“တပ်မတော်ဆိုတဲ့ နာမည်က ဂုဏ်သိက္ခာပြုတ်သွားပြီ”

ဧရာဝတီ
အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီ Asia Pacific Center for Security Studies မှာ စာသင်ကြားနေတဲ့ ဒေါ်မီမီဝင်းဘတ်/ Asia Pacific Center for Security Studies

အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီ Asia Pacific Center for Security Study အာရှပစိဖိတ်လုံခြုံရေးဆိုင်ရာ လေ့လာရေးစင်တာမှာ စာသင်ကြားနေသူ ဒေါ်မီမီဝင်းဘတ်နဲ့ ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။

မြန်မာစစ်အာဏာသိမ်းအပြီး ကြုံတွေ့နေရတဲ့ ပြည်တွင်း လုံခြုံရေးဆိုင်ရာ ပြဿနာတွေ အထူးသဖြင့် အာဏာသိမ်းစစ်တပ်နဲ့ အာဏာသိမ်းဆန့်ကျင်ရေး အရပ်သားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေအကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ အခုအမေးအဖြေမှာ သူပြောခဲ့သမျှဟာ အမေရိကန်ပြည်ထောင်စု အစိုးရနဲ့ စစ်တပ်ကိုရော၊ သူစာသင်နေတဲ့ ကျောင်းကိုပါ ကိုယ်စားပြုပြောတာ မဟုတ်ဘဲ လုံခြုံရေးဆိုင်ရာ ပညာရှင်တဦးအနေနဲ့ သုံးသပ်ချက်ပါလို့ ကြိုတင်မေတ္တာရပ်ခံထားပါတယ်။

မေး။ ။ ဒေါ်မီမီဝင်းဘတ်အနေနဲ့ အရင်တုန်းက မြန်မာစစ်တပ်နဲ့ဆက်ဆံခဲ့ချိန်ပေါ့။ အဲဒီအချိန်မှာ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ အခုလိုမျိုး ရူးရူးမိုက်မိုက်နဲ့ အာဏာသိမ်းမှု လုပ်လိမ့်မယ်လို့ ထင်ခဲ့မိဖူးလား။ ဒါမှမဟုတ်ရင် အခု စစ်အာဏာသိမ်းမှုကို အံ့ဩမိပါသလား။

ဖြေ။ ။ အကယ်၍ သူတို့ ရူးရူးမိုက်မိုက်လုပ်မယ်လို့ ထင်တယ်ဆိုရင် ကျမတို့မှာ ဘယ်လိုမှ စေ့စပ်ဆွေးနွေးရေး မလုပ်ဘူး။ သူတို့တွေ ဒီလို ရူးရူးမိုက်မိုက် မလုပ်နိုင်ဘူးလို့ စဉ်းစားပြီးတော့ စေ့စပ်ဆွေးနွေးခဲ့တာပါ။ ဒါပေမယ့်လည်း သမိုင်းကိုပြန်ကြည့်လိုက်ရင် သူတို့မှာ နှစ်ပေါင်းများစွာ ဒီစနစ်နဲ့နေလာတာ။

၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်း မြန်မာစစ်တပ်မှ ကိုယ်စားလှယ်များနှင့် ဒေါ်မီမီဝင်းဘတ်အပါအဝင် အမေရိကန်စစ်တပ်မှ ကိုယ်စားလှယ်များ လုံခြုံရေးဆိုင်ရာ ဆွေးနွေးစဉ်/ U.S. Indo-Pacific Command

နောက်တခုက အကူးအပြောင်းကာလ တခုမှာ သူတို့တွေဟာ အပြင်ထွက်ပြီးတော့ စေ့စပ်ဆွေးနွေးရေး လုပ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ တော်တော်များများ အနောက်နိုင်ငံတွေက သူတို့ကို ပိတ်ဆို့ထားတုန်း။

လူတယောက်ကို စိတ်ပြောင်းဖို့အတွက်က တော်တော်များများ အချိန်ယူပြီးတော့ ဆက်ဆံရတာပေါ့။ အဲဒီတော့မှ စိတ်ပြောင်းတာ။ ကျမတို့မှာ အဲဒီလို အခွင့်အရေးတွေ မရှိလိုက်ဘူး။

ခရီးလေးတခု သွားလိုက်တာနဲ့ စိတ်ပြောင်းသွားမလားပေါ့။ တကယ်တမ်းတော့ သူတို့ကို စိတ်ပြောင်းစေချင်ရင် စေ့စပ်ဆွေးနွေးရေးက ပိုများရမယ်။ လူတယောက်ကို စိတ်ပြောင်းဖို့အတွက်က တော်တော်များများ အချိန်ယူပြီးတော့ ဆက်ဆံရတာပေါ့။ အဲဒီတော့မှ စိတ်ပြောင်းတာ။ ကျမတို့မှာ အဲဒီလို အခွင့်အရေးတွေ မရှိလိုက်ဘူး။

ဒီလို စစ်အာဏာသိမ်းမှုမျိုးဖြစ်လာတော့ အံ့ဩလားဆိုတော့လည်း ပြောလို့မရဘူး။ မျှော်လင့်ခဲ့တယ်လို့ ပြောလို့ရတယ်။ ဒါကတော့ ကျမရဲ့ အတွေ့အကြုံနဲ့ပြောတာပါ။ စစ်တပ်ထဲမှာ ဆုံးဖြတ်ချက်ချတဲ့သူတွေရဲ့ အဆင့်အတန်းကို ကြည့်လိုက်မယ်ဆိုရင် ဒီမိုကရက်တစ်နိုင်ငံတွေနဲ့ ဘယ်လောက်ထိ ပူးပေါင်းထိတွေ့ပြီးပြီလဲ၊ ဒီ ၁၀ နှစ်မှာပေါ့။ အဲဒါ သိပ်မရှိပါဘူး။ ဒါကြောင့် ဘယ်လောက် စိတ်ပြောင်းမလဲဆိုတာ လက်တွေ့မကျတဲ့ မျှော်လင့်ချက်လို့ ပြောလို့ရပါတယ်။

မေး။ ။ ဖေဖော်ဝါရီလက အာဏာသိမ်းပြီးချိန်ကစပြီးတော့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေရဲ့ ခေါင်းကို ချိန်ရွယ်ပစ်ခတ်တာတွေ၊ အခုနောက်ပိုင်းလည်း ကလေးတွေ၊ အမျိုးသမီးတွေကိုတောင် မရှောင်တော့ဘဲနဲ့ မြန်မာစစ်တပ်ဟာ သတ်ဖြတ်မီးရှို့တာတွေ အပေါ်မှာရော ဘယ်လိုသဘောထား အမြင်၊ ခံစားချက်တွေ ဖြစ်မိပါသလဲ။

ဖြေ။ ။ လူတယောက်အနေနဲ့၊ မြန်မာပြည်မှာ မွေးဖွားပြီးတော့ ကြီးလာတဲ့သူတယောက်အနေနဲ့ အရမ်းပဲ အသဲကွဲစရာတခုလို့မြင်တယ်။ ဒါပေမယ့်ကျမက ကျမရဲ့ ပညာရှင်ဦးထုပ်ကို ဆောင်းပြီးတော့ စစ်ပညာနဲ့ ပြန်သုံးသပ်လိုက်ရင် ကျမတို့ရဲ့ သင်ကြားရေးစာအုပ်တွေမှာ စစ်တပ်အနေနဲ့ ဒါမျိုးတွေ လုံးဝမလုပ်ရဘူး။ ဒါမျိုးတွေလုပ်ရင် အောင်မြင်မှုဟာ ထိခိုက်နိုင်တယ်ဆိုပြီး ကျမတို့ရဲ့ စစ်ပညာထဲမှာ သင်ထားတယ်။

အခုမြန်မာစစ်တပ် လုပ်နေတာတွေကို ကြည့်လိုက်ရင် မလုပ်ရတာကို လုပ်နေတယ်လို့ ပြောလို့ရတယ်။

စစ်တပ်က ပိုပြီးတော့ ရက်ရက်စက်စက် လက်နက်မရှိတဲ့သူတွေကို အနိုင်ကျင့်လေလေ၊ ပြည်သူလူထုကပိုပြီးတော့ နာကြည်းလာပြီးတော့ သူတို့ရဲ့ ခုခံမယ်၊ တော်လှန်မယ်ဆိုတဲ့ စိတ်တွေက ပိုပြီးတော့ ခိုင်မာလာလေလေ။ ကျမတို့ရဲ့ စစ်ပညာနဲ့ ပြန်ကြည့်လိုက်ရင် ဒါဟာလည်း မျှော်လင့်ခဲ့တယ်လို့ ပြောလို့ရတယ်။ အဲဒီလိုပဲဖြစ်မှာပဲ။ အဲဒါကြောင့်မို့လို့ စစ်တပ်ထဲမှာ သင်ရင် ဒါတွေက မလုပ်ရဘူး၊ မလုပ်သင့်ဘူး။ စစ်ဆင်ရေးအရလည်း မလုပ်သင့်ဘူး။ ဒါတွေလုပ်ရင်ရှုံးမယ့် အလားအလာတွေ အများကြီးရှိတယ်လို့ ကျမတို့ သင်ကြားရတယ်။ အခုမြန်မာစစ်တပ် လုပ်နေတာတွေကို ကြည့်လိုက်ရင် မလုပ်ရတာကို လုပ်နေတယ်လို့ ပြောလို့ရတယ်။

မေး။ ။ စစ်တပ်က အခုမြေပြင်မှာ အထိနာနေတယ်။ လေကြောင်းပစ်ကူအသာနဲ့ ဖိတိုက်လာတယ်။ မြန်မာစစ်တပ်ဟာ နောက်ဆုံးမှာ အနိုင်ရသွားမလား ဒါမှမဟုတ် သူမသာ ကိုယ်မသာ ဒီလိုပဲ လုံးလည်ချာလည်လိုက်နေမလား။ ဒါမှမဟုတ်ရင် မြန်မာစစ်တပ်ဟာ ကျရှုံးသွားမလား။

ဖြေ။ ။ နောက်ဆုံးပိတ် အဖြစ်အပျက်မှာတော့ ခန့်မှန်းရခက်တယ်။ အခုဘာဖြစ်နေလဲဆိုတာ ကြည့်လိုက်ရင် ဘယ်ဘက်က အားသာချက်ရှိလဲ၊ အားနည်းချက်ရှိလဲဆိုပြီး ပြောလို့ရတယ်။ အခုအချိန်မှာ စစ်တပ်ဆိုတာ ပြည်သူလူထုရဲ့ ထောက်ပံ့မှုမပါရင် မရပ်တည်နိုင်ဘူး။ အခုအချိန်မှာ စစ်တပ်အတွက်ကြာရှည်ရပ်တည်နိုင်မှုကို ကျမ မတွေ့ဘူး။ သူတို့မှာ တိုက်ပွဲဖြစ်တိုင်း သူတို့ဘက်က ကျရှုံးတာများတယ်။ နောက်တခုက သမိုင်းဝင် CDM စစ်သားတွေ ဝင်လာတာ နေ့တိုင်းနီးပါးပဲ။ နောက်ပြီးတော့ သူတို့မြေပြင်မှာ ဘာမှမလုပ်နိုင်ဘူး။ မြေပြင်မှာတော့ ပြည်သူလူထုကို နှောင့်ယှက်တာပဲ လုပ်နိုင်တော့တယ်။

အခုအချိန်မှာ စစ်တပ်အတွက်ကြာရှည်ရပ်တည်မှုအတွက်ကို ကျမမတွေ့ဘူး။ သူတို့မှာ တိုက်ပွဲဖြစ်တိုင်း သူတို့ဘက်က ကျရှုံးတာ များတယ်။

တကယ့်တကယ်တမ်း စစ်တိုက်မယ်ဆိုရင် သူတို့မတိုက်နိုင်တော့ဘူး။ အဲဒါကြောင့် လေကြောင်းအင်အားကို ကြိုးစားပြီးတော့ လုပ်နေရတယ်။ ဒါပေမယ့်လည်း လေကြောင်းပါဝါဆိုတာနဲ့မနိုင်ဘူး။ ဗျူဟာက အရေးကြီးတယ်။ ပိုကျယ်ပြန့်တဲ့ သေနင်္ဂဗျူဟာက အရေးကြီးတယ်။ အခုအချိန်မှာ ပြည်သူလူထုတော်လှန်ရေးဘက်က ကြည့်လိုက်ရင် နေ့တိုင်းနေ့တိုင်း မဟာဗျူဟာက အရမ်းပဲ ခိုင်မြဲလာတယ်။ အဲဒါကြောင့်မို့လို့ သူတို့ ၁၀ လမှာကို မြေပြင်မှာ နိုင်အောင်တိုက်လာနိုင်တယ်။ EAO တွေနဲ့ PDF တွေနဲ့က အချိတ်အဆက် စစ်ဆင်ရေးတွေ ရှိလာတယ်။ လုပ်နိုင်နေကြတယ်။

အဲဒါကြောင့်မို့လို့ စစ်တပ်ကနေ ပြန်ကြည့်လိုက်ရင် သေနတ်တို့ လက်နက်တို့ဆိုတာက သူတို့ဘာသာ ပစ်တာမဟုတ်ဘူး။ လူကကိုင်ပြီးတော့ ပစ်ရတာ။ လူလို့ပြောလိုက်ရင် စိတ်ဓာတ်ကပါလာပြီ။ စိတ်ဓာတ်တွေကျနေရင် စစ်တိုက်တဲ့ အင်အားက သက်ရောက်မှုရှိမှာမဟုတ်ဘူး။ အဲဒါကြောင့်မို့လို့လည်း ကျရှုံးတာတွေ အများကြီး တွေ့နေရတယ်။ စစ်တပ်က ပမ်းလာပြီ။ သူတို့မှာ ဟိုသွားလိုက် ဒီသွားလိုက်နဲ့။ တချို့အင်တာဗျူးတွေ ကြည့်လိုက်ရင် စစ်သားတွေက ပမ်းနေတယ်။

အမေရိကန်စစ်တပ်တွင် ဒုတိယဗိုလ်မှူးကြီး တာဝန်ထိ ဒေါ်မီမီဝင်းဘတ် ထမ်းဆောင်ခဲ့သည်/VOA

နောက်တခုကကျတော့ နယ်မြေကို သိပ်မကျွမ်းကျင်ကြတော့ဘူး။ ဟိုနေရာကနေဆွဲ၊ ဒီနေရာကနေဆွဲနဲ့ အဲဒီလို မကျွမ်းကျင်ကြတော့ ဒီဘက်က PDF တို့ EAO တို့က မြေပြင်ရဲ့ အနေအထားကို ကိုယ့်ဘက်က အားသာအောင် တိုက်လို့ရတယ်။ အဲဒါကြောင့် ကျရှုံးမှုတွေ များနေတာ။ နောက်တခုကကျတော့ မြန်မာစစ်တပ်ရဲ့ အမိန့်က အပေါ်ကနေ လုပ်ပြီးတော့ အောက်မှာတိုက်တာ။ ရှေ့တန်းမှာရှိတဲ့သူတွေက ဆုံးဖြတ်ပိုင်ခွင့် သိပ်မရှိဘူး။ ဒါပေမယ့်လည်း ပြန်တင်ပြတဲ့အခါ အင်တာဗျူးတွေကိုကြည့်လိုက်ရင် သူတို့က သေချာမလုပ်ပေးဘူး။

သူတို့မှာ လူ ၁၀ ယောက်ကျသွားတယ်၊ ၂ ယောက်လောက်ပဲ တင်ပြလိုက်တယ်။ ၃၊ ၄ ယောက်ထွက်ပြေးတယ်။ အဲဒါကို တခါတလေကျရင် တင်ပြချင်မှ တင်ပြမယ်။ အပေါ်ကနေပြီးတော့ ဗျူဟာဆွဲပြီးတော့ လုပ်နေတဲ့သူတွေဟာ အောက်ခြေမှာ လူဘယ်နှယောက်ရှိလဲဆိုတာကို အတိအကျ မသိဘူး။ အဲဒါကြောင့် ဆုံးဖြတ်ချက်ချပြီးတော့ တိုက်လို့ပြောတဲ့အခါမှာ ဒါဟာ မမှန်ကန်ဘူး။ ဒါကြောင့်မို့လို့ ကျမတို့ စစ်ပညာ၊ စစ်သင်တန်းတွေမှာ၊ စစ်ဆင်ရေးတွေမှာ အောက်ခြေမှာ အမြဲတမ်း ဆုံးဖြတ်ချက်ပေးဖို့ ခွင့်ပေးထားတယ်။ တိုက်ပွဲဖြစ်လာရင် ကိုယ့်အနေအထားက ကိုယ်ပဲသိတာ။ ဆုံးဖြတ်ပိုင်ခွင့် လိုအပ်တယ်။

တယောက်ယောက်ကိုကြောက်နေပြီးတော့ အမိန့်စောင့်နေတာ စည်းကမ်းမဟုတ်ဘူး။ ဒါတွေအားလုံး ပေါင်းကြည့်လိုက်တဲ့အခါ စစ်တပ်မှာ အများကြီး အားနည်းချက်တွေဖြစ်နေတယ်။

နောက်တခုကတော့ မြန်မာစစ်တပ်ရဲ့ ထုံးတမ်းစဉ်လာက သူတို့က အကြောက်တရားနဲ့ ကိုင်ထားတာ။ အကြောက်တရားနဲ့ကိုင်တယ်ဆိုကတည်းက အကြောက်တရားနဲ့ စစ်တိုက်ရင်ဘယ်တော့မှ မနိုင်ဘူး။ အကြောက်တရားကို စည်းကမ်းလို့ ထင်တယ်။ စည်းကမ်းဆိုတာက လုပ်သင့်လုပ်ထိုက်တဲ့အချိန်မှာ လုပ်တဲ့အရာ။ နောက်ပြီးတော့ စစ်ဖြစ်လာရင် စိတ်လှုပ်ရှားတဲ့အရာကို ဘယ်လိုတည်ငြိမ်ပြီးတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ကောင်းကောင်းလုပ်မလဲ ဆိုတာ စည်းကမ်းပဲ။ တယောက်ယောက်ကိုကြောက်နေပြီးတော့ အမိန့်စောင့်နေတာ စည်းကမ်းမဟုတ်ဘူး။ ဒါတွေအားလုံး ပေါင်းကြည့်လိုက်တဲ့အခါ စစ်တပ်မှာ အများကြီး အားနည်းချက်တွေဖြစ်နေတယ်။

ပြည်သူလူထုဘက်ကကျတော့ PDF တွေရဲ့စိတ်ဓာတ်က အရမ်းကြီးမားတယ်။ အရမ်းတင်းမာတယ်။ ဘယ်သူမဆို လူက ဒီအတိုင်းပဲ စိတ်သွားတိုင်း ကိုယ်ပါ စိတ်ရှိနေရင် သူတို့လုပ်လို့ရတယ်။ စစ်တိုက်တယ်ဆိုတာက သေနတ်ပစ်မှ စစ်တိုက်တာမဟုတ်ဘူး။ စိတ်ကတင်းမာတယ်၊ အားကြီးနေတယ်ဆိုရင် အဲဒါကို အသုံးချပြီး လုပ်နေကြတာ PDF ဘက်က။

ဒါတွေကို ကြည့်လိုက်ရင် အားသာချက်အားနည်းချက်လို့ ပြောလို့ရတယ်။ ဒါပေမယ့် နောက်ဆုံး ဘယ်လိုဖြစ်မလဲဆိုတာ နည်းနည်းပြောရ ခက်တာပေါ့။ ဒါပေမယ့်လည်း သတိပြုမိတဲ့ အချက်တွေက Silent Strike မှာ ရာခိုင်နှုန်း ၉၀ ကျော် ပါဝင်တယ်။ နောက်တခုက မြန်မာပလာဇာတို့ ဘာတို့ကို သပိတ်မှောက်တာ လုပ်နိုင်တယ်။ ဒါတွေကိုကြည့်လိုက်ရင် ပြည်သူလူထုရဲ့ စိတ်ဓာတ်က တင်းမာနေတုန်းပဲဆိုတာ။ ဒီအားသာချက်တွေက ပိုသာလာလို့ရှိရင် Turning Point အချိုးအကွေ့တခု ရောက်တော့မယ်။ တော်တော်စည်းရုံးပြီး လုပ်နေတာတွေ့ရတယ်။ ၂၀၂၂ မှာ Turning Point ရောက်မယ်လို့ ကျမထင်တယ်။

စစ်တိုက်တယ်ဆိုတာက သေနတ်ပစ်မှ စစ်တိုက်တာမဟုတ်ဘူး။ စိတ်ကတင်းမာတယ်၊ အားကြီးနေတယ်ဆိုရင် အဲဒါကို အသုံးချပြီး လုပ်နေကြတာ PDF ဘက်က။

မေး။ ။ ဒေါ်မီမီဝင်းဘတ်ပြောတဲ့အထဲမှာ စစ်တပ်ရဲ့ စိတ်ဓာတ်က အရမ်းကျဆင်းနေပြီပေါ့။ စစ်ပမ်းတာက တကြောင်း၊ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်သားတွေရဲ့ ဆင်းရဲချမ်းသာ ကွာခြားမှုတွေ၊ နောက်တခုက ပြည်သူတွေက ရွံ့ရှာမုန်းတီးကြတာတွေက တကြောင်းပေါ့။ တပ်ကနေပြီးတော့ စွန့်ခွာထွက်ပြေးသူ၊ CDM လုပ်လာတဲ့ စစ်သည်တွေ အမြောက်အများ ရှိပါတယ်။ ၂ ထောင်ကျော်နေပြီလို့ သိရပါတယ်။ သူတို့ရဲ့အခန်းကဏ္ဍက ဘယ်လိုရှိပါသလဲ။ သူတို့က အရေးပါလား။

ဖြေ။ ။ အရေးပါတယ်။ ကျမတို့ ပညာရှင်တွေအနေနဲ့ လေ့လာထားတာက အောင်မြင်တဲ့ တော်လှန်ရေးတွေကို ပြန်သုံးသပ်လိုက်ရင် အဓိက ၃ ချက်ပါတယ်။ ပထမတချက်ကကျတော့ များသောအားဖြင့် ပြည်သူလူထုရဲ့ နာကြည်းမှု၊ နောက်တခုကကျတော့ နိုင်ငံတကာဖိအား၊ နောက်တခုက စစ်သားတွေ ဘက်ပြောင်းတာပေါ့။ အဲဒါကလည်း ၁၀၀ ရာခိုင်နှုန်း ပြောနေစရာ မလိုဘူး။ သူတို့လုပ်သင့်လုပ်ထိုက်သလောက် ရှိနေရင် ဒါဟာ အောင်မြင်မှုရှိတဲ့ တော်လှန်ရေးတွေမှာ တွေ့ရတယ်လို့ ပြောတယ်။ လူမှုရေးသိပ္ပံမှာတော့ Cause နဲ့ Effect ကတော့ ပြောရခက်တယ်။ ဒါပေမယ့် အောင်မြင်တဲ့ တော်လှန်ရေးတွေကို သုံးသပ်လိုက်ရင် အဲဒီ ၃ ချက်က ပါပါလာတယ်။ အဲဒီ ၃ ချက်ကိုတွေ့နေရတယ်။ ကျမအနေနဲ့တော့ အဲဒီလိုမျိုးပဲ သုံးသပ်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာဝိုင်အီသို့ အလည်ရောက်စဉ်

မေး။ ။ တပ်မတော်ထဲက အမျိုးသမီးတွေရဲ့ ကဏ္ဍပေါ့။ မြန်မာ့တပ်မတော်ထဲမှာ အမျိုးသမီးတွေရဲ့ကဏ္ဍ မြှင့်တင်ဖို့ဆိုပြီးတော့ ဒေါ်မီမီဝင်းဘတ်ရေးတဲ့ ဆောင်းပါးတပုဒ် ဖတ်ဖူးတယ်။ ဒီအထဲက အဲဒီအကြံဉာဏ်ပြုချက်ကို လိုက်နာရမယ့်အစား အမျိုးသမီးတွေကို နှိမ့်ချ ဆက်ဆံတဲ့အပြင် တပ်ထဲမှာ စစ်သည်အရာရှိတွေရဲ့ ဇနီးမယားတွေကိုတောင်မှ လခမပေးဘဲ၊ အကျိုးခံစားခွင့် မပေးဘဲ ကျွန်ဝယ်ရာ အဆစ်ပါဆိုသလို စစ်သင်တန်းတွေပေးတာ၊ နောက်ပြီးတော့ သေနတ်ကိုင်ပြီးတော့ ကင်းစောင့်ခိုင်းတာတွေ တွေ့နေရတော့ ဒီကိစ္စအပေါ်မှာရော ဒေါ်မီမီဝင်းဘတ်ရဲ့ သဘောထားပြောပြပေးပါ။

တပ်မတော်လို့ ပြောလိုက်လို့ရှိရင် တကမ္ဘာလုံးက လူတွေက လူသတ်အကြမ်းဖက် အဖွဲ့တခုရဲ့နာမည်လို့ သူတို့က ထင်သွားပြီ။

ဖြေ။ ။ ပထမဆုံး ကျမပြောချင်တာက တပ်မတော်ဆိုတဲ့ နာမည်က ဂုဏ်သိက္ခာပြုတ်သွားပြီ။ တပ်မတော်လို့ ပြောလိုက်လို့ရှိရင် တကမ္ဘာလုံးက လူတွေက လူသတ်အကြမ်းဖက် အဖွဲ့တခုရဲ့နာမည်လို့ သူတို့က ထင်သွားပြီ။ ဘာလို့လဲဆိုတော့ မင်းအောင်လှိုင်တို့ လုပ်လိုက်တာက တပ်မတော်ကို ကြိုးဆွဲပြီးတော့ လည်ပင်းကြိုးဆွဲပြီးတော့ လုပ်လိုက်တာဆိုတော့ နောက်ထပ်လာမယ့် စစ်တပ်တွေဆိုရင် တပ်မတော်လို့ သုံးလို့ မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်လို့ပြောလိုက်ရင် တကမ္ဘာလုံးက အကြမ်းဖက်အုပ်စုလို့ ခံယူသွားပြီ။ တာလီဘန်တို့ အယ်လ်ကိုင်းဒါးတို့လိုပဲပေါ့။ နာမည်ကြားတာနဲ့တင် အကြမ်းဖက်ပဲ။ တပ်မတော်လို့ ကြားလိုက်တာနဲ့ အကြမ်းဖက်အဖွဲ့တခုလို့ဖြစ်သွားတယ်။ နောက်တက်လာမယ့် စစ်သားတွေက တပ်မတော်ဆိုတဲ့နာမည်ကို သုံးလို့မရတော့ဘူး။ လည်ပင်းကြိုးကွင်းစွပ်ပစ်လိုက်တယ်။

စစ်တပ်က ဒီလိုမျိုး အမျိုးသမီးတွေနဲ့ဖြည့်ပြီး လုပ်နေရတယ်ဆိုကတည်းက သူတို့မှာ လူမရှိတော့ဘူး။ လူဘယ်လိုမှလည်း ဖြည့်လို့မရတော့ဘူး။

နောက်တခုက အမျိုးသမီးတွေနဲ့ ပတ်သက်လို့ ကျမက ဘာပြောနေလဲဆိုရင် အမျိုးသမီးတွေကို စစ်တပ်ထဲကို ဝင်တဲ့အခါမှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ဆုံးဖြတ်နိုင်တဲ့သူအနေနဲ့ လုပ်တော့မှ အမျိုးသမီးတွေအနေနဲ့ ပါလာတဲ့ အင်အားတွေ၊ ခွန်အားတွေကို အဖွဲ့အစည်းက ရတယ်။ အကျိုးကျေးဇူးတွေ ရတယ်။ ဒါပေမယ့် အခုအချိန်မှာ စစ်တပ်က ဘယ်လိုလုပ်လဲဆိုရင် အမျိုးသမီးတွေက ဆုံးဖြတ်ချက်ချနိုင်တဲ့ အနေအထားမှာ လုံးဝကိုမရှိဘူး။ အောက်ခြေမှာပဲ။ ခွဲခြားခံရတယ်။ သူတို့မလုပ်ချင်တာကို တမင်တကာ လုပ်ခိုင်းတယ်။ တကယ်မှာတော့ အမျိုးသမီးတွေရဲ့ အင်အားရှိတဲ့ ခွန်အားတွေမရဘူး။ ဒီဘက် တော်လှန်ရေးဘက်က ကြည့်လိုက်ရင် အမျိုးသမီးတွေက အဆင့်ဆင့်မှာ ပါတယ်။ အဲဒါကြောင့်မို့လို့လည်း အားသာချက်တွေ ဖြစ်လာတာ။

ဒီအမျိုးသမီးတွေဆီက ပါလာတဲ့ စွမ်းရည်တွေ၊ ခွန်အားတွေက တော်လှန်ရေးဘက်မှာ အများကြီးပါတယ်။ စစ်တပ်က ဒီလိုမျိုး အမျိုးသမီးတွေနဲ့ဖြည့်ပြီး လုပ်နေရတယ်ဆိုကတည်းက သူတို့မှာ လူမရှိတော့ဘူး။ လူဘယ်လိုမှလည်း ဖြည့်လို့မရတော့ဘူး။ အဲဒါကြောင့် သူတို့က အဲဒီလို အတင်းအဓမ္မ လုပ်နေတာ။ ဒါဟာ ညွှန်ပြချက်တခု၊ အနုတ်လက္ခဏာပြတဲ့ ထင်သာမြင်သာ တခု အနေနဲ့ ကြည့်လို့ရတယ်။ အမျိုးသမီးသုံးတဲ့နည်းမှာ တကယ့် အကျိုးကျေးဇူးတွေတော့ မရဘူး။ သူတို့တွေက နှိပ်ကွပ်ပြီးတော့ အောက်ခြေမှာပဲ အသုံးချတာ။ ဒီဘက်မှာကျတော့ အဆင့်ဆင့်မှာ အမျိုးသမီးတွေ ပါတယ်။ သူတို့တွေ အင်အားတွေက တော်လှန်ရေးဘက်မှာ ရှိတာ အားသာချက်လို့ ပြောရင်ရတယ်။

သူတို့လုပ်နိုင်နေကြတယ်။ မြန်မာရဲ့သမိုင်းမှာ တခါမှ မတွေ့ကြုံဖူးတဲ့ ပူးပေါင်းဆောင်ရွက်မှုတခုလို့ တွေ့နေရတယ်။

မေး။ ။ အကြမ်းဖက်လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သွားတဲ့ တပ်မတော်ကို ဖယ်ရှားပြီးတော့ နိုင်ငံနဲ့နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်မယ့် Federal Army လို့ပဲ ပြောပြော လက်နက်ကိုင်တပ်ဖွဲ့နဲ့ အစားထိုးကြတယ် ဆိုပါစို့။ အဲဒီတပ်ဖွဲ့ကို တည်ထောင်ရာမှာ ဒေါ်မီမီဝင်းဘတ်အနေနဲ့ ဘာများအကြံပေးချင်ပါသလဲ။

ဖြေ။ ။ စစ်တပ်အသစ်လုပ်တော့မယ်ဆိုရင် အားလုံးပါဝင်ရမှာပေါ့။ အားလုံး လူမျိုး၊ လူပေါင်းစုံ၊ အောက်မှာတင်မက၊ အပေါ်မှာပါ အဆင့်တိုင်းမှာ တိုင်းရင်းသားတွေနဲ့၊ ဗမာတွေနဲ့ ဘာသာ မခြားဘဲနဲ့ လုပ်နိုင်ဖို့က အရေးကြီးတယ်။ အခုတွေ့နေတာက ပူးပေါင်းပြီးတော့ လုပ်တာတွေကို အောင်မြင်တာ တွေ့နေရတယ်။ သူတို့လုပ်နိုင်နေကြတယ်။ မြန်မာရဲ့သမိုင်းမှာ တခါမှ မတွေ့ကြုံဖူးတဲ့ ပူးပေါင်းဆောင်ရွက်မှုတခုလို့ တွေ့နေရတယ်။ ကျမအတွက် အများကြီးပဲ အနာဂတ်အတွက် ကောင်းကျိုးတွေ ထွက်နိုင်တယ်လို့ ထင်တယ်။ သုံးသပ်တယ်။ တော်တော် ချီးကျူး အံ့ဩစရာကောင်းတယ်။ EAO တွေနဲ့ PDF တွေနဲ့ တခါတလေကျရင် သူတို့တွေမှာ စာချုပ်တွေဘာတွေ မရှိပေမယ့် လိုအပ်လာရင် တယောက်နဲ့တယောက် ကူညီပေးနေကြတယ်။ ကျမအတွက် အားတက်စရာလို့ ပြောလို့ရတယ်။

You may also like these stories:

မြန်မာ့ပြည်တွင်းစစ်တွင် မည်သူနိုင်ခြေများသနည်း

တနိုင်ငံလုံးက မြန်မာစစ်တပ်ကို မုန်းနေကြတာ

အာဏာသိမ်းစစ်ကောင်စီ၏ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ

ပြုပြင်ပြောင်းလဲရေး အရေခြုံ ဦးစိုးသိန်း

စစ်ကိုင်းတိုင်းကို စစ်ကောင်စီ တကယ်ထိန်းချုပ်နိုင်ပြီလား

Loading