ဧရာဝတီ သတင်းဌာနတွင် စာမဲ့ကာတွန်းများဖြင့် နိုင်ငံရေး သရော်ချက်များ ရေးဆွဲခဲ့သည့် ကာတွန်း ဟန်လေးသည် ဖေဖော်ဝါရီလ ၉ ရက်နေ့၊ နေ့လယ် ၃ နာရီ ၃ မိနစ်တွင် အသည်းကင်ဆာဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။
ကာတွန်း ဟန်လေးသည် ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းအပြီး ဧရာဝတီ သတင်းဌာနတွင် ပင်တိုင် ကာတွန်း ရေးဆွဲခဲ့သည်။ ဟန်လေးဆိုသည့် ကလောင်အမည်ကို သတင်းစာဆရာကြီး ကြေးမုံ ဦးသောင်းက ပေးခဲ့ခြင်း ဖြစ်သည်။
၎င်းသည် ကွယ်လွန်သည့်တိုင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး နိုင်ငံရေး ကာတွန်းများကို ရေးဆွဲခဲ့သည်။ ကာတွန်း ဟန်လေး ကွယ်လွန်မှုအပေါ် ကာတွန်းလောကသားများနှင့် ၎င်း၏ နီးစပ်သည့် အသိုင်းအဝိုင်းက ယခုကဲ့သို့ ဝမ်းနည်းစကားများ ပြောပြခဲ့ကြသည်။
ကာတွန်း အော်ပီကျယ်
ကျနော် နှမြောတာပေါ့ဗျာ။ တအား ခင်တာပေါ့။ ခင်ဗျားတို့ ဧရာဝတီမှာ လုပ်နေကတည်းက ခင်တာပဲ။ အဲဒီတော့ သူက တခေတ်မှာတယောက် ပေါ်ခဲ့တဲ့ ကာတွန်းဆရာကောင်း တယောက်ပါပဲ။ နှမြောတာတော့ နှမြောတာပေါ့။ ကာတွန်းဆရာ တွေကော၊ ကျနော်ကတော့ ဘယ်သူမဆို နှမြောတာပဲ။ သူကတော့ များသောအားဖြင့် Political ကာတွန်း ရေးတယ်ဆို တော့။ အရင်ကဆို သူက အာဏာရှင် တယောက်တက်တိုင်း၊ အာဏာရှင်ပဲဖြစ်ဖြစ်၊ လူထု မကြိုက်တဲ့သူ တယောက် ယောက်ကို အမြဲတမ်း နေ့စဉ် ရေးနေရတော့၊ မိုးလင်းတာနဲ့ ဒီပုံတွေပဲ ရေးနေတော့ ကြာတော့ ပျင်းလာပြီ တောင် ပြောသေးတယ်။
ကာတွန်း တော်တီဆွေ
သူ့လိုလူကလည်း မြန်မာနိုင်ငံ ကာတွန်းလောကမှာ တယောက်ပဲလို့ ပြောလို့ရတယ်။ ဆရာ အော်ပီကျယ်တို့ ကောင်းတာ လည်း ရှိတယ်။ ဒါပေမယ့် ကိုဟန်လေး ကောင်းတာ တမျိုးပေါ့။ ကျနော်တို့က အရမ်း နှမြောပါတယ်။ စိတ်မကောင်းပါဘူး။ သူ့လိုလူက ပေါ်လာဖို့ မလွယ်ဘူး။ သူ့ရဲ့ အရုပ်ကော၊ အိုင်ဒီယာကော ရေးခြယ်နည်းတွေ အကုန်ကြိုက်တယ်။ ကာတွန်း ဟန်လေးဆိုရင် ဟိုအရင်ခေတ်က ကယ်ရီကေးချားလို ဆန်ဆန်မျိုးနဲ့ နိုင်ငံရေးကာတွန်းကို ပြေးမြင်တာ။ သူက Jokes တွေ ဘာတွေ ရေးတာ သိပ်မတွေ့ဘူး။ ဒါပေမယ့် အဲဒီ နိုင်ငံရေး သရော်တာကိုက ရယ်နေရတာ။ ကာတွန်းလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုလို့ပဲ ပြောချင်ပါတယ်။
ကာတွန်း ဇာနည်ဇော်ဝင်း
တကယ်လေးစား အားကျ ချစ်ခင်ရတဲ့သူပေါ့။ အိုင်ဒီယာတွေကအစ အကုန် ပြောင်မြောက်တဲ့သူပါ။ နောက်တော့ သူ နိုင်ငံရေးကာတွန်းတွေ ရေးတဲ့အချိန်မှာ နိုင်ငံရေးကာတွန်းတွေက အရမ်းပီပြင် ပြောင်မြောက်တော့ နိုင်ငံတကာကလည်း သိတယ်။ နိုင်ငံတကာကပေးတဲ့ ဆုလည်း ရဖူးပါတယ်။ မြန်မာနိုင်ငံ ကာတွန်းလောက အနေနဲ့ကတော့ အစားထိုး မရတဲ့ ဆုံးရှုံးမှု တခုပေါ့။ မှတ်မှတ်ရရဆို နောက်ဆုံး သူထုတ်တဲ့ နောက်ကျောဖုံး ကာတွန်းပေါ့။ သူက ကာတွန်းထိုင်ပြီး ရေးနေချိန်မှာ Facebook သင်္ကေတကို သေနတ်လုပ်ပြီး တယောက်က သူ့ကို ချိန်ထားချိန် သူက မော့ကြည့်နေတဲ့ပုံလေး။ အဲဒီပုံလေးက ကျနော်ကြိုက်တဲ့ ပုံထဲမှာ ပါတာပေါ့။
ကာတွန်း ဝင်းအောင်
အထူးပြု ပြောချင်တာက နဝတ၊ နအဖခေတ် တလျှောက်လုံးမှာ သူက ပြည်တွင်းမှာ ဖြစ်နေတဲ့ နိုင်ငံရေးဖြစ်စဉ်တွေ အပေါ် မှာ သူအခြေခံရေးတဲ့ Editorial ကာတွန်း အားလုံးက အင်မတန် ပြောင်မြောက်ပါတယ်။ ပြည်တွင်းက ကာတွန်းဆရာတွေ ဘာမှလှုပ်လို့ မရတဲ့အချိန်မှာ သူက ကာတွန်းလောကအပေါ်မှာကော တိုင်းပြည်အပေါ်မှာကော တာဝန်ကျေခဲ့တယ်။ သူရေးတဲ့ ကာတွန်းတိုင်းက လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွား၊ ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားအတွက်ကို အားလုံး ရည်ရွယ်ပြီး ရေးတာဖြစ်တဲ့အတွက် ကာတွန်းဖန်တီးသူ သေဆုံးသွားပေမယ့် သူရေးခဲ့တဲ့ ကာတွန်းတွေက မသေဆုံးဘဲ ရှင်သန်နေမယ့် အနုပညာတွေလို့ မှတ်ချက် ပြုချင်ပါတယ်။
ကာတွန်း မောင်မောင်ဖောင်တိန်
ဆုံးတယ်ဆိုတာ သိလိုက်ရတဲ့ အချိန်မှာ တော်တော် ဝမ်းနည်းပါတယ်။ ခဏလောက် စကား မပြောနိုင်အောင် သတိအရမ်း ရပါတယ်။ ကိုဟန်လေးရဲ့ စိတ်ထားက အနုပညာသမားတယောက်ရဲ့ စိတ်ထားပါပဲ။ နူးညံ့ပါတယ်။ သူနိုင်ငံတကာက ဆု ၂ ဆု ရတယ်။ ဒါပေမယ့် တခုမှ သူသွားမယူခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လမ်းစရိတ် မရှိလို့တဲ့။ ဒါကြေကွဲစရာ။ သူနဲ့တုန်းက ကြားခဲ့ရတဲ့ စကားပါ။ သူ့ရဲ့ လက်ရာတွေကိုလည်း လေးလေးစားစားနဲ့ အမှတ်ရနေဦးမှာပါ။ ကျနော့် ဖုန်းထဲမှာလည်း သူ့ရဲ့ ကာတွန်းရုပ်ပုံတွေကို သိမ်းထားဆဲပါ။ နောက်လည်း သိမ်းထားဦးမှာပါ။
ကာတွန်း ဝေယံ (တောင်ကြီး)
ကိုဟန်လေးကိုတော့ နှမြောတာပေါ့။ သူက တကယ့်ကို ကာတွန်းတင် မကဘဲ ပန်းချီကော၊ ပန်းပုပါရတဲ့ ပညာရှင် တယောက်ပါ။ ပန်းချီပညာမှာလည်း အရမ်းကို ပြည့်လွန်းအားကြီးတဲ့ လူတယောက် ဆုံးရှုံးရတယ် ဆိုတော့ ကျနော်တို့ ကာတွန်းလောကတင် မကဘူး၊ မြန်မာနိုင်ငံအတွက်ပါ ပညာရှင်တယောက် ဆုံးရှုံးတာ အရမ်းနစ်နာတယ်လို့ မှတ်ချက် ပေးချင်တယ်။ အမှတ်တရကတော့ သူက ပညာရပ် တအားပြည့်တဲ့ ကာတွန်းဆရာတယောက်၊ ငွေကြေးထက် အနုပညာကို တန်ဖိုးထားတဲ့ ပညာရှင် တယောက်ပါ။ အရမ်းနှမြောတယ်။
ကာတွန်း လိုင်းလုဏ်
အင်တာနက် တနာရီ တထောင်ကျပ်နဲ့ ဆိုင်တွေမှာ သွားသုံးရတဲ့ခေတ်က ကာတွန်းဆရာ ဟန်လေးရဲ့ ကာတွန်းတွေကို ဖွင့်ကြည့်ခါနီးဆိုရင် ဘေးပတ်ပတ်လည်မှာ လူများရှင်းရဲ့လား ခိုးကြည့်ရလောက်အောင် သူ့လက်ရာတွေက ထိရှလှပါ တယ်။ သူ့နိုင်ငံရေးကာတွန်းတကွက်က နိုင်ငံရေးကျမ်းတအုပ်လောက် အတွေးအခေါ် မြင့်ပါတယ်။