ပိန်ပါးသေးသွယ်သည့် ခန္ဓာကိုယ်ရှိသော အသက် ၃၃ နှစ်အရွယ် ဆရာဝန် ဒေါက်တာတေဇာစန်းသည် အာဏာသိမ်း စစ်အုပ်စု၏ အလိုရှိဆုံးသူများထဲမှ တဦးဖြစ်ပြီး ဆုကြေးငွေ သိန်း ၁၀၀ ဖြင့်ပင် ဖမ်းဝရမ်းထုတ် ကြေညာထားခံရ သူ ဖြစ်သည်။
တနိုင်ငံလုံးရှိ အများစုက လမ်းပေါ်ထွက် ဆန္ဒပြရေး တွန့်ဆုတ်နေချိန် လူငယ် အယောက် ၂၀ ခန့်နှင့်အတူ ပထမဆုံး အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲကို မန္တလေးမြို့လယ်ရှိ ဆေးတက္ကသိုလ်ရှေ့တွင် ပြုလုပ်ခဲ့သူဖြစ်ပြီး လက်နက်ဖြင့် အာဏာသိမ်းခဲ့သည့် စစ်ဗိုလ်ချုပ်များကို ရဲဝံ့စွာ စိန်ခေါ်ကာ ဖမ်းထားသော ခေါင်းဆောင်များကို လွှတ်ပေးရေးနှင့် စစ်အာဏာရှင်စနစ် ကျဆုံးရေး ကြွေးကြော်ခဲ့သည်။
သူ၏ ရဲရင့်သော အန်တုမှုက ပြည်သူများကို စိတ်ခွန်အားရစေပြီး နောက်ရက်များတွင် ပိုမိုကြီးမားသော လူထုဆန္ဒ ပြပွဲများ ပေါ်ထွက်လာစေသည်။
သူ၏ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားဆောင်ရွက်မှုများနှင့် စည်းရုံးဦးဆောင် နိုင်မှုများကြောင့် သူ့အား တောင်ကိုရီးယားနိုင်ငံက ဒီမိုကရေစီအရေး လှုပ်ရှားမှုဆိုင်ရာ ဂုဏ်ပြုဆု ချီးမြှင့်ခဲ့သည်။
စစ်တပ်က သူ့ကို ဖမ်းမိရေး ဆန္ဒပြပွဲများအတွင်း ကြိုးစားသလို မန္တလေးရှိ သူ့နေအိမ် စစ်ကိုင်းတိုင်းရှိ သူ၏ဇာတိ ရွာ တို့ကိုလည်း စီးနင်းရှာဖွေကာ အိမ်ကို ဖျက်ဆီးသည်၊ ကလေးကစားစရာအရုပ်ကအစ သူတန်ဖိုးထားသည့် စာအုပ် များကိုလည်း ဖျက်ဆီးသည်။ ဇနီးနှင့် သမီးငယ် မိဘဆွေမျိုးပါမကျန် တိမ်းရှောင်နေရသည်။ ယခု ဇန်နဝါရီလ ဆိုလျှင် ကိုတေဇာစန်း မိသားစုနှင့် မတွေ့ရသည်မှာ ၁၁ လ ကျော်ရှိသွားပြီဖြစ်သည်။
“တော်လှန်ရေးမှာ ပါဝင်နေတဲ့ ပြည်သူတွေအားလုံးကတော့ အနည်းနဲ့ အများဆိုသလို ဒီလိုမျိုး အရင်းအနှီးတွေ ရှိခဲ့ ကြတယ်၊ ရှိနေပါတယ်။ တချို့တွေဆိုရင် အသက်တွေတောင် ပေးခဲ့ကြပြီးပြီဗျာ၊ တချို့တွေ ဒီအချိန်မှာ ထောင်နံရံတွေ ကြား ရောက်ခဲ့ကြပြီ။ တချို့တွေဆို ဒီအချိန်မှာ နေစရာ၊ စားစရာ မရှိတော့ဘူး။ တချို့တွေ ဘယ်ရောက်နေမှန်းမသိ ပျောက်ကွယ်သွားပြီ။ တချို့ CDM သူရဲကောင်းတွေ အလုပ်တွေပြုတ်ခဲ့ကြပြီ” ဟု ကိုတေဇာစန်းက တုံ့ပြန်သည်။
ယနေ့တိုင် ကိုတေဇာစန်းသည် အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများကို စည်းရုံးဆောင်ရွက်လျှက်ရှိပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အတွက် အခြေခံ အုတ်မြစ်ချနိုင်ရေးနှင့် အမျိုးသားညီညွတ်ရေး အစိုးရကို မူဝါဒ လမ်းညွှန်ချက်များ ပေးရေးတို့ အတွက်ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးကောင်စီ (NUCC) တွင်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်လျှက်ရှိသည်။
ပြည်သူ့တော်လှန်ရေးသပိတ် ခေါင်းဆောင် ကိုတေဇာစန်းကမူ ပြီးခဲ့သည့် တနှစ်နီးပါး ကာလအတွင်း တော်လှန်ရေး၏ တိုးတက်မှုများအပေါ် အကောင်းမြင်သည်။
စစ်အာဏာရှင်အတွက် အလုပ်လုပ်ရန်ငြင်းဆန်သော အစိုးရဝန်ထမ်းများ၏ Civil Disobedience Movement (CDM)၊ စစ်တပ်ကျောထောက်နောက်ခံပြု စီးပွားရေးလုပ်ငန်းများနှင့် ဝန်ဆောင်မှုများ၊ ကုန်ပစ္စည်းများကို ပြည်သူများက သပိတ်မှောက်ခြင်းနှင့် အခွန်မပေးဆောင်ခြင်းမှသည် ယခုအရေးကြီးဆုံးဖြစ်သည့် လက်နက်ကိုင်တော်လှန်ရေးနှင့် အဆက်မပြတ် လမ်းပေါ်ထွက် ဆန္ဒပြမှုများအထိ လူထုတော်လှန်ရေးသည် ခိုင်မာအားကောင်းနေဆဲဖြစ်သည်ဟု သူက ပြောသည်။
ပြည်သူ့တော်လှန်ရေးအပေါ်သူ၏ အမြင်များ၊ လက်ရှိရောက်နေသည့်အခြေအနေနှင့် မြန်မာနိုင်ငံ အတွက် ၂၀၂၂ တွင် ဘာတွေစောင့်ကြိုနေနိုင်မလဲ စသည်တို့ကို ဧရာဝတီနှင့် မကြာသေးခင်ကပြုလုပ်ခဲ့သည့် မေးမြန်းမှုတွင် ပြောပြ ထားပါ သည်။
မေး။ ။ အာဏာသိမ်းပြီး ၄ ရက်အကြာမှာ စပြီးလမ်းပေါ်ထွက်ဆန္ဒပြခဲ့တယ်။ အဲဒီ အချိန်တုန်းက ဆန္ဒပြမှုကို စလုပ်ခဲ့တဲ့ ခံစားချက်၊ စိတ်ပိုင်းဖြတ်မှုတွေနဲ့ အခု တနှစ်ပြည့်ခါနီးအချိန်နဲ့ ယှဉ်ရင် ဘယ်လိုကွာသွားပြီလဲ။
ဖြေ။ ။ စစ်အာဏာသိမ်းမှုကို လက်မခံဘူး၊ လက်မခံကြောင်းကို ဖော်ထုတ်ပြသမှ ရမယ်ဆိုပြီးစဉ်းစားမိလို့ ကျနော် တို့ ပြည်သူတွေ ကျနော်အပါအဝင် လမ်းမပေါ်ထွက်ပြီး ဆန္ဒတွေ ပြခဲ့ကြတယ်။ ဖေဖော်ဝါရီ လဆန်းကတည်းကပေါ့။
ဒီနေ့အချိန်မှာနဲ့ အဲဒီတုန်းကနဲ့ ဘာကွာလဲ ဆိုတော့ အဓိကကတော့ ကျနော်တို့ ဒီစစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တော်လှန်ရေး၊ တနည်းပြောရရင် ဒီနွေဦးတော်လှန်ရေးက မုချ နိုင်ကိုနိုင်မယ်။ ဒီအာဏာရှင်စနစ်နဲ့ အာဏာသိမ်းမှုက အခုကတည်းက ကျရှုံးသွားပြီ။ တနည်းပြောရရင် မအောင်မြင်သော အာဏာသိမ်းမှုသာ ဖြစ်တယ်ဆိုတာ သေချာသွား ပြီပေါ့ဗျာ။
အကြမ်းဖက်စစ်ကောင်စီသည် ကျနော် တို့ပြည်သူလူထုကို လုံးဝအုပ်ချုပ်လို့မရဘူး။ တနှစ်ရှိခဲ့ပြီ။ ဆက်ပြီးတော့လည်း အုပ်ချုပ်လို့ရမှာ မဟုတ်ဘူး။
ပြည်သူတရပ်လုံးက လမ်းပေါ်ထွက်ပြီး နည်းမျိုးစုံနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်။ အခုလည်းပဲ နည်းလမ်းမျိုးစုံနဲ့ လုပ်နေ တာပေါ့။ ပြည်သူတရပ်လုံးက လုံးဝလက်မခံဘူးဆိုတာကို ဒီအချိန်တနှစ်က အကောင်းဆုံး သက်သေပြနိုင်ခဲ့ပြီဆိုတာ ကျနော် ပြောချင်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီသည် ကျနော် တို့ပြည်သူလူထုကို လုံးဝအုပ်ချုပ်လို့မရဘူး။ တနှစ်ရှိ ခဲ့ပြီ။ ဆက်ပြီးတော့လည်း အုပ်ချုပ်လို့ရမှာ မဟုတ်ဘူး။
မေး။ ။ ဒီ တနှစ်နီးပါးအအတွင်းမှာ စစ်ကောင်စီက သူတို့ကိုဆန့်ကျင်တဲ့သူတွေကို နည်းမျိုးစုံနဲ့ ခြိမ်းခြောက် အကြမ်းဖက်ဖိနှိပ်ခဲ့ပေမယ့် ပြည်သူတွေက ဘာလို့များ တောက်လျှောက် အဆက်မပြတ် မတွန့်မဆုတ်ပါ ဖြစ်နေကြ တာလို့မြင်ပါသလဲ။
ဖြေ။ ။ ဘာဖြစ်လို့ပြည်သူတွေက တော်လှန်ရေးမှာ တနှစ်နီးပါး စဉ်ဆက်မပြတ် ဆက်လက်ပါဝင်နေလဲဆို ဘာကြောင့် ဒီတော်လှန်ရေး ဆင်နွှဲသင့်လဲဆိုတဲ့ ယုံကြည်ချက် ခိုင်မာလို့ပေါ့ဗျာ။ ကျနော်တို့မှာ ဘာကြောင့် ငါတို့ ဒီတော်လှန်ရေးကို လုပ်ရတာလဲဆိုတဲ့ အကြောင်းပြချက်က အင်မတန်ခိုင်မာတယ်၊ အင်မတန်မွန်မြတ်တယ်၊ အင်မတန် အဓိပ္ပာယ်ရှိတယ်ပေါ့ဗျာ။
ဒီအကြမ်းဖက်စစ်အုပ်စုကို ဒီတခေါက်ကတော့ဖြင့် အပြီးသတ်ဖြိုလှဲကြဖို့ပဲ။ ဒီတခေါက်ကတော့ ဒါ အဆုံးသတ်တိုက်ပွဲပဲဆိုတဲ့ခံယူချက်။
ဘာကြောင့်လဲဆို တိုင်းပြည်ကို နှစ်ပေါင်း ၇၀ ကျော် မျိုးစုံဒုက္ခပေးခဲ့တဲ့ ဒီအကြမ်းဖက်စစ်အုပ်စုကို ဒီတခေါက်တော့ဖြင့် အပြီးသတ်ဖြိုလှဲကြဖို့ပဲ။ ဒီတခေါက်ကတော့ ဒါ အဆုံးသတ်တိုက်ပွဲပဲဆိုတဲ့ခံယူချက်။ အာဏာရှင်စနစ်အောက် ကျနော် တို့ ကြုံနေသလို၊ ကြုံခဲ့သလို ကျတော်တို့ရဲ့ ရှေ့မျိုးဆက်တွေ ဦးကြီး၊ ဦးလေး၊ အဒေါ်၊ အဖေ၊ အမေ၊ အဘတွေ ကြုံခဲ့ သလိုမျိုး နောက်ထပ်လာမယ့် မျိုးဆက်သစ်တွေ မကြုံစေချင်တော့ဘူးလေဗျာ။
ဒီနိုင်ငံသည် ကောင်းဖို့အချိန် ရောက်သင့်ပြီလို့ ကျနော်တို့ထင်တယ်။ နှစ် ၇၀ ကျော် ဆိုးခဲ့ပြီးပြီဗျာ။ အဲဒီတော့ ဒီ တခေါက်အာဏာသိမ်းမှုက ကျနော်တို့နိုင်ငံမှာ နောက်ဆုံးပဲဖြစ်ရမယ်။ ဒီအတွက် ကျနော်တို့အားလုံးက အစွမ်းကုန် တိုက်ပွဲဝင်ရမယ်။ ဒီအတွက် အသက်ကိုပင် ပေးရပါစေ ထိုက်တန်တယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့်ပဲ။ ကျနော်တို့ အားလုံးက တော်လှန်ရေးမှာ တနှစ်နီးပါး ပုံစံမျိုးစုံနဲ့ ပါဝင်နေတယ်လို့ နားလည်ပါတယ်။
ကျနော်တို့ တော်လှန်ရေးကို အကြမ်းဖက် စစ်အုပ်စုက ရက်ရက်စက်စက် ဖိနှိပ်တယ်။ အင်အားတွေ အလွန်အကျွံသုံး ပြီး နှိပ်စက်တယ်၊ ညှဉ်းပန်းတယ်ပေါ့။ ဒီအကြမ်းဖက် လုပ်ရပ်တွေကြောင့် ဒီတော်လှန်ရေးက သွေးအေးစရာလည်း မရှိ သလို၊ သွေးကြောင်သွားစရာလည်း မရှိဘူး။ ကျနော်တို့က ပိုလို့တောင် ဒီတော်လှန်ရေးမှာ ပါဝင်မှုတွေ ရုန်းကန်အား တွေက စပရိန်များလို ပိုပြီးတော့ ဖိလေလေ ရုန်းကန်အားက များလာလေလေ ဖြစ်တယ်လို့ ကျနော်က ဒီလိုပဲယုံကြည် ပါတယ်။ ဘယ်အထိသွားမလဲ၊ ကျနော်တို့ အားလုံး မျှော်ရည်တဲ့နိုင်ငံတော်သစ်ကို သွားနိုင်တဲ့အချိန်ထိ၊ ဒီစစ်အာဏာ ရှင် စနစ်မုချပြိုလဲတဲ့ အချိန်ထိ ဆက်ပြီး တော်လှန်နေမယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ ပြီးခဲ့တဲ့ တနှစ်နီးပါးကာလကို ပြန်ကြည့်ရင် တော်လှန်ရေးကို အားရကျေနပ်လား။
ဖြေ။ ။ ကျေနပ်ပါတယ်ဗျာ၊ အင်မတန်မှ ကျေနပ်စရာ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့အရက်စက်ဆုံး အယုတ်မာဆုံး အာဏာရှင်ကို ကျနော်တို့ ပြည်သူတွေက ပြည်သူ့ခွန်အား တခုတည်းနဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်နေတာ။ အခု သူတို့အင်အားမျိုးစုံသုံးပီးတော့ အုပ်ချုပ်ရေးယန္တရား တည်ဆောက်ဖို့ ကြိုးစားတယ်။ အောင်မြင်သလားလို့ပြောရင် မအောင်မြင်ဘူးလေဗျာ အခုတနှစ်နီးပါးရှိပြီ။ သူတို့ရဲ့ စစ်အုပ်ချုပ်ရေးယန္တရားတည်ဆောက်လို့မရဘူး။
ကျနော်တို့နိုင်ငံကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီအလိုကျ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ဖျက်ခဲ့ပြီးသွားပြီ။
မရတဲ့အပြင် ကျနော်တို့ပြည်သူတွေ အားကိုးယုံကြည်တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ဆိုတာလည်း ပေါ် ပေါက်လာတယ်။ ကျနော်တို့နိုင်ငံကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီအလိုကျ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ဖျက်ခဲ့ပြီးသွားပြီ။ ပြည်သူတွေကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ဆိုတာလည်း တည်ဆောက် နိုင်ခဲ့ပြီ။ နောက် တနိုင်ငံလုံးရဲ့ အမျိုးသားညီညွတ်ရေး သရုပ်သဏ္ဍာန်ပြယုဂ်ဖြစ်တဲ့ NUCC ဆိုတာကိုလည်း ကျနော်တို့ ပြည်သူ့ထောက်ခံမှု အင်အားနဲ့အတူ ဖွဲ့စည်းနိုင်ခဲ့ပြီ။
ပြောချင်တာက ဒီအချိန်မှာ ကျနော်တို့နိုင်ငံသည် နှစ်ပေါင်း ၇၀ ကျော် သမိုင်းတလျှောက် အညီညွတ်ဆုံး ကာလကို ရောက်နေပြီလို့ ကျနော်က ပြောလိုတယ်။ အဲဒါကြောင့် ဒီအကြမ်းဖက်စစ်အုပ်စုက ဒီအချိန်မှာ ကမာ္ဘ့အလယ်မှာလည်း မျက်နှာမရ၊ ပြည်တွင်းမှာလည်း ထောက်ခံမှုဘာမှမရ၊ တကယ့်အထီးကျန် အကျည်းတန်အုပ်စုဖြစ်နေပြီ။ ကျနော်တို့ ပြည်သူအားနဲ့ ပြည်သူ့တော်လှန်ရေးကတော့ ရှေ့ကိုပဲ ဖြစ်ထွန်းနေတယ်၊ တိုးတက်နေတယ်လို့ ပြောချင်တယ်။
အဲဒီတော့ ဒီပွဲက မုချနိုင်ကိုနိုင်မယ့်ပွဲ။ သို့သော် ဒီအကြမ်းဖက်စစ်အုပ်စုကို အလဲထိုးပြဖို့ ဆက်ပြီး ကြိုးစားဖို့လိုတယ်လို့ ပြောချင်ပါတယ်။
မေး။ ။ တော်လှန်ရေးရဲ့ ရင်းနှီးပေးဆပ်ရမှုတွေမှာ အချိန်ကိုလည်း ထည့်တွက်ရမှာကိုး။ အချိန်ကြာလေ၊ ပေးဆပ်ရ တဲ့ အသက်တွေလည်း များလာမယ်။ ဆိုတော့၊ အခု ၂၀၂၂ မှာ ဘာမျှော်လင့်လို့ရမလဲ။
ဖြေ။ ။ ကျနော်တို့အနေနဲ့ ၂၀၂၂ ကတော့ တော်လှန်ရေးရဲ့ အလှည့်အပြောင်း၊ အချိုးအကွေ့ မှတ်တိုင်တခုဖြစ်ဖို့ မျှော်လင့်ထားပါတယ်။ ယုံလည်းယုံကြည်ပါတယ်။ ဒါကလည်း ဘာကြောင့်ဆိုရင် ပြည်သူ့အင်အား ပြည်သူ့စိတ်ဓာတ် ကို ယုံကြည်လို့ပါ။ အခုတနှစ်ကျော်ခဲ့ပြီ။ အကြမ်းဖက်စစ်တပ်ရဲ့ စစ်အာဏာသိမ်းမှု မအောင်မြင်ဘူးဆိုတာ အကောင်း ဆုံး သက်သေပြခဲ့ပြီ။
ကျနော့်အနေနဲ့ကတော့ ဒီနှစ်မှာ တော်လှန်ရေးကို ဆထက်ထမ်းပိုး ပါဝင်သွားဖို့ပဲဖြစ်ပါတယ်။
ဒီနှစ်ကတော့ အဲဒီမအောင်မြင်တဲ့ စစ်အာဏာသိမ်းမှုကို ကျနော်တို့အနေနဲ့ အပြီးသတ် အဆုံးသတ် ပြည်သူ့ဘက်က အောင်ပွဲဆင်ဖို့ရာအတွက် တော်လှန်ရေးရဲ့ အလှည့်အပြောင်း မှတ်တိုင်တခုအဖြစ် ရပ်တည်နိုင်တဲ့ နှစ်တနှစ်ဖြစ်ရမယ် လို့ ယုံကြည်ချက်ခံယူချက်နဲ့ပဲ ကျနော့်အနေနဲ့ကတော့ ဒီနှစ်မှာ တော်လှန်ရေးကို ဆထက်ထမ်းပိုး ပါဝင်သွားဖို့ပဲ ဖြစ်ပါတယ်။
မေး။ ။ အကြံပြုရမယ်ဆိုရင် အောင်ပွဲမြန်မြန်နီးဖို့ ဘာတွေလုပ်ဖို့လိုတယ်မြင်ပါသလဲ။
ဖြေ။ ။ ကျနော့်အနေနဲ့က နံပါတ်တစ်ကတော့ ပြည်သူပါပဲ။ ကျနော်တို့ပေးဆပ်မှုတွေ ရှိတယ်။ အရင်းနှီးတွေကြီး တယ်၊ အချိန်တွေယူရတယ်။ သို့သော်လည်း ဘယ်လိုအကြောင်းတွေရှိပါစေ၊ တော်လှန်ရေးမှာ ကျရာကဏ္ဍကနေ နိုင်ရာတာဝန်ကို ဆက်ထမ်းသွားဖို့ ပြည်သူလူထုကို တိုက်တွန်း နှိုးဆော်ချင်ပါတယ်။ အခုလည်း ကျနော်တို့ပါဝင်ခဲ့ ကြတယ်။ တနှစ်ရှိပြီ။ ပြီးခဲ့တဲ့ဖြတ်သန်းခဲ့တဲ့ တနှစ်လိုစိတ်ဓာတ်တွေနဲ့၊ ကျနော်တို့ သံမဏိ စိတ်ဓာတ်တွေနဲ့ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်တွေနဲ့ဆက်ပြီးတော့ ဒီနှစ်မှာ ၂၀၂၂ မှာ ပါဝင်သွားကြဖို့။
အဖွဲ့အစည်းတွေအားလုံးက ပိုမိုစည်းလုံးစွာ၊ ပိုမိုညီညွတ်စွာ၊ ပိုမို ဟန်ချက်ညီစွာနဲ့ တော်လှန်ရေးကို ပိုပြီးတော့ ဦးဆောင်နိုင်ဖို့ အရေးကြီးတယ်
NUG၊ CRPH၊ NUCC တို့ အဖွဲ့အစည်းတွေအားလုံးက ပိုမိုစည်းလုံးစွာ၊ ပိုမိုညီညွတ်စွာ၊ ပိုမို ဟန်ချက်ညီစွာနဲ့ တော်လှန် ရေးကို ပိုပြီးတော့ ဦးဆောင်နိုင်ဖို့ အရေးကြီးတယ်၊ လိုအပ်တယ်လို့ ကျနော်က တိုက်တွန်းချင်ပါတယ်။
နောက်တော်လှန်ရေးမှာ မိမိရပ်ရွာဒေသအလိုက်၊ လူမျိုးအလိုက် ဦးဆောင်မှု နေရာမှာ ရှိနေတဲ့အစုအဖွဲ့တွေ၊ လူပုဂ္ဂိုလ် တွေ ကိုလည်း တော်လှန်ရေးမှာ ပိုပီးတော့ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ကြဖို့ ကျနော့်အနေနဲ့ တိုက်တွန်း နှိုးဆော် ခြင်းဖြစ်ပါတယ်။ အဓိကကတော့ လူထုကသာ အခရာဖြစ်ပါတယ်။
ကျနော်တို့ ပြည်သူလူထုအနေနဲ့ သွေးအေး မသွားဘဲနဲ့ မိမိတို့ ပြီးခဲ့တဲ့တနှစ် ဖြတ်သန်းခဲ့သလိုပဲ ဒီနှစ်မှာလည်း အတူ ပါဝင်ကြမယ်ဆို ကျနော်တို့ မျှော်ရည်တဲ့ ၂၀၂၂ အတွင်းမှာ ကျတော်တို့ မြင်လိုတဲ့ ရလဒ်တွေ တွေ့ချင်တဲ့ရလဒ်တွေကို မြင်ရနိုင်မယ်၊ တွေ့ရနိုင်မယ်လို့ တိုက်တွန်းချင်ပါတယ်။
မေး။ ။ စစ်ကောင်စီဘက်ကနေဆို ရွေးကောက်ပွဲစနစ်သစ်နဲ့ ရွေးကောက်ပွဲ ထပ်လုပ်ဖို့လို ကိစ္စတွေ ပြင်နေတာ ရှိတယ်။ နိုင်ငံရေးဆွေးနွေးပွဲ အသံပစ်လာတာမျိုးတွေရှိတယ်။ နိုင်ငံရေးပါတီတွေဆိုလည်း တက်တဲ့ပါတီက တက်ကြ တာပေါ့။ သူတို့ရဲ့ ဆောင်ရွက်မှုအပေါ်မှာ ဘာများတုံ့ပြန် ပြောဆိုချင်လဲ။
ဖြေ။ ။ အဲဒါနဲ့ပတ်သက်ရင်တော့ ထူးထူးခြားခြားပြောစရာမရှိပါဘူး။ ပြည်သူက ကမ္ဗည်းတင်ပီးသား။ သိပြီးသား ပဲလေ။ သူတို့လုပ်တယ်ဆိုတဲ့ ရွေးကောက်ပွဲကိစ္စတွေ အစည်းအဝေးတွေ သွားတက်နေတာ ဘယ်ပါတီတွေလဲ၊ ဘယ် ပုဂ္ဂိုလ်တွေလဲ။ အဲဒီပါတီတွေရဲ့ နောက်ခံ ဖြတ်သန်းမှုကဘယ်လိုလဲ သိပြီးသားပါပဲ။
လူထုအနေနဲ့က အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ပုံစံမျိုးစုံနဲ့ သူ့အုပ်ချုပ်မှု ရပ်တည်နိုင်ဖို့ရာအတွက် အာဏာရှင်စနစ်၊ သက်ဆိုးရှည်ဖို့ရာအတွက် နည်းမျိုးစုံနဲ့ ကြိုးစားမှာပဲဖြစ်တယ်။ ဒါကတော့ သူတို့လုပ်ရိုးလုပ်စဉ်လည်း ဖြစ်တယ်။
ကျနော်တို့ ပြည်သူက ဒီအပေါ်မှာ စိတ်ယိုင်သွားစရာလည်း အကြောင်းမရှိဘူး။ ပြည်သူက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာကြီးကို လူထုအားနဲ့ဖျက်သိမ်းခဲ့ပြီးပြီပဲဗျာ။ အဲဒီဘောင်ထဲက လုပ်မယ့် နောက်ဆက်တွဲ ကိစ္စတွေကို ပြည်သူတွေအနေနဲ့ ခေါင်းထဲထည့်နေမှာ မဟုတ်ပါဘူး။
မေး။ ။ နိုင်ငံတကာကိုရော ဘာများတိုက်တွန်းချင်ပါသလဲ။
ဖြေ။ ။ ကျနော်အမြဲပြောပါတယ်။ ပြည့်အင်အားက ပြည်တွင်းမှာပဲရှိတယ်လို့။ ဒါပေမယ့် နိုင်ငံတကာ အနေနဲ့တော့ ဒီအကြမ်းဖက်စစ်အုပ်စုသည် ပြည်သူတွေကို လုံးဝကိုယ်စားမပြုဘူး၊ စစ်ရာဇဝတ်ကောင်တွေသာ ဖြစ်တယ်ဆိုတာကို သေချာ သဘောပေါက်ဖို့လိုပါတယ်။
သူတို့ကို အစိုးရအဖြစ်အသိအမှတ် ပြုစရာအကြောင်းမရှိသလို၊ သူတို့ကျူးလွန်းထားတဲ့ လူသားမျိုးနွယ်အပေါ် ကျူး လွန်တဲ့ ရာဇဝတ်မှုတွေအတွက် အမှန်တရားနဲ့ တရားမျှတမှုကို ရရှိဖို့၊ သူတို့နဲ့ ထိုက်တန်တဲ့ပြစ်မှုကို ရရှိဖို့ ဆောင်ရွက် ရာမှာ နိုင်ငံတကာ အနေနဲ့လည်း တာဝန်ရှိပါတယ်။
ကျနော်တို့ ပြည်သူ့တော်လှန်ရေး အတွက်ကတော့ စိတ်သာချ၊ ကျနော်တို့က ပန်းတိုင်ရောက်တဲ့ အထိ ဆက်ချီတက် သွားမယ်ဆိုတာ အာမခံနိုင်ပါတယ်။ နိုင်ငံတကာအနေနဲ့ ပြည်သူ့ တော်လှန်ရေးကိုလည်း တတ်နိုင်သမျှ အစွမ်းကုန် ပံ့ပိုးပေးဖို့ တိုက်တွန်းချင်ပါတယ်။
You may also like these stories :
“တပ်မတော်ဆိုတဲ့ နာမည်က ဂုဏ်သိက္ခာပြုတ်သွားပြီ”
သူတို့ကျနော့်ကို သတ်နိုင်ရင်တောင်မှ ကျနော့်လိုလူတွေ အများကြီးရှိနေပြီ
လူမျိုးကို အခြေခံတဲ့ တော်လှန်ရေး မဟုတ်တော့ဘူး
တနိုင်ငံလုံးက မြန်မာစစ်တပ်ကို မုန်းနေကြတာ