အာဏာရှင် ဆန့်ကျင်ရေး ခုခံတိုက်ပွဲဝင်နေကြသည့် ချင်းပြည်နယ်မှ ဒေသ ကာကွယ်ရေး တပ်ဖွဲ့ဝင်များမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကိုသာမက စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ အိန္ဒိယ ခွဲထွက်ရေးသူပုန်အုပ်စုတွေရဲ့ တိုက်ခိုက်မှုတွေလည်း ရှိနေတယ်လို့ ချင်းဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေက မကြာခဏ ထုတ် ဖော် ပြောကြားလျက် ရှိပါတယ်။
တိုက်ခိုက်မှုတွေထဲ ကသည်း လက်နက်ကိုင် အချို့လည်း ပါဝင်နေသလို အဓိကအားဖြင့် အိန္ဒိယအစိုးရနဲ့ သဘောတူညီ ချက်ရရှိပြီး ပြည်သူ့စစ်အသွင် ရပ်တည်နေတဲ့ ဇိုမီးတော်လှန်ရေး တပ်မတော် (ZRO/ZRA) အဖွဲ့ဟာ ဒေသကာကွယ်ရေး တပ်ဖွဲ့စခန်းအချို့ကို စီးနင်း ဖျက်ဆီးတာတွေလုပ်ခဲ့သလို စစ်ကောင်စီကို ခုခံတွန်းလှန်နေတဲ့ ချင်းအမျိုးသား တပ်မတော် (CNF/CNA) နဲ့လည်း တိုက်ပွဲအချို့ မကြာသေးမီက ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။
ဒီလို တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဒေသကာကွယ်ရေး တပ်တွေဘက်က ZRA အနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းနေကြောင်း ပြောဆိုနေကြသလို ZRA ဘက်ကတော့ မည်သည့် အာဏာရှင်အစိုးရ၊ စစ်တပ်လက်အောက်တွင်မှ ပူးပေါင်း လုပ်ဆောင် ခြင်း မရှိကြောင်း ပြန်လည် ငြင်းဆိုထားပါတယ်။
ဒီအတွက် လတ်တလော ချင်းပြည်နယ်အတွင်း လှုပ်ရှားလာပြီး ထိတွေ့ တိုက်ပွဲတွေဖြစ်လာနေတဲ့ အိန္ဒိယ ခွဲထွက်ရေး လက်နက်ကိုင်တွေနဲ့ ပတ်သက်ပြီး ချင်းအမျိုးသား တပ်မတော် (CNF/CNA) ရဲ့ ခံယူချက်၊ သဘောထားအမြင်တွေကို CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ ကို ဧရာဝတီက မေးမြန်းထားပါတယ်။
မေး။ ။ တီးတိန်မြို့နယ်ထဲမှာ ဇိုမီးတော်လှန်ရေးတပ် (ZRA/ZRO) နဲ့ ထိတွေ့တိုက်ခိုက်မှု ဖြစ်စဉ်ကို ပြောပြပေးပါဦး ခင်ဗျာ။
ဖြေ။ ။ တီးတိန်မြို့နယ်ထဲမှာ ကျနော်တို့ ချင်းအမျိုးသား တပ်မတော် (CNA)၊ ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ZRA နဲ့ တိုက်ပွဲဖြစ်တာတွေနဲ့ ပတ်သက်လို့က ကျနော်တို့အနေနဲ့ နယ်မြေ ရှင်းလင်းရေးအတွက်ဆိုပြီး စစ်ကြောင်းလှည့်တာပေါ့၊ အဲဒီမှာ ZRA နဲ့ ထိပ်တိုက်တွေ့ပြီးတော့ တိုက်ပွဲဖြစ်တာ။ အဲဒီတုန်းက သူတို့ဘက်က ၄/၅ ယောက်တော့ ကျတယ်၊ ကျနော် တို့ကတော့ အထိအခိုက်တော့ မရှိဘူးပေါ့နော်။
မေး။ ။ ZRA က အရင်ထဲက မြန်မာဘက်ခြမ်း၊ တီးတိန်မြို့နယ်ထဲမှာ လှုပ်ရှားမှု ရှိလား၊ CNF နဲ့ရော ထိတွေ့တာတွေ ရှိခဲ့ဖူး လား။
ဖြေ။ ။ ကျနော်တို့က ZRA/ZRO နဲ့ ပတ်သက်လို့ အိန္ဒိယ အစိုးရကို တော်လှန်နေတဲ့ အဖွဲ့လို့ပဲ သိထားတယ်။ ဒါပေမယ့် သူတို့က မြန်မာပြည်ထဲမှာ လှုပ်ရှားတာက အရှေ့ပိုင်းတိုင်း ZRO ဆိုပြီးတော့ ရှိတယ်ပေါ့။ အဓိက အခြေခံကတော့ သူတို့က အိန္ဒိယအစိုးရနဲ့ ငြိမ်းချမ်းရေး ယူပြီးတော့မှ အိန္ဒိယနိုင်ငံမှာ ပြည်သူ့စစ်အနေနဲ့ နေကြတယ်။ ဒီလိုနေရင်းနဲ့မှ သူတို့က ကျနော်တို့ နယ်မြေမှာ လာပြီးတော့ လှုပ်ရှားတယ်။
အဓိကတော့ ဇိုမီးမျိုးနွယ်စုတွေက တီးတိန်မြို့နယ်ထဲမှာလည်း ရှိတယ်။ အိန္ဒိယမှာလည်း ရှိတယ်။ အဲဒီတော့ သူတို့က မြန်မာပြည်ထဲမှာ အရှေ့ပိုင်းတိုင်းဆိုပြီး လှုပ်ရှားလာတဲ့နေရာမှာ ကျနော်တို့ ခြေကုပ်ယူနေရာတွေမှာ ကျနော်တို့ကို မနေဖို့ ခြိမ်းခြောက်စာပို့တာတွေ ဘာတွေ အမြဲတမ်း လုပ်တယ်။ ကျနော်တို့ကို တော့ ဘာမှမလုပ်ပါဘူး၊ ဒါပေမယ့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ကျနော်တို့နဲ့ နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါ သူတို့နဲ့ ရင်ဆိုင်တွေ့ပြီး တိုက်ပွဲ ဖြစ်သွားတာ ဖြစ်ပါတယ်။
မေး။ ။ ZRA အနေနဲ့ CNF ကို စာပို့တာတွေ၊ တီးတိန် နယ်မြေထဲမှာ လှုပ်ရှားတာတွေက ဘယ်တုန်းကတည်းကလဲ။
ဖြေ။ ။ အဲဒီမှာ ZRA အနေနဲ့ လှုပ်ရှားတာကတော့ ကြာပါပြီ။ ဒါပေမယ့် စာပို့တာ ဘာညာကတော့ ၁၉၉၅/၆ လောက်က တည်းက ဖြစ်မယ်။ အဲဒီတုန်းက သူတို့က ဒီဘက်မှာ အခြေမစိုက်ဘူး၊ အိန္ဒိယဘက်မှာ အခြေစိုက်တာပေါ့။ ကျနော်တို့က အရင်စစ်အစိုးရနဲ့ နှစ်ဖက်သဘောတူညီမှု ယူပြီးတော့မှ တီးတိန်မြို့နယ်မှာ အခြေတကျနဲ့ နေလာကတည်းကပါ။
ဒါပေမယ့် မနှစ်ကနဲ့ ဒီနှစ်ထဲမှာတော့ သူတို့က ပိုပြီး လှုပ်ရှားလာတာတွေ ရှိလာတယ်။ ကျနော်တို့ ရဲဘော်တွေကို ခေါ်ထား တယ်။ အဲဒီမှာ မနေဖို့ ပြောတယ်၊ ပြီးတော့ ပြန်လွတ်လာတယ်။ အဲဒီအတွက် ကျနော်တို့က ကိုယ့်ဒေသ၊ ကိုယ်ရဲဘော် တွေရဲ့ လုံခြုံရေးအတွက် ပိုပြီး အကာအကွယ်ပေးနိုင်အောင် နယ်မြေရှင်းလင်းရေးတွေ လုပ်ခဲ့တာပါ။
မေး။ ။ ZRA အနေနဲ့ ဇန်နဝါရီ ၁၆ ရက်မှာ အရှေ့ပိုင်းတိုင်း လက်အောက်မှာ တိုက်ခိုက်ရေး တပ်ရင်း ၁ ရင်း ဖွဲ့လိုက်တယ် လို့ ကြေညာခဲ့တာ ရှိပါတယ်။ အဲဒီတော့ နှစ်ဖက်ကြားထဲမှာ ထိတွေ့ တိုက်ခိုက်မှုတွေ ပိုပြီးဖြစ်လာနိုင်မလား။
ဖြေ။ ။ အဲဒါကတော့ သူတို့ရဲ့ အပေါ်မှာပဲ အများကြီး မူတည်ပါတယ်။ ZRA အနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ စစ်ရေး လှုပ်ရှားမှုတွေ လုပ်နေတဲ့ဟာတွေက ကျနော်တို့ အင်မတန်မှ ဝမ်းနည်းတယ်။ ကျနော်တို့ ZRA နဲ့ တိုက်ပွဲဖြစ်တဲ့ အချက် တချက်က တိုက်ပွဲ မဖြစ်ခင်မှာ သူတို့ တီးတိန်မြို့ထဲဝင်ပြီးတော့ စစ်ကောင်စီ စခန်းထဲကို အဝင်အထွက်တွေ လုပ်တယ် ဆိုတာ ကျနော်တို့ သိရတယ်။ ပြီးတော့ ကျနော်တို့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုစာချုပ် (NCA) လမ်းကြောင်းအတိုင်း သွားတုန်းက CNF ရုံး ဖွင့်ထားတာကိုလည်း သူတို့ မိုင်းနှစ်ခါ ခွဲတယ်ပေါ့။ အဲဒီလိုမျိုးတွေ ရှိတယ်။
အဲဒီလိုတွေ ဆက်လက်ပြီးတော့ လုပ်နေရင်တော့ ကျနော်တို့က ကိုယ့်ရပ်တည်ချက်၊ ကိုယ့်အမျိုးသားရေး ခံယူချက်နဲ့ ခုခံပြီးတော့ ကာကွယ် တိုက်ထုတ်သွားမှာပဲပေါ့နော်။ အဓိကတော့ တိုက်ပွဲထပ် ဖြစ်ဖို့ မဖြစ်ဖို့က သူတို့ရဲ့ လှုပ်ရှားမှုအပေါ် မူတည်ပါလိမ့်မယ်။
မေး။ ။ လတ်တလော အခြေအနေတွေနဲ့ ပတ်သက်ပြီး ZRA နဲ့ တွေ့ဆုံ ဆွေးနွေးတာတွေ ဖြစ်လာနိုင်မလား။
ဖြေ။ ။ ZRA အပါအဝင် အိန္ဒိယ အခြေစိုက်တဲ့ သူပုန်တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ဆိုတာကတော့ ကျနော်တို့ရဲ့ ရပ်တည် ချက်နဲ့ သူတို့ရဲ့ ရပ်တည်ချက် ဘယ်လောက်အထိ နီးစပ်သလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ သူတို့က စစ်ကောင်စီနဲ့ နှစ်ဖက် ပြေလည်ပြီးတော့ လုပ်နေတဲ့ပုံစံဆိုရင် ကျနော်တို့ဘက်ကတော့ ဆွေးနွေးစရာ အင်မတန်မှ ခက်ခဲပါလိမ့်မယ်။ ဆွေးနွေး နိုင်မယ့် လမ်းကြောင်းတွေကို ကျနော်တို့က သူတို့ ဘက်က ရပ်တည်ချက်အပေါ် မူတည်ပြီးမှ ဒါတွေက ဖြစ်လာနိုင်မှာပါ။ အခု လောလောဆယ်ကတော့ အခြေအနေတွေအရ ဆွေးနွေးဖို့ မရှိပါဘူး၊ ဒါပေမယ့် တိုက်ပွဲဖြစ်တော့ ပြည်သူလူထု ထိခိုက်မှုရှိလာရင် ကျနော်တို့အနေနဲ့ ဝမ်းနည်းရမှာပေါ့၊ ကျနော်တို့ကတော့ အတတ်နိုင်ဆုံး ပြည်သူတွေ ဘက်ကပဲ ရပ် တည်သွားမယ်။
မေး။ ။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တွန်းဇံမြို့နယ်ထဲမှာ ကသည်း လက်နက်ကိုင်တွေနဲ့လည်း တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ အဲဒါနဲ့ ပတ်သက်လို့လည်း ပြောပြပေးပါဦး ခင်ဗျာ။
ဖြေ။ ။ အဲဒီကိစ္စကတော့ တွန်းဇံမြို့နယ်ထဲမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ရှိတယ်၊ သူတို့နဲ့ကျနော်တို့ နယ်မြေ လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်တာရှိတယ်။ အဲဒီမှာ အိန္ဒိယဘက်က သူပုန်တွေက ဘိန်းစိုက်တာတွေ ကိုယ့်နယ် မြေထဲလာပြီး လုပ်နေတာမျိုးကတော့ ကိုယ့်ရဲ့ အမျိုးသားရေး တာဝန်အရ ကိုယ်နယ်မြေမှာ တခြား တိုင်းတပါးသား လက် နက်ကိုင်တွေ ဒီလို လာလုပ်နေမျိုးက လက်ခံမှာ မဟုတ်ပါဘူး။ နောက်တခုက စစ်ကောင်စီ လက်အောက်ကနေ ဘိန်း လုပ်ငန်းတွေ လုပ်နေတာလည်း ရှိတာပေါ့နော်။ အဲဒီမှာ ကျနော်တို့က နယ်မြေ စိုးမိုးရေး သွားတဲ့အချိန်မှာ တိုက်ပွဲဖြစ် လာတာပေါ့။
မေး။ ။ ဒီလို အခြေအနေ ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေကို ဖြိုခွဲဖို့အတွက် အိန္ဒိယ သူပုန်အဖွဲ့တွေကို စစ်ကောင်စီက အသုံးချနေတယ်ဆိုတဲ့ သုံးသပ်ချက်တွေနဲ့ ပတ်သက်လို့ရော CNF အနေနဲ့ ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ အဲဒါတွေကတော့ ရှိပါတယ်။ အစောပိုင်းကလည်း ကလေး- တမူးဘက်မှာ အိန္ဒိယ လက်နက်ကိုင်သူပုန်တွေကို အသုံးချပြီးတော့ နယ်စပ်မှာ လုပ်တာတွေ ရှိတယ်။ အဓိကတော့ ဘိန်းအရောင်းအဝယ် လုပ်တဲ့နေရာမှာ စစ်တပ်ဘက်က ပါဝင် ပတ်သက်တာတွေလည်း ရှိတယ်။ နောက်ပြီး တီးတိန်မြို့နယ်ထဲမှာ ဒေသ ကာကွယ်ရေး PDF တွေ ဖွဲ့တာကို ZRA က မောင်းထုတ်တယ်။ သင်တန်းလေးတွေ ပေးတာကို စခန်းတွေကို ဖျက်ဆီးတယ်။ သူတို့ရဲ့ တပ်ဖွဲ့ခေါင်းဆောင်တွေကို ဖမ်း ဆီး သတ်ဖြတ်တာတွေ ရှိလာတယ်။ အဲဒါက စစ်ကောင်စီရဲ့ လုပ်ဆောင်မှုတွေနဲ့ တူလာတယ်။ အဲဒီလိုမျိုးတွေ ဆက်လုပ် နေရင် ကျနော်တို့ အမျိုးသားရေးအတွက်သော်လည်းကောင်း၊ နယ်မြေလုံခြုံရေး အတွက်သော်လည်းကောင်း ရေရှည်မှာ အန္တရာယ် ရှိလာနိုင်တယ်။ အဲဒီအပေါ်မှာတော့ ချင်းအမျိုးသား တပ်မတော်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ပူးပေါင်းပြီး တော့ ကျနော်တို့ တတ်နိုင်သမျှ ရှင်းလင်းသွားမှာ ဖြစ်ပါတယ်။
မေး။ ။ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေရတဲ့ တပြိုင်တည်းမှာ အိန္ဒိယ သူပုန်တွေ ပါဝင်လာတာ ပိုပြီး အကျပ်အတည်း ဖြစ်စေသလား။
ဖြေ။ ။ တဖက်နိုင်ငံက သူပုန်တွေကို စစ်ကောင်စီက ပူးပေါင်းပြီး လုပ်လာတာကို ကျနော်တို့က ဘယ်တော့မှ လက်ပိုက် ကြည့်နေမှာ မဟုတ်ပါဘူး။ ကိုယ့်ပြည်သူကို ကာကွယ်ရေး၊ ကိုယ့်ပြည်သူတွေ လိုချင်နေတဲ့ စစ်အာဏာရှင်ဖြုတ်ချရေး၊ ကျနော်တို့ နိုင်ငံမှာ အဟန့်အတားရှိတာတွေကိုတော့ အတတ်နိုင်ဆုံး ခုခံပြီး ကာကွယ်သွားမယ်။ အဲဒီကိစ္စတွေကို ကျနော်တို့ အမျိုးသား လုံခြုံရေး တာဝန်တရပ်အနေနဲ့ ထားရှိပြီးတော့ ကျနော်တို့ကတော့ ကာကွယ်သွားမှာပါ။
မေး။ ။ လတ်တလော ချင်းပြည်နယ်အတွင်း စစ်ရေး အခြေအနေလည်း ပြောပြပေးပါဦး ခင်ဗျာ။
ဖြေ။ ။ အခု စစ်အာဏာသိမ်းထားတာလည်း တနှစ်ပြည့်တော့မှာပေါ့၊ ကျနော်တို့ ကြားထားတာကတော့ အဲဒီ တနှစ် မပြည့်ခင် စစ်ကိုင်းတိုင်းသော်လည်းကောင်း၊ ချင်းပြည်နယ်ကိုလည်းကောင်း PDF တွေ၊ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ တွေကို အပြီးတိုင် ချေမှုန်းဖို့ ဆိုတဲ့ သူတို့ရဲ့ စစ်ရေးစီမံချက်ကို အကောင်အထည် ဖော်နေတာလို့တော့ ကျနော်တို့ မြင် တယ်။ ဒီလိုအနေအထားမှာ ကျနော်တို့က ပြည်သူတွေနဲ့အတူ အတတ်နိုင်ဆုံး ခုခံ ကာကွယ်သွားမယ်။ ကျနော်တို့မှာ နောက်ဆုတ်ဖို့ လမ်းကတော့ မရှိပါဘူး၊ ဆက်လက်ပြီးတော့ ခုခံ တိုက်ခိုက်သွားမှာပါ။
You may also like these stories:
အိန္ဒိယသူပုန်များနှင့် ပြန်ပေါင်းထုပ်နေရသော မြန်မာစစ်တပ်
အိန္ဒိယအစိုးရကို တော်လှန်နေသည့် မြန်မာပြည်ထဲက ကသည်းသူပုန်များ
ချင်းတွေကို လူမျိုးသုဉ်းသတ်ဖြတ်နေပြီလား
စစ်အာဏာရှင်ကို အာခံတွန်းလှန်နေကြသည့် ချင်းတောင်တန်းပေါ်က လက်နက်ကိုင်တပ်များ