ပြည်သူလူထုက ဒီမိုကရေစီနည်းဖြင့် ရွေးချယ်တင်မြောက်ခဲ့သော အရပ်သားအစိုးရကို စစ်တပ်က အဓမ္မဖြုတ်ချပြီး အာဏာသိမ်းခဲ့သည်မှာ တနှစ်ပြည့်လာခဲ့ပြီဖြစ်သည်။
သို့သော်လည်း ထိုအာဏာသိမ်းမှုနှင့် ပတ်သက်ပြီး ရန်ကုန်၊ မန္တလေးနှင့် ပြည်နယ်နှင့် တိုင်း အသီးသီးတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လမ်းမပေါ်က ဆန္ဒပြပွဲများနှင့် ပုံစံမျိုးစုံ လူထုဆန့်ကျင်မှုများသည် ညီညီညွတ်ညွတ်ဖြင့် ဆန့်ကျင်နေကြဆဲဖြစ်သည်။
စစ်ကောင်စီကတော့ လမ်းမပေါ်က လက်နက်မဲ့ဆန္ဒပြ ပြည်သူများကို အကြမ်းဖက် သတ်ဖြတ်နှိမ်နှင်းခဲ့သလို အသံတိတ် သပိတ်တွေကိုလည်း နည်းလမ်းမျိုးစုံဲဖြင့် ဖိအားပေးခြိမ်းခြောက်နေလျှက်ရှိသည်။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး မြေပြင်သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်း ကို ဧရာတီက ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ ဖေဖော်ဝါရီ ၁ ရက်နေ့ ဆင်နွှဲမယ့် ပြည်လုံးကျွတ် အသံတိတ်သပိတ်အပေါ် စစ်ကောင်စီက ဆိုင်တွေကို ဖိအားပေးနေတယ်။ ဒါနဲ့ ပတ်သက်ပြီး ဒေါက်တာ သဘောထား သိပါရစေ။
ဖြေ။ ။ အဲ့ဒါကတော့ဗျာ ပြည်သူလူ တရပ်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပါဝင်ဆင်နွှဲတဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ဆိုတာ အာဏာရှင်တွေက အင်မတန်ကြောက်တာ ဒီလှုပ်ရှားမှုတွေက တကယ့်အာဏာရှင်တွေရဲ့ အရှိုက်တည့်တည့်ကို ထိုးနှက်နိုင်တဲ့ လူထုလက်နက်ကြီးလည်း ဖြစ်တယ်။ ဒါကို စစ်ကောင်စီက အင်မတန် တုန့်လှုပ်ခြောက်ခြားနေတယ်ဆိုတာ ထင်ရှားပေါ်လွင်ပါတယ်။ ဒါကြောင့် ကျနော် ဒီလှုပ်ရှားမှုကိုမြင်ရအောင်ဆိုပြီး စစ်ကောင်စီအနေနဲ့ သူလုပ်တတ်တဲ့ တခုထဲသော နည်းနာဖြစ်တဲ့ လူထုကြောက်အောင် အကြောက်တရားဝင်အောင် လုပ်နေတယ်။ ဖိနှိပ်နေတယ်ပေါ့ အခုဆိုရင် ကျနော်တွေ့ရတာ နည်းလမ်းပေါင်းစုံနဲ့ပေါ့ဗျာ ဒီကျနော်တို့ရဲ့ လူထု လှုပ်ရှားမှုကြီး မအောင်မြင်အောင် ဒါတားဆီးဖို့ ဟန့်တားဖို့ ကြိုးစားနေတယ်ပေါ့။ သို့သော်စိတ်ချပါ ကျနော်တို့ ပြည်သူလူထုက မကြောက်လို့မှ ဒီတော်လှန်ရေးကို အခုလို တနှစ်တာလုံး ကျော်ဖြတ်ခဲ့ပြီးပြီပေါ့ ကျနော်တို့ လူထုရဲ့ ယုံကြည်ချက် လူထုရဲ့ ခွန်အားတွေနဲ့ပဲ လူထု လှုပ်ရှားမှူကြီး အသံတိတ်သပိတ်နဲ့ အသံထွက်သပိတ် လှုပ်ရှားမှုကြီးကလဲ အောင်မြင်မှာ မလွဲပါဘူးလို့ ကျနော် က ပြောလိုပါတယ် ခင်ဗျ

မေး ။ ။ လူထုက ဒီသပိတ်ကို ပါဝင် ဆင်နွှဲနိုင်အောင် ဘယ်လို လုပ်ဆောင်သင့်သလဲ။
ဖြေ ။ ။ ကျနော် ၂ ပိုင်းပြောချင်ပါတယ် ပထမ တခုကတော့ ကျနော်တို့က ဒီတော်လှန်ရေး တိုက်ပွဲ တခုကို ဆင်နွှဲနေတဲ့ ကာလဖြစ်တယ် ဒါသည် ကျနော်တို့ တော်လှန်ရေးကာလဖြစ်တယ်။ ဒီတော်လှန်ရေးကလဲ လူပုဂ္ဂိုလ်တဦး တယောက်ထဲ အကျိုးအတွက်မဟုတ်ဘူး။ တနိုင်ငံလုံး အကျိုးအတွက်ဖြစ်တယ်။ တိုင်းသူပြည်သား အားလုံးရဲ့ အကျိုးအတွက်လည်းဖြစ်တယ်။ နောင်လာမယ့်နိုင်ငံတော်သစ်အတွက်လည်းဖြစ်တယ်။ ဒါကြောင့်ဒီတော်လှန်ရေးအတွက် ကျနော်တို့ တော်လှန်ရေးဆိုတာကတော့ ပန်းခင်းသောလမ်းမဟုတ်ဘူး။ ဆူးခင်းသော လမ်းတွေ ဖြစ်တယ်ဆိုတာ အားလုံး နားလည်ပြီးသားပါ။
တော်လှန်ရေးမှာ လူတိုင်း နိုင်ငံသား တဦးချင်း တယောက်ချင်းဆီက ပါဝင်မှုတွေ ထည့်ဝင်မှုတွေပေါ့ဗျာ အရင်းနှီးတွေ ရှိစမြဲ ဖြစ်တယ် ရှိစကောင်းဖြစ်တယ်လို့ပထမဆုံးပြောချင်တယ်။ ပြောချင်တာကတော့ ဘာမှမရင်းပဲ ဘာမှ မရနိုင်ဘူးပေါ့နော် ကျနော်တို့ လွတ်မြောက်မှု လွတ်လပ်မှုကို လိုချင်ရင် လွတ်မြောက်မှု လွတ်လပ်မှုနဲ့ ထိုက်တန်တဲ့ အရင်းနှီးဆိုတာရှိရစမြဲဖြစ်ပါတယ်။ နတ်စီတဲ့ အိပ်မက်လှလှဆိုတာ အလွယ်တကူနဲ့ မရဘူး။ အဲ့တော့ကိုယ်မပါပဲနဲ့ ကိုယ့်ဘက်ကအရင်းနှီး မရှိပဲနဲ့ ဒီတော်လှန်ရေး အလွယ်တကူအောင်မြင်မယ်လို့တော့ ကျနော်တို့ ဒါယုံကြည်လို့ မရပါဘူး။ ဒါကို ပထမဆုံးပြည်သူကို ဒီနေရာကနေ လေးလေးနက်နက်ပြောချင်တယ်။
နောက်တခုကတော့ ကျနော်တို့က အဓိက ရည်ရွယ်ချက်ကတော့ အဲဒီနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တနိုင်ငံလုံး လမ်းမထက်မှာ မြို့ထဲမှာ ရွာထဲမှာ လူတွေ မရှိဘူး။ ရှင်းလင်းနေတယ်ပေါ့နော် အားလုံး က ကိုယ့်အိမ်ထဲမှာပဲ ကိုယ်နေနေတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ အဲတော့ အဓိက ကတော့ ကိုယ်အိမ်ထဲမှာ ကိုယ်နေပြီး လမ်းတွေပေါ်မှာ အပြင်မှာ လူတွေ တိတ်ဆိတ်ပြီး ရှင်းနေတာကို အဓိက ရည်ရွယ်လိုရင်းဖြစ်တယ်။ ကျနော်တို့ ပြည်သူအနေနဲ့လည်း အသိဉာဏ်နဲ့ ရှင်းပြီး ပညာသားပါပါနဲ့ပေါ့ဗျာ ဒီလူထုလှုပ်ရှားမှုမှာ ပါဝင်ကြဖို့ ကျနော်က နှိုးဆော်တိုက်တွန်းပါတယ်။ အခုဆိုရင်လဲ လူထုက အသံတိတ်သပိတ် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကြီး ဆင်နွှဲဖို့လဲ အသင့်ဖြစ်နေပြီလို့ကျနော်တို့ သိရတယ်။ ဒီအတွက်လဲ အင်မတန်ဝမ်းသာတယ်။ တဖက်က ခုဏ အကိုပြောသလိုပဲ ကိုယ့်ရဲ့ တတ်နိုင်သမျှ အန္တရာယ်ကို ဘယ်လို နည်းအောင် လုပ်မလဲဆိုတာ အသိဉာဏ်နဲ့ ယှဉ်ပြီးတော့ ပါဝင်စေချင်ပါတယ်။ ကျနော်တို့ ပြည်သူကို ယုံကြည်ကြီးသားဖြစ်တယ်။ နောက် အလေးနက်သိထားဖို့ကလည်း တော်လှန်ရေးဆိုတာ ပန်းခင်းလမ်း မဟုတ်ဘူး။ အရင်းနှီးတွေတော့ ရှိရစမြဲဆိုတာ လူထုကို ကျနော်တို့ ပြောလိုတယ်။
မေး ။ ။ စစ်တပ်အာဏာသိမ်းမှုကို ပထမဆုံး လမ်းပေါ်ထွက်ဆန္ဒဖော်ထုတ်ခဲ့တဲ့ ဒေါက်တာ အနေနဲ့ ဒီအချိန်မှာ ပြောချင်တာက ဘာများဖြစ်မလဲ။
ဖြေ ။ ။ လွန်ခဲ့တဲ့ နှစ်က ဒီလိုအချိန်ကာလပေ့ါဗျာ အကြမ်းဖက်စစ်အုပ်စုက ကျနော်ထင်ပါတယ် ကျနော်တို့ လူထု ကျနော်တို့ပြည်သူ့အင်အားကို တော်တော်လေး လျှော့တွက်ပုံရပါတယ်။ သူတို့မှာ လက်နက်ရှိတယ် ခွန်အားကြီးတယ် ဆိုရုံနဲ့ ဒီတိုင်းပြည်ကို အုပ်ချုပ်လို့ ရမယ်လို့ထင်ခဲ့ပုံရတယ်။ ဒါပေမယ့် တနှစ်တာအတွင်း ကျနော်တို့ပြည်သူတွေက အကောင်းဆုံး သက်သေပြီးပါပြီ။ ဒါက ဘာလဲဆိုတော့ လက်နက်ရှိရုံနဲ့ ကျနော်တို့နိုင်ငံကို လုံးဝ အုပ်ချုပ်လို့ မရနိုင်ဘူးဆိုတာ သေချာသွားပြီ ထင်ရှားသွားပြီ ဒီတနှစ်အတွင်း ဒါကြောင့် ကျနော်တို့အနေနဲ့ ဒီက ရှေ့ဆက်ပြီး လာမယ့်နှစ်သစ် ၂၀၂၂ ကတော့ ကျနော်တို့ ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ်ရအောင် ပိုပြီး ရုန်းရမယ့်နှစ်ဆိုတာ ကျနော်တို့က အဓိက ပြောလိုတယ်။ ကျနော်တို့ အောင်ပွဲဆင်ဖို့ကျနော်တို့ ပြည်တော်ဝင်ဖို့ အားလုံးဝိုင်းပြီးတော့ ရုန်းကြမယ်။ ဒီ ပြီးခဲ့တဲ့ တနှစ် ပျံသန်းခဲ့တဲ့ စိတ်ဓာတ်တွေနဲ့ပဲ ဒီညီညွှတ်မှုတွေ ဒီသွေးစည်းမှုတွေနဲ့ပဲ ကျနော်တို့ ဆက်ပြီးတော့ အားကုန်ရုန်းကြမယ်ဆိုတာ ကျနော်တို့ အားလုံးမျှော်လင့်တောင့်တနေတဲ့ နိုင်ငံရေးပန်းတိုင် ကျနော်တို့ အလှည့်အပြောင်းတခု တော်လှန်ရေးရဲ့ အလှည့်အပြောင်းတခု ကျနော်တို့မှတ်တိုင်သစ်တခု ၂၀၂၂ မှာ မုချ တည်ဆောက်ရရှိနိုင်မယ်လို့ဒီနေရာကနေ ပြောလိုပါတယ်။

မေး ။ ။ ပြည်သူ့ ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုတွေဟာ စစ်အာဏာရှင်ရဲ့ ယန္တရားတွေကို ဘယ်လောက်ထိ ရိုက်ချိုးနိုင်ခဲ့တယ်လို့ ပြောလို့ရမလဲ။
ဖြေ ။ ။ ကျနော်တို့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ ရုံးမတက်ပဲ ရုန်းထွက်ခဲ့ကြတဲ့ ဒီ CDM လှုပ်ရှားမှု ဒီ CMD လှုပ်ရှားမှုကြီး ဒီနေ့အချိန်ထိ အချိန်တစ်နှစ်တောင့်ခံခဲ့တယ်။ ကျနော်တို့ အဆင့် အလွှာတိုင်း အလွှာတိုင်းပါတယ်။ ကျနော်တို့ ဟိုး ကျန်းမာရေးကဏ္ဍမှာ ဆေးရုံးကြီးတွေမှာပေါ့ အောက်ခြေ ကျနော်တို့ တွန်းလှဲလို့ ဝန်ထမ်း ကာယအလုပ်သမားကနေ ဟိုး ပါမောက္ခကြီးတွေ ပါမောက္ခချုပ်ကြီးတွေ အဆင့်ထိ အလွှာဆုံးပါဝင်ခဲ့ကြတယ်။ ကျနော်တို့ နယ်ပယ်စုံ အငယ်တန်းစာရေးကနေ ညွှန်ကြားရေးမှူးချုပ် ညွှန်ကြားရေးမှူး စသည်ဖြင့် ဒီအဆင့်ထိ ပါခဲ့ကြတဲ့ CDM လှုပ်ရှားမှုပါ ဒီနေ့ အချိန်တနှစ်ပြည့်တဲ့အထိ ကျနော်ကတော့ အမြဲတမ်း CDM ဝန်ထမ်းတွေကိုသူရဲကောင်းတွေလို့သုံးပါတယ်။ ကျနော်တို့ရဲ့ CDM သူရဲကောင်းတွေက ကျနော်တို့ တော်လှန်ရေးအတွက် အဓိက ခွန်အားကြီးလဲ ဖြစ်တယ် အဓိက မောင်းနှင်မှုကြီးတခုလဲ ဖြစ်တယ်လို့ ပြောလိုတယ်။
ဒီ CDM ဝန်ထမ်းတွေကြောင့်သာလျှင် ကျနော်တို့ရဲ့ ဒီ CDM သူရဲကောင်းတွေ ကြောင့်သာလျှင် အခုချိန်ထိ စစ်ကောင်စီရဲ့ အကြမ်းဖက် အုပ်ချုပ်ရေး ယန္တရား စစ်အုပ်ချုပ်ရေး ယန္တရားကြီး တည်ဆောက်လို့မရတာ၊ မလည်ပတ်နိုင်တာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်အနေနဲ့ ဒီ CDM သူရဲကောင်းတွေနဲ့ CDM လှုပ်ရှားမှုအခန်းကဏ္ဍက အင်မတန်မှ အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိတယ်ဆိုတာ ပြောလိုတယ်။ ဒါကြောင့်လဲ ကမ္ဘာကတောင် အင်မတန်လေးစားအသိမှတ်ပြုပြီးတော့ နိုဗယ်ဆုအတွက်တောင် အမည်စာရင်း တင်သွင်းခံရတောင်ရှိတယ်။ အဲတော့ ကျနော်တို့ ပြည်သူတွေအနေနဲ့လဲ ဒီ CDM သူရဲကောင်းတွေကို လေးလေးနက်နက်ကြီးမှတ်တမ်းတင်ရမှာဖြစ်သလို ကိုယ်နိုင်ရာ ကဏ္ဍကနေ ဆက်ပြီးတော့ CDM သူရဲကောင်းတွေကို ထောက်ပံ့ဖို့ ကူညီဖို့အရေးကြီးပါတယ်။ ဒါကျနော်တို့ အာဏာဖီဆန် CDM ဆက်ပြီးတော့ လုပ်နိုင်ဖို့ ကျနော်တို့ ပြည်သူကလဲ CDM ဝန်ထမ်းတွေကို ကျရာကဏ္ဍကနေ ကူညီနေဖို့လိုတယ်။ CDM သူရဲကောင်းတွေကလည်း တော်လှန်ခရီးကိုနော် ကျနော်တို့ မုချ ရှေ့ဆက်ပြီးတော့ အခုလိုပဲ ဆင်နွှဲသွားကြမှာဖြစ်တယ်။ ကျနော်တို့ ဒီ CDM သူရဲကောင်းတွေရဲ့ အခန်းကဏ္ဍကတော့ တော်လှန်ရေးရဲ့အရေးအင်မတန်ကြီးတဲ့ နေရာမှာရှိတယ်လို့ ကျနော် ချုပ်ပြီးတော့ ပြောလိုပါတယ်။
မေး ။ ။ စစ်တပ်က အကြမ်းဖက် သတ်ဖြတ်တဲ့ အထိ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုတွေကို ဖိနှိပ်နေတဲ့ကြားက ဆန္ဒပြပွဲတွေ ဘာကြောင့် ထွက်နေနိုင်တာလဲ။
ဖြေ ။ ။ အဓိကကတော့ ဘာကြောင့်လည်းဆိုတော့ တခွန်းထဲပြောပါဆိုရင် စိတ်ဓာတ်ပဲဗျ ပြည်သူ့စိတ်ဓာတ် ဘာစိတ်ဓာတ်လဲလို့ မေးရင် ကျနော်တို့ စစ်အာဏာရှင် စနစ်နဲ့ အုပ်ချုပ်ရေးကို လုံးဝလက်ခံလို့မရဘူး။ ငါတို့ အစွမ်းကုန်ခုခံတွန်းလှန် တိုက်ပွဲဝင်ရမယ်ဆိုတဲ့စိတ်ဓာတ် အဲ့တော့ ဒီခုခံတော်လှန်မှုမှသည် ကျနော်တို့ တော်လှန်ရေးရဲ့ အောင်မြင်မှုမှသည် ကျနော်တို့ ဒီတိုင်းပြည်ကို နှစ်ပေါင်း ၇၀ ကျော် ဒုက္ခမျိုးစုံပေးခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုကို ကျနော်တို့ လှဲဖြိုချပြီးတော့ ကျနော်တို့မျှော်လင့်တဲ့ နိုင်ငံတော်သစ် ဒီနှစ်သစ်ကို ဒီနွေဦးတော်လှန်ရေးကနေ တည်ဆောက်နိုင်တော့မယ်ဆိုတာ ယုံကြည်သွားတဲ့ စိတ်ဓာတ်ဗျ။

ဒါကြောင့်ပဲ ကျဆုံးမှုတွေ ပေးဆပ်မှုတွေ အများကြီး ကျနော်တို့ မန္တလေးမြို့ပဲပြောမယ် လမ်းမထက်မှာ သပိတ်တွေ မှောက်ခဲ့ကြတယ်။ ပြည်သူသိန်းသန်းချီပြီးတော့ လက်နက်ဆိုလို့ဗျာ အပ်တို တချောင်းတောင်မပါဘူး။ ပစ်တယ် ရက်ရက်စက်စက်ပစ်တယ်။ သေနတ်အစစ်ကျည်အစစ်တွေနဲ့ပစ်တယ်။ ကျနော်တို့ ရှေ့မှာပဲ ကျဆုံးသွားတဲ့ ကျနော်တို့ သူငယ်ချင်းတွေ၊ သူ့ရဲ့အုပ်ချုပ်ရေး ယန္တရားကို မလိုက်နာဘူးဆိုရင် အိမ်တွေကိုချိတ်ပိတ်နော် ဖအေကိုမတွေ့လို့ ကလေးကို ဖမ်းသွားတာမျိုးနော် အမျိုးသားကို မတွေ့လို့ သူ့ရဲ့ အမျိုးသမီးကို ဖမ်းသွားတာမျိုး စသဖြင့် နည်းလမ်းမျိုးစုံနဲ့ ရက်စက်နေတာပဲ နည်းလမ်းမျိုးစုံနဲ့ အကြမ်းဖက်နေတာပဲ ဒါကို တနှစ်ဆိုတဲ့ အချိန်ထိ တော်လှန်ရေးကြီးက ကြံ့ကြံ့ခံတယ် ကျနော်ထင်တယ် အချိန်တနှစ်ကြာတဲ့အထိ လူထု သပိတ် လမ်းမသပိတ် တိုက်ပွဲတွေရှိနေတာ ကမ္ဘာမှာတောင် အင်မတန်ရှားပါလိမ့်မယ်။
နောက်ပြီးတော့ အခုလိုပဲ တနိုင်ငံလုံးပါတဲ့ အောင်မြင်တဲ့ အသံတိတ်သပိတ်လို ဟာမျိုး ရှေ့မှာ ကျနော်တို့ ၂ ခါ အောင်ခဲ့ပြီးပြီ ဒီလိုမျိုးတနိုင်ငံလုံးအဆင့် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကိုလည်း အောင်အောင်မြင်မြင် လုပ်နိုင်တယ်ဆိုတာ ကျနော်တို့ မြန်မာပြည်သူပဲဗျ ဒါကျနော်တို့ အင်မတန်ဂုဏ်ယူပါတယ်။ ဂုဏ်ယူစွာနဲ့ပဲ ကျနော် ပြောလိုတယ်။ အဲဒါကြောင့် ကျနော် ချုပ်ပြောရရင် ဘာကြောင့် ကျနော်တို့ တော်လှန်ရေးက တနှစ်အချိန်ထိ ကြံ့ကြံ့ခံရပ်တည်နိုင်တာလဲလို့ ပြောရင် ပြည်သူ့စိတ်ဓာတ် ပြည်သူ့ယုံကြည်ချက်ကြောင့်ဖြစ်တယ်။ ဘာစိတ်ဓာတ်လဲဆိုရင် ကျနော်တို့ ဒီစစ်အာဏာရှင်စနစ်ကို လက်ခံလို့မရဘူးဆိုတဲ့ အသိစိတ်ဓာတ်ဖြစ်တယ်။ ဒီအာဏာသိမ်းမှုကို ကျနော်တို့ တွန်းလှန်မယ်၊ ကျော်ဖြတ်မယ်။ ဒီနွေဦးတော်လှန်ရေး အောင်ပွဲကနေ ကျနော်တို့ နှစ်ပေါင်းများစွာ ရှေ့က အကိုအမတွေ ဦးလေးအဒေါ် အဖိုးအဖွားတွေ မျိုးဆက်တွေကနေ မျှော်လင့်ခဲ့တဲ့ တကယ့်စစ်မှန်တဲ့ ဖဒရယ် ဒီမိုကရေစီပြည်ထောင်စုကို နွေဦးအောင်ပွဲမှသည် တည်ဆောက်နိုင်တော့မယ်ဆိုတဲ့ ယုံကြည်စိတ်ဓာတ်ကြောင့် ကျနော်တို့ ဒီလိုဖြတ်သန်းနေတယ် ဒီယုံကြည်စိတ် အောင်စိတ်နဲ့ပဲ ကျနော်တို့ ၂၀၂၂ ကို ကျနော်တို့ အတူတူ ဖြတ်သန်းကြမှာပဲဖြစ်ပါတယ်။
မေး ။ ။ တချိန်က ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့တဲ့ လူငယ်တွေဟာ အခုတော့ လက်နက်ကိုင်ပြီး စစ်တပ်ကို တော်လှန်နေကြတယ်။ စစ်တပ်ကလည်း PDF တွေရော ထောက်ခံသူတွေကိုပါ ရက်ရက်စက်စက် သတ်ဖြတ်တာတွေ ရှိနေပါတယ်။ ဒီအပေါ်မှာ ဘာများ ပြောချင်ပါသလဲ။
ဖြေ ။ ။ အဲတော့ ခုန ပြောသလိုပဲ ကျနော်တို့ ဖေဖော်ဝါရီ ၁ အာဏာသိမ်းတယ် တောက်လျှောက်ကျနော်တို့ ရက်ပေါင်းများစွာ ငြိမ်းချမ်းစွာပြည်သူလူထု တရပ်လုံးက ဆန့်ကျင်ခဲ့တယ် တွန်းလှန်ခဲ့တယ် ကိုယ့်ရဲ့ ဆန္ဒသဘောထားတွေကို လမ်းမထက်မှာ ဖော်ထုတ်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ ပြန်ရခဲ့တာ သေနတ်ဒဏ်ရာတွေပဲဗျ ကျည်အစစ်တွေပဲဗျ။ ကျနော်တို့တွေ လူအုပ်ကြီးထဲကို ဝင်ပြီးတော့ သေနတ်နဲ့ ရမ်းပစ်သွားတယ် စနိုက်ဘာနဲ့ ခေါင်းတွေကို တည့်တည့်ပစ်တယ် ဘယ်လောက် ရက်စက် အကြမ်းဖက်နေလဲ။ ဟုတ်ပြီ ကျနော်တို့ လမ်းမထွက်ပြီး သူတို့ကို တော်လှန်ဆန္ဒပြမှာလား မဟုတ်ဘူး။ နောက်ဆုံး ကိုယ့်အိမ်ဝင်ပြီး ရိုက်ရင်ရိုက်သွားတာ ဖမ်းရင် ဖမ်းသွားတာမျိုး ဖြစ်တဲ့အခါမှာ ကျနော်တို့က နောက်ဆုံးရွေးချယ်စရာလမ်းက အများကြီးမရှိတော့ဘူး။
အဲတော့ ဒီလို လက်နက်အားကိုး အနိုင်ကျင့်နေတဲ့ အုပ်စုကို ကျနော်တို့ကိုယ်တိုင်ကလည်း လက်နက်စွဲကိုင်ပြီးတော့ ပြန်လည်ခုခံ တိုက်ပွဲဝင်ဖို့က လွဲပြီး ကျနော်တို့မှာ တခြားနည်းက မရှိတော့ဘူး အဲတော့ ကျနော်တို့ လက်နက်ကိုင်တော်လှန်ရေးက ဒါကြောင့် ဖြစ်လာဖြစ်တယ်။ ဒီနေရာမှာလဲ ကျနော် အမြဲတမ်းပြောတယ် လက်နက်ကိုင်တိုင်းလဲ အကြမ်းဖက်တာ မဟုတ်ပါဘူး။ ဒီလက်နက်ကို ဘာရည်ရွယ်ချက်နဲ့ ကိုင်လဲ ဘာစိတ်ဓာတ်နဲ့ ကိုင်လဲ ဒါကိုင်ရတဲ့ ရည်ရွယ်ချက် ကျနော်တို့ အခု လက်နက်ကိုင် တော်လှန်ရေးလုပ်ရတယ် ဒီတိုင်းပြည်ကို ချစ်လို့တော်လှန်တာဖြစ်တယ်။
ဒီတိုင်းပြည်ကို နှစ်ပေါင်း ၇၀ ဒုက္ခပေးနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို လက်နက်နဲ့ပဲ ပြန်လည်တွန်းလှန်ဖို့ လိုလာပြီဆိုတာ ယုံကြည်ချက်နဲ့ ယုံကြည်စိတ်နဲ့ တော်လှန်တာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့လက်နက်ကိုင်တာသည် အကြမ်းဖက်တာ မဟုတ်ဘူး။ ကျနော်တို့သည် ခုခံတော်လှန်စစ်ကို ဆင်နွှဲနေရတယ်လို့ ကျနော် ပြောချင်တယ်။ ကျနော်တို့ရဲ့ အသက်အိုးအိမ်စည်းစိမ် ကျနော်တို့ရဲ့ မူလ ရပိုင်ခွင့် အခွင့်ရေးတွေ ဖြစ်တဲ့ ဒီမိုကရေစီ လူ့အခွင့်ရေးတွေ ပြန်လည်ရရှိဖို့ရာအတွက် ပြည့်ပြည့်ဝဝ ရရှိဖို့ရာအတွက် ကျနော်တို့ ခုခံတော်လှန်စစ်တိုက်ပွဲဆိုတာ ဖြစ်လာတာဖြစ်တယ်။

ဒီအပေါ်မှာလဲ ခုနပြောသလို အကြမ်းဖက်စစ်အုပ်စုအနေနဲ့က သူတို့လုပ်တတ်တဲ့ တခုတည်းသောနည်းနာကဗျာ သူတို့မှာရှိတဲ့ အင်အားခွန်အားကို အားကိုးပြီးတော့ ဖိနှိပ်မယ် ကြောက်အောင်လုပ်မယ် ရွာလုံးကျွတ် မီးရှို့ခံရတယ် အရှင်လတ်လတ် မီးရှို့ခံရတယ် ကျနော်တို့ နယ်တွေ ရွှေဘို၊ ဝက်လက် ချင်းတွင်းမြစ် ဟိုဘက် ဒီပဲယင်း ဆားလင်းကြီး ယင်းမာပင် ရွာလေးတွေကို အပေါ်ကနေ ရဟတ်ယာဉ်နဲ့ပစ်တယ် စက်သေနတ်ဆွဲတယ်ဆိုတာ နေ့စဉ်နဲ့အမျှ ဖြစ်နေတယ်။ ဒါက ဘာလဲဆိုတာပြောရရင် အကြမ်းဖက်စစ်အုပ်စုက ဉာဏ်မရှိတာဗျ၊ အခုလို ပြည်သူကို ခွန်အားကို အလွန်အကျွံသုံး ဖိနှိပ်ပြရင် အကြမ်းဖက်ပြရင် ပြည်သူက ကြောက်ပြီးတော့ တော်လှန်ရေးမှာ မပါတော့ဘူး နောက်ဆုတ်သွားမယ် သို့မဟုတ် သွေးအေးသွားမယ်လို့ ထင်နေပုံရတယ်။ တော်တော်အသိဉာဏ်နည်းတာ။ ဒီနေ့ ၂၁ ရာစု မြန်မာ့လူ့အဖွဲ့စည်းသည် ၂၀၂၁ ကျနော်တို့ တော်လှန်နေတဲ့ လူ့အဖွဲ့အစည်းက ဘယ်လို လူ့အဖွဲ့အစည်းလဲဆိုရင် ဖိလေကြွလေ မြန်မာပြည်ဖြစ်နေပြီ။ သူတို့အကြမ်းဖက်လေလေ ကျနော်တို့ လူထုရဲ့ ရင်ထဲမှာရှိတဲ့ တော်လှန်စိတ်တွေက ပိုပြီးတော့ ပြင်းထန်လာလေလေပဲဖြစ်တယ်။ ကျနော်တို့ရင်ထဲမှာ ရှိတဲ့ နာကျည်းစိတ်တွေက ပိုပြီးတော့ ရှင်သန်လာလေလေ ဖြစ်တယ်။
အဲတော့ သူတို့ဖိလေ ကျနော်တို့က ကြွလေဖြစ်မယ်လို့ ပြောချင်တယ်။ အဲတော့ အကြမ်းဖက် စစ်အုပ်စုအနေနဲ့တော့ သူတို့ ဘယ်လိုမှ နိုင်စရာအကြောင်းမရှိဘူး။ ၅၅ သန်းသော ပြည်သူတွေနဲ့ သူတို့ တိုက်ပွဲဝင်နေရပြီလို့ ကျနော်ကတော့ ပြောလိုတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ လက်နက်ကိုင် ခုခံတော်လှန်စစ်တိုက်ပွဲ သပိတ်တိုက်ပွဲ ခုန ရှေ့မှာ ပြောခဲ့တဲ့ CDM တိုက်ပွဲ တရားဝင်မှု confidential ကိစ္စ ဖက်ဒရယ်ဆန့်ကျင်ရေး ဗူးသပိတ် တိုက်ပွဲ စသဖြင့် တိုက်ပွဲ မျက်နှာစာအားလုံးကို ကျနော်တို့က ရွက်ကုန်ဖွင့်ပြီးတော့ ကျနော်တို့က တပ်ကုန်ဖွင့်ကြဖို့ပဲဖြစ်တယ်။ အကြမ်းဖက်စစ်အုပ်စုအတွက်က မကြာခင်မှာဘဲ မရဏ မောင်းသံ က လာပါတော့မယ်လို့ ကျနော်ပြောချင်ပါတယ်။
မေး ။ ။ ဒေါက်တာ တေဇာဆန်းအနေနဲ့ NUG၊ NUCC နဲ့ ဘာတွေ ဆက်ပြီး လုပ်ကိုင်ဆောင်ရွက်နေတာရှိလဲ။
ဖြေ ။ ။ NUCC ပေ့ါ အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီမှာတော့ စပြီးတော့ စတင်ဖွဲ့စည်းထဲက ဒါကျနော်တို့ မတ်လပေါ့နော် စထဲက ကျနော် ဒီသပိတ် အစုအဖွဲ့ ကိုယ်စားလှယ် တဦးအနေနဲ့ ပါပါတယ်။ တောက်လျှောက် ဒီနေ့အထိလဲ ပါဝင်ဆောင်ရွက်နေပါတယ်။ ကျနော် ဒီသပိတ် အစုအဖွဲ့ကို ကိုယ်စားပြုပြီးတော့ NUCC မှာ အဖွဲ့ဝင် တယောက်အနေနဲ့ ပါဝင်နေပါတယ် ခင်ဗျ။ NUG ကတော့ အမျိုးသားညီညွှတ်ရေးအစိုးရကတော့ ကျနော်ကလည်း အစိုးရအဖွဲ့ဝင် မဟုတ်ပါဘူး။ သို့သော်တတ်နိုင်သလောက် လိုရင်လိုအပ်သလို ကျနော်တို့ ပေါင်းစပ်ညှိုနှိုင်း ဆောင်ရွက်တာတွေတော့ ရှိတဲ့အခါ ရှိပါတယ်။ သို့သော် ကျနော်ရဲ့ အဓိက ပါဝင်တာတော့ သပိတ်ကိစ္စတွေမှာ ကျနော် ဆောင်ရွက်နေပါတယ်။ နောက်ပြီးတော့ NUCC အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီမှာတော့ သပိတ် အစုအဖွဲ့ကိုယ်စားလှယ်တဦးအဖြစ် ကျနော်ပါဝင်ဆောင်ရွက်လျှက်ရှိပါတယ်ခင်ဗျ။
မေး ။ ။ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ အာဏာတည်မြဲဖို့ ရွေးကောက်ပွဲကို PR စနစ်နဲ့ ကြိုးပမ်းနေတာရှိပါတယ်။ ဒီလို လုပ်ဆောင်နေတဲ့အပေါ်မှာ ဘာများ မှတ်ချက်ပြုချင်ပါသလဲ။
ဖြေ ။ ။ အဲတော့ဗျာ ပြောရရင် အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်အုပ်စုက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆိုတာတွေ အသစ် ပြန်ဖွဲ့တယ် နိုင်ငံရေးပါတီတွေကို ဖိတ်တယ် တွေ့ဆုံပွဲတွေ လုပ်တယ်။ ဒါတွေ ဖွဲ့တယ် အခုနောက်ဆုံး အချိုးကျ ကိုယ်စားပြု PR ဆိုတာတွေနဲ့ ရွေးကောက်ပွဲကို ၂၀၂၃ မှာ လုပ်ပေးမယ်ဆိုတာတွေ ဒါတွေနဲ့ ပတ်သက်ရင် ပထမဆုံးပြောလိုတာက ကျနော်တို့က ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာချည်းကို လူထုက ဖျက်သိမ်းခဲ့ပြီးပြီ ပြည်သူ့ခွန်အားနဲ့ ကျနော်တို့ ဖြတ်သိမ်းခဲ့ပြီးပြီ။ အဲတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဘောင်ကြီးရဲ့ အောက်ကနေ ဆောင်ရွက်မယ့် နိုင်ငံရေးပါတီတို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့ ရွေးကောက်ပွဲတို့ဆိုတာ ကျနော်တို့ စိတ်ကို မဝင်စားဘူး။ ခေါင်းထဲမှာကို မရှိဘူး။ ဒါအရှင်းဆုံး ပြောတာ။
အခုလည်း ကြည့်လိုက်ပါ။ သူတို့ ရွေးကောက်ပွဲ ကော်မရှင်က တွေ့တယ်ဆိုတဲ့ နိုင်ငံရေးပါတီတွေ သတင်းမီဒီယာတွေမှာ တက်လာရင် ကြည့်လိုက် ဘယ်လို ပါတီတွေက တွေ့နေတာလဲ ဘယ်လိုလူတွေလဲ ဒီလူတွေရဲ့ နောက်ခံသမိုင်းကြောင်း က ဘာလဲ ဒီပါတီတွေရဲ့ နောက်ခံ ဖြတ်သန်းမှုက ဘာလဲဆိုတာက ကျနော်တို့ဗျာ လယ်ပြင်မှာ ဆင်သွားနေသလို ရှင်းရှင်းကြီးဗျာ။ ပြည်သူက သိပြီးသားပါပဲ ရွေးကောက်ပွဲဆိုတာတွေရော အချိုးကျ ကိုယ်စားပြုစနစ်ဆိုတာတွေရော ကျနော်တို့ ပြည်သူတွေက ခေါင်းထဲမှာလည်း မရှိဘူး။ စိတ်ထဲမှာလည်း မရှိဘူး။ ဒါတွေအားလုံးက အကြမ်းဖက် စစ်ကောင်စီနဲ့ မသူတော်တွေအချင်းချင်း သတင်းလွေ့လွေ့ပေါင်းဖက်တွေ့နေတဲ့ သူတို့ရဲ့ မသူတော်ပွဲကြီးပဲ ဖြစ်တဲ့အတွက် ကျနော်တို့ လူထု အနေနဲ့ကတော့ စိတ်လည်းမဝင်စားဘူး။ ကျနော်တို့ကတော့ ကိုယ့်ရဲ့ တော်လှန်ခရီးကိုပဲ ရှေ့ဆက် ချီတက်နေကြတာပဲဖြစ်ပါတယ်ဗျ။
မေး။ ။ လူထုက စည်းစည်းလုံးလုံးနဲ့ ဆန့်ကျင်နေမှုတွေ လျော့သွားအောင် စစ်ကောင်စီက နိုင်ငံတော် အတိုင်ပင်ခံကို လွှတ်တာမျိုး၊ NLD ခေါင်းဆောင်ပိုင်းတွေ လွှတ်တာမျိုး လုပ်နိုင်တယ်လို့ တွက်နေကြပါတယ်။ ဒေါက်တာကရော ဒီအပေါ်မှာ ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ကျနော်တို့ နှစ်ပေါင်း ၇၀ ကျော် ခေတ်အဆက်ဆက် အာဏာရှင်တွေ ကျင့်သုံးခဲ့တဲ့ နည်းကို ကျနော်တို့ ကြည့်တဲ့အခါမှာ ၂ နည်းပေါ့တွေ့ရတာ ပထမနည်းကတော့ ခုန ကျနော်ရှေ့မှာ ပြောခဲ့တဲ့ အင်အားသုံး ဖိနှိပ်တဲ့ ဖြိုခွဲတဲ့ အကြမ်းဖက်တဲ့နည်းပေါ့နော် ဒုတိယနည်းကတော့ အခုဒီသူတို့ကို ဆန့်ကျင်နေတဲ့ တော်လှန်ရေး အင်အားစုတွေကို သွေးခွဲပြီးတော့ သွေးကွဲအောင် အုပ်ချုပ်တဲ့ နည်းပေါ့။ ကျနော်တို့ အထူးဂရုပြုရမယ့် ကိစ္စဖြစ်တယ် ကျနော်တို့ ရှေ့သမိုင်းစဉ်အဆက်ဆက်ကို ကြည့်မယ်ဆိုရင်လည်း ဒါကျနော်တို့ ဖြစ်ခဲ့ဖူးတာပေါ့။

လက်ရှိ ကျနော်တို့ တော်လှန်ရေးရဲ့ အဓိပ္ပာယ်နဲ့ အနှစ်သာရဘာလဲ။ အဲတော့ ဒီတော်လှန်ရေးက ဆိုကြပါစို့ ၂၀၂၀ အာဏာသိမ်းမှုမတိုင်ခင် အနေအထားပေါ့ဗျာ ပြန်ရောက်သွားရုံနဲ့ ကျနော်တို့ တော်လှန်ရေး အောင်ပြီလို့ ယူဆလို့ရလား သို့တည်းမဟုတ် အခု အကြောင်းအမျိုးမျိုးတပ်ပြီးတော့ ပုဒ်မ အမျိုးမျိုးတပ်ပြီးတော့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့သူတွေ ခေါင်းဆောင်တွေ ပြန်လွတ်လာရုံနဲ့ တော်လှန်ရေးအောင်ပြီလို့ ကျနော်တို့က ကျနော်တို့ ပန်းတိုင်က ဒါလား မဟုတ်ပါဘူး။ ဒီနေ့ ကျနော်တို့ ကြည့်လိုက်ပါ ကျနော်တို့ ဖဒရယ်ဒီမိုကရေစီ ပဋိညာဉ်မှာ ဖော်ပြထားတဲ့ နိုင်ငံရေး ရည်မှန်းချက်ကိုပဲ ကြည့်ကြည့် ကျနော်တို့ သပိတ် အစုအဖွဲ့တွေ နိုင်ငံရေးရည်မှန်းချက်တွေ တောင်းဆိုချက်တွေကိုပဲ ကြည့်လိုက်ပါ ကျနော်တို့ နံပါတ် ၁ တောင်းဆိုတာက စစ်မှန်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဖြစ်တယ်။
နောက် ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာကြီးကို ကျနော်တို့ ဖြတ်သိမ်းခဲ့ပြီးပြီဖြစ်တယ် ဒါကြီးကတော့ ကျနော်တို့ ပြောစရာကို မလိုတော့ဘူး။ ဆိုလိုတာက လူတဦးတယောက်လွတ်မြောက်ရေး ပါတီတစုတဖွဲ့ အာဏာလက်ဝယ်ပြန်ရရေး တိုက်နေတဲ့ တိုက်ပွဲမဟုတ်ဘူးလို့ ကျနော်တို့ ပြောလိုခြင်းဖြစ်တယ် အဲတော့ စစ်ကောင်စီအနေနဲ့ ဘက်ပေါင်းစုံက သူ့မှာ ဖိအားတွေ တအားများလာတဲ့အခါမှာ အကြပ်အတည်းတွေ တအားရှိတဲ့အပေါ်မှာ သူရဲ့ ဖြေလျော့တဲ့ အနေနဲ့ သူရဲ့အကြပ်အတည်းရဲ့ ထွက်ပေါက်တခုအနေနဲ့ လုပ်နိုင်ပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင်တချို့ကို လွှတ်ပေးတာမျိုးတို့ပေ့ါနော် ခုန ပြောသလို ရွေးကောက်ပွဲလုပ်ပေးတာမျိုးတို့ ဒါသူက သူ့ရဲ့နိုင်ငံရေးတိုက်ကွက် လှည့်ကွက်တွေဖြစ်တယ်ပေါ့ဗျာ သို့သော် ကျနော်တို့ ပြည်သူကတော့ အားလုံးရှင်းရှင်းလင်းလင်း ကွက်ကွက်ကွင်းကွင်း သိပြီးသားပဲဖြစ်တယ်။ ကျနော်တို့ အနေနဲ့ကတော့ ဘာမှ ရောထွေးသွားစရာလဲမရှိဘူး။ သွေးကွဲသွားစရာအကြောင်းလည်း မရှိဘူး။ သွေးအေးသွားစရာလဲ မရှိသလို စစ်ကောင်စီရဲ့ လှည့်ကွက်ထဲမှာ ပါသွားစရာအကြောင်းလဲမရှိဘူးလို့ ထင်တယ်။ ကျနော်တို့ အားလုံးရဲ့ ဘုံရည်မှန်းချက်ပန်းတိုင်က အားလုံးက အတူတူပဲ ဒီဖဒရယ် ဒီမိုကရေစီ ပဋိညာဉ်မှာ ရေးသားသလို ကျနော်တို့ သပိတ် ကြွေးကြော်သံတွေလိုပဲ ကျနော်တို့က ဖဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဒို့အရေးဖြစ်တယ်။ ဒီမိုကရေစီရရှိရေး ဒို့အရေးဖြစ်ပါတယ်။
အဲတော့ စစ်ကောင်စီက ဘယ်လိုပဲ ကျနော်တို့ သွေးကွဲအောင်လုပ်ပါစေ ကျနော်တို့အနေနဲ့ အခုလိုပဲဆက်လက်ပြီးတော့ စုစုစည်းစည်း ညီညီညွှတ်ညွတ်နဲ့ပဲ ဆက်လက်ပြီး ချီတက်သွားကြမှာဖြစ်တယ် ဒီတပွဲကတော့ ပြောချင်တာက အဆုံးသတ်တိုက်ပွဲ နှစ်ပေါင်း ၇၀ ကျော် မျှော်ရည်ခဲ့တဲ့ နိုင်ငံတော်သစ် ခေတ်သစ် စနစ်သစ်ကို မုချ ရောက်ကို ရောက်ရမယ့် ပွဲဖြစ်တယ်။ အဲလို ဖဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးသည်သာ ကျနော်တို့ရဲ့ နိုင်ငံရေး ပန်းတိုင် အစစ်အမှန်ဖြစ်တယ်လို့ ကျနော်က ပြောလိုပါတယ်ခင်ဗျ။

မေး ။ ။ စစ်အာဏာရှင်တော်လှန်ရေးကြီးက အောင်ပွဲနီးလာပြီလားလို့ ပြည်သူတွေက မေးလာရင် ဘယ်လို ဖြေချင်ပါသလဲ။
ဖြေ ။ ။ ကျနော် အပြည့်အဝယုံကြည်ပါတယ်။ ကျနော်တို့ ပြီးခဲ့တဲ့ တနှစ် လူထုက အာဏာသိမ်းမှုကို လက်မခံဘူး။ နည်းလမ်းမျိုးစုံနဲ့ ဖော်ထုတ်ခဲ့ပြီးပြီ ဒါက ဘာကို သက်သေပြခဲ့လဲဆိုရင် စစ်ကောင်စီလက်နက်အင်အားပဲကြည့်ကြည့် သူ့မှာ လေယာဉ်တွေရော အင်အားက ဘယ်လောက်၊ စစ်သည်တွေ ဘယ်လောက်ဆိုတာမျိုး ဘယ်လောက်ပဲရှိပါစေ ကျနော်တို့ လူထု ဆန္ဒမပါဘူးဆိုရင် တူမီးကိုတောင် လေယာဉ်နဲ့ ဗုံးကြဲနေရတဲ့အဆင့် အဲတော့ ဘယ်လောက်ပဲ သူ့မှာ အင်အားကြီးပါစေ၊ သူတို့တိုင်းပြည်ကို လုံးဝကို မရခဲ့ဘူး။ အာဏာသိမ်းတာ မအောင်မြင်ခဲ့ဘူး။ ဒါ မအောင်မြင်သော အာဏာသိမ်းမှု ကျဆုံးသွားသော အာဏာသိမ်းမှုလို့ ပြောချင်တယ်။
အခု ဒီ ၂၀၂၂ မှာတော့ ကျနော်တို့က ဒါကြောင့် ပြောတာ ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ် ပြန်ရောက်ရမယ့်နှစ် အဆုံးသတ်တိုက်ပွဲဆင်နွှဲမယ့်နှစ်လို့ ကျနော်ဒါကို အပြည့်အဝယုံကြည်တယ် ဒီယုံကြည်စိတ်နဲ့ပဲ ဒီ ၂၀၂၂ ပေ့ါနော် ကျနော်တို့ ဒါဖြတ်သန်းချီတက်ကြမှာဖြစ်တယ်။ အဲ့တော့ ပြည်သူလူထုကလဲ အရင်ထက်ပိုပြီးတော့ ဆထက်ထမ်းပိုး ပါဝင်ဖု့ိလိုပါတယ် ဘာကြောင့်လဲဆိုတော့ ဒါသည် ပြည်သူ့တိုက်ပွဲ ပြည်သူ့တော်လှန်ရေးဖြစ်တဲ့အတွက် ပြည်သူကပဲ အခရာဖြစ်ပါတယ် ပြည်သူသာ အဓိက ဖြစ်ပါတယ်။ ပြည်သူ အခုလို ညီညီညွှတ်ညွတ်နဲ့ ဆက်ပြီးတော့ ချီတက်ကြမယ်ဆိုရင် မဝေးတော့တဲ့ အနာဂတ်အတွင်း ၂၀၂၂ မှာပဲ ကျနော်တို့ မျှော်လင့်နေတဲ့ အလှည့်အပြောင်းတွေ ရလာဒ်တွေ မုချ ရောက်နိုင်မယ်လို့ ကျနော် ပြောလိုတယ် သို့သော် ဒါနဲ့ ထိုက်တန်တဲ့ အရင်းအနှီးတွေတော့ ကျနော်တို့ ရှိရပါလိမ့်မယ် ကျနော်တို့ အားကုန်ရုန်းကြရပါလိမ့်မယ်။ ကျနော်တို့ အားကုန်ကြုံးကြရပါလိမ့်မယ် ဒါကြောင့်လဲ ကျနော်က ပြည်တော်ဝင်ဖို့ အစွမ်းကုန်ရုန်းကြပါစိုလို့ပဲ တိုက်တွန်းချင်ပါတယ် ခင်ဗျ။

မေး ။ ။ ဒေါက်တာ တေဇာဆန်းအနေနဲ့ ကိုယ့်ရဲ့ သမိုင်းကို ဘယ်လိုမျိုးချန်ခဲ့ချင်လဲ။
ဖြေ ။ ။ ကျနော်က ပွင့်ပွင့်လင်းလင်းပြောပြရင် တသီးပုဂ္ဂလဘဝအနေနဲ့က ကျနော်က ဘာမှ ကြီးကြီးကျယ်ကျယ်လည်း မရှိပါဘူး။ သာမန်လူသား တယောက်အနေနဲ့ သို့သော် ကျနော် အမြဲတမ်းပြောတယ် ကိုယ့်ကြောင့်တော့ ဘယ်သူမှ ဒုက္ခမရောက်စေချင်ဘူးပေါ့။ အဲလိုစိတ်လေးနဲ့ပဲ ကျနော့ ဘဝကို ဖြတ်သန်းခဲ့တာဖြစ်တယ်။ ကျနော်ရဲ့ တသီးပုဂ္ဂလဘဝက ဘာမှ ခမ်းခမ်းနားနား ထည်ထည်ဝါဝါကြီး မရှိပါဘူး။ အဲတော့ ကျနော်အနေနဲ့ သာမန်ပဲ တာဝန်ကျေပွန်တဲ့ပေါ့ဗျာ နိုင်ငံသားကောင်းတဦးဖြစ်ချင်တယ်။ တတ်နိုင်သမျှ တိုင်းပြည်တာဝန်ကို ဒီ ကျရာကဏ္ဍကနေ ပါဝင်တယ်။ ဆက်လက်ပြီးတော့ ထမ်းရွက်သွားချင်တယ်။ အထူးသဖြင့် ဒီတိုင်းပြည်ကို အေးချမ်းသာယာတဲ့ နေပျော်တဲ့ နိုင်ငံတော်တခု ဖြစ်သွားပြီဆိုရင် ကျနော်တို့ တတ်နိုင်တာဒါပါပဲ ကျနော်တို့ကတော့ သာမန်တယောက် နိုင်ငံသားတယောက် လူသားတယောက် အနေနဲ့ပဲ အေးအေးချမ်းချမ်းလေးပဲ နေချင်တာဖြစ်တယ်။
မေး ။ ။ တချို့က တော်လှန်ရေးကြီး ပြီးရင် ဘာလုပ်မယ်ဆိုပြီး ပြောနေကြတာတွေ့ရတယ်။ ဒေါက်တာကရော ဘယ်လိုစဉ်းစားထားလဲ။
ဖြေ ။ ။ ကျနော်က ဝါသနာပါတာက ပင်ကိုယ်ဗီဇက စာအုပ်စာပေပဲ ပြောရမယ်။ ကျနော်က စာကြည့်တိုက်မှူးခင်ဗျ ကျနော်ရဲ့ အလုပ်ကပေါ့နော် စာကြည့်တိုက်လုပ်တယ် နောက် ပရဟိတပေါ့ ကျန်းမာရေးဆေးဆရာဝန်အဲလောက်ပဲပေါ့။ ကြီးကြီးမားမားဆိုတာထက် အဲလိုမျိုး ကျနော်က အေးအေးချမ်းချမ်း ကိုယ်ဝါသနာပါတဲ့ စာအုပ်စာပေတောမှာပဲ နေချင်တာ ကျနော်ဝါသနာပါ ကျနော်က အဲလို အေးအေးချမ်းချမ်းနေချင်တာပေါ့။ အေးချမ်းတဲ့ ဘဝပေါ့ဗျာ အဲ့လိုလေးပဲ နေချင်တာပါ။ အဓိကကလေ ပါဆင်နယ် ပုဂ္ဂိုလ်ရေး ရည်မှန်းချက်ကြီးကြီးမားမားတော့ မရှိဘူး။ သို့သော် စာအုပ်စာပေတွေကို ချစ်မြတ်နိုးတယ်။ အမြဲသင်ယူလေ့လာချင်တယ် ပြီးရင် ကိုယ်သင်ယူထားတဲ့ ဟာ လေး အသိဉာဏ်လေးကိုပေါ့လေ။ အများပြည်သူကို ပြန်ပြီးတော့ မျှဝေပေးတာမျိုးပေါ့ အသိဉာဏ်ပညာမျှဝေပေးတာမျိုးလုပ်တယ် ကျနော်ဝါသနာကိုက စာကြည့်တိုက်မှူးလို့ပြောရင်ဒါအကောင်းဆုံးဖြစ်ပါလိမ့်မယ် အဲဒါ ကျနော်တို့ Dream life က စာကြည့်တိုက်မှူးပါပဲ။