မြန်မာနိုင်ငံတွင် အိုမီခရွန် ကူးစက်မှု မြန်ဆန်မြင့်တက်နေမှုနှင့်အတူ အဆိုပါ ရောဂါနှင့်ပတ်သက်၍ အိုမီခရွန် ဖြစ်ပြီးလျှင် နောက်ထပ်လာမည့် ကိုဗစ်ရောဂါများကို ခံနိုင်မည် စသဖြင့် ကောလာဟလများလည်း လူထုအကြား ပျံ့နှံ့နေပါသည်။ ရောဂါလက္ခဏာ ပြမှုများနှင့် ပတ်သက်၍လည်း အမျိုးအမျိုးအစားစား အကွဲကွဲအပြားပြားဖြစ်ပြီး ရာသီတုပ်ကွေးဟု ယူဆသူယူဆ၊ အိုမီခရွန်ဟု ယူဆသူယူဆနှင့် ဖြစ်နေပါသည်။
သေချာသည်မှာ ဆေးခန်းနှင့် ဆေးဆိုင်များတွင် လူများ များပြားနေပြီး ပတ်ဝန်းကျင်တွင်လည်း ပုံမှန်မဟုတ်သည့် ဖျားနာမှုများ များပြားလာနေခြင်း ဖြစ်သည်။ မိသားစုအတွင်း တဦးဖျားနာ၊ ချောင်းဆိုးလာလျှင် မကြာခင် အခြား မိသားစုဝင်များပါ တဦးပြီးတဦး ကလေးငယ်များပါမကျန် ကူးစက်နေခြင်း ဖြစ်သည်။
စစ်ကောင်စီကလည်း တိကျရေရာသည့် ထုတ်ပြန်ခြင်းများ ပြုလုပ်ခြင်း မရှိသည့်အတွက် ပြည်သူများ ပို၍ သို့လောသို့လော ဖြစ်ရသည်။ ရန်ကုန်မြို့ အချို့ရပ်ကွက်များတွင်မူ အိုမီခရွန်နှင့် ပတ်သက်၍ လိုက်လံ ကြေညာ သတိပေးခြင်း၊ အဆိုတော် ဖြိုးပြည့်စုံနှင့် မိစန္ဒီတို့ သီဆိုထားသည့် မကြားရသည်မှာ ကြာပြီဖြစ်သော “ကမ္ဘာအပြင်ထွက်သွားပါ ကိုရိုနာ” ကျန်းမာရေး အသိပညာပေးသီချင်းကိုလည်း ၂ နာရီခြား တခါခန့် ရပ်ကွက်များအတွင်း လှည့်လည် ဖွင့်လှစ်မှုများ ရှိနေသည်။
အိုမီခရွန်နှင့် ပတ်သက်သည့် ကောလာဟလများ၊ ဖေ့စ်ဘုတ်တွင် ရေးသား ဖြန့်ဝေနေမှုများ၊ အိုမီခရွန်၏ သဘောသဘာဝနှင့် ဆောင်ရန် ရှောင်ရန်များကို အမေရိကန် ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်တွင် နေထိုင်ပြီး ဆေးပညာနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ အစဉ်တစိုက် ရေးသားနေသူ၊ ကျန်းမာရေးဆိုင်ရာ မေးခွန်းများကို အွန်လိုင်းမှတဆင့် ပြန်လည် ဖြေကြားပေးနေသူ ဆရာ ဒေါက်တာ တင့်ဆွေနှင့် ဧရာဝတီက မေးမြန်းထားပါသည်။
မေး ။ အခု ကိုဗစ်နောက်ဆက်တွဲလာတဲ့ အိုမီခရွန်နဲ့ ပတ်သက်လို့ သဘောသဘာဝကို ရှင်းပြပေးပါ ဆရာ။
ဖြေ ။ အိုမီခရွန်မျိုးသစ်ကို ၁၁-၁၁-၂၀၂၁ နေ့က ဘော့စ်ဝါနာနဲ့ ၁၄-၁၁-၂၀၂၁ နေ့က တောင်အာဖရိကမှာ စတွေ့တယ်။ ၂၆-၁၁-၂၀၂၁ နေ့မှာ WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) က B.1.1.529 Omicron လို့ အမည်ပေးတယ်။
အရင်က ကိုဗစ်ကူးစက်ခံပြီး နေကောင်းလာသူတွေ အိုမီခရွန် ကူးစက်ခံရနိုင်တယ်။ အိုမီခရွန် ကိုဗစ်ကူးစက်ခံရသူ ၃ ပုံ ၁ ပုံဟာ အရင်ကလည်း ကိုဗစ်ကူးစက်ခံခဲ့ရသူတွေ ဖြစ်တယ်။
အိုမီခရွန်အမျိုးအစားက ဒယ်လ်တာထက် ၅ ဆခွဲကနေ ၁၀ ဆအထိ ပိုပြီးကူးစက်တယ်။ ဆေးရုံတက်ရမှု ၃ ပုံ ၂ ပုံနည်းတယ်။ တောင်အာဖရိကမှာ ဆေးရုံတက်ရနှုန်း ၈၀ ရာခိုင်နှုန်း နည်းတယ်။ နောက်ဆက်တွဲ ဆိုးတာဖြစ်လာမှုကတော့ မထူးခြားပါ။
ကူးစက်ခံရသူတွေလည်း ကာကွယ်ဆေးထိုးပါ။ ဘူစတာဒို့စ်ပါ ထိုးပါ။ ဘူစတာထိုးထားသူတွေမှာ အိုမီခရွန် ထပ်ကူးစက်ခံရနှုန်း ၅၇ ရာခိုင်နှုန်း နည်းတယ်။
မေး ။ မြန်မာပြည်မှာ အိုမီခရွန်ဖြစ်ရင် နောက်ထပ်လာနိုင်စရာရှိတဲ့ ကိုဗစ်နောက်ဆက်တွဲတွေကို ခံနိုင်ရည်ရှိတယ်လို့ အရပ်ပြော ပြောနေကြပါတယ်။ ဒါက ဖြစ်နိုင်ခြေ ရှိပါသလား ဆရာ။
ဖြေ ။ မြန်မာပြည်မှာ ဆေးသုတေသနကအစ သုတေသနတွေ မရှိသလောက်နည်းတယ်။ ထုတ်ပြန်ချက်တွေ၊ စုဆောင်းရရှိတဲ့ ကိန်းဂဏန်းတွေက မတိကျပါ။ အထင်နဲ့ မှန်းဆတာတွေက များတယ်။ တချို့က ဖြဲခြောက်တယ်၊ တချို့က လျှော့ပေါ့ပြောနေကြတယ်။ မလုပ်ကောင်းပါ။ အသက်ကို ကစားတာ ဖြစ်တယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအကြောင်းကို WHO နဲ့ အမေရိကန် CDC (ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးဌာန) ကိုသာ အားကိုးရမယ်။
ထုတ်ပြန်ချက်တွေ၊ စုဆောင်းရရှိတဲ့ ကိန်းဂဏန်းတွေက မတိကျပါ။ အထင်နဲ့ မှန်းဆတာတွေက များတယ်။ တချို့က ဖြဲခြောက်တယ်၊ တချို့က လျှော့ပေါ့ပြောနေကြတယ်။ မလုပ်ကောင်းပါ။ အသက်ကို ကစားတာ ဖြစ်တယ်
မေး ။ အိုမီခရွန်က မသေနိုင်ဘူးဆိုပြီး ပေါ့ပေါ့ဆဆ နေကြပါတယ်။ နှာခေါင်းစည်း မတပ်တဲ့သူလည်း မတပ်ကြဘူး။ ဒါနဲ့ ပတ်သက်လို့ ဆောင်ရန် ရှောင်ရန်တွေ ပြောပြပေးပါ။
ဖြေ ။ (က) စတွေ့တဲ့ တောင်အာဖရိကမှာ သေနှုန်း ၁၄ ရာခိုင်နှုန်း ကနေ ၁၅ ရာခိုင်နှုန်း ရှိတယ်လို့ ၁၄-၁-၂၀၂၂ နေ့ သတင်းအရ သိရတယ်။
WHO ၂၀၂၂ ဇန်နဝါရီ ၃ ရက်ကနေ ၉ ရက်အထိ တပတ်စာ ထုတ်ပြန်ချက်ကို တင်ပြပါမယ်။ အပတ်စဉ် ကူးစက်မှုပေါင်းက ၅၅ ရာခိုင်နှုန်း တိုးလာတယ်။ အပတ်စဉ်သေဆုံးမှုက အရင်ရက်သတ္တပတ်နဲ့ မထူးပါ။ ပိုမသေ။ လျှော့မသေ။ လူပေါင်း ၁၅ သန်း ကူးစက်တာမှာ ၄၃,၀၀၀ ယောက် သေဆုံးတယ်။ ၉-၁-၂၀၂၂ နေ့အထိ စုစုပေါင်း ၃၀၄ သန်း ကူးစက်ခံရပြီး ၅ ဒသမ ၄ သန်း သေဆုံးပြီးဖြစ်တယ်။
အပတ်စဉ် ကူးစက်မှုပေါင်းက ၅၅ ရာခိုင်နှုန်း တိုးလာတယ်။ အပတ်စဉ်သေဆုံးမှုက အရင်ရက်သတ္တပတ်နဲ့ မထူးပါ။ ပိုမသေ။ လျှော့မသေ
(ခ) ဒီမျိုးကွဲသစ်ဟာ အရင်အမျိုးအစားတွေထက် ကူးစက်မြန်တယ်။ ဒါပေမဲ့ ရောဂါလက္ခဏာတွေက မဆိုးလှပါ။ ကိုဗစ်နိုင်တင်း မျိုးသစ်တွေပေါ်ပေမဲ့ ကာကွယ်နည်းကတော့ အခုထိ မပြောင်းသေးပါ။
(၁) အတတ်နိုင်ဆုံး လူစုလူဝေးနေရာတွေကို ရှောင်ပါ။ (၂) အပြင်ထွက်ရတိုင်း နှာခေါင်းစည်း သုံးပါ။ (၃) လူတယောက်နဲ့တယောက် ၆ ပေအကွာနေရတဲ့ စည်းကမ်းလိုက်နာပါ။ (၄) နေအိမ်၊ ရုံး၊ ကျောင်း၊ ဈေး စတာတွေမှာရှိတဲ့ မျက်နှာပြင်တွေကို ပိုးသန့်ပေးပါ။ (လိုက်ဇော) ဆေးရည် ကောင်းတယ်။ (၅) ဘယ်မှာရောက်နေနေ လက်ဆေးပါ။ ခဏခဏဆေးပါ။ ရိုးရိုးဆပ်ပြာနဲ့ ရေ အကောင်းဆုံး။ အရေးပေါ်အတွက် (ဆင်နတိုက်ဇာ) ခေါ် လက်ဆေးရည်သုံးပါ။ (၆) ကိုဗစ်ကာကွယ်ဆေး ထိုးပါ။ ဘူစတာ ထိုးပါ။ (၇) သက်ဆိုင်ရာ ကျန်းမာရေးဌာနက ထုတ်ပြန်ချက်တွေကို လိုက်နာပါ။ (၈) လူအများရှိရာအတွင်းထဲမှာလည်း နှာခေါင်းစည်းတပ်ပါ။
မေး ။ အခုက ကိုဗစ်ကာကွယ်ဆေး အထူးသဖြင့် မြန်မာပြည်မှာက Sinovic, Sinopharm ဆေးတွေကိုပဲ သက်ဆိုင်ရာ ရပ်ကွက်အလိုက် အစီအစဉ်နဲ့ ထိုးကြပါတယ်။ ထိုးထားလည်း အိုမီခရွန်က ကူးတာပါပဲ။ ဘာကြောင့်လဲ ဆရာ။
ဖြေ ။ ကာကွယ်ဆေးထိုးလည်း ကူးစက်ခံရနိုင်သေးတယ်။ တကြိမ်ကူးစက်ခံထားရသူတွေလည်း ထပ်ကူးစက်ခံရနိုင်တယ်။ ဘယ်အရာမှ ၁၀၀ ရာခိုင်နှုန်း မရှိပါ။
ကူးစက်ခံရသူတွေလည်း ကာကွယ်ဆေးထိုးပါ။ ဘူစတာဒို့စ်ပါ ထိုးပါ။ ဘူစတာထိုးထားသူတွေမှာ အိုမီခရွန် ထပ်ကူးစက်ခံရနှုန်း ၅၇ ရာခိုင်နှုန်း နည်းတယ်။
မေး ။ အသိမိတ်ဆွေ သူငယ်ချင်းရဲ့ သားတွေက အင်္ဂလန်မှာ ကျောင်းတက်နေပါတယ်။ သူတို့ကလည်း ကျနော် အပေါ်က ပြောသလို အိုမီခရွန် ဖြစ်ရင် နောက်ထပ်လာနိုင်စရာရှိတဲ့ ကိုဗစ်နောက်ဆက်တွဲတွေကို ခံနိုင်ရည်ရှိတယ် ဆိုပြီး နှာခေါင်းစည်း မတပ်ဘဲ လျှောက်သွားကြတယ်လို့ ပြောကြပါတယ်။ အဲဒါ လုပ်သင့်ရဲ့လား ဆရာ။
ဖြေ ။ ကိုဗစ်နိုင်တင်းပိုးက လူမရွေးပါ။ အသက်အရွယ် နည်းနည်းရွေးတယ်။ အသက်ရွေးတာကလည်း စဖြစ်စဉ်က အသက်ကြီးသူတွေသာ ကူးရာကနေ တဖြည်းဖြည်း အသက်ငယ်သူတွေကိုပါ ကူးလာတယ်။ ဆင်းရဲ ချမ်းသာ တိုင်းပြည်လည်း မရွေးပါ။ အနည်းနဲ့အများသာ ကွာတယ်။ ကာကွယ်နည်း မကွာပါ။ ကာကွယ်ဆေး မကွာပါ။ ကုသနည်းလည်း မကွာခြားပါ။ လူတွေရဲ့ အသိအမြင်ကတော့ ကွာတယ်။
မြန်မာပြည်မှာ ၃၄ ဒသမ ၆ ရာခိုင်နှုန်းသာ ထိုးရသေးတယ်။ မလိုက်နာသူတွေများတဲ့ နေရာဒေသတွေမှာ ပိုကြာဦးမယ်
အခုထိ ကာကွယ်ဆေး ဆန့်ကျင်မှုတွေ ရှိတယ်။ အသိရှိသူတွေက ပိုများပြီး ကာကွယ်နည်းနဲ့ ကာကွယ်ဆေး ထိုးကြလို့ ခြုံလိုက်ရင် ဖြစ်စကလောက် အဆိုးကြီးတော့ မဟုတ်တော့ပါ။ တိုင်းပြည်တခု သို့မဟုတ် လူစုလူဝေးတစုမှာ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ကာကွယ်ဆေး ထိုးနိုင်ပြီဆိုရင် ဟဒ်အင်မြူနတီ ခေါ် လူအစုလိုက်ပါ ကာကွယ်မှု ရလာမယ်။ USA မှာ အခုစာရေးနေချိန်အထိ လူဦးရေရဲ့ ၆၄ ဒသမ ၅ ရာခိုင်နှုန်းသာ ထိုးရသေးတယ်။ မြန်မာပြည်မှာ ၃၄ ဒသမ ၆ ရာခိုင်နှုန်းသာ ထိုးရသေးတယ်။ မလိုက်နာသူတွေများတဲ့ နေရာဒေသတွေမှာ ပိုကြာဦးမယ်။
မေး ။ အိုမီခရွန်ဟာ ကူးစက်ရင် ၅ ရက်ဆို ပျောက်ပြီပဲလို့ လူမှုကွန်ရက် မီဒီယာတွေမှာ ဖတ်ရပါတယ်။ အခု မြန်မာပြည်မှာဆို မိသားစုဝင် တဦးကူးရင် ရှေ့ဆင့်နောက်ဆင့် အကုန်ကူးပြီး ဖျားနာ၊ လည်ပင်းနာ၊ ချွဲကြပ်၊ နှုံးခွေ ဆိုတာတွေ မျက်မြင်ကိုယ်တွေ့ပါ။ ဆေးတွေကလည်း အင်္ဂလိပ်ဆေးကနေ ဗမာဆေးအထိ အဆင်ပြေသလို သောက်နေကြတယ်။ အကြံပြုပေးပါဦး။
ဖြေ ။ အများစုဟာ ရောဂါလက္ခဏာတွေ ခံစားရတာ ၃ ရက်ကနေ ၅ ရက်သာ ကြာတယ်။
ကူးစက်ခံရသူတွေ အိမ်မှာ ဘယ်လိုကုသမလဲ။ (၁) လက်ကို မကြာခဏဆေးပါ။ ဆပ်ပြာနဲ့ ရေ။ အရေးပေါ်အဖြစ် လက်ဆေး ဆေးရည်သုံးပါ။ (၂) နားနေပါ။ (၃) သီးခြားနေထိုင်ပါ။ (၄) ကိုယ်ပူ-အဖျားကျဆေး Paracetamol/Ibuprofen တခုခုသောက်ပါ။ (၅) ရေ၊ အရည် များများသောက်ပါ။ (၆) အနီးအနား မျက်နှာပြင်များကို ပုံမှန် ပိုးသန့်ပါ။ (၇) ဝမ်းပျက်လျှင် Imodium/ loperamide သောက်ပါ။ (၈) ဝမ်းပျက်လျှင်နှင့် ချွေးထွက်များလျှင် ORS ဓါတ်ဆားရေ သောက်ပါ။ (၉) အောက်စီဂျင် တိုင်းပါ။ (၁၀) ဖေ့စ်ဘွတ်ဆေးနည်းမှားတွေ ရှောင်ပါ။ စားလိုတာ စားချင်တာ စားနိုင်တာ အကုန်စားပါ။ အပိုဆောင်း စားရန် မလိုအပ်ပါ။ အားဆေးတွေ၊ ဖြည့်စွက်စာတွေ မလိုအပ်ပါ။
မေး ။ နေပြည်တော်ဘက်က မိတ်ဆွေတဦးရဲ့ သတင်းပေးချက်အရဆို အိုမီခရွန်ကြောင့် သက်ကြီးရွယ်အို တချို့နဲ့ ရောဂါအခံ ရှိသူတချို့ အလေအလွင့် ရှိတယ်လို့ ကြားသိရပါတယ်။ ဆရာတို့ အမေရိကမှာ ဖြစ်နေတာနဲ့ နှိုင်းယှဉ် ပြောပြပေးလို့ ရမလားခင်ဗျာ။
ဖြေ ။ ဆေးရုံတင်ရန်လိုသူတွေ၊ ဆိုးဆိုးဝါးဝါးခံရသူတွေနဲ့ အသက်ဆုံးရှုံးရသူတွေဆိုတာ အများစုမှာ အခံရောဂါ ရှိကြသူတွေ ဖြစ်တယ်။ အောက်ပါအုပ်စုတွေဖြစ်တယ်။
(၁) အသက်ကြီးသူတွေ။ (၂) သွေးတိုး။ (၃) အဝလွန်ခြင်း။ (၄) ဆီးချို။ (၅) ပန်းနာ။ (၆) နာတာရှည် အသက်ရှူလမ်းပိတ်ရောဂါ။ (၇) နှလုံးသွေးကြောရောဂါ။ (၈) နှလုံးရောဂါ။ (၉) အာရုံကြောရောဂါ။ (၁၀) ကျောက်ကပ်ရောဂါ။ (၁၁) ခုခံအားကျရောဂါ။ (၁၂) အသည်းရောဂါ။ (၁၃) သွေးရောဂါ။ (၁၄) အော်တိုအင်မျူးရောဂါ။ (၁၅) ကိုယ်ဝန်။
မေး ။ ကိုဗစ် စစ်လို့ ပေါ့ဇတစ် (+) ဖြစ်သူတွေ ထပ်စစ်တဲ့အခါ ဘယ်တော့ နဂ္ဂတစ် (-) ပြလဲ။
ဖြေ ။ ရက်သတ္တပတ်တွေကနေ လအထိကြာမှ နဂ္ဂတစ် (-) ပြမယ်။ ကြာကြာတော့ သူများကို မကူးစက်နိုင်တော့ပါ။ ၃ လအထိ ကြာနိုင်တယ်။ ထပ်စစ်တော့ ပိုးအသေတွေကိုတွေ့လို့ ပေါ့ဇတစ် (+) ပြတာ ဖြစ်တယ်။ ဒါပေမဲ့ သူများကို မကူးစက်နိုင်တော့ပါ။
ကိုဗစ် စစ်လို့ ပေါ့ဇတစ် (+) ပြသူတွေ ရောဂါလက္ခဏာတွေ မပြရင် ၅ ရက်တိတိ သီးခြားခွဲနေထိုင်ပါ။ နောက်ထပ် ၅ ရက်ကြာ ဘေးမှာ လူတွေရှိရင် မိမိက နှာခေါင်းစည်းတပ်ထားပါ။ ရောဂါလက္ခဏာတွေပြရင် ရောဂါလက္ခဏာတွေ ပျောက်ပြီးနောက် ၅ ရက်တိတိ သီးခြားခွဲနေထိုင်ပါ။ ဆေးမသောက်ဘဲ ၂၄ နာရီကြာ မဖျားတော့တဲ့အထိ သီးခြားခွဲနေထိုင်ပါ။ နောက်ထပ် ၅ ရက်ကြာ ဘေးမှာလူတွေရှိရင် မိမိက နှာခေါင်းစည်းတပ်ထားပါ။
ကူးစက်ခံရသူနဲ့ ထိစပ်မှုရှိသူတွေ (အသက် သတ်မှတ်ချက်အရ) ကာကွယ်ဆေး (ဘူစတာ အပါအဝင်) ထိုးပါ။ Quarantine ခွဲခြားနေထိုင်ရန် မလိုအပ်ပါ။ ထိစပ်မှုရှိပြီးနောက် ၅ ရက်တိုင်တိုင် စစ်ပါ။ ရောဂါလက္ခဏာ ပေါ်မပေါ် ၁၀ ရက်ကြာ မိမိကိုယ်မိမိစောင့်ကြည့်နေပါ။
ရေနဲ့ ရိုးရိုးဆပ်ပြာသုံးပြီး မကြာခဏလက်ဆေးပါ။ လူထူထူရှိရာကို ရှောင်ပါ။ ဘယ်သူမဆို ချောင်းဆိုး နှာချေတိုင်း မိမိတံတောင်ဆစ်ထဲမှသာ (လက်ကွေးပြီး) ပြုလုပ်ပါ။ တသက်လုံး။
မေး ။ ကိုဗစ်ကနေ ဆက်လာတဲ့ အိုမီခရွန်ဟာ ဘယ်လောက် တာသွားဦးမလဲ ဆိုတာနဲ့ ဘယ်လို ဆင်ခြင် နေထိုင်သင့်ကြောင်းကိုလည်း အကြံပြုပေးစေလိုပါတယ်။
ဖြေ ။ နာမည်ကြီး အထင်ကရ ယုံကြည်ရတဲ့ ဆေးပညာအကြောင်းရေးတဲ့ လန်းဆက် (The Lancet) ဝက်ဘ်ဆိုက်ကို ကိုးကားပြီး ဖြေပါမယ်။ ၁၉-၁-၂၀၂၂ နေ့က တင်ထားတယ်။ ကိုဗစ်နိုင်တင်းကတော့ ဆက်ရှိနေမယ်။ ကပ်ရောဂါကြီးကတော့ ပြီးဆုံးတော့မှာ သိပ်မလိုတော့ပါတဲ့။
ဗိုင်းရပ်စ်ဆိုတာ အစဉ်သဖြင့် မျိုးကွဲတွေ ဆက်ပေါ်နေတဲ့ပိုး ဖြစ်တယ်။ ဥပမာ ရာသီတုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ဟာ တနှစ်တခါဆိုသလို အသစ်ဖြစ်လာလို့ တုပ်ကွေးကာကွယ်ဆေးကို တနှစ်တခါ ဆေးသစ် ထုတ်ရတယ်။ ကိုဗစ်အတွက်တော့ အဲလောက်ထိ မဖြစ်လောက်ပါ။ ၅ နှစ်တခါ ကာကွယ်ဆေးထိုး ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ အမေရိကန် ကျန်းမာရေးပညာရှင်တွေရဲ့ မှန်းဆချက်သာဖြစ်တယ်။
စာဖတ်သူတွေက မြန်မာပြည်ကဖြစ်လို့ သတိပေးချင်တယ်။ အားကစားပွဲဖြစ်ဖြစ်၊ နိုင်ငံရေးလှုပ်ရှားမှုဖြစ်ဖြစ်မှာ ပြောလေ့ရှိသလို ပန်းတိုင်ဖဲကြိုးကို မဖြတ်ခင်အထိ တက် မထောင်ပါနဲ့။
စာဖတ်သူတွေက မြန်မာပြည်ကဖြစ်လို့ သတိပေးချင်တယ်။ အားကစားပွဲဖြစ်ဖြစ်၊ နိုင်ငံရေးလှုပ်ရှားမှုဖြစ်ဖြစ်မှာ ပြောလေ့ရှိသလို ပန်းတိုင်ဖဲကြိုးကို မဖြတ်ခင်အထိ တက် မထောင်ပါနဲ့။
အိုမီခရွန် ရောဂါလက္ခဏာများ စာရင်းကြီးနဲ့ ဖြဲမခြောက်ပါနဲ့
အိုမီခရွန် ရောဂါလက္ခဏာများ စာရင်းကြီးနဲ့ ဖြဲမခြောက်ပါနဲ့။
အိုမီခရွန် ကူးစက်ခံရရင် အများဆုံးခံစားရနိုင်တဲ့ ထိပ်ဆုံး ၅ ခု ရောဂါလက္ခဏာတွေကို တင်ပြထားပါတယ်။ ရောဂါလက္ခဏာပေါင်း ၂၀ စာရင်းကို တင်တာတွေ့ထားတယ်။ အခုထိ အဲဒီစာရင်းရှည်ကြီးကို တယောက်ပြီး တယောက်က ထပ်တင်နေကြတယ်။ အချက်အလက်တွေက မတိကျပါ။ ကျန်းမာရေးမှာ ချဲ့ကားမပြောရ။ လျှော့ပေါ့လည်း မပြောရပါ။
အိုမီခရွန် ကူးစက်ခံရရင်ခံစားရနိုင်တဲ့ ရောဂါလက္ခဏာ ၁၁ ခုသာရှိတယ်။
(၁) Fever or chills ဖျား၊ ချမ်းဖျား၊ (၂) Cough ချောင်းဆိုး၊ (၃) Shortness of breath or difficulty breathing အသက်ရှုရခက်၊ (၄) atigue အားနည်း၊ (၅) Muscle or body aches ကိုယ်လက်ကိုက်ခဲ၊ (၆) Headache ခေါင်းကိုက်၊ (၇) New loss of taste or smell အနံ့ အရသာပျက်၊ (၈) Sore throat လည်ချောင်းနာ၊ (၉) Congestion or runny nose နှာစေး၊ (၁၀) Nausea or vomiting ပျို့အန်၊ (၁၀) Diarrhea ဝမ်းပျက်။
The top 5 Omicron symptoms အများဆုံးဖြစ်တတ်တဲ့ လက္ခဏာ ၅ မျိုး။ (၁) runny nose နှာရည်ယို၊ (၂) headache ခေါင်းကိုက်၊ (၃) fatigue (mild or severe) အားနည်း၊ (၄) sneezing နှာချေ၊ (၅) sore throat လည်ချောင်းနာ။
အောက်ပါ လက္ခဏာတွေဖြစ်လာရင် ဆရာဝန်ပြပါ။ (၁) Trouble breathing အသက်ရှူခက်ခြင်း၊ (၂) Persistent pain or pressure in the chest ရင်ဘတ်က ဆက်တိုက်နာခြင်း၊ (၃) New confusion စိတ်မကြည်မလင် ဖြစ်လာခြင်း၊ (၄) Inability to wake or stay awake နိုးနေသလို မဖြစ်ဘဲ အိပ်ချင်နေခြင်း၊ (၅) Pale, gray, or blue-colored skin, lips, or nail beds, depending on skin tone ဖြူဖတ်ဖြူရော်၊ နှုတ်ခမ်းပြာ၊ လက်သည်းတွေ ပြာလာခြင်း။
Delta ဒယ်လ်တာမှာရော Omicron အိုမီခရွန်မှာပါ အတူတူဖြစ်တယ်။ fever ဖျား၊ cough ချောင်းဆိုးနဲ့ loss of sense of smell or taste အရသာ သို့မဟုတ် အနံ့ပျက်တာ ၅၀ ရာခိုင်နှုန်းမှာ ဖြစ်ကြတယ်။
အခုဖြစ်တာတွေမှာ အရသာ သို့မဟုတ် အနံ့ပျက်တာ နည်းတယ်။ ကိုဗစ်-၁၉ ဖြစ်စကာလတွေမှာ ရောဂါလက္ခဏာပေါင်း အနည်းဆုံး ၁၀ ခုရှိရာကနေ အခု အထက်ပါ ၅ ခုက အများဆုံးဖြစ်ပါတယ်။ အဲဒီလက္ခဏာ တခုခုခံစားရသူတွေ ကိုဗစ် စစ်ပါ။
စာရင်းကြီးနဲ့ ဖြဲခြောက်သလို မလုပ်သင့်ကြပါ။
You may also like these stories:
မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်မှုနှုန်း ဆက်တိုက်မြင့်လာ
အိုမီခရွန် အခြားမျိုးကွဲများလောက် မပြင်းထန်ကြောင်း ကနဦးလေ့လာမှုက ပြသ
ကာကွယ်ဆေးထိုးပြီးသူများကို အိုမီခရွန် ကူးစက်နေကြောင်း WHO သတိပေး
မြန်မာပြည်မှာ ကိုဗစ် စတုတ္ထလှိုင်း စပြီလား