အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကို ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အုံကြွမှုကတည်းက ပါဝင်လှုပ်ရှားခဲ့သူပါ။ ရှစ်လေးလုံးအရေးတော်ပုံမှာ မန္တလေး ဆေးတက္ကသိုလ် တတိယနှစ် တက်ရောက်နေရာက ပါဝင်ခဲ့လို့ ထောင်ဒဏ် ၇ နှစ် ကျခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ ကဗျာဆရာ စာရေးဆရာ မောင်တင်သစ်အမည်နဲ့ အရပ်ဘက်လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ခံကိုယ်စားလှယ် ဖြစ်လာခဲ့ပါတယ်။ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာလည်း နောက်တကြိမ် ရွေးကောက်ပွဲ ထပ်နိုင်ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းအပြီး CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက NUG အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းရာမှာ ကာကွယ်ရေးဝန်ကြီး တာဝန်ကို ယူခဲ့ပါတယ်။
သတင်းမီဒီယာတွေနဲ့ ထိတွေ့မှုနည်းတဲ့ ဦးရည်မွန်က ဧရာဝတီကို “ကျနော်တို့ ဌာနက မီဒီယာပေါ်မှာ စကားပြောတာထက် အလုပ်လုပ်နေရမယ်”လို့ ပြောပါတယ်။ ဦးရည်မွန်နဲ့ သီးခြားတွေ့ဆုံမေးမြန်းမှုမှာ ဧရာဝတီက PDF တွေကို လက်နက်တပ်ဆင်နိုင်မှု၊ PDF တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ၊ PDF နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေကြား ဆက်ဆံရေးတွေအကြောင်း မေးခဲ့ပါတယ်။ အပိုင်း ၁ ကို အခုဖော်ပြလိုက်ပါတယ်။

မေး ။ ။ ဆရာ့ဘဝကို ကြည့်လိုက်ရင် နိုင်ငံရေးအကျဉ်းသားဟောင်း ၊ ကဗျာဆရာ ၊ လွှတ်တော်အမတ် အခုဆိုရင် တော်လှန်ရေးအစိုးရမှာ ကာကွယ်ရေးဝန်ကြီးပေါ့။ ဒီလောက်ရှည်ကြာတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ရေစီးကြောင်းကြီးထဲမှာ ကြံ့ကြံ့ခံနိုင်နေတာ ဘဝမှာ ဘယ်ကနေ ခွန်အားတွေရခဲ့သလဲ။
ဖြေ ။ ။ ကျနော့်ဘဝက ပိုပြီးတော့ ထူးခြားနေတာမျိုးတော့မဟုတ်ပါဘူး။ ကျနော်တို့အားလုံးဆိုရင် ၈၈ ကိုဖြတ်သန်းခဲ့ကြရတယ်။ ၈၈ မျိုးဆက်တွေလို့ ပြောလို့ရပါတယ်။ ၈၈ မျိုးဆက်တွေရဲ့ဘဝဖြတ်သန်းမှုနည်းတူပဲ စစ်အာဏာရှင်စနစ်ကြီးတခုကို ကျနော်တို့က လူမှန်းသိတတ်စကတည်းက တလျှောက်လုံး ဖြတ်သန်းခဲ့တယ်။ ကျနော်တို့အရွယ်ရောက်တဲ့အခါမှာတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ကြုံတယ်။ အရေးတော်ပုံကြီးမှာလည်း တထောင့်တနေရာကနေ ပါဝင်ခဲ့ကြတာပေါ့။ ဒီလိုနဲ့ တချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေဖြစ်ခဲ့ရတာ ရှိတယ်။ ကိုယ့်ရဲ့ဝါသနာအလျှောက်တဖက်မှာ စာပေအနုပညာ ၊ ကဗျာပေါ့။ ဒီလိုဘဝမျိုးမှာ ရပ်တည်လာတာရှိတယ်။
တချိန်မှာ အခြေအနေရဲ့တောင်းဆိုချက်အရ လွှတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်ခဲ့တာလည်း ရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်နေခြင်းကနေပဲ စစ်အာဏာသိမ်းမှုနဲ့ ကြုံတဲ့အချိန်မှာ ကျနော်တို့မှာတော့ စစ်အာဏာရှင်စနစ်ကို ခုခံတုန့်ပြန်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်နေတဲ့အတွက်ကို ပြီးတော့ တာဝန်ရှိတယ်ဆိုတဲ့ခံယူချက်နဲ့ ဒီကနေ့ဆိုရင် NUG ဆိုတာ ကျနော်တို့ ဖွဲ့စည်းပြီးတော့ NUG အစိုးရမှာလည်း ကာကွယ်ရေးဝန်ကြီးတယောက်အနေနဲ့ တာဝန်ထမ်းဆောင်ဖြစ်တာ ဖြစ်တယ်လို့ ဖြေလိုပါတယ်။
နပိုလီယန်စစ်ပွဲကာလက ဗိုလ်ချုပ်ကြီးဝယ်လင်တန် ပြောတဲ့စကားလေးတခု အမှတ်ရတယ်။ သူက တိုက်ပွဲအစီအစဉ်ကို နပိုလီယန်ကနေ ဆုံးဖြတ်ပေးပါလိမ့်မယ်တဲ့။ ဆိုလိုတာက တိုက်ပွဲနည်းနာက ရန်သူက ပြဌာန်းတယ်ပြောလို့ရတယ်။
မေး ။ ။ ၈၈ တုန်းက ဒီမိုကရေစီအရေး ပြည်သူ့လှုပ်ရှားမှုထဲမှာ ပါဝင်ခဲ့တုန်းကတော့ အကြမ်းမဖက်တဲ့နည်းလမ်းကို သုံးပြီးတော့ ခုခံဆန့်ကျင်ခဲ့ပေမယ့် အခု NUG ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးကျတော့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးခဲ့တာ ဘာကြောင့်လဲ။
ဖြေ ။ ။ ဟုတ်ကဲ့ ဒါနဲ့ပတ်သက်ရင် ကျနော်တို့ နပိုလီယန်စစ်ပွဲကာလက ဗိုလ်ချုပ်ကြီးဝယ်လင်တန် ပြောတဲ့စကားလေးတခု အမှတ်ရတယ်။ သူက တိုက်ပွဲအစီအစဉ်ကို နပိုလီယန်ကနေ ဆုံးဖြတ်ပေးပါလိမ့်မယ်တဲ့။ ဆိုလိုတာက တိုက်ပွဲနည်းနာက ရန်သူက ပြဌာန်းတယ်ပြောလို့ရတယ်။ ပြဿနာတခုရှိလာပြီဆိုရင် ပြဿနာကို ဖြေရှင်းတဲ့နည်းလမ်းက တခုမကကို ရှိတယ်။ ပြဿနာဖြေရှင်းနည်း တခုမကရှိတဲ့အချိန်မှာ ဘယ်နည်းကို ရွေးမလဲဆိုတာ အခြေအနေ အချိန်အခါရှိတယ်။

ဒီနေ့ကျနော်တို့ မြန်မာနိုင်ငံမှာ ပြည်သူတွေကို ရရာလက်နက်ဆွဲကိုင်ပြီးတော့ ခုခံတော်လှန်စစ်ဆင်နွှဲဖို့ဆိုတာက ပြောမယ်ဆိုရင် အကြမ်းဖက်စစ်ကောင်စီကကို တွန်းပို့ပေးခဲ့တာ။ ပြည်သူတွေရဲ့ ခုခံတွန်းလှန်စစ်ကလည်း မြန်မာပြည်သူတွေရဲ့ ရွေးချယ်မှုဖြစ်တယ်လို့ ပြောလို့ရတယ်။ NUG ဆိုတာကတော့ ပြည်သူ့အစိုးရဖြစ်တဲ့အတွက် ပြည်သူနဲ့တသားတည်းရပ်တည်ရမယ်။ လိုအပ်တဲ့အခါမှာ ပြည်သူကို ဦးဆောင်မှုလည်း ပေးရမယ်။ ဒါဟာ သမိုင်းပေးတာဝန်ပဲ။ ဒီလိုကို နားလည်ခံယူခဲ့တာဖြစ်တယ်။
မေး ။ ။ ပြည်သူ့ခုခံရေးစစ်ပွဲကို D Day ကြေညာပြီးတော့ NUG ကနေ စစ်ပွဲကို တိုက်တယ်။ စစ်ပွဲဆိုတဲ့အတိုင်းပဲ သေကြေပျက်စီးမှုတွေ ရှိတယ်။ တပိုင်းမှာကျတော့ ဒေါ်အောင်ဆန်းစုကြည် ကျင့်သုံးလာတဲ့ အကြမ်းမဖက်လမ်းစဉ်ကို ဆန့်ကျင်တယ်လို့လည်း ပြောနေ ဝေဖန်သုံးသပ်နေကြတာကလည်း ရှိနေတာပေါ့။ ပြောရမယ်ဆိုရင် ဒီသမိုင်းတာဝန်ကြီးတခုလုံးကို ထမ်းပိုးဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဘယ်လိုချခဲ့လဲ။
ဖြေ ။ ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနည်း တနည်းအားဖြင့် အကြမ်းမဖက်တဲ့နည်းဆိုတာကတော့ ဒေါ်အောင်ဆန်းစုကြည်တလျှောက်လုံး ကိုင်ဆွဲခဲ့တယ်။ သူအလိုလားဆုံး နံပါတ်တစ်ဦးစားပေး ပြဿနာဖြေရှင်းနည်းလည်းဖြစ်တယ်ဆိုတာကို ယုံမှားသံသယဖြစ်စရာမရှိပါဘူး။ ကျနော်တို့ကိုယ်တိုင်လည်း အလားတူ အကြမ်းမဖက်တဲ့နည်းနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအားဖြင့် ငြိမ်းချမ်းစွာဖြေရှင်းဖို့ကိုပဲ ကျနော်တို့ကိုင်စွဲခဲ့တာ ဖြစ်ပါတယ်။
သို့သော်လက်ရှိအခြေအနေမှာတော့ အားလုံးသိတဲ့အတိုင်းပဲ မြန်မာစစ်အုပ်စု ဘယ်လောက်လူမဆန်လည်းဆိုတာက မြန်မာပြည်သူတွေအသိဆုံးပါ။ ဒီလူမဆန်တဲ့ အကြမ်းဖက်မှုတွေကို တိုင်းရင်းသားပြည်သူတွေဆိုရင် သမိုင်းနဲ့ချီပြီးတော့ကို ခံစားခဲ့ရတာ။ အခု ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့အာဏာသိမ်းပြီးတဲ့အခါမှာလည်း ကျနော်တို့ပြည်သူတွေက အင်မတန်ငြိမ်းချမ်းတဲ့နည်းနဲ့ပဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တုန့်ပြန်ခဲ့တာ ကမ္ဘာက အသိပါပဲ။ အကြမ်းမဖက်တဲ့ပြည်သူတွေအပေါ်မှာ စစ်ကောင်စီက ဘယ်လိုတုန့်ပြန်ခဲ့သလဲ။ ဒါကို ကျနော်တို့ အထူးပြောစရာမလိုဘူး။

ဒီအနေအထားမှာ ကျနော်တို့ ပြည်သူတွေက R2P အစီအစဉ်မျိုးပေါ့။ နိုင်ငံတကာရဲ့အကာအကွယ်အစောင့်အရှောက်မျိုးကို မျှော်လင့်ခဲ့ကြတာရှိပါတယ်။ သို့သော် ဒီမျှော်လင့်ချက်က ဖြစ်မလာတဲ့အတွက် ကိုယ်ထူကိုယ်ထပဲ ကိုယ့်အားကိုယ်ကိုးပြီးတော့ ပြောရမယ်ဆိုရင် R2P မြန်မာနည်းနဲ့ပဲ ကျနော်တို့ အကြမ်းဖက်စစ်အုပ်စုကို ဒီတကြိမ်တော့ အပြီးသတ်တွန်းလှန်ဖယ်ရှားပစ်ရမယ်လို့ ပြည်သူတွေကလည်း ဆုံးဖြတ်ချက်ချခဲ့တယ်။ NUG အနေနဲ့လည်း ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
မေး ။ ။ BBC မှာ ဆရာပြောသွားတာရှိတယ်။ ဒီနှစ်ထဲမှာ အပြောင်းအလဲရှိမယ်ဆိုတဲ့ သုံးသပ်ချက်ပေါ့။ ကျနော်တို့ မြင်ကွင်းမှာဖြစ်နေတာက PDF တွေရော EAO တွေရောက စစ်တပ်ရဲ့ ပစ်အားကို မယှဉ်နိုင်သေးဘူးပေါ့။ အခုဆိုရင် လက်နက်ကြီးတွေရော လေကြောင်းပစ်ကူတွေရောက မြှင့်ပြီးတော့ တိုက်နေတာကို တွေ့နေရတာပေါ့။ ဆရာပြောတဲ့ အပြောင်းအလဲဆိုတာက ဘယ်လိုအပြောင်းအလဲလဲ။
ဖြေ ။ ။ စစ်ပွဲတခုမှာ လက်နက်အရေးကြီးတယ်ဆိုတာ မှန်ပါတယ်။ သို့သော်ပြည်သူ့တော်လှန်ရေးဆိုတာကလည်း လက်နက်မဲ့အခြေအနေကပဲ အစပြုရတာပေါ့။ လက်နက်အရေးကြီးတယ်ဆိုတာမှန်တယ်။ သို့သော် လက်နက်ရှိတိုင်းရော ကျနော်တို့စစ်ပွဲတပွဲကို အနိုင်ရအောင် တိုက်နိုင်မလား။ ကျနော်တို့ပြန်ကြည့်ဖို့လိုမယ်။ ဒီကနေ့ ကျနော်တို့ ရဲဘော်တွေ လက်နက်မပြည့်စုံသေးတဲ့အခြေအနေမှာကို ဘယ်လောက်ထိအောင် တိုက်ခိုက်နိုင်သလဲ။ ဒါကိုတော့ ပြန်ကြည့်ဖို့ လိုပါမယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလတလမှာ မြန်မာနိုင်ငံအထက်ပိုင်း ခရိုင် ၃ ခုလောက်ရဲ့ စစ်ပွဲအခြေအနေကို စာရင်းချုံ့ကြည့်ပါတယ်။ ပြီးခဲ့တဲ့ တလထဲမှာကိုပဲ ရန်သူဘက်က ၂၉၁ ယောက် ထိခိုက်ကျဆုံးတာတွေ့ရတယ်။ ကျနော်တို့ရဲဘော်တွေထဲကလည်း ၁၁ ယောက် ထိခိုက်ကျဆုံးတာရှိခဲ့တယ်။ ဒီအချက်က ဘာကိုဖော်ပြနေလဲဆိုရင် လက်နက်အသာရတိုင်း ကျနော်တို့ စစ်ပွဲမှာ အသာရမရဆိုတဲ့မေးခွန်းကို ဒီအချက်က အဖြေပေးနေတယ်လို့ နားလည်ပါတယ်။
ကျဆုံးခဲ့တဲ့ရဲဘော်တွေကတော့ ပြည်သူ့ဂုဏ်ဆောင်သူရဲကောင်းတွေပါ။ ပြည်သူတွေကလည်း အမြဲတမ်းသတိရပြီး ဦးညွှန့်နေရမယ့် ပုဂ္ဂိုလ်တွေပါ။ တော်လှန်ရေးအောင်တဲ့အခါမှာလည်း ထိုက်ထိုက်တန်တန်ဂုဏ်ပြုခံရမယ့် လူတွေပဲဖြစ်တယ်လို့ ပြောချင်ပါတယ်။
တော်လှန်ရေး အောင်မြင်မှုရဲ့ အဓိက သော့ချက်က ဘာလဲဆိုရင် ၂ ချက်ရှိလိမ့်မယ်လို့ မြင်ပါတယ်။ နံပတ်တစ်ကတော့ ပြည်သူရဲ့ထောက်ခံမှု ပြည်သူတွေ ကိုယ်တိုင်စိတ်ရောကိုယ်ပါ ဆင်နွှဲနေတဲ့ တော်လှန်ရေးလည်းဖြစ်တယ်။ နောက်တချက် အရေးကြီးတာကတော့ ကျနော်တို့ရဲ့ စိတ်ဓာတ်နဲ့ဉာဏ်ပညာပေါ့။ ဒီတော်လှန်ရေးမှာ ရဲဘော်တွေက စိတ်ဓာတ်အသာစီး ဉာဏ်ပညာအသားစီးယူပြီးတော့ တိုက်ပွဲဝင်နေတယ်လို့ပြောချင်ပါတယ်။
ဒီအချက်ကပဲ ကျနော်တို့ စစ်ကောင်စီလက်အောက်ခံတွေနဲ့ အဓိက ခြားနားချက်ပဲဖြစ်တယ်လို့ ဆိုရင်ရတယ်။ စိတ်ဓာတ်ချင်း ၊ ဉာဏ်ပညာချင်း မိုးနဲ့မြေလိုကွာခြားတယ်လို့ ပြောချင်တယ်။ စစ်ကောင်စီတပ်တွေ ဘယ်လောက်ထိ သရဲဘောကြောင်လဲ။ ဉာဏ်ရည်နိမ့်ပါးလဲဆိုရင် အားလုံးမျက်မြင်ပဲ။ သရဲဘောကြောင်တဲ့အတွက် ဒီကနေ့ဆိုရင် လေကြောင်းမပါရင် မတိုက်ရဲတော့ဘူး။ တိုက်တဲ့အခါမှာလည်း PDF ကို အနိုင်မယူနိုင်တဲ့အခါကျတော့ PDF မနိုင်ရင် ရွာတွေမီးရှို့ ၊ အပြစ်မဲ့တဲ့အရပ်သားပြည်သူတွေကို ဖမ်းမယ်။ သတ်မယ်။ နှိပ်စက်မယ်။ ကျေးရွာတွေကို မီးလောင်တိုက်သွင်းမယ်။ ဒါတွေပဲ ဒီဘက်ပိုင်းမှာတောက်လျှောက်လုပ်နေတာတွေ့တယ်။
ဉာဏ်ရည်နိမ့်ပါးတဲ့အခါကျတော့ ဘယ်လိုစစ်ရာဇဝတ်မှုတွေ ကျူးလွန်နေပါစေ ဘယ်တော့မှ အရေးယူခံရမှာ မဟုတ်ဘူးလို့ ထင်နေကြတာတွေလည်း ရှိပြန်တယ်။ ပြည်သူတွေအနေနဲ့ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ အပြစ်သားတွေကို ဘယ်လိုသည်းခံခွင့်လွှတ်မှုမျိုးမှ ပေးတော့မှမဟုတ်ဘူး။ ဒီအပြစ်သားတွေအကုန်လုံးကို ပြည်သူ့ခုံရုံးက စီရင်ခံရမယ့် လူတွေချည်းပဲလို့ပြောချင်ပါတယ်။
PDF တွေအားလုံးကိုသာ လက်နက်တပ်ဆင်ပေးဖို့ဆိုရင် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ ချီသွားလိမ့်မယ်လို့ ပြောလို့ရတယ်။ လက်ရှိ PDF အင်အားသည် တနိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်ရင် သိန်းနဲ့ချီနေတဲ့အင်အား PDF ထဲဝင်ရောက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ရဲဘော်တွေကလည်း သိန်းပေါင်းများစွာ ရှိတယ်။
မေး ။ ။ PDF တွေက စိတ်ဓာတ်ခွန်အားအရ တက်ကြွပြီးတော့ ရှေ့တန်းရောက်နေတယ်လို့ ပြောတယ်။ ဒါပေမယ့်တချို့ သိရသလောက်ဆိုရင် စစ်သင်တန်းပြီးပေမယ့်လည်း လက်နက်တပ်ဆင်နိုင်ခြင်း မရှိတဲ့အနေအထားမှာကျတော့ စစ်ရှောင်တွေအဖြစ် ဖြစ်သွားတယ်။ NUG အပေါ်မှာ ဝေဖန်နေကြတာရှိတဲ့အခါကျတော့ ဆရာတို့အနေနဲ့ လက်နက်တပ်ဆင်မှုပိုင်းမှာ ဘာတွေများ အခက်အခဲကြုံနေပါသလဲ။
ဖြေ ။ ။ PDF အားလုံးကို လက်နက်တပ်ဆင်ရေးဆိုတာကတော့ တကယ့်စိန်ခေါ်မှုအကြီးကြီးပဲ။ အားလုံးလည်း သိကြမှာပါ။ PDF တွေအားလုံးကိုသာ လက်နက်တပ်ဆင်ပေးဖို့ဆိုရင် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ ချီသွားလိမ့်မယ်လို့ ပြောလို့ရတယ်။ လက်ရှိ PDF အင်အားသည် တနိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်ရင် သိန်းနဲ့ချီနေတဲ့အင်အား PDF ထဲဝင်ရောက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ရဲဘော်တွေကလည်း သိန်းပေါင်းများစွာ ရှိတယ်။ သို့သော် ဒီ PDF တွေကို ကူညီဝန်းရံနေတဲ့ပြည်သူတွေကလည်း ပြောရမယ်ဆိုရင် သန်း ၄၀ လောက်ရှိတယ်။ အခုအချိန်မှာ အားလုံးလက်နက်မရသေးတာမှန်ပေမယ့် အများကြီးစိတ်မပူဘူး။ ရှိတဲ့လက်နက်နဲ့ပဲ တိုက်ပွဲကို စခဲ့ကြတယ်။

အခုအချိန်ဆိုရင် ဘဏ္ဍာငွေအင်အားလည်း ပိုကောင်းလာပြီ။ လက်နက်တပ်ဆင်ဖို့ အားကောင်းလာပြီဆိုတာကို ကျနော့်အနေနဲ့ အသိပေးလိုပါတယ်။ ပိုပြီးတော့ လက်နက်ရရှိနိုင်တဲ့နည်းလမ်းတွေလည်း NUG မှာ ရှိထားပြီဆိုတာကို အသိပေးချင်ပါတယ်။ မကြာခင်မှာတော့ ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။
မေး ။ ။ ဆရာတို့လက်အောက်မှာရှိတဲ့ PDF တွေလည်းရှိသလို ဆရာတို့ လက်အောက်မှာမဟုတ်တဲ့ PDF အဖွဲ့တွေလည်းရှိတယ်။ နောက် တခြား အရပ်သားခုခံရေးတပ်ဖွဲ့တွေ နာမည်အမျိုးမျိုးနဲ့လည်းရှိတယ်။ သူတို့နဲ့ဆက်ဆံရေးရော ဘယ်လိုရှိပါသလဲ။ သူတို့အပေါ်မှာရော ဘယ်လိုသဘောထားပါသလဲ။
ဖြေ ။ ။ အားလုံးကတော့ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက်တွေပဲ။ ပြည်သူ့တော်လှန်ရေးဆိုတာကတော့ လက်လုပ်ပစ္စည်းတွေ အားပြုရတာ သဘာဝပါ။ စစ်အုပ်စုကို ရရာလက်နက်စွဲကိုင်ပြီး တော်လှန်ဖယ်ရှားရတော့မယ်လို့ ပြည်သူတွေ ဆုံးဖြတ်ချက်ချတော့ အနယ်နယ်အရပ်ရပ်က လူငယ်တွေ သူတို့လက်လှမ်းမှီရာ စစ်ပညာသင်ကြတယ်။ တော်လှန်ရေးယူနစ်တွေ စုဖွဲ့ကြတယ်။ ရတဲ့လက်နက်တွေလည်း ရှာဖွေကိုင်စွဲကြတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရက PDF တပ်မတော်ကို ထူထောင်ပြီဆိုပြီး ကြေညာတဲ့အချိန်မှာ တော်လှန်ရေးအစုအဖွဲ့တွေ အားလုံးက PDF နဲ့ အချိတ်အဆက်ရဖို့ လုပ်ကြတယ်။
အညာမှာ အင်မတန်မှ လက်သံပြောင်တဲ့ ဗိုလ်နဂါးတို့ အဖွဲ့မျိုး YDF အစရှိတဲ့အဖွဲ့တွေဆိုရင် သူတို့ကိုယ်သူတို့ PDF လို့ခံယူပြီးတော့မှ တိုက်ပွဲဝင်နေကြပြီဆိုတာကို အသိပေးပြောလိုပါတယ်။
အခုဆိုရင် မြေပြင်က တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအစုအဖွဲ့အများစုဟာ PDF လက်အောက်ကို ရောက်ရှိလာပြီလို့ ပြောလို့ရတယ်။ အထူးသဖြင့် အညာမှာ အင်မတန်မှ လက်သံပြောင်တဲ့ ဗိုလ်နဂါးတို့ အဖွဲ့မျိုး YDF အစရှိတဲ့အဖွဲ့တွေဆိုရင် သူတို့ကိုယ်သူတို့ PDF လို့ခံယူပြီးတော့မှ တိုက်ပွဲဝင်နေကြပြီဆိုတာကို အသိပေးပြောလိုပါတယ်။
မေး ။ ။ စစ်ကိုင်းတိုင်းမှာဆိုရင် PDF ရဲ့ ထောက်ပံ့မှုနဲ့ NUG ထောက်ခံပွဲတွေလုပ်တာတွေရော ဆေးရုံတွေ စာသင်ကျောင်းတွေ အရပ်ဖက်အုပ်ချုပ်ရေး ထူထောင်နေတာတွေ ကြိုးစားနေတာလည်း တွေ့နေရတာဆိုတော့ NUG ရဲ့ ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်မယ်လို့တောင် ပြောသံဆိုသံတွေကြားနေရတော့ အဲဒီလို တကယ်ရည်ရွယ်ချက်ရှိပါသလား။
ဖြေ ။ ။ ကျနော်တို့ ဒီကိစ္စနဲ့ပတ်သက်ရင်တော့ ကျနော်တို့က တနိုင်ငံလုံးကို စစ်ကောင်စီရဲ့အောက်ကနေပြီးတော့ စစ်ကျွန်ဘဝကနေ လွတ်မြောက်ဖို့ကို ရည်မှန်းပြီးတော့ ဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်ဖို့ကို အဆင့်အလိုက် နယ်မြေဒေသအလိုက် အပိုင်းအခြားအလိုက် အကောင်အထည်ဖော်ရတာတွေရှိပါတယ်။ ဒီအတွက် တဖက်က စစ်ရေးအရ နယ်မြေတွေကို ပိုပြီးတော့ စိုးမိုးနိုင်အောင် ထိန်းချုပ်နိုင်အောင် ကြိုးစားတဲ့နည်းတူပဲ ဒီလှုပ်ရှားမှုနဲ့ တန်းတူပဲ ပြည်သူ့အုပ်ချုပ်ရေးထူထောင်ဖို့ အတွက်လည်း ဆောင်ရွက်နေပါတယ်။
ဒီထဲမှာ စစ်ကိုင်းတိုင်းကတော့ ရှေ့ပြေးပြည်သူ့အုပ်ချုပ်ရေးအာဏာဒေသလို့ ပြောလို့ရပါတယ်။ ဒီ ၂ခု ကတော့ တဖက်မှာ စစ်ရေးလှုပ်ရှားမှုရော တဖက်မှာ ပြည်သူ့အုပ်ချုပ်ရေးအာဏာထူထောင်မှုကိုရော တပြိုင်ထဲဆောင်ရွက်ရင်းက ဒီဆောင်ရွက်ချက်ကိုလည်း ထပ်ဆင့်ပြီးတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြန့်ကျက်ဆောင်ရွက်သွားဖို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ စီမံဆောင်ရွက်နေပါတယ်။
အပိုင်း ၂ ဆက်ရန် ရှိသည်။
You may also like these stories:
“တပ်မတော်ဆိုတဲ့ နာမည်က ဂုဏ်သိက္ခာပြုတ်သွားပြီ”
AA သြဇာကြီးလာခြင်းက စစ်ကောင်စီအတွက် ခေါင်းခဲစရာ
စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရန် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့တောင်းဆို
သူရဲဘောကြောင်သော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ