ဖေဖော်ဝါရီ ၁ ရက်နေ့ဟာ တနိုင်ငံလုံးအတွက် ဘယ်လိုမှ မေ့ဖျောက်လို့မရတဲ့ စစ်အာဏာရှင်တွေရဲ့ အာဏာသိမ်းမှုကို ခံခဲ့ရတာ ၁ နှစ်ပြည့်နေ့ဖြစ်ပါတယ်။ နယ်ပယ်အသီးသီးကလူတွေဟာ အဲဒီနေ့ကစပြီး ကိုယ်စိတ်နှလုံး ဆင်းရဲပင်ပန်း၊ နာကျည်းခံပြင်းမှုတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးတွေကို နည်းမျိုးစုံနဲ့ ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီလိုစစ်အာဏာရှင် ဆန့်ကျင်ရေးတွေကို ပြည်သူတွေ အင်နဲ့အားနဲ့ ပြုလုပ်တဲ့နေရာမှာ ပြည်သူချစ်တဲ့ အနုပညာရှင်တွေ များစွာပါဝင်လာတာကြောင့် ပြည်သူတွေ စိတ်ဓာတ်တက်ကြွခဲ့ရပါတယ်။
အခုလက်ရှိအချိန်မှာတော့ ပြည်သူချစ်တဲ့ အနုပညာရှင်အများစုဟာ ၅၀၅ (က) ပုဒ်မနဲ့ ဖမ်းဝရမ်းထုတ်ခံနေရပြီး နာမည် ကြီးသူတချို့က စစ်အာဏာရှင်ရဲ့ မတရား ဖမ်းဆီးထောင်ချခြင်းကို ခံနေရသလို၊ တချို့ကလည်း ပြေးလွှားပုန်းအောင်းရင်းနဲ့ တတ်နိုင်တဲ့ ဘက်က စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
အခု အာဏာသိမ်း ၁ နှစ်ပြည့်ချိန်မှာ သရုပ်ဆောင်ဒေါင်း၊ ဒါရိုက်တာသည်ခေတ်နေ၊ လူရွှင်တော်တိုင်းကျော် (ဟားငါး ကောင်အဖွဲ့) နဲ့ အဆိုတော် နီတာတို့က လက်ရှိအခြေအနေနဲ့ လာမယ့်အနာဂတ် မြန်မာနိုင်ငံရဲ့ အခြေအနေတို့အပေါ်မှာ သူတို့ရဲ့ ခံယူချက်၊ သူတို့ရဲ့ အမြင်တွေနဲ့ ပတ်သက်လို့ ဧရာဝတီကို ပြောကြားထားတာကို ဖော်ပြပေးလိုက်ပါတယ်။
သရုပ်ဆောင် ဒေါင်း
မတရားမှုဆိုတဲ့အရာတွေ၊ မမျှတမှုဆိုတဲ့ အရာတွေအတွက် ကျနော်တို့တွေ တော်လှန်ခဲ့ကြတယ်။ အခုဆိုရင် တနှစ်ပြည့် ခဲ့ပြီ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ မျှော်လင့်တဲ့၊ ကျနော်တို့ အိပ်မက်တဲ့ အနာဂတ်သစ်တခု၊ မျှော်လင့်ချက် အသစ်တခု၊ စနစ် သစ်တခုကို ကျနော်တို့တွေ အတူတကွ ဖော်ဆောင်ဖို့ ကြိုးစားရင်းနဲ့ ကျနော်တို့ နိုင်ငံမှာရှိတဲ့ အာဏာရှင်စနစ်ဆိုတဲ့ အရာ ကို အမြစ်ဖြတ် ချေမှုန်းဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် ရှေ့ဆက်ပြီး ဝိုင်းဝန်း ကြိုးစားကြ ရအောင်။ ရှေ့ဆက်ပြီး အတူတကွ လက်တွဲပြီး ဝိုင်းဝန်းကြိုးစားကြရအောင်လို့ ပြောချင်ပါတယ်။
ဒါရိုက်တာ သည်ခေတ်နေ
ဇာတ်သိမ်းခန်းနီးလေ ကောက်ကျစ်တဲ့ ရန်သူက ပိုပြီး ဖိအားပေးလေ ဆိုပေမယ့် ကျနော်တို့ တိုင်းရင်းသားပြည်သူ ညီ အစ်ကို မောင်နှမတွေရဲ့ အင်အားက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၁) ရက် ဇာတ်လမ်းစကတည်းက စကြည့်ရင် ပြည်သူဟာ ရွှေဘက ရွှေဘပါပဲ။ နောက်ဆုံး ကောက်ရိုးလေး တမျှင် ကျန်ခဲ့ရင်တောင် အဲဒီကောက်ရိုးတမျှင်က ရန်သူအတွက် ကြိုးစင် ဖြစ်စေရမယ်။ ကျနော်တို့ နိုင်ကို နိုင်ရမယ်လို့ ပြောချင်တယ်။
လူရွှင်တော် တိုင်းကျော် (ဟားငါးကောင်အဖွဲ့)
အာဏာသိမ်း တနှစ်ကာလမှာ ပြောင်းလဲသွားတာတော့ တိုင်းပြည် စုတ်ပြတ်သတ်သွားတာပေါ့။ အခု လောလောဆယ်မှာ တိုက်ပွဲတွေ ဖြစ်တာ များလာလေ စစ်ဘေးရှောင်တွေ၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေကော စစ်ဘေးရှောင်ရတာ များလာတာပေါ့။ များလာတဲ့အခါ စစ်ဘေးရှောင်တွေကို ပြည်တွင်းပြည်ပက ညီအစ်ကို မောင်နှမတွေ ဝိုင်းဝန်း လှူဒါန်းပေးဖို့ လိုတာပေါ့။ အားလုံး သိတဲ့အတိုင်း တိုင်းပြည်က လုံးဝ စုတ်ပြတ်သတ်သွားပြီ။ ဒီကောင်တွေ အမြစ်ပြုတ်သွားပြီး ပြန်လည် ထူထောင်တဲ့ အခါမှာ ဒါကလည်း အချိန်အတိုင်းအတာ အတိုတွင်းမှာ ကျနော်တို့ ပြန်လည် ထူထောင်နိုင်မှာပါ။
အဆိုတော် နီတာ
ပြည်သူတွေရဲ့ စည်းလုံးမှုက တသက်လုံး မမြင်ခဲ့ဖူးတဲ့ စည်းလုံးမှုမျိုး၊ ညီညွတ်မှုမျိုး မြင်ရတယ်။ အသက်ကို ပေးတဲ့ လူငယ်တွေ ကျနော်တို့ မျက်စိရှေ့မှာ မြင်နေရတယ်။ ကျနော်တို့ အနုပညာရှင်တယောက် အနေနဲ့ စိတ်အား တက်ကြွစေ မယ့် သီချင်းတွေ၊ အမှန်တရားဘက်က ရပ်တည်တဲ့ သီချင်းတွေ တောထဲမှာလည်း ထုတ်လုပ်တယ်။ တတ်နိုင်တဲ့ ဘက် ကနေ ပါဝင်ပေးနေတယ်လို့ ပြောပြချင်ပါတယ်။