၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ပြည်သူတွေဟာ လမ်းမတွေပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီမှာ အလွှာစုံ ပြည်သူနဲ့အတူ အနုပညာလောကမှာ လူသိများ ထင်ရှားကြသူတွေလည်း လမ်းပေါ်ထွက်ကာ ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီလို စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြသူတွေအပေါ် စစ်တပ်က လက်နက်အင်အားသုံးပြီး အကြမ်းဖက် နှိမ်နင်းမှုတွေ၊ မတရားဖမ်းဆီး ထောင်ချမှုတွေ၊ အသက်သေတဲ့အထိ ပစ်ခတ်မှုတွေနဲ့ လူမဆန်စွာ ဖမ်းဆီး နှိပ်စက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် တောထဲတောင်ထဲ လက်နက်ကိုင်နယ်မြေလို့ သိကြတဲ့ တော်လှန်ရေး နယ်မြေတွေထဲ ရောက်သွားကြတဲ့ ပြည်သူတွေ ဒုနဲ့ဒေးပါ။
အဲဒီအထဲမှာ တချိန်က ပြည်သူတွေကို ဟာသပြက်လုံးတွေနဲ့ ရယ်မောစေခဲ့ကြတဲ့ ဟားငါးကောင် လူရွှင်တော်အဖွဲ့လည်း ပါဝင်ပါတယ်။ တိုင်းကျော်၊ ပိုးလေး၊ တိုးကျော်၊ ဝိုင်းကျော်၊ ပြည်ကျော်တို့ ပါဝင်တဲ့ ဟားငါးကောင်အဖွဲ့ဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ရင်း အခုဆို တော်လှန်ရေး နယ်မြေ တနေရာမှာ ပြည်သူကို အနုပညာနဲ့ ဖျော်ဖြေကာ အာဏာရှင်ကို ဆက်လက် တော်လှန်နေဆဲပါ။
ဘယ်နေရာရောက်ရောက် စစ်အာဏာရှင်ကို အမြစ်ဖြတ်ဆန့်ကျင်တော်လှန်ကြမယ့် လူရွှင်တော် ဟားငါးကောင် တော်လှန်ရေးနယ်မြေ ရောက်ရှိပုံ၊ တော်လှန်ရေးနယ်မြေမှာ ဆောင်ရွက်နေတဲ့ အနုပညာနဲ့ တော်လှန်ရေး အလုပ်တွေအကြောင်း၊ သူတို့ရဲ့ ဘဝခံယူချက်၊ နိုင်ငံရေး ယုံကြည်ချက်တွေအကြောင်းကို ဧရာဝတီသတင်းဌာနက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ ဟားငါးကောင်အဖွဲ့အနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရန်ကုန်ကနေ စွန့်ခွာပြီး တော်လှန်ရေးနယ်မြေ ရောက်ရှိလာပုံနဲ့ အဲဒီမှာ ဘဝကို ဘယ်လို ဖြတ်သန်းနေလဲ သိချင်ပါတယ်။
ဖြေ ။ ။ အဓိကကတော့ ကျနော်တို့အားလုံး သိကြသလိုပဲ၊ တော်လှန်ရေးနယ်မြေကို လာတယ်၊ တော်လှန်ရေးမှာ ပါဝင်တဲ့ ညီအစ်ကိုမောင်နှမတွေနဲ့အတူ ကျနော်တို့လည်း ကျရာအခန်းကဏ္ဍကနေ ပါဝင်ပြီး တော်လှန်ဖို့အတွက် ရန်ကုန်ကနေ လွတ်မြောက်နယ်မြေကို အခက်အခဲများစွာနဲ့ လာခဲ့တာပေါ့။ ဖြတ်သန်းနေရတာတွေကတော့ အများကြီးပါပဲ။ အခု ပြောပြတာထက် တော်လှန်ရေးကြီး အောင်မြင်တဲ့ တနေ့မှာ ပြောပြတာ နားထောင်လို့ ပိုကောင်းပါလိမ့်မယ်။ အဲဒီအချိန်ကတော့ ကျနော်တို့ ပြောတဲ့စကားတွေက ပျော်စရာ၊ ကြည်နူးစရာတွေ ဖြစ်သွားလိမ့်မယ်။ အခုကတော့ ဒီတော်လှန်ရေးကြီးမှာ အားလုံး စိတ်ရောကိုယ်ရော ပါဝင်ဆင်နွှဲနေတဲ့ အချိန်မှာ ကျနော်တို့ အခက်အခဲတွေ ပြောပြရုံနဲ့ အားတက်စရာ မဖြစ်ဘူးလေနော်။ အဲဒီတော့ တချိန်ကျတော့မှ ပျော်ပျော်ပါးပါး ပြန်ပြောကြတာပေါ့။
အခု ပြောပြတာထက် တော်လှန်ရေးကြီး အောင်မြင်တဲ့ တနေ့မှာ ပြောပြတာ နားထောင်လို့ ပိုကောင်းပါလိမ့်မယ်။
အခက်အခဲက တော်လှန်ရေးမှာ ပါဝင်နေတဲ့ PDF တွေရော၊ ကျနော်တို့ အစိုးရဖြစ်တဲ့ NUG အစိုးရ၊ နောက် တိုင်းရင်းသား လက်နက်ကိုင် ညီအစ်ကို မောင်နှမတွေအားလုံး ဒီတော်လှန်ရေးကြီး အောင်မြင်ဖို့ အခက်အခဲတွေ အများကြီး ရှိကြတယ်။
အဲဒီမှာ ကိုယ့်အခန်းကဏ္ဍနဲ့ကိုယ် အဆင်ပြေအောင် ရုန်းကန်နေကြတယ်။ ကြိုးစားနေကြတယ်။ ကျနော်တို့ အဖွဲ့ဆို လွတ်မြောက်နယ်မြေကို စပြီး ရောက်တဲ့အချိန်ကနေ ကျနော်တို့ ညီအစ်ကို ၅ ယောက် ကတိသစ္စာပြုပြီး ကြွေးကြော်ထားတယ်။ ကျနော်တို့သည် အလှူခံတာ လုံးဝ မလုပ်ဘူး။ အလှူငွေ လုံးဝ လက်မခံဘူး။
ကျနော်တို့သည် အလှူခံတာ လုံးဝ မလုပ်ဘူး။ အလှူငွေ လုံးဝ လက်မခံဘူး။
ဒါဆို ခင်ဗျားတို့ ဘယ်လို ရပ်တည်နေလဲဆို ကျနော်တို့ကို ရင်းရင်းနှီးနှီးရှိတဲ့ မိသားစုတွေ၊ မိတ်ဆွေ တွေ ကျနော်တို့ ၅ ယောက်စာလေး ကူညီကြတယ်။ အဲဒီမှာ ငွေပမာဏ များတာ၊ လှူဖူးတာရှိတယ်။ ၅၅ သိန်း လှူတာကို အဲဒီအချိန်တုန်းက ကျနော်တို့ တယောက် တသောင်းနှုန်းနဲ့ PDF ကလေးတွေ အများကြီးကို တိုက်ရိုက် လှူဒါန်းဖူးတယ်။
အဲဒါကိုလည်း PVTV တို့၊ D-Day Channel တို့ကနေ ပြသသွားတယ်။ သိန်း ၄၀ က လူကြီးတွေကို လိုအပ်တာ သုံးဖို့ လှူဒါန်းတယ်။ ကျန်တဲ့ ၁၅ သိန်းက PDF တွေကို တယောက် တသောင်းနှုန်း လှူလိုက်တယ်။ ကျနော်တို့က ကိုယ့်ရပ်တည်မှုနဲ့ ကိုယ်ပေါ့။ အခု ပြောပြတဲ့ အခက်အခဲက အနည်းအကျဉ်းပေါ့။ ကျန်တာ အများကြီး ရှိပါတယ်။
စားရချင်လည်း စားရမယ်။ အိပ်ရချင်လည်း အိပ်ရမယ်။ အခက်အခဲတွေ ရှိမယ်ဆိုတာ သိသိကြီးနဲ့ လာခဲ့ကြတာမို့ ဒီအခက်အခဲတွေ အသေးအမွှားတွေပေါ့။
ဒီကို လာတယ်ဆိုကတည်းက ဟားငါးကောင်အဖွဲ့မှ မဟုတ်ဘူး၊ ကျန်တဲ့သူတွေရော၊ PDF တွေရော တောထဲရောက်တဲ့အခါ အခက်အခဲတွေ ရှိမယ်။ စားရချင်လည်း စားရမယ်။ အိပ်ရချင်လည်း အိပ်ရ မယ်။ အခက်အခဲတွေ ရှိမယ်ဆိုတာ သိသိကြီးနဲ့ လာခဲ့ကြတာမို့ ဒီအခက်အခဲတွေ အသေးအမွှားတွေ ပေါ့။
မေး။ ။ ဟားငါးကောင်အဖွဲ့က တော်လှန်ရေးနယ်မြေကို လာဖို့၊ PDF ထဲဝင်ဖို့ ဘာကြောင့် ဆုံးဖြတ်ချက်ချခဲ့သလဲ။
ဖြေ။ ။ ဒီကောင်တွေ (စစ်အာဏာရှင်တွေ) အုပ်ချုပ်တာကို မကြိုက်လို့။ ဒီကောင်တွေကို တော်လှန် ချင်လို့ကို ဒီထဲကို လာခဲ့တာ။ ဒီကောင်တွေ အာဏာရူးတာကို လက်မခံဘူး။ ဒီကောင်တွေ အာဏာ သိမ်းတာကို လက်မခံဘူး။ အဲဒါကြောင့် ကျနော်တို့က ပြည်သူနဲ့အတူတူ ရပ်တည်တာ။ ကျနော်တို့ ထက် ငယ်တဲ့ ကလေးတွေ အများကြီးပဲ။ ဒီစစ်အာဏာရှင်ဆိုတာ ဘာမှန်းမသိတဲ့ ကလေးတွေ အများကြီးပဲ။ နိုင်ငံရေးဆိုတာ ကိုယ်နဲ့မဆိုင်ဘူးလို့ တွေးတဲ့ ကလေးတွေတောင် PDF ထဲမှာ အများကြီးပဲ။
အကုန်လုံး မိဘတွေပစ်၊ မိသားစုတွေကွဲ၊ အကုန်လုံးကို စွန့်လွှတ်ပြီး ဒီထဲ ရောက်လာတာ အများကြီးပဲ။ အဲဒီတော့ ကျနော်တို့လည်း ဒီထဲ ရောက်လာတာ မပြောပလောက်ဘူး။
အကုန်လုံး မိဘတွေပစ်၊ မိသားစုတွေကွဲ၊ အကုန်လုံးကို စွန့်လွှတ်ပြီး ဒီထဲ ရောက်လာတာ အများကြီး ပဲ။ အဲဒီတော့ ကျနော်တို့လည်း ဒီထဲ ရောက်လာတာ မပြောပလောက်ဘူး။ PDF ထဲ ရောက်တဲ့ ကလေးတွေကို ကျနော်တို့ တကယ်ကို အလေးပြုတယ်၊ ဦးညွှတ်တယ်။ တော်လှန်ရေးမှာ ပါဝင်တဲ့ သူတိုင်းက PDF ပဲ။ အားလုံးကို အလေးပြုတယ်။ တချို့ဆို အကြောင်းကြောင်းကြောင့် မျက်နှာ မပြနိုင်ပေမယ့် နောက်ကွယ်ကနေ တော်လှန်ရေးအတွက် ထောက်ပံ့ပေးနေသူတွေ ရှိတယ်။ သူတို့ကလည်း PDF ပဲ။ လက်နက်မကိုင်ပေမယ့် အဘက်ဘက်ကနေ ဝိုင်းဝန်းကူညီပေးကြသူတွေ အားလုံးကလည်း PDF ပါပဲ။
မေး။ ။ ဟားငါးကောင်က ပြီးခဲ့တဲ့လတွေအတွင်း အချိန်ခဏတာ ပျောက်ကွယ်သွားပြီး အခု ပြန်ပေါ် လာချိန်မှာ စကစကို ဇာတ်လမ်းတိုတွေနဲ့ ပြက်လုံးထုတ်တာ တွေ့ရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
ဖြေ။ ။ အဲဒါကလည်း အခက်အခဲကြားထဲက တခုပေါ့။ ဖုန်းလိုင်း မမိတဲ့ နေရာတခုကို ရောက်သွား တော့ အဆက်အသွယ် ပြတ်သွားတယ်ပေါ့။ ဖုန်းလိုင်း မမိတဲ့နေရာ ရောက်သွားတဲ့အခါ ၂ လလောက် အဆက်အသွယ် ပြတ်သွားတယ်။ တခါတလေဆို တောင်တလုံးလောက် ကျော်ပြီးမှ လိုင်းမိတာမျိုး ရှိတယ်။ ကျနော်တို့က အခက်အခဲတွေကြားကနေ ကြုံရာနေရာ ရောက်တဲ့နေရာကနေ ပြည်သူတွေ ခဏတာ ရယ်လိုက်ရဖို့၊ ခဏတာလေး သတင်းသိဖို့၊ ခဏတာလေး သတိမထားမိတာလေး ဆင်ခြင် နိုင်ဖို့တို့ကို ဖုန်းလိုင်း မမိတဲ့ကြားက ကြိုးစားရပါတယ်။ အခု ဖုန်းလိုင်းမိတဲ့နေရာ ရောက်တဲ့အခါ ကျနော်တို့ ဆက်တိုက် ကြိုးစားဖို့ ရှိပါတယ်။ ကျနော်တို့က တော်လှန်ရေးနယ်မြေကနေ အတတ်နိုင်ဆုံး ဖျော်ဖြေဖို့ ကြိုးစားနေပါတယ်။
မေး။ ။ ဒါဆို ဟားငါးကောင်ကို တော်လှန်ရေးနယ်မြေမှာ အနုပညာ ဖျော်ဖြေမှုတွေနဲ့ တွေ့ရဦးမလား။
ဖြေ။ ။ ဖျော်ဖြေမှုဆိုတာထက် ပရိသတ်ကို (အခုက ပရိသတ် မဟုတ်ဘူး ပြည်သူပေါ့)။ အရင် တုန်းက ပရိသတ် ဆိုပေမယ့် အခုချိန်မှာတော့ ပြည်သူပေါ့။ ပြည်သူကို ကျနော်တို့ တချို့ တင်ဆက်မှု တွေမှာ ဆောင်ရန် ရှောင်ရန်တွေပါမယ်။ နောက် ကျနော်တို့ NUG အစိုးရဲ့ ပြည်သူအပေါ် ချမှတ်ထား တဲ့ အသိပေးစာတွေ ပါမယ်။ ဆင်ခြင်နိုင်တာလေးတွေ ပါအောင် ကျနော်တို့က အနုပညာနဲ့ ပါဝင်နေ တာပါ။ တော်လှန်ရေးမှာ ဖျော်ဖြေရေးဆိုတာထက် ကျနော်တို့ ဟားငါးကောင်က အနုပညာနဲ့ တော်လှန်နေတာပေါ့။
ကျနော်တို့ NUG အစိုးရဲ့ ပြည်သူအပေါ် ချမှတ်ထားတဲ့ အသိပေးစာတွေ ပါမယ်။ ဆင်ခြင်နိုင်တာလေးတွေ ပါအောင် ကျနော်တို့က အနုပညာနဲ့ ပါဝင်နေတာပါ။
မေး။ ။ တော်လှန်ရေး နယ်မြေ ရောက်နေတာ အချိန်တခု ကြာသွားပြီဆိုတော့ အဲဒီမှာ အိမ်လွမ်းတဲ့ ဝေဒနာ၊ ပရိသတ်ကို လွမ်းတဲ့စိတ်၊ မိသားစုအပေါ် သတိရတဲ့စိတ်တို့ ဖြစ်မှာပေါ့။ အဲဒီလို မိသားစုနဲ့ ပြန်ဆုံချင်တဲ့ အကြောင်းလည်း တဦးချင်း ခံစားချက်လေးတွေ ပြောပြပေးပါဦး။
ဖြေ။ ။ ကျနော်တို့ကတော့ ကျနော်တို့နဲ့ ပတ်သက် ဆက်နွှယ်တဲ့ မိသားစု အသိုင်းအဝိုင်းက သတိရ တယ် ပြောလို့ရှိရင် ကျနော်တို့ မသေရင် ပြန်တွေ့ကြမယ်။ ဒါပဲ ဒီတော်လှန်ရေးမှာပါတဲ့ တယောက် ချင်း ခံစားချက် ဆိုတာထက် အားလုံး ခံစားချက်က အတူတူပဲ။ မသေရင် ပြန်တွေ့ကြတာပေါ့။ သူတို့ လည်း မသေအောင်နေ၊ ကိုယ်လည်း မသေအောင်နေပေါ့။
အဓိကကတော့ တော်လှန်ရေးကြီးပြီးရင် အကုန်လုံးက အိမ်ပြန်ချင်တာပဲ။ ကျနော်တို့မှ မဟုတ်ဘူး၊ အခြား တော်လှန်ရေးသမားတွေ၊ PDF လေးတွေလည်း အိမ်ပြန်ချင်ကြတာပဲ။ ဒီမှာနေကြတဲ့ ညီအစ်ကို မောင်နှမတွေအားလုံး ကိုယ့်အိမ်ကိုယ် ပြန်ကြမယ်။ နိုင်ငံရေး အဝန်းအဝိုင်းထဲကို ဒီတော်လှန်ရေးကြီး ပြီးသွားရင် ကျနော်တို့ ဘာမှဝင်မပါဘူး။
ကျနော်တို့ နိုင်ငံရေး အဝန်းအဝိုင်းမှာ လိုအပ်တဲ့အရာကို ကူပေးမှာ။ ကျနော်တို့ရဲ့ ဌာနေဖြစ်တဲ့ အငြိမ့်စင်ကို ကျနော်တို့ ပြန်ဝင်မှာ။
ကျနော်တို့ နိုင်ငံရေး အဝန်းအဝိုင်းမှာ လိုအပ်တဲ့အရာကို ကူပေးမှာ။ ကျနော်တို့ရဲ့ ဌာနေဖြစ်တဲ့ အငြိမ့်စင်ကို ကျနော်တို့ ပြန်ဝင်မှာ။ ပရိသတ်ကို လွမ်းတယ်၊ တကယ်လွမ်းတယ်။ လွမ်းတော့ ဘာလုပ်ရလဲဆို၊ ၂၀၁၃ လောက်တုန်းက ကိုယ်ပြန်ကထားတဲ့ အငြိမ့်တွေကို ပြန်ကြည့်ရတယ်။ ကျနော်တို့က ပရိသတ်နဲ့ လက်ပွန်းတတီး ကခဲ့ကြတာလေ။
မေး။ ။ ဟားငါးကောင်ကို ပရိသတ်က တချိန်မှာ အနုပညာ စင်မြင့်ထက် တွေ့မြင်ရဦးမလား။
ဖြေ။ ။ အသက်ရှင်ကျန်ခဲ့ရင် မြင်ရမှာပေါ့။ ကျနော်တို့က တကွေ့မှာ နိုင်ငံရေးနယ်ပယ်ထဲ ရောက်လာတယ်။ ဒီတော်လှန်ရေးကြီး ပြီးသွားရင် ကိုယ့်အလုပ်ပဲ ကိုယ်ပြန်လုပ်မှာပေါ့။
မေး။ ။ တဖက်မှာဆိုရင် အနုပညာရှင်အချို့ တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်ကြတယ်။ တဖက်မှာလည်း စကစဘက်ကနေ ဖျော်ဖြေပေးနေတဲ့ အနုပညာရှင်တွေ ရှိတယ်။ အဲဒီအပေါ်ကော ဘယ်လို သုံးသပ်ချင်ပါလဲ။
ဖြေ။ ။ ဒါက အသိဉာဏ်နဲ့ ဆိုင်တယ်။ လူ့အသိဉာဏ်ပေါ့။ လူစိတ်ရှိတဲ့သူတွေက မပူးပေါင်းဘူး။ ကျိန်းသေတယ်။ အနုပညာသမား တော်တော်များများ ပြောကြတယ်။ ကျနော်တို့လည်း ပြောတာပဲ။ ကျနော်တို့ အနုပညာသမားတွေက ပရိသတ်ကျွေးတဲ့ ထမင်းကို စားနေတာပါဗျာဆိုပြီး ပြောခဲ့တဲ့သူ တွေ၊ ပရိသတ် ကျွေးတဲ့ ထမင်းကို စားတဲ့သူတွေက ကိုယ့်ပရိသတ်တွေကို သတ်နေတဲ့ ဒီမင်းအောင်လှိုင်ကို ဘာလို့ ထောက်ခံလဲ။
အရှေ့မှာလည်း ကျနော်တို့ ဆရာသမားတွေ၊ ကျနော်တို့ လေးစားရတဲ့ လူရွှင်တော် ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ ဒါပေမယ့် ကျနော်တို့ လူရွှင်တော် လောက ခေတ်အဆက်ဆက်မှာ ဘာဂျင်းရှိခဲ့လဲဆိုတော့ လူရွှင်တော်က ပရိသတ်ကို ရယ်မောအောင် လုပ်ရမယ်။ လူရွှင်တော်ဆိုတာ နိုင်ငံရေးတွေဘာတွေ မပြက်ရဘူးဆိုတဲ့ ဂျင်းကြီးက ကျနော်တို့ ငယ်ငယ်ကတည်းက ကျနော်တို့ လောကမှာ ပြောနေကြ စကားပေါ့။ လူရွှင်တော်ဆိုတာ နိုင်ငံရေး မပါဝင်ရဘူး။ အနုပညာသမားဆိုတာ နိုင်ငံရေးနဲ့ မရောထွေး ရဘူးဆိုပြီး ဂျင်းရှိခဲ့တာပေါ့။
အခု စကစလုပ်တဲ့ ပြိုင်ပွဲတွေမှာ ပါဝင်နေတာက မျိုးဆက်သစ်လေးတွေ ပါနေတာပေါ့။ မျိုးဆက်သစ် လူငယ်လေးတွေကို ချနင်းရက်တာကို စိတ်မကောင်းဘူး။ ကျနော်တို့ လူရွှင်တော် လောကမှာ ကျနော် တို့ချည်းပဲလည်း ရပ်တည်လို့ မရဘူး။ ကျနော်တို့ထက် အောင်မြင်တဲ့ လူရွှင်တော် အဖွဲ့တွေလည်း ရှိတယ်။ သူတို့ချည်းပဲလည်း ရပ်တည်လို့လည်း မရဘူး။
စကစ လုပ်တဲ့ ပွဲတွေမှာ ပါဝင်ပြိုင်တဲ့ မျိုးဆက်သစ် လူငယ်တွေကို ချနင်းရက်တဲ့သူတွေကို နှမျော တယ်။ ဒီလောက်ပဲ ပြောချင်ပါတယ်။ တဦးချင်း ထောက်ခံတာ၊ ပါဝင်တာက မပြောပလောက်ဘူး။ ဒါပေမယ့် အဖွဲ့လိုက်ကြီး မျိုးဆက်သစ်တွေကို ချနင်းတာက ကျနော်တို့ လောကနဲ့ ဆိုင်သွားပြီ။
လူရွှင်တော်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေဆိုရင် ကျနော်တို့ လူရွှင်တော် လောကအတွက် အရမ်းနာ တယ်။ ဒီစစ်ကောင်စီက လုပ်တဲ့ပွဲမှာ လူရွှင်တော်အသင်းမှ ပူးပေါင်းပါဝင်ပါသည်ဆိုတဲ့ ခေါင်းစဉ်ကြီး က တော်တော် မမိုက်ဘူး။ အဲဒီလို လုပ်ပေးနေတဲ့ လူရွှင်တော် အကြီးပိုင်းတွေကိုလည်း ဒါလေးတွေကို ပြုပြင်ပေးပါလို့ ကျနော်တို့က အကြံပြုတာပါ။
မေး။ ။ ပြီးခဲ့တဲ့အပတ်က စကစဘက်က စိန်ရတု ပြည်ထောင်စု လူရွှင်တော်ဖလားပွဲ လုပ်သွား တယ်။ အဲဒီအပေါ်ကို မှတ်ချက် ပြုပေးပါဦး။
ဖြေ။ ။ ပြည်ထောင်စု စိန်ရတုပွဲကို ကျနော်တို့ အနေနဲ့ မှတ်ချက်ပေးဖို့ လုံးဝ မတန်ပါ။ အဲဒီတော့ ကျနော်တို့ အနေနဲ့ ဒီပွဲကို မှတ်ချက် မပေးနိုင်ဘူး။
မေး။ ။ အာဏာသိမ်းကာလမှာ ပြည်သူနဲ့ တသားတည်း တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်ကြတဲ့ အနုပညာရှင်တွေ ပေါ်ထွက်လာတယ်။ တော်လှန်ရေးနဲ့ အနုပညာ ဆက်စပ်မှုအပေါ် ဟားငါးကောင်ရဲ့ ခံယူချက်၊ ယူဆချက်ကို သိချင်ပါတယ်။
ဖြေ။ ။ အခု တော်လှန်ရေးမှ မဟုတ်ဘူး၊ ခေတ်အဆက်ဆက်ပေါ့။ သူ့ကျွန်ဘဝမှာကတည်းက အနု ပညာနဲ့ တော်လှန်ခဲ့ကြတယ်။ အဲဒီတုန်းက ဇာတ်မင်းသားကြီးတွေက ဇာတ်စင်ပေါ်ကနေ ပြည်သူကို အားအင်ပေးခဲ့တယ်။ အင်္ဂလိပ်အစိုးရကို သီချင်းတွေနဲ့ တော်လှန်ခဲ့တယ်။ ဂီတသမားတွေလည်း တော်လှန်ခဲ့တယ်။ လူရွှင်တော်တွေလည်း တော်လှန်ခဲ့သလို၊ ဆိုင်းဆရာတွေလည်း တော်လှန်ခဲ့တယ်။
ကျနော်တို့ ခေတ်ရောက်မှ မဟုတ်ဘူး။ ဟိုးအရင်ခေတ်တွေကလည်း တော်လှန်ခဲ့ကြတာ။ ဒီဘက် ခေတ်မှာ လူရွှင်တော်က လူရွှင်တော်ကတာ ပြဿနာလားဆိုတာ ဒီအချိန်မှာ ပြဿနာ။ ဆရာဝန်တွေ၊ အင်ဂျင်နီယာတို့က တောထဲမှာ သေနတ်ကိုင်နေတဲ့အချိန်မှာ လူရွှင်တော်က လူရွှင်တော် ဝတ်စုံဝတ် ပြီး ဒီအချိန်မှာ ကနေရင် ပြဿနာပဲ။
ဘုန်းကြီးတွေ၊ ကျောင်းဆရာတွေ၊ CDM သမားတွေ သူတို့ အလုပ်တွေ စွန့်ပြီး သူတို့ ပါဝင်ကြတယ်။ ဒီလိုလူတွေကို အားနာသင့်တာပေါ့။ အားနာစေချင်တယ်။
လူရွှင်တော် ဝတ်စုံကိုဝတ်ပြီး သူတို့က စကစ ဖျော်ဖြေပွဲတွေမှာ ကနေတာ အဲဒါ ပြဿနာပေါ့။ ဒါပေ မယ့် ကျနော်တို့ ကမှာက လူရွှင်တော် ဝတ်စုံ ဝတ်ပြီး စစ်ကောင်စီကို တွန်းလှန်မယ့် ပုံစံနဲ့ကမှာ။ သူတို့နဲ့ ပုံစံ မတူဘူး။ လူရွှင်တော်ချင်း တူပေမယ့် မူချင်းမတူဘူး။ ကျနော်တို့က တိုင်းပြည်အတွက် ကမှာ။ ရှေ့လျှောက်လည်း ဒီအတိုင်းပဲပေါ့။
မေး။ ။ ဟားငါးကောင်အဖွဲ့ရဲ့ နိုင်ငံရေးခံယူချက်ကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ ကျနော်တို့ရဲ့ ခံယူချက်က အာဏာရှင် ရှိနေသရွေ့ တွန်းလှန်နေဦးမှာပဲ။ ကျနော်တို့က ဒီနိုင်ငံ မှာ နေတယ်၊ ဒီရေသောက်တယ်။ ဒီနိုင်ငံမှာ ကြီးပြင်းတဲ့ကောင်တွေချည်းပဲ။ ဒီနိုင်ငံ ကောင်းစားဖို့ပဲ တွေးတယ်။ ကျနော်တို့ နိုင်ငံကို ဆုတ်ယုတ်အောင်လုပ်တဲ့သူမှန်သမျှကို တွန်းလှန်မှာပဲ။ ကျနော်တို့ အသက်ရှင်နေသမျှပေါ့။ ကျနော်တို့က နိုင်ငံရေးသမား စစ်စစ်ကြီးတွေ မဟုတ်ဘူးလေ။ ကျနော်တို့က အနုပညာသမားတွေ ဖြစ်တဲ့အတွက် ဒီတော်လှန်ရေးမှာ ပါဝင်တယ်။ တရားမမျှတဘူး ထင်တယ်။ တိုင်းပြည်ကို ချောက်ထဲကျအောင် လုပ်နေတဲ့သူတွေကို ကျနော်တို့ တော်လှန်မယ်။
You may also like these stories :
မြန်မာ့ရေမြေမှာ မရိုက်ကူးခဲ့ရလို့ အားမလို အားမရဖြစ်ခဲ့ရတဲ့ သရုပ်ဆောင်ဒေါင်း
လူမျိုးကို အခြေခံတဲ့ တော်လှန်ရေး မဟုတ်တော့ဘူး
မောင်တော ဘူးသီးတောင် ခွဲထွက်မယ် ဆိုတာ ကလေးကလား စကားတွေပါ