အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပြတ်အသတ်အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ပြီး အရပ်သားအစိုးရထံက စစ်တပ်အာဏာသိမ်းခဲ့တာ ဖေဖော်ဝါရီ ၁ ရက်နေ့ဆိုရင် တနှစ်ပြည့်ပါပြီ။
ဒီလိုအာဏာသိမ်းတာကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ဖြစ်ပေါ်ခဲ့သလို ပညာရေး၊ ကျန်းမာရေး၊ စစ်တပ်၊ ရဲစတဲ့ အစိုးရဌာန၊ အဖွဲ့အစည်းအသီးသီးက ဝန်ထမ်းတွေဟာလည်း အကြမ်းမဖက်ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ခဲ့ကြတဲ့ အတွက် စစ်ကောင်စီရဲ့ယန္တရားတွေ ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့ပါတယ်။
ဒီအတွက် စစ်ကောင်စီဘက်က CDM မှာပါတဲ့ ဝန်ထမ်းတွေကို အကြမ်းဖက်ဖမ်းဆီးတာ၊ ဌာနတွေကနေ ထုတ်ပယ်ပစ်တာတွေပြုလုပ်ခဲ့ တဲ့အပြင် မိသားစုဘဝရပ်တည်းလို့ မရအောင်အထိ ဖိအားပေးခြိမ်းခြောက်တာတွေ ဆက်ပြီးလုပ်ဆောင်လျှက်ရှိနေပါတယ်။
ဒီလိုဖိအားပေးခြိမ်းခြောက်တာတွေကြောင့် အချို့က ဌာနမှာအလုပ်ပြန်ဝင်တာတွေရှိခဲ့ပေမယ့် ယနေ့တိုင် ရာထူးအာဏာ အခွင့်အရေးတွေ ကို စွန့်လွှတ်ပြီး ပြည်သူတွေနဲ့အတူရပ်တည်ကာ CDM မှာ ဆက်လက်ပါဝင်နေဆဲသူတွေအနေနဲ့ အာဏာသိမ်းမှု တနှစ်ပြည့်ချိန်မှာ သူတို့ရဲ့ ခံယူချက်၊ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ ဧရာဝတီကမေးမြန်းကာ စုစည်းဖော်ပြလိုက်ပါတယ်။
ပါမောက္ခ ဒေါက်တာခင်မောင်လွင်
မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ်
အခုဆိုရင် ကျနော်တို့ရဲ့ မြန်မာနိုင်ငံတော်ကြီးကို အကြမ်းဖက်စစ်အာဏာရှင်အုပ်စုက မတရားအာဏာသိမ်းပိုက်ထားတာ တနှစ်ပြည့် မြောက်ခဲ့ပြီဖြစ်ပါတယ်။ ကျနော်အနေနဲ့ ဒီစစ်အာဏာရှင်တော်လှန်ရေးကြီးမှာ ဘယ်လိုစိတ်ဓာတ်နဲ့ CDM လုပ်နေရလဲဆိုတော့ အကြမ်းဖက် စစ်အာဏာရှင်လက်အောက်မှာ ကျွန်မခံချင်လို့၊ နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ မတရားအာဏာသိမ်းထားတာကို မကြိုက်လို့၊ ကျနော်တို့က ပညာရှင်တွေဆိုတော့ စစ်အာဏာရှင်အောက်မှာ ဒူးထောက်တဲ့ အောက်တန်းစား ပညာတတ်မျိုးတော့ ဘယ်တော့မှ မဖြစ်စေရဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ပဲ CDM လုပ်ခဲ့ကြတာဖြစ်ပါတယ်။
CDM ခရီးလမ်းကြောင်းကို ဘယ်အထိဆက်လျှောက်မလဲဆိုရင်တော့ စစ်အာဏာရှင်ကို အနိုင်ရတဲ့အထိ၊ အမြစ်ပါမကျန်အောင် တော်လှန်နိုင်တဲ့အထိ၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ထူထောင်နိုင်တဲ့အထိ ရဲရဲဝင့်ဝင့် ဆက်လက်လျှောက်လှမ်းသွားပါမယ်လို့ ကျနော့်အနေနဲ့ ကတိပေးပါတယ်။
မအိသဉ္ဇာမောင်
NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဒုတိယဝန်ကြီး
ဒီနွေဦးတော်လှန်ရေးတိုက်ပွဲကို ကျမက လူငယ်တယောက်အနေနဲ့ ပါဝင်ခဲ့တဲ့ဆိုပေမယ့် ဒီတိုက်ပွဲကြီးတခုလုံး အောင်မြင်အောင် အနိုင်ရတဲ့အထိ တိုက်ပွဲဝင်မယ်ဆိုတဲ့စိတ်နဲ့ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ကျမတို့နိုင်မှ တိုင်းပြည်ကို ကျမတို့မျှော်ရည်မှန်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ထောင်လို့ရမှာဖြစ်ပြီးတော့မှ ထောင်တွေထဲမှာရောက်နေတဲ့ ကျမတို့ရဲဘော်ရဲဘက်တွေ၊ ညီအကို မောင်နှမတွေ ပြန်လည်ပြီးတော့ လွတ်မြောက်လာမှာဖြစ်ပါတယ်။ ကျမတို့နိုင်မှသာ ဒီတိုက်ပွဲအတွင်းမှာ ပေးဆပ်ခဲ့ရတဲ့ သူရဲကောင်းတွေအတွက်၊ လူငယ်တွေအတွက်၊ မိဘပြည်သူတွေအတွက် တရားမျှတမှုကို ပြန်ယူပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဒီတိုက်ပွဲဟာ လူထုရဲ့ အောင်ပွဲဖြစ်ရမယ်၊ အောင်ကိုအောင်ရမယ်ဆိုတဲ့ အောင်နိုင်စိတ်၊ အမှန်တရားဘက်က ရပ်တည်တဲ့စိတ်နဲ့ ကျမဒီတိုက်ပွဲကို တိုက်နေပါတယ်။
ဒေါ်ရတီအုန်း
ကထိက၊ ကလေးမြို့အစိုးရနည်းပညာ အထက်တန်းကျောင်းမှ CDM လုပ်ခဲ့သူ
လက်ရှိအခြေအနေမှာ ဘယ်လိုခံစားချက်ရှိလဲဆိုရင် ကျမ ကိုယ့်ကိုကိုယ်လည်း လေးစားတယ်၊ ဂုဏ်လည်း ဂုဏ်ယူတယ်။ ဘယ်လိုအခက် အခဲပဲကြုံကြုံ ဒီနေ့အထိ ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းကို နောင်တမရဘဲနဲ့ နောက်ထပ်လည်း နောင်တရမှာမဟုတ်ဘူး။ အဲဒီလိုလျှောက်လှမ်းရတဲ့အတွက် ကိုယ့်ကိုကိုယ် ဂုဏ်ယူတယ်။ ကျေနပ်ပီတိဖြစ်တယ်လို့ ပြောချင်ပါတယ်။ အခုလောလောဆယ် ကျမက mobile medical teamwork division ဆိုပြီး အဖွဲ့လေးဖွဲ့ထားပြီးတော့မှ တော်လှန်ရေးထဲမှာ ပါဝင်နေတဲ့ PDF၊ ပကဖ၊ EAO တွေရဲ့ ကျန်းမာရေးကို ရှေ့တန်းစစ်မြေပြင်အထိ လိုက်ပြီးတော့မှ လိုအပ်တဲ့ ပြုစုကုသမှုတွေ လုပ်ပေးနေတယ်။ တခြားတဖက်ကလည်း စစ်ဘေးရှောင်ပြည်သူလူထု တွေရဲ့ ကျန်းမာရေးကို တတ်နိုင်သမျှ ဆောင်ရွက်ပေးနေတယ်။
ကျမက ပညာရေးဝန်ထမ်းတဦးဖြစ်တာကြောင့် ကြားကာလ ပညာသင်ကြားရေးအစီအစဉ်မှာလည်း Vocational Education Committee ရဲ့ အထောက်အပံ့နဲ့ ကာလတိုအသက်မွေးဝမ်းကြောင်း ပညာသင်တန်းတွေလည်း နှစ်ကြိမ်ဖွင့်ထားပြီးပြီ။ ဆက်လက်ဖွင့်လှစ်ဖို့လည်း လုပ်နေတယ်။ တော်လှန်ရေးထဲမှာတော့ ကျမက ဆေးဝါးကုသပေးနေတဲ့ ကုသရေးဝန်ထမ်းအဖြစ် ရှိနေတယ်ပေါ့။ ဆက်လုပ်မယ့်လုပ်ငန်းစဉ်ကတော့ ဒီအတိုင်းပဲ ကျမဆက်သွားမယ်။ ပညာရေး၊ ကျန်းမာရေးကိစ္စတွေကို ပြန်လည်ထူထောင်ရေးကာလတိုင်အောင် ဆက်လက်လုပ်ဆောင်သွားမယ်။
ကိုဘိုဘို
ကရင်နီပြည်နယ်ရဲဌာန-KSP၊ ဒုရဲအုပ်အဆင့်ဖြင့် CDM လုပ်ခဲ့သူ
CDM လုပ်ခဲ့တာနဲ့ ပတ်သက်ပြီးနောင်တရတာမျိုး မရှိပါဘူး။ ကရင်နီပြည်နယ်မှာ CDM လုပ်တဲ့ တပ်ဖွဲ့ဝင်တွေကလည်း အများကြီးပဲ။ ဒါပေမယ့် ကျနော်က CDM လုပ်လုပ်ချင်း အစပိုင်းတုန်းက တလလောက် အပြင်မှာ တယောက်တည်းပဲဆိုတော့ နည်းနည်းအားငယ်တာမျိုးပဲ ရှိခဲ့တယ်။ ရည်မှန်းချက်ပျောက်တာမျိုးပေါ့။ ဒါပေမယ့် အဖွဲ့တွေဖွဲ့ပြီး တော်လှန်ရေးမှာ တတ်နိုင်သလောက် ပါဝင်လှုပ်ရှားနေပြီးဖြစ်တဲ့အတွက် နောက်ပိုင်းစိတ်ဓာတ်ကျတာမျိုး မရှိတော့ဘူး။ မျှော်မှန်းချက်တွေနဲ့ အရေးတော်ပုံအောင်ဖို့ကိုပဲ အတတ်နိုင်ဆုံးကြိုးစားနေပါတယ်။
လက်ရှိတော်လှန်ရေးကို တပြည်လုံး အတိုင်းအတာဆိုရင်တော့ အားရမှုတော့ သိပ်မရှိဘူးပေါ့နော်၊ ဒါက ကျနော်တယောက်တည်းရဲ့ အ မြင်ပေါ့နော်။ ကိုယ့်ကရင်နီပြည်နယ်ရဲ့ အနေအထားဆိုရင်တော့ တော်တော်အားရတယ်၊ ပြည်သူလူထုတရပ်လုံးကလည်း ပူးပေါင်းပါဝင်ကြတယ်။ ဒီလိုပူးပေါင်းကြတဲ့ ပြည်သူလူထုကိုလည်း ကျေးဇူးတင်ပါတယ်။ မြေပြင်မှာ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း လေးစားတယ်၊ ကျနော်တို့ထက် အသက်စွန့်ပြီး တိုက်ပွဲဝင်နေကြတယ်။ ပြည်သူလူထုကလည်း အာဏာသိမ်းတာ တနှစ်ကြာ လာပေမယ့် စိတ်ဓာတ်မကျသွားကြပဲ အရေးတော်ပုံအောင်တဲ့အထိ တတ်နိုင်တဲ့ဘက်ကနေ ပူးပေါင်းပါဝင်ပေးကြပါလို့ ပြောချင်ပါတယ်။
ဗိုလ်ကြီး လင်းထက်အောင်
တပ်မတော်မှ CDM လုပ်ခဲ့သူ
ပြည်သူ့လက်ထဲက အာဏာသိမ်းယူတာ တနှစ်ပြည့်တော့မယ်ပေါ့၊ အကြမ်းဖက်စစ်တပ် အာဏာသိမ်းကတည်းက ပြည်သူတွေ ပြန်လည်တွန်းလှန်တိုက်ပွဲဝင်ကြတယ်။ ကျနော်သည်လည်း ပြည်သူ့ဘက်က ရပ်တည်ပြီးတော့ နိုင်တဲ့ဘက်က ပါဝင်ပြီးတော့ တွန်းလှန်တိုက်ပွဲဝင်နေတယ်။ ကျနော်တို့ပြည်သူတွေ၊ တော်လှန်ရေးတပ်သားတွေက ပြည်သူ့အားကို ယူပြီးတော့ ရှိတာနဲ့ ခုခံတွန်းလှန်တိုက်ပွဲဝင်တာ အခုဆိုရင် အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေ ရရှိနေပါတယ်။
အကြမ်းဖက်စစ်တပ်ကို စွန့်ခွာတဲ့အချိန်ဟာ ကျနော့အတွက် အခက်အခဲဆုံးအချိန်ပဲ။ စစ်တပ်ကနေ ပြည်သူဘက်ကို ကူးပြောင်းလာတဲ့အခါ ကျနော့အတွက် အခက်အခဲပေါင်းစုံကတော့ရှိခဲ့တာပေါ့။ ဒါပေမယ့် ကျနော် လုံးဝ နောင်တမရဘူး။ အကြမ်းဖက်စစ်တပ်ကို စွန့်ခွာလာတဲ့အတွက် ကိုယ့်ကိုကိုယ် ဂုဏ်တောင်ယူပါသေးတယ်။ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ ကျနော်တို့ လုံးဝလက်မလျော့ဘူး။
တော်လှန်ရေးရဲဘော်တွေလည်း တနေ့ထက်တနေ့ များလာတဲ့အတွက် အကြမ်းဖက်စစ်တပ်ဟာ ဖရိုဖရဲဖြစ်နေပြီ။ အာဏာရှင် နိဂုံးချုပ်သွားတဲ့အထိ၊ လုံးဝအောင်မြင်မှုရရှိတဲ့အထိ တော်လှန်တိုက်ပွဲဝင်မယ်။ ပြည်သူလူထုနဲ့အတူ ဒီတော်လှန်ရေးကြီး အောင်မြင်မယ်လို့လည်း လုံးဝကို ယုံကြည်ထားတယ်။ အာဏာရှင်မရှိတော့တဲ့အချိန်မှ ကျနော်တို့ဘဝကို လွတ်လွတ်လပ်လပ်နဲ့ အနာဂတ်ကို ဖန်တီးနိုင်မယ်။ ဒီအတွက် အဆုံးထိတိုက်ပွဲဝင်သွားပါမယ်။
မြန်မာ့မီးရထား၊ စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန(စက်ခေါင်းပြင်စက်ရုံ) CDM ဝန်ထမ်းတဦး
အာဏာရှင်ကို ကျနော်တို့ အမြစ်ပြတ်တိုက်ဖြတ်မယ်ဆိုတဲ့ စိတ်နဲ့ CDM လုပ်ခဲ့ကြတယ်။ ဒီအချိန်မှာ မိသားစုရဲ့ အခက်အခဲကို အားလုံးက ရုန်းကန်နေရတယ်။ ကုမ္ပဏီတွေ ဘာတွေက အလုပ်သမားတွေခေါ်ပေမယ့် လူရွေးပြီးတော့ ခေါ်တယ်။ ဘယ်လိုရွေးလဲဆိုတော့ တချို့ကုမ္ပဏီတွေက CDM ဝန်ထမ်းဆိုရင် သိပ်ပြီးတော့ မခေါ်ချင်ကြဘူး။ ကျနော်တို့ CDM ဝန်ထမ်းတွေကို အလုပ်ခန့်လိုက်ရင်လည်း ခြိမ်းခြောက် ခံရတာတွေ ဘာတွေရှိတော့ သူတို့က မခန့်ချင်ကြဘူး။ ဘယ်အလုပ်ပဲလျှောက်လျှောက် သွားလျှောက်လို့မရတဲ့ ဘဝတွေဖြစ်နေတာပေါ့ နော်။
ရှေ့ဆက်ပြီးတော့ ကျနော်တို့က ခံယူချက်နဲ့ ဆက်တိုက်ဖို့ စဉ်းစားထားတယ်။ Non-CDM ဆိုတဲ့ဟာမျိုး ကျနော်တို့မဖြစ်စေချင်ဘူး။ ကျ နော်တို့ ဆက်တိုက်ဖို့ ရည်ရွယ်ချက်ထားတယ်။ အခုဆက်လုပ်နေတဲ့ CDM သမားတွေ ဌာနဆိုင်ရာက ကျနော်တို့ ညီအကိုတွေအားလုံး ဆက်ပြီး တောင့်ခံထားပေးပါ။ အရေတော်ပုံကြီး အောင်တော့မယ်။ နောက်ပြီးတော့ မိသားစုအခက်အခဲရှိလို့ Non-CDM ဖြစ်သွားတဲ့သူ တွေလည်းရှိတော့ အပြစ်တော့မပြောလိုပါဘူး။ ကျနော်တို့ CDM သမားတွေနဲ့အတူ အခုလောက်ထိ လုပ်နိုင်တာပဲ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် Non-CDM ဝင်သွားတဲ့သူတွေလည်း ကိုယ့်အချင်းချင်း သစ္စာမဖောက်ဖို့ ပြောချင်ပါတယ်။
မဖြိုးစန္ဒာစိုး
လက်ထောက် အထွေထွေ အတွင်းရေးမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်-CTUM
နွေဦးတော်လှန်ရေးမှာပါဝင်လို့ အလုပ်သမားခေါင်းဆောင်တွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အတွက် အလုပ်သမားတွေရဲ့ အခွင့်အရေး၊ အကျိုးစီးပွားတွေကို မလုပ်ပေးနိုင်တော့ဘူး။ စိန်ခေါ်မှုက ကြီးတယ်။ အကြမ်းဖက်အုပ်စုက မတရားအာဏာသိမ်းလိုက်တဲ့အတွက်ကြောင့် စီးပွားရေးတွေကချွတ်ခြုံကျတယ်။ စီးပွားရေးကျတာနဲ့ တပြိုင်နက်ထဲ အလုပ်သမားတွေရဲ့စားဝတ်နေရေးပြဿနာတွေက ခံစားရတယ်။
နွေဦးတော်လှန်ရေးမှာ သမဂ္ဂခေါင်းဆောင်တွေပါဝင်ခဲ့တာ ကျမတို့ ဘယ်တော့မှနောင်တမရဘူး။ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးမှာ သမိုင်းတကွေ့မှာ ဖက်ဆစ်စစ်တပ်ကို အမြစ်ပြတ်ချေမှုန်းတဲ့နေရာမှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူတယ်။ ဒီတော်လှန် ရေးမှာပါဝင်လို့ အချိန်မရွေး အသက်သေဆုံးနိုင်တယ်။ အသက်ပါသွားသည့်တိုင်အောင် အမှန်တရားအတွက်ရပ်တည်တိုက်ပွဲဝင်ဖြစ်တဲ့အတွက် လိပ်ပြာလုံတယ်။ ယုံကြည်ချက်ရှိတယ်။
ကျမတို့ ဒီတခေါက်က ပြည်သူလူထုအနေနဲ့ရော အလုပ်သမားထုအနေနဲ့ပါ လိုချင်တဲ့ရလဒ်က ကြီးတယ်။ မြန်မာနိုင်ငံက အရင်ကဆို စစ်တပ်ရဲ့ ၂၅ ရာခိုင်နှုန်း လွှမ်းမိုးမှုရယ် စီးပွားရေးထဲမှာ သူတို့ရဲ့အမြစ်တွယ်နေတာတွေရှိတယ်ဆိုရင် ကိုယ်သွားချင်တဲ့ တိုးတက်ဖွံ့ဖြိုးမှုကို သွားချင်သလောက်သွားလို့မရဘူး။ ဒီတခေါက်သာ အမြစ်ဖြတ်ချေမှုန်းနိုင်မယ်ဆိုရင် မြန်မာနိုင်ငံက ဒီထက်ပိုပြီးတော့ အာရှမှာရော ကမ္ဘာမှာရော တကယ့်ကို ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံအဖြစ်လည်း တွေ့မြင်ရမှာဖြစ်တယ်။ နိုင်ငံရေးအဆင့်အတန်း ဂုဏ်သိက္ခာက မြင့်မားသွားမှာ ဖြစ်တယ်။
ရန်ကုန်မြို့မှ CDM ဆရာဝန် တဦး
CDM တွေက ဘယ်လောက်သက်ရောက်မှုရှိလဲဆိုတော့ ကျောင်းတွေ၊ ဆေးရုံတွေမှာ CDM လုပ်ထားတဲ့ ပညာရှင်တွေရဲ့ အခန်းကဏ္ဍတွေမှာ သူတို့တွေဘာမှ လုပ်ပေးလို့မရဘူး။ တချို့ ဆေးရုံတွေဆို ပြန်သာဖွင့်နေတာ လည်ပတ်လို့ မရဘူး။ ဘာလို့လဲဆိုရင် CDM မလုပ်ဘဲနဲ့ ပြန်ဝင်သွားတဲ့ ဝန်ထမ်းတွေဟာလည်းပဲ အရင်တုန်းကတည်းက ဌာနတိုင်းမှာ မလုပ်မရှုပ်မပြုတ် နေခဲ့တဲ့လူတွေ၊ အလုပ်တခုကို လုပ်ရ တော့မယ်ဆိုရင် အားကျိုးမာန်တက် မရှိလှဘူး။
စစ်ကောင်စီဘက်က ပိုက်ဆံနဲ့ တောင့်ခံထားနိုင်တာ တခုကလွဲရင် ဒီတနှစ်အတွင်းမှာ CDM ကြောင့် သက်ရောက်မှုက တော်တော်များများ ထိပါတယ်။ CDM ဝန်ထမ်းတွေတင်မဟုတ်ဘဲ ပြည်သူတွေကပါ သူတို့ထုတ်သမျှ အမိန့်ကို မနာခံဘဲနဲ့ လုပ်နေတာလည်း သူတို့ထိခိုက်မှုက တော်တော်များပါတယ်။ အခုထက်ထိ ကမောက်ကမနဲ့ နိုင်ငံတကာမှာ အရှက်တကွဲနဲ့ ဖြစ်နေတာသည် CDM လှုပ်ရှားမှုက သက်ရောက်မှု ရှိတယ်ဆိုတာကို ပြသနေတာပါပဲ။
ဒါက ဘယ်လောက်အထိ ကြာမယ်မှန်း မသိဘူး။ နောက်ဆုံးလက်ကျန် CDM သမားတွေက ကြာချင်သလောက်ကြာပါစေ ပြန်မဝင်တော့ဘူးလို့ ဆုံးဖြတ်ထားကြတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ကျနော်တို့ တနှစ်လုံးလုံးတောင့်ခံပြီးတော့မှ Non-CDM ပြန်ဝင်မယ် ဆိုရင် အရင်ကြိုဝင်ထားပြီးသား Non-CDM သမားတွေရဲ့ လှောင်ပြောင်ခြင်းလည်း ခံရမယ်။ တောင့်ခံပြီးတော့ ကျန်ခဲ့တဲ့ CDM သမား တွေရဲ့ လှောင်ပြောင်ခြင်းကို ခံရမှာဖြစ်တဲ့အတွက် တော်ရုံတန်ရုံစိတ်နဲ့တော့ CDM ကို ဖျက်ပြီးတော့ ပြန်ဝင်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မ ဖြစ်နိုင်တော့ဘူး။
You may also like these stories:
မတရားမှုအတွက် ကျနော်တို့တွေ တော်လှန်ခဲ့ကြတယ်
CDM လှုပ်ရှားမှုများကြောင့် မီးရထားပြေးဆွဲမှု ပုံမှန်မလည်ပတ်နိုင်
သံမဏိစိတ်ဓာတ်၊ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်နဲ့ ၂၀၂၂ ကို ဆက်သွားမယ်
NLD ကို အသုံးချကာ ဝါဒဖြန့်ဖြိုခွဲဖို့ စစ်ကောင်စီ ကြံစည်နေ
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ရှုသဘင်ကျင်းပရန် ပြင်ဆင်နေ