တဖက်နဲ့တဖက် ကြားလူတွေ ဝင်ပြီး ခလောက်တာမှာ နားလည်မှု လွဲမှားဖြစ်ပေါ် စေခဲ့တယ်။ အခု တဖက်နဲ့ တဖက် ယုံကြည်မှုတွေ ရှိလာခဲ့တော့၊ အထူးသဖြင့် မွတ်စလင်အုပ်စုထဲမှာ ဘာတခု ဖြစ်သွားလဲ ဆိုတော့ နှစ်ပေါင်း ၅၀ ကျော်လောက် တဖြည်းဖြည်းနဲ့ ဖိနှိပ်ချုပ်ချယ်မှုကြားထဲမှာ ၁၉၉၀ ကျော်ကတည်းက မွတ်စလင် လူငယ်တွေရယ် တက္ကသိုလ် တက်ခွင့်မရ၊ ဆယ်တန်း အောင်ပြီးတော့ အစုလိုက် စုပြုံနေရတယ်။

ဗမာပြည်ထဲကိုလည်း သွားလာလို့ မရဘူး။ အဲဒီလို နေရတော့ မွတ်စလင်တွေက နား၊ မျက်စိ အကန်းလို ဖြစ်သွားတယ်။ အဲဒီလို နားကန်း၊ မျက်စိကန်းနေရင်းနဲ့ တခါ ၂၀၁၂ ခုနှစ် အရေးအခင်းဖြစ်ပြီးတော့ ကျောက်ဖြူ၊ စစ်တွေ အဲဒီလို မြို့တွေက မွတ်စလင်တွေကို တခါတည်း စစ်တွေ ကျေးလက်နေရာကို ပို့လိုက်တော့ ပိုပြီးတော့ ပညာသင်ခွင့် ဆုံးရှုံးတာသာမက၊ စီးပွားရေး အရပါ နင်းခြေပြီးတော့ လုပ်ပစ်လိုက်တဲ့ ပုံစံဖြစ်သွားတယ်။ ဆိုတော့ မွတ်စလင်ထဲမှာ ဘာဖြစ်သွားလဲဆိုတော့ လှောင်အိမ်ထဲမှာ လှောင်ထားတဲ့ ကြက်နဲ့ တူတယ်ဆိုတာထက်၊ အဝီစိရေတွင်းထဲကို ရောက်ပြီးတော့ နေမမြင်၊ လမမြင် ပုံစံမျိုး ဖြစ်သွားပါတယ်။

ဆိုတော့ အဲဒီလိုမျိုး နေရင်း ရခိုင်သားထဲမှာလည်း အခုတော့ ကျနော် အမြဲတမ်း သာဓုခေါ်ပါတယ်။ လူကြီးပိုင်းထက် ရခိုုင် ပညာတတ်လူငယ်တွေ အတွေးအခေါ်ရယ်၊ လေးစားဖို့၊ ချီးမွမ်းဖို့ ကောင်းပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက Facebook ပေါ်မှာ မွတ်စလင်နဲ့ ပတ်သက်ပြီး အမုန်းစကား ပြောတာမရှိသလောက်ကို ကျနော် တွေ့တယ်။ နှစ်ဖက် သင့်မြတ်ရေး လမ်းကြောင်းကို သွားတာတွေ့တယ်။ အထူးသဖြင့် ဒီရက်ပိုင်းအတွင်းမှာ ဗိုလ်ချုပ်က ဘင်္ဂလားဒေ့ရှ် မီဒီယာကို ပြောတဲ့ စကားက ရခိုင်ဒေသမှာရှိတဲ့ မွတ်စလင်တွေတောင် မကဘူး၊ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ ရောက်နေတဲ့ မွတ်စလင်တွေရော၊ ကမ္ဘာအရပ်ရပ်ကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ မွတ်စလင်တွေအားလုံးကလည်း ဗိုလ်ချုပ် ဒီထက်မက လုပ်နိုင်ပါစေ၊ ရခိုင်လူမျိုးနဲ့ ကျနော်တို့ရယ် တသွေးတည်း တသားတည်းပါ ဆိုပြီးတော့ ပြောနေကြပါတယ်။

လူကြီးပိုင်းထက် ရခိုုင် ပညာတတ်လူငယ်တွေ အတွေးအခေါ်ရယ်၊ လေးစားဖို့၊ ချီးမွမ်းဖို့ ကောင်းပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက Facebook ပေါ်မှာ မွတ်စလင်နဲ့ ပတ်သက်ပြီး အမုန်းစကား ပြောတာမရှိသလောက်ကို ကျနော် တွေ့တယ်။ နှစ်ဖက် သင့်မြတ်ရေး လမ်းကြောင်းကို သွားတာတွေ့တယ်။

မေး။ ။ ၂၀၁၂ ခုနှစ် အရေးအခင်း ကာလမှာရော ဘယ်လိုသုံးသပ်မိလဲ။ အဲဒီတုန်းက အခြေအနေတွေကိုလည်း ပြောပြ ပေးပါ။

ဖြေ။ ။ ၂၀၁၀ ပြည့်နှစ်၊ ရခိုင်မှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ဖွဲ့စည်းတဲ့အခါ ကျနော် ပါတီထဲဝင်ဖို့ ကြိုးစားပါတယ်။ အဲဒီအချိန်တုန်းက ကျနော်တို့ကို မွတ်စလင်တောင် မသုံးဘူး။ ဘင်္ဂါလီမှာတောင်မှ ခိုးဝင်ဘင်္ဂါလီလို့ တံဆိပ်ကို နှိပ်ပြီးပြောတော့ ကျနော်တို့ ရခိုင်တွေနဲ့ ညီအစ်ကိုလို နေချင်တာတောင် နေခွင့် မရခဲ့ဘူး။ အဲဒါပြီးတော့ ၂၀၁၂ ခု ဖြစ်လာတဲ့အခါ ပိုပြီးတော့ တစောင်းစေးနဲ့ မျက်ချေးလို ဖြစ်သွားတယ်လေ။ နားလည်မှု လွဲမှားတယ်ဆိုထာထက်၊ အဲဒီအချိန်က ပြည်တွင်းထဲမှာ ဗဟိုအစိုးရထဲမှာလည်း အာဏာရတဲ့အခါ ကျနော်တို့မှာလည်း ရခိုင်ပါတီထဲက ကျနော်တို့ကို မေတ္တာစကား ပြောချင်ရင်တောင်မှ မပြောနိုင်ခဲ့တဲ့ အနေအထားတရပ်မို့ အဲဒါကို ကျနော်တို့ နားလည်ပေးပါတယ်။

အခုတော့ အဲဒီ လမ်းကြောင်းတွေ အားလုံး ပယ်ပျောက်သွားပြီးတော့ အခုဆိုရင် မြေပုံက လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းလို ပုဂ္ဂိုလ်တောင်မှ ရခိုင်ဒေသ မွတ်စလင်တွေနဲ့ ကျနော်တို့နဲ့ လက်တွဲပြီး လုပ်ရပါမယ် ဆိုတဲ့ စကားတွေ ပြောဆို လာတာတွေက အင်မတန်မှ ထူးခြား မွန်မြတ်တဲ့ မင်္ဂလာ စကားပါ။

မေး။ ။ ၂၀၁၂ ခုနှစ် အရေးအခင်းက ဘယ်လိုမျိုး ပဋိပက္ခ မီး ကူးစက်ခဲ့တယ်လို့ သုံးသပ်မိလဲ။

ဖြေ။ ။ အမှန်အတိုင်း ပြောရမယ်ဆိုရင် ၂၀၁၂ ခုနှစ် ပြဿနာက၂၀၁၀ မတိုင်ခင် ကျောက်ဖြူ – မဒေးကျွန်း ရေနက်ဆိပ် ကမ်း၊ ကျောက်ဖြူ စက်မှုဇုန်၊ ဂက်စ်ပိုက်လိုင်း ၃ ခုကို စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်က တရုတ်ကို ပေးလိုက် ပြီးတော့ စာချုပ်မှာ ဘာတွေ ပါမှန်းလည်း တယောက်မှ မသိလိုက်ဘူး။ သို့သော်လည်း ၂၀၁၀ မှာ အရပ်သား အစိုးရ တက်လာတဲ့အခါ အဲဒီစာချုပ်ကို အတည်ပြုဖို့ လိုတဲ့အခါ အဲဒီ ကျောက်ဖြူ- မဒေးကျွန်းမှာ မြေယာတွေက ရခိုင်ပိုင်မြေတွေ မွတ်စလင်မြေ မပါဘူး။

ရခိုုင်မြေယာတွေ အများကြီး ဆုံးရှုံးပြီးတော့ ကျောက်ဖြူမှာ ဆန္ဒပြဖို့ အနေအထား ဖြစ်နေတဲ့အခါ ရခိုင်သားတွေရဲ့ စိတ် ဓာတ်ကို သိနေတဲ့အတွက်ကြောင့် ရခိုုင်သားကို ကျနော်တို့ မွတ်စလင်တွေနဲ့ ကြားထဲက ဓားစာခံအနေနဲ့ သီတာထွေး တယောက်ကတော့ ကျနော်တို့ မြေးမလေး အရွယ်ပါ။ ကျနော်အမြဲတမ်း သူ့ကို မေတ္တာပို့ပါတယ်။ သူ့ခမျာလည်း အသက် ဆုံးရပြီးတော့ ရခိုင်တွေရော၊ ကျနော်တို့ မွတ်စလင်တွေရော နစ်နာ ဆုံးရှုံးသွားတာတွေဟာ ကျောက်ဖြူက မဟာဗျူဟာ ကျတဲ့ နေရာနဲ့ မဟာဗျူဟာကျတဲ့ စီးပွားရေးဇုန်တွေကို ဗဟိုအစိုးရက ပေးချင်တဲ့အတွက် ရခိုင်ဒေသမှာ အင်အားစု အဖွဲ့ အစည်းတခုက ဖန်တီးခဲ့တာ အမှန်ပါ။

ရခိုင်တွေရော၊ ကျနော်တို့ မွတ်စလင်တွေရော နစ်နာ ဆုံးရှုံးသွားတာတွေဟာ ကျောက်ဖြူက မဟာဗျူဟာ ကျတဲ့ နေရာနဲ့ မဟာဗျူဟာကျတဲ့ စီးပွားရေးဇုန်တွေကို ဗဟိုအစိုးရက ပေးချင်တဲ့အတွက် ရခိုင်ဒေသမှာ အင်အားစု အဖွဲ့ အစည်းတခုက ဖန်တီးခဲ့တာ အမှန်ပါ။

မေး။ ။ ၂၀၁၇ ခုနှစ်အတွင်းက မောင်တောမှာ အာရကန်- ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) ဝင်ရောက် တိုက်ခိုက်မှု ကြောင့် ဖြစ်ပွားခဲ့တဲ့ အရေးအခင်း အခြေအနေကို ဘယ်လို သုံးသပ်မိလဲ။

ဖြေ။ ။ ကျနော့် အမြင်ကတော့ အမှန်အတိုင်းပြောရင် အာဆာဆိုတဲ့ စကားက စက္ကူပေါ်မှာသာရှိပြီး လက်တွေ့မှာတော့ မရှိဘူးလို့ဘဲ ကျနော် ပြောချင်ပါတယ်။ ၂၀၁၂ ခုနှစ် အရေးအခင်းဖြစ်တဲ့ အချိန်တုန်းကလည်း စစ်တွေမြို့၊ မောလိပ်ရပ်ကွက်က ကျနော်တို့ မွတ်စလင်နေအိမ် ၄၀ ကျော် ၅၀ နီးပါးကို ဝင်ရောက် ဖျက်ဆီးတဲ့အချိန်တုန်းက မောလိပ်ရပ်ကွက်က ရခိုုင်သားတွေ လုပ်တာ မဟုတ်ဘူး။ စစ်တွေမြို့က ရခိုင်သားတွေ လုပ်တာ မဟုတ်ဘူး။ လုံးဝ အစိမ်းသက်သက် တခြားနေရာက ခေါ်လာပြီးတော့ မွတ်စလင်တွေကို သတ်ဖြတ်တယ်။

မြောက်ဦးမြို့နယ်၊ ယိုင်သည် မွတ်စလင်ရွာသားတွေ အသတ်ခံရတာလည်း ဒေသခံ ရခိုင်သားတွေ လုပ်တာ မဟုတ်ဘူး။ ကြားလူတွေ၊ လူမိုက်တွေကို ခေါ်ပြီးတော့ လုပ်သလိုမျိုး၊ မောင်တောမှာလည်း ၂၀၁၇ ခုနှစ်တုန်းက ဟိန္ဒူ ၉၀ ကျော် အသတ်ခံရတဲ့ ကိစ္စကလည်း မောင်တောက မွတ်စလင်တွေ သတ်တဲ့ကိစ္စ မဟုတ်ဘူး။ ကြားလူတွေကို တည်ပြီးတော့ အဲဒီ ကြားလူတွေကလည်း မွတ်စလင် ဖြစ်ချင်လည်း ဖြစ်မယ်။ အဲဒီလို မွတ်စလင်အများစုကို လုပ်ကြံဖို့ အတွက် သူတို့ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးဖို့လိုတဲ့အတွက် အထဲက မွတ်စလင်လူဆိုး၊ သူခိုးတွေလည်း ရှိတယ်။ အဲဒီလူတွေနဲ့ တည်ကြက် လုပ်ပြီးတော့ သတ်ဖြတ်ခိုင်းတာပါ။ အဲဒီလိုမျိုး လုပ်ရပ်တွေ ဖြစ်ပေါ်လာမှာကို ကျနော်တို့ အမြဲတမ်း ကြောက်နေရတယ်။ ARSA ဆိုတာကလည်း အဲဒီလိုမျိုး အသုံးချခံ အဖွဲ့အစည်း တခုသာ ဖြစ်ပါလိမ့်မယ်။ အဲဒီလိုပဲ ကျနော်ပြောချင်ပါတယ်။

မေး။ ။ စောစောက ပြောတဲ့ ချစ်ကြည်ရေး ဘောလုံးပွဲ ကျင်းပပြီး နှစ်ဖက်ယုံကြည် ချစ်ကြည်မှုကို တည်ဆောက်မှုက ရေရှည်မှာ အကျိုး ဖြစ်ထွန်းမလား။ မွတ်စလင် ခေါင်းဆောင်တွေကလည်း နိုင်ငံသား ဖြစ်ရေး၊ လူ့အခွင့်ရေးတန်းတူ ရရှိရေး ဆိုတာထက် ပြည်မလူထုနဲ့ ရခိုင်ဘက်က လုံးဝ လုံးဝ လက်မခံထားတဲ့ ရိုဟင်ဂျာလူမျိုးဖြစ်ရေးကို ဆုပ်ကိုင်ထားမယ် ဆိုရင် ဘယ်လိုဖြစ်လာနိုင်လဲ။

ဖြေ။ ။ We recognize the human rights and citizen rights of the Rohingyas လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က မီဒီယာတခုမှာ ဗိုလ်ချုပ် (AA စစ်ဦးစီးချုပ်) က တခါတည်း ပြောလိုက်တဲ့အတွက်ကြောင့် ကျနော်ကတော့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကိုလည်း ကျနော် မငြင်းဘူး။ ULA / AA အဖွဲ့က ဆုံးဖြတ်တဲ့အပေါ်မှာ ကျနော်တို့က လက်ခံပြီးသားလို့ပဲ ကျနော် ပြောချင်ပါတယ်။ ကျနော်တို့ ဝိဝါဒ မကွဲဘူး။ ဗိုလ်ချုပ်ကလည်း အကြိမ်ကြိမ် ပြောထားပြီးသား။ အာရကန် နိုင်ငံအတွင်းမှာ ရှိနေတဲ့ ဟိန္ဒူရော၊ ခရစ်ယာန်ရော အားလုံးကို တန်းတူရည်တူ ဆက်ဆံပါမယ်ဆိုတဲ့ ပြောထားတဲ့ စကားလုံး တလုံးတည်းနဲ့ ကျနော်တို့ ကျေနပ်ပါတယ်။ အနာဂတ်မှာလည်း အငြင်းအခုံ ဖြစ်လာလိမ့်မယ် လို့လည်း မထင်တော့ဘူး။

အာရကန် နိုင်ငံအတွင်းမှာ ရှိနေတဲ့ ဟိန္ဒူရော၊ ခရစ်ယာန်ရော အားလုံးကို တန်းတူရည်တူ ဆက်ဆံပါမယ်ဆိုတဲ့ ပြောထားတဲ့ စကားလုံး တလုံးတည်းနဲ့ ကျနော်တို့ ကျေနပ်ပါတယ်။ အနာဂတ်မှာလည်း အငြင်းအခုံ ဖြစ်လာလိမ့်မယ် လို့လည်း မထင်တော့ဘူး။

မေး။ ။ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်ဖြူဘက်မှာ နေထိုင်ကြတဲ့ မွတ်စလင်တွေကတော့ ရခိုင်ကျေးရွာ သားတွေနဲ့ ထိတွေ့ဆက်ဆံမှု၊ အမြဲတမ်း မြင်တွေ့နေကျတဲ့ လူတွေဖြစ်ပေမယ့် ဘူးသီးတောင်၊ မောင်တောလို နယ်စပ်က မွတ်စလင်တွေက ဒီဘက်က မွတ်စလင်ရွာသားတွေရဲ့ စိတ်နေသဘောထားတွေ၊ အန်ကယ်တို့ သဘောထားတွေနဲ့ တူညီ နိုင်ပါ့မလား။

ဖြေ။ ။ သူတို့လည်း အားလုံး သဘောတူ လက်ခံနိုင်ပါတယ်။ ရခိုင်ဒေသက မွတ်စလင်တွေဟာ အမှန်အကန် နိုင်ငံသား တွေ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ဖြစ်ပေါ်လာတဲ့ အခြေအနေကိုက ရခိုင်ဒေသက မွတ်စလင်တွေကို ဦးတည်ပြီးတော့ ရည်ရွယ်ချက်ရှိရှိ ဦးနေဝင်း လက်ထက်မှာ လုပ်ခဲ့တာ ဖြစ်ပါတယ်။ နဂါးမင်းစီမံချက်နဲ့ ရခိုင်ဒေက မွတ်စလင်တွေကို ဖယ်ထုတ်ပစ်ဖို့ လုပ်တဲ့အခါမှာ မရဘဲနဲ့ နိုင်ငံတကာ ဖိအားများပြီး ပြန်ခေါ်ဖို့ ကျသွားတဲ့အခါ သူတို့ ဘာလုပ်လဲဆိုရင် ကောင်းပြီ ပြန်ခေါ်မယ် ဆိုပြီး ၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ မလှိမ့်တပတ် လုပ်ခဲ့တဲ့အတွက် ကျနော်တို့တွေ မွေးရာပါ အခွင့်အရေးတောင် မရခဲ့တဲ့ အခြေအနေ ဖြစ်ခဲ့ရတယ်။

အခုဆိုရင် မောင်တော၊ ဘူးသီးတောင် အပါအဝင် ရခိုင်ဒေသမှာရှိတဲ့ မွတ်စလင် အားလုံးသည် ကျနော်တို့ ဗိုလ်ချုပ် ပြောသလို နိုင်ငံသားနဲ့ လူ့အခွင့်ရေး ရမယ်ဆိုရင် ကျနော်တို့မှာ နယ်မြေလိုချင်တဲ့ စကားတွေ၊ အနောက်ဘက်တံခါး ဆိုတဲ့ စကားတွေ ခိုးဝင်တယ်ဆိုတဲ့ စကားတွေက အလွန်အကျွံ ရခိုင်လူမျိုးတွေကို သူတို့ (စစ်တပ်) ဘက်ကို ပါအောင် ဆွဲယူဖို့ ဝါဒဖြန့်ချိတဲ့ စကားသက်သက်သာ ဖြစ်ပါတယ်။

ကျနော်တို့ မောင်တော၊ ဘူးသီးတောင်နဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင် အားလုံးသည် ရခိုင်သားနဲ့ တသွေး၊ တသား တည်း ရှိလို့ ကျနော်တို့ဟာ ဗမာပြည်မထဲမှာ အခုရှိသလို ရခိုင်ပြည်နယ်တခုအနေနဲ့ နေရင်လည်း ကျနော်တို့မှာ မွေးရာပါ အခွင့်အရေးထက်လွဲပြီး ပိုပြီး တောင်းစရာ အခွင့်အရေးလည်း မရှိဘူး။ ကျနော်တို့ ဗမာပြည်မထဲကနေပြီးတော့ မာင် တော၊ ဘူးသီးတောင်ကို ခွဲထွက်မယ် ဆိုတဲ့ စကားတွေကလည်း ကလေးကလား ပြောတဲ့ စကားတွေပါပဲ။

မေး။ ။ လက်ရှိ အခြေနေမှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့ သဘောထားကို ဘယ်လို သုံးသပ်မိလဲ။

ဖြေ။ ။ ရခိုင်ထဲမှာတော့ ကျနော် ခန့်မှန်းသလောက် ၈၅ ရာခိုင်နှုန်းလောက်ဟာ လုံးဝ အမြင်မှန်ရပြီးတော့ ၁၀ ရာခိုင်နှုန်း ကျော်ကျော်လောက်ကတော့ တချို့ကတော့ နားမလည်တဲ့ လူတွေရော၊ ပယောဂတွေ ပူးနေတဲ့အတွက်ကြောင့် ကျနော်တို့ ဘက်ကလည်း ကျနော်တို့ မွတ်စလင်တွေကလည်း အားလုံးသည် ရခိုင်နဲ့ မွတ်စလင်ကြားထဲမှာ ကြားလူပါလို့ မရအောင် ကျနော်တို့ အတတ်နိုင်ဆုံး အခုဝင်ပြီး ထိန်းနေကြသလို ရခိုင်ဘက်မှာလည်း အခု ကြားလူဝင်ပြီး မွှေလို့၊ ခလောက်လို့ မရအောင် ဗိုလ်ချုပ်တို့ ဝင်ထိန်းနေတာကို တွေ့ရလို့လည်း ကျနော်တို့ ဝမ်းသာပါတယ်။

မေး။ ။ ရခိုင်အမျိုးသား အဖွဲ့ချုပ် (ULA / AA) ရဲ့ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးလုပ်ငန်းတွေမှာ မွတ်စလင် ရွာသားတွေကိုပါ ပါဝင်စေပြီး ဆောင်ရွက်လုပ်ကိုင်မယ်လို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ထုတ်ဖော် ပြောကြားတာ ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အောက်ခြေမှာ မွတ်စလင်ရွာသားတွေကြားထဲမှာ ဘယ်လို အနေအထားတွေကို မြင်တွေ့ရလဲ။

ဖြေ။ ။ ဒါကတော့ ပါကို ပါရမယ်။ စကားပုံ တခုရှိတယ် မဟုတ်ဘူးလား။ ထင်းခုတ်သွားတဲ့အခါ မပါဘူး၊ ထမင်းစားတဲ့ အခါမှ လာဝင်ထိုင်ပြီးတော့ ထမင်းစားမယ် ဆိုရင် သဘာဝမကျတဲ့ လုပ်ရပ်တွေပဲ။ ကျနော်တို့ မွတ်စလင်တွေက အရာရာ ကို ကြောက်ပြီးတော့ မသိနားမလည်တဲ့ လူတွေ များတဲ့အတွက်ကြောင့် ကျနော်တို့ကတော့ အဲဒါတွေကိုလည်း ပြောပြီးသား။ မင်းတို့တွေ ငှက်ပျောသီးကို အခွံနွှာပြီးသား အဆင်သင့် သွားစားလို့တော့ မရဘူး။ ငှက်ပျောပင်စိုက်တဲ့ အချိန်လည်း ပါရမယ်ဆိုပြီး ကျနော်တို့ကိုယ်တိုင်လည်း အတတ်နိုင်ဆုံး ပြောပြ တိုက်တွန်းတာတွေ ရှိပါတယ်။

ရခိုင်နဲ့ မွတ်စလင်ကြားထဲမှာ ကြားလူပါလို့ မရအောင် ကျနော်တို့ အတတ်နိုင်ဆုံး အခုဝင်ပြီး ထိန်းနေကြသလို ရခိုင်ဘက်မှာလည်း အခု ကြားလူဝင်ပြီး မွှေလို့၊ ခလောက်လို့ မရအောင် ဗိုလ်ချုပ်တို့ ဝင်ထိန်းနေတာကို တွေ့ရလို့လည်း ကျနော်တို့ ဝမ်းသာပါတယ်။

မေး။ ။ မွတ်စလင်အရေး ဆောင်ရွက်သူတွေက မွတ်စလင်အရေးနဲ့ ပတ်သက်ပြီး သဘောထား အမြင်တွေကို ထုတ်ဖော် ပြောဆိုတဲ့ ပညာတတ် မွတ်စလင်တွေတချို့ အချင်းချင်း သတ်ဖြတ်မှုကို ခံရတာ ရှိပါတယ်။ လွန်ခဲ့တဲ့ ၃ လနီးပါးကလည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက မွတ်စလင် ခေါင်းဆောင်တဦး လုပ်ကြံ သတ်ဖြတ်တာ ခံရတယ်။ ဆိုတော့ အခုလို ပြောဆိုမှုအပေါ်မှာ တခုခု ခြိမ်းခြောက်မှုလိုမျိုး ဖြစ်လာမှာကို မစိုးရိမ်ဘူးလား။

ဖြေ။ ။ ကျနော် ကိုယ်တိုင် ပြောပါတယ်။ ကျနော်တို့ လူမျိုးတွေက ပညာမတတ်တဲ့ လူတွေ များပါတယ်။ နောက်တခါ လှောင်အိမ်ထဲမှာ ထည့်ထားတဲ့ ပုံစံမျိုးဆိုတော့ ပြည်ပက လူတွေကိုတော့ ကျနော် မဆိုလိုပါဘူး။ ရခိုင်ဒေသမှာဆိုရင် မသိ နားမလည်တဲ့ လူတွေများတဲ့အတွက်ကြောင့် ကျနော် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား ရခိုင်ရွာတွေကို တောက်လျှောက် သွားခဲ့ပါတယ်။ သို့သော်လည်း ကျနော်တို့ မွတ်စလင် ရွာတွေကို သွားဖို့ ကျနော် ကြောက်ပါတယ်။ ဘာကြောင့် လဲဆိုရင် ကျနော်တို့ထဲမှာ မသိနားမလည်တဲ့ လူတွေများတဲ့အတွက်ကြောင့် တယောက်ယောက်ကနေ တခုခု ပြောလိုက်တာနဲ့ အဲဒါကို တခါတည်း ယုံပြီးတော့ လက်လွန် ခြေလွန် လုပ်တတ်တယ်။ အဲဒီလို ဖြစ်တတ်တဲ့အတွက်ကြောင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ အသတ်ခံရတဲ့ လူကလည်း ကျောင်းဆရာပဲ။ သူကလည်း ကျနော်တို့နဲ့ ရခိုင်သားနဲ့ အတူတူ နေလာခဲ့တာ။ ရခိုင်ပြည်ဘက်ကို ပြန်ကြမယ် ဆိုပြီး အဲဒီလို ပြောဆိုတာရှိတော့ အစွန်းရောက် အဖွဲ့တခုက သူ့ကို သတ်ပစ် လိုက်တာ။

မေး။ ။ စစ်အစိုးရခေတ်၊ အရပ်သား အစိုးရဖြစ်တဲ့ ကြံ့ခိုင်ရေး အစိုးရခေတ်နဲ့ NLD အစိုးရတို့ အုပ်ချုပ်ခဲ့တဲ့ ကာလတွေထဲမှာ မွတ်စလင်တွေ အကောင်း အဆိုး ကြုံခဲ့ရတာတွေနဲ့ ပတ်သက်ပြီး ပြောပြချင်တာ ရှိလား။

ဖြေ။ ။ ကျနော်တို့ ၂၀၁၂ ခုနှစ် ကာလမှာ ရင်နင့်အောင် ခံစားပြီးတော့၊ အားလုံး ကျေးလက်တွေကို ရောက်ပြီးတော့ ဒုက္ခ သည် စခန်းမှာ ဒုက္ခကြုံတွေ့နေရတဲ့အချိန် နိုင်ငံတော် သမ္မတလုပ်ခဲ့တဲ့ ဦးသိန်းစိန်လို ပုဂ္ဂိုလ်မျိုးက ကုလသမဂ္ဂ အတွင်းရေးမှူး နေပြည်တော်ကို လာသွားတဲ့ အချိန်မှာ ဘယ်လိုပြောလဲဆိုတော့ ဒီလူတွေက ကျနော်တို့ ဗမာပြည်သား မဟုတ်ဘူး၊ သူတို့ကို ခင်ဗျားတို့ ဒုက္ခသည်စခန်းမှာ ထားပြီးတော့ တတိယနိုင်ငံကို ပို့မယ်ဆိုရင် ကျနော်တို့ သဘောတူတယ်။ အဲဒီ လူတွေကို ကျနော်တို့ ဘယ်လိုလုပ်ပြီး ကောင်းတယ်လို့ ပြောနိုင်မလဲ။

ဒေါ်အောင်ဆန်းစုကြည် လက်ထက်၊ NLD အစိုးရ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ကြားကာလမှာ ကျနော်တို့ကို နိုင်ငံသား အခွင့်အရေး မပေးဘူး။၂၀၁၇ ခုနှစ်မှာ မောင်တော အရေးအခင်း ဖြစ်သွားတယ် ဆိုပေမယ့်လည်း ကျနော်တို့သည် ဒီမိုကရေစီ အခွင့်အရေး ဆိုတာ နည်းနည်းပါးပါးတောင် မခံစားရပေမယ့် အငွေ့အသက်လောက်ကိုတော့ မြင်မိလိုက်ပါတယ်။

You may also like these stories:

ရခိုင်-မွတ်ဆလင်အရေး AA ကိုင်တွယ်နိုင်မလား

NLD ခေတ် ထိုငါးနှစ်နှင့် ရခိုင်ပြည်နယ်

လူမျိုးရေး ပဋိပက္ခ ရခိုင်မှာ ပြန်ဖြစ်မလား

မောင်တောနယ်စပ်မှာ တကျော့ပြန် လှုပ်ရှားလာသည့် မွတ်ဆလင် လက်နက်ကိုင်များ

AA သွားနေတဲ့ လမ်း

Loading