၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ဆိုရင် မြန်မာပြည်မှာ ပြည်ထောင်စုနေ့ ကျင်းပလာတာ ၇၅ ကြိမ်မြောက်ပြီ ဖြစ်ပါတယ်။ ပြည်ထောင်စုနေ့ကို နှစ်စဉ် ခြိမ့်ခြိမ့်သည်းသည်း ပျော်ပွဲရွှင်ပွဲတွေနဲ့ ကျင်းပနေပေမယ့် ပြည်ထောင်စုနေ့ရဲ့ အနှစ်သာရဖြစ်တဲ့ ပင်လုံစာချုပ်ရဲ့ ကတိကဝတ်တွေကို မြန်မာပြည်ရဲ့ အဆက်ဆက်သော ခေါင်းဆောင်များက အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့ကြပါတယ်။
ဒီနှစ်ပြည်ထောင်စုနေ့ကိုလည်း အာဏာသိမ်း စစ်ကောင်စီက နေပြည်တော်မှာ အနုပညာရှင်တချို့ကို ဖိတ်ခေါ်ပြီး ကျင်းပဖို့စီစဉ်နေပါတယ်။ တပြိုင်နက်တည်းမှာပဲ တိုင်းရင်းသား ဒေသတွေမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေက ထိုးစစ်ဆင်နေတာကြောင့် စစ်ဘေးရှောင်သူတွေ တနေ့ထက်တနေ့ များပြားလျှက်ရှိပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တိုင်းရင်းသား အဖွဲ့အစည်း ခေါင်းဆောင်တချို့ကို ဧရာဝတီက ဆက်သွယ်ပြီး ပြည်ထောင်စုနေ့အပေါ် သဘောထားအမြင်များကို မေးမြန်းထားသမျှ ဖော်ပြပေးလိုက်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA)
ကျနော်တို့ တိုင်းရင်းသားတွေ လိုလားတဲ့ ပြည်ထောင်စုနေ့ဆိုတာ သတ်မှတ်လို့ မရဘူး၊ ဒီပုံစံနဲ့တော့။ ကျနော်တို့ လိုလားနေတဲ့ အနှစ်သာရရှိတဲ့ ပြည်ထောင်စုနေ့ကတော့ ပြောလို့မရဘူးပေါ့။ ကျနော်တို့ ခဏခဏ ပြောနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီ တန်းတူရေးတွေ၊ တရားမျှတမှုတွေ၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိတဲ့ ပြည်ထောင်စု ဖြစ်လာဖို့ ကျနော်တို့ မျှော်မှန်းပါတယ်။ တိုင်းရင်းသား နယ်မြေမှာ တိုက်ပွဲတွေ ဖြစ်နေတယ်၊ နေပြည်တော်မှာကတော့ ပြည်ထောင်စုနေ့ ကျင်းပနေတာ။ အဲဒါကတော့ စစ်မှန်တဲ့ ပြည်ထောင်စု၊ ငြိမ်းချမ်းတဲ့ ပြည်ထောင်စု မဟုတ်ဘူးလို့ဘဲ သုံးသပ်ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU)
ပြည်ထောင်စုနေ့နဲ့ ပတ်သက်ပြီး တောက်လျှောက်ပဲပေါ့ဗျာ။ အထူးသဖြင့် ဖက်ဒရယ် ဒီမိုကရေစီကို သွားမယ်ဆိုပြီး အားထုတ်တိုင်း အားထုတ်တိုင်း ကျနော်တို့ သမိုင်းဖြစ်စဉ် တလျှောက်လုံးမှာ စစ်တပ်ကနေပြီး ဖျက်လိုဖျက်ဆီးနဲ့၊ အဲဒါက ခွဲထွက်ရေးပဲ ဆိုပြီး ဝါဒမှိုင်းသွင်းထားတာ လူထုအပေါ်မှာ။ ဒါကလည်း ရှည်ကြာခဲ့ပါပြီ။ သို့သော်လည်းပဲ ဘယ်လိုမှ မတတ်သာတဲ့အဆုံး၊ မငြင်းသာတဲ့ အဆုံး စာရွက်ပေါ်မှာ ဖက်ဒရယ် ဒီမိုကရေစီစနစ်နဲ့ တိုင်းပြည်ကို ထူထောင်ပါ့မယ် ဆိုတာကို အာမခံထားတယ်။ လက်မှတ်လည်း ရေးထိုးထားတယ်။ တကယ်တမ်းကျတော့ စာရွက်ပေါ်မှာပဲ ရှိတာ။ အကောင်အထည် တစ်ချက်မှ မဖော်ဘူး။
ဆိုတော့၊ သူတို့ လုပ်သမျှ အကြောင်းအရာတွေ အားလုံး ၁၉၉၀ ရွေးကောက်ပွဲက စဗျာ။ ရွေးကောက်ပွဲတွေ ကိုလည်း ဒီလိုမျိုး ကတိမတည်ခဲ့ဘူး။ ဘယ်ဟာမှ ကတိမတည်ဘဲကို လွတ်လပ်ရေး ရကာစ ပင်လုံစာချုပ်ဆိုပြီး သဘောတူထားတဲ့ ပြည်ထောင်စု တည်ဆောက်မယ် ဆိုတာကလည်း ဘယ်လိုမှ ကတိမတည်တဲ့ လူတွေနဲ့ တောက်လျှောက်ဖြစ်လာတာ နှစ်ပေါင်း ၇၀ ကျော်သွားတဲ့ အခါမှာ ဒီတခါတော့ ကျနော် ယုံကြည်တယ် ပြည်သူလူထုရဲ့ သိမြင်နားလည်မှုက အမြင့်ဆုံး အဆင့်မှာ ရောက်နေပြီးတော့ သူတို့ လိမ်သမျှက ဘာမှကို ကွယ်ဝှက်လို့ မရတော့ဘူး။
ဒီအချိန် ဒီအခါမှာ အဲဒါကြောင့်မို့လို့ သူတို့ ပြောတဲ့ ပြည်ထောင်စု ဆိုတာ အလိမ်အညာ တခုပဲ ဖြစ်ပါတယ်။ တကယ်တမ်း ကျနော်တို့ သွားရမယ့် ပြည်ထောင်စုက ရှေ့ဆက်မယ့် အချိန်မှာ အားလုံး ညီညီညွတ်ညွတ်နဲ့ လက်တွဲပြီးတော့ အသစ်သော ပြည်ထောင်စု တခုကို တည်ဆောက်ရမယ်ဆိုတာ ဒီလမ်းက ရှင်းနေပါပြီ။ အဲဒါကြောင့်မို့လို့ သူတို့ဖိတ်တာတွေ၊ ပြောတာတွေ ဘာမှ တွေဝေစရာ အကြောင်းမရှိပါဘူး။
တအာင်း (ပလောင်) အမျိုးသားပါတီ (TNP)
ပြည်ထောင်စုနေ့ဆိုတာ သမိုင်း မှတ်တိုင်တခုပေါ့။ လက်ရှိအနေအထားကတော့ အားလုံး သိနေတဲ့ အတိုင်းပဲ။ သမိုင်း အဆက်ဆက် ပင်လုံစာချုပ်နောက်ပိုင်းမှာ ပင်လုံစာချုပ်မှာ ရှိတဲ့ ကတိကဝတ်တွေ၊ တိုင်းရင်းသားတွေ အပေါ်မှာ ထားရမယ့် ကတိကဝတ်တွေဟာ အကောင်အထည် မဖော်နိုင်တဲ့ အခါမှာ လွတ်လပ်ရေးပြီးတာနဲ့ကို ပြည်တွင်းစစ်ကြီး တလျှောက်လုံး အခုအချိန်အထိ ဖြစ်နေရတာပေါ့လေ။
ပင်လုံစာချုပ်ရဲ့ ကတိကဝတ်တွေအတိုင်း အကောင်အထည် ဖော်နိုင်ဖို့ တိုင်းရင်းသားတွေရဲ့ လိုလားချက်၊ တောင်းဆိုချက် တွေကို ပြန်ပြီးတော့ သုံးသပ်ပြီးတော့၊ အပြန်အလှန် နိုင်ငံရေး နည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာကြမယ် ဆိုရင်တော့ ပြည်ထောင်စုကြီးရဲ့ တည်တံ့ခိုင်မြဲရေးအတွက် မျှော်လင့်ပါတယ်။
ပြည်ထောင်စု ကောင်းကျိုးစီးပွားအတွက် နိုင်ငံသားတိုင်းကတော့ မျှော်လင့်ကြတာပေါ့လေ။ လက်တွေ့ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံ အခြေအနေအရက လိုလားချက်တွေ၊ တောင်းဆိုချက်တွေက ကွာဟနေတာပေါ့။ ဒါတွေကို ကျနော်တို့ သင်ခန်းစာယူပြီးတော့မှ ရှေ့သွားမှာပါ။ အားလုံးကောင်းကျိုး အတွက်ကို မျှော်လင့်ပြီးတော့ ဆောင်ရွက်သင့်ပြီ။
ရခိုင်အမျိုးသားပါတီ (ANP)
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ကတော့ သမိုင်းတန်ဖိုးရှိတယ်။ ကျနော်တို့ အများကြီးလည်း ပြောခဲ့ကြပြီးပါပြီ။ ပင်လုံရဲ့ဝိဉာဉ်၊ ပင်လုံရဲ့ စိတ်ဓာတ် တွေကတော့ လက်တွေ့မှာ ဘာမှရှိမနေတော့ဘူး။ အကောင်အထည်လည်း မဖော်လာတော့ဘူး။
ပြည်ထောင်စုနေ့ ဆိုတာကို အာဏာရနေတဲ့ ဗမာအီလစ်တွေပေါ့ဗျာ၊ အကုန်လုံးပါပဲ။ တပ်ကရော၊ နိုင်ငံရေးသမားတွေရော၊ အနုပညာသမားတွေရော ဘာတွေရောပေါ့၊ ပြည်ထောင်စုနေ့ဆိုတာ ပွဲလမ်းသဘင် အခမ်းအနားတခု ကျင်းပတဲ့ သဘောလောက်ပဲ ရှိတော့တယ်။
တပ်မတော်အစိုးရ ဆိုရင်လည်း ပြည်ထောင်စုနေ့ဆိုရင် သူ တခမ်းတနား ပိုက်ဆံတွေ အကုန်ကျခံ၊ ဧည့်သည်တွေဖိတ် တခမ်းတနားလုပ်တယ်။ NLD အစိုးရတုန်းကလည်း ဒီလိုပဲ၊ ဖဆပလ အစိုးရလည်း ဒီလိုပဲ၊ ဗိုလ်နေဝင်း လက်ထက်မှာလည်း ဒီလိုပဲ။ အဲဒီတော့ ကျနော်ထင်တာကတော့ တိုင်းပြည်ဘဏ္ဍာ ပိုက်ဆံကုန်တာပဲရှိတယ်။ နိုင်ငံရေးအမြတ်ထုတ်ကြတာပဲ ရှိတယ်။ တဖွဲ့တည်းကို ဆိုလိုတာမဟုတ်ဘူး၊ အကုန်လုံးကို ဆိုလိုတာ။ မဆလရော၊ ဦးသန်းရွှေလက်ထက်ရော၊ ဦးသိန်းစိန်ရော၊ ဒေါ်အောင်ဆန်းစုကြည်ရော၊ အခု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရော သိပ်မထူးဘူးဗျ။ ကျနော်တို့က ပြည်ထောင်စုနေ့ကို နက်နက်နဲနဲ မခံစားရတော့ဘူး။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD)
အခုလည်း ၇၅ နှစ်တိုင်ခဲ့ပြီပေါ့။ ဗမာအပါအဝင် တိုင်းရင်းသားပေါင်းစုံ ခေါင်းဆောင်တွေ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ပေါ့။ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရှိမယ်၊ ကိုယ့်ဒေသကိုယ့်ဖာသာ အုပ်ချုပ်မယ်။ နောက်ပြီးတော့ ပေါင်းစည်းထားတဲ့ ပြည်ထောင်စုမှာ စုပေါင်းအုပ်ချုပ်မယ်ဆိုတဲ့ ပုံစံတွေ ဆွေးနွေးခဲ့ပေမယ့် အခုထက်ထိ အဲဒီဟာကို အကောင်အထည် ဖော်နိုင်သေးတာ မရှိဘူး။
အဲဒီဟာရဲ့ အကျိုးဆက်က တောက်လျှောက် ပြည်တွင်းစစ်တွေ၊ တိုင်းရင်းသားအချင်းချင်း၊ အစိုးရ တပ်မတော် စသဖြင့် တိုက်ပွဲတွေဖြစ်ခဲ့တယ်။ ပြည်သူလူထုက ဒုက္ခတွေ မျိုးစုံကြုံခဲ့ရတယ်။ အဲဒါက ဘာလဲဆိုတော့ ကျနော်တို့ ပြည်ထောင်စုကို စပြီး တည်ထောင်လာကတည်းက လုပ်ဆောင်လာတဲ့ အုပ်ချုပ်ရေးသမားတွေက ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ရေးဆွဲထားတဲ့ ကတိကဝတ်တွေကို ဖော်ဆောင်တာမဟုတ်ဘဲနဲ့ လူတစု၊ ဒါမှမဟုတ် လူမျိုးတမျိုးအတွက် ပိုပြီးတော့ အလေးပေးခဲ့တဲ့အတွက် အခုထိ မငြိမ်းချမ်းသေးတာလို့ ကျနော်တော့ မြင်တယ်။
ရှေ့လျှောက် အဲဒီပုံစံနဲ့ ကျနော်တို့ ဆက်သွားလို့မရပါဘူး။ ရှေ့လျှောက်သွားဖို့ဆိုရင် ဒီနိုင်ငံမှာရှိတဲ့ လူမျိုးပေါင်းစုံ တန်းတူညီတူ၊ စုပေါင်းပြီးတော့ အုပ်ချုပ်တဲ့ ပုံစံပေါ့ဗျာ။ နောက်ပြီးတော့ မည်သည့်လူမျိုးမဆို ဘယ်မှာပဲ နေနေပေါ့ဗျာ၊ အဲဒီလူတွေရဲ့ အခွင့်အရေးတွေကအစ အာမခံပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပေါ့။
လူမျိုးစုတွေရဲ့ စုပေါင်းအခွင့်အရေးလည်း ဖြစ်ချင်ဖြစ်မယ်၊ အုပ်စုတခုရဲ့ စုပေါင်းအခွင့်အရေး ဖြစ်ချင် ဖြစ်မယ်။ အဲဒါတွေလည်း အာမခံနိုင်ရမယ်။ လူတဦးချင်းစီရဲ့ အခွင့်အရေးကိုလည်း အာမခံနိုင်ရမယ်။ ပြီးတော့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်နဲ့ သွားရမယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း ဒီနိုင်ငံနဲ့ လိုက်လျောညီထွေပြီးတော့ တိုင်းရင်းသားပေါင်းစုံက လိုလားတဲ့၊ ဖက်ဒရယ်ကို ဦးတည်တဲ့၊ ဖက်ဒရယ်ကို တည်ဆောက်တဲ့ ဖွဲ့စည်းပုံဥပဒေဖြစ်ရပါမယ်။ အဲဒါတွေကို လုပ်ဆောင်နိုင်မှသာလျှင် ကျနော်တို့တင်မကဘူး၊ ဟိုးရှေးအဆက်ဆက်က ခေါင်းဆောင်တွေ ရည်မှန်းခဲ့တဲ့ ပြည်ထောင်စု စစ်စစ်ကို တည်ဆောက်နိုင်မှာ ဖြစ်တယ်။
ချင်းအမျိုးသားတပ်ဦး (CNF)
တိုင်းရင်းသားတွေအနေနဲ့ ဒီပြည်ထောင်စုဆိုတာကို လိုချင်လို့ ပင်လုံကနေ ဖြစ်တည်လာတဲ့ ပြည်ထောင်စု။ ယနေ့ ပြည်ထောင်စုက ပင်လုံ စာချုပ်အတိုင်း၊ ပင်လုံ ကတိကဝတ်အတိုင်း ဖြစ်မလာတဲ့ အမည်ခံပြည်ထောင်စု လို့ပဲ ကျနော်တို့က သဘောထားတယ်။ သို့သော် ကျနော်တို့က ဒီပြည်ထောင်စု အတွင်းမှာ နေချင်ကြတဲ့ ဆန္ဒတော့ ရှိတယ်၊ ဒါပေမယ့် အနှစ်သာရကတော့ ပင်လုံစာချုပ်၊ ပင်လုံ ကတိကဝတ်က ဖြစ်တည်လာမှုကို သွေဖည်သွားတယ်လို့ ကျနော်တို့ မြင်တယ်။
အနာဂတ်မှာ ကျနော်တို့ လိုချင်တဲ့ ပြည်ထောင်စုဆိုတာ လွတ်လပ်မှု၊ တန်းတူမှု၊ တရားမျှတမှု ရှိပြီးတော့ ပင်လုံကို အခြေခံပြီး ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် အပြည့်အဝရှိပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုမျိုးကို ကျနော်တို့က လိုချင်တာ ဖြစ်ပါတယ်။
အဲဒီလို ကျနော်တို့ လိုချင်တဲ့ ပြည်ထောင်စုမျိုးအတွက် နှစ်ပေါင်းများစွာ လက်နက်ကိုင်ပြီးတော့ လည်းကောင်း၊ နိုင်ငံရေးအဖြစ်သော် လည်းကောင်း ယနေ့အထိ တိုက်ပွဲဝင်နေတာဖြစ်တယ်။
ကယန်းအမျိုးသားပါတီ (KNP)
ကျနော်တို့ လိုချင်တဲ့ ပြည်ထောင်စု ဆိုတာကတော့ ဒီတိုင်းပြည်မှာ အတူတူပဲ ယှဉ်တွဲနေထိုင်မှာပါ။ နိုင်ငံသစ်တခု တည်ထောင်တယ် ဆိုတာက လွယ်တာမျိုး မဟုတ်သလို နိုင်ငံသစ်တခုကို အတင်းအဓမ္မ တွန်းပို့မှု မရှိဘူးဆိုရင်တော့ ပြည်နယ်သေးသေးတွေက တိုင်းပြည် ဖြစ်လာသလို၊ တဦးတယောက်တည်း ခွဲထွက်ပြီးတော့ နိုင်ငံသစ်တည်ထောင်တဲ့ စိတ်ကူးထက်၊ Share လုပ်နိုင်ရင်တော့ အကောင်းဆုံး ဖြစ်တယ်။
ဒါပေမဲ့ Share လုပ်တဲ့ အချိန်မှာလည်း ပြည်နယ် ဒေသ တခုနဲ့တခုကို လေးစား အသိအမှတ် ပြုရမယ်။ သူ့ရဲ့ ဒေသ ချမ်းသာကြွယ်ဝမှု၊ လူထုရဲ့ ကြိုးစား အားထုတ်မှုတွေကို အသိအမှတ်ပြုပြီးတော့မှ အဲဒီတိုးတက်မှုတွေကို အာမခံပေးရမယ်။ ဒါတွေကို လုပ်ခြင်းအားဖြင့် ဒီတိုင်းပြည် ထောင့်စုံကနေ ဖွံ့ဖြိုးတိုးတက်လာပြီးတော့ ပြည်ထောင်စုရဲ့ အကျိုးကို ပြန်ခံစားရမယ်။ ဒါက ကျနော်တို့ မြင်ချင်တဲ့ တိုင်းပြည်ရဲ့ ပုံစံပဲ ဖြစ်တယ်။