ကရင်နီ ဒေသကို စစ်ကောင်စီက တရစပ် ထိုးစစ်ဆင်နေချိန်တွင် ချင်းပြည်နယ်၌ ယခုရက်ပိုင်းအတွင်း တိုက်ပွဲ အနည်းငယ် ငြိမ်သက်လျက်ရှိသည်။ သို့သော်လည်း စစ်ကောင်စီအနေဖြင့် ချင်းပြည်နယ်ကို မကြာမီအချိန်အတွင်း ထိုးစစ်ဆင်လာနိုင်ဖွယ်ရှိသည့် သတင်းများ ထွက်ပေါ်လျက်ရှိရာ ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှု အခြေအနေ၊ တိုက်ပွဲများ အခြေအနေနှင့် ချင်းပြည်နယ်ကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက မည်မျှအထိ ထိန်းချုပ် ထားနိုင်သည့် အခြေအနေရှိနေသည်ကို သိရှိနိုင်ရန်အတွက် ချင်းအမျိုးသား တပ်ဦး/ ချင်းအမျိုးသား တပ်မတော် (CNF/ CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားသည်။
မေး။ ။ ချင်းပြည်နယ်မှာ လက်ရှိ တိုက်ပွဲတွေ အခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ချင်းတောင် အဓိက ၉ မြို့နယ်ကတော့ ဒီလို တိုက်ပွဲငယ်လေးတွေတော့ ရှိတယ်။ တိုက်ပွဲ အကြီးအကျယ်တော့ မရှိဘူး ခင်ဗျ။ အဓိကကတော့ နယ်မြေ စိုးမိုးရေး ဆိုပြီးတော့ တောထဲ နယ်ထဲကို ဆင်းဖို့ သူတို့က ပြင်ဆင်နေတာတော့ သတင်း ကြားပါတယ်။ အဓိကတော့ မတူပီ ပြီးတော့ တခြား မြို့နယ် တချို့မှာပေါ့နော်။ အဲဒါတွေတော့ ရှိတယ်။ အဲဒီလိုမျိုး တိုက်ပွဲ အကြီးအကျယ်တော့ မရှိပါဘူး။ သူတို့မှာ နယ်မြေ ရှင်းလင်းရေး၊ နယ်မြေစိုးမိုးရေး ဆိုပြီးတော့ အဲဒီ ခေါင်းစဉ် အောက်ကနေ စစ်ရေးထိုးဖို့ ပြင်ဆင်နေတယ်လို့တော့ ကျနော်တို့ ကြားပါတယ်။
မေး။ ။ ချင်းပြည်နယ်ရဲ့ လတ်တလော အုပ်ချုပ်မှုအပိုင်းကရော ဘယ်လို ရှိပါသလဲ။ ချင်းတော်လှန်ရေး တပ်တွေက ဘယ်လောက်အထိ ထိန်းချုပ်ထားနိုင်တယ်လို့ ပြောလို့ရပါသလဲ။
ဖြေ။ ။ အခု အနေအထားအရ ဆိုရင်တော့ ၇၅ ရာခိုင်နှုန်းလောက် ကျနော်တို့ ထိန်းချုပ်ထား နိုင်တယ်လို့ ပြောလို့ရပါ တယ်။ ဒါပေမယ့် မတ်လဆိုရင် ပွင့်လင်းရာသီ ရောက်ပြီဆိုတော့ သူတို့ဘက်က (စစ်ကောင်စီ) စစ်ဆင်ရေးတွေ ပိုပြီး ထိုးလာမယ်တော့ ကျနော်တို့ သုံးသပ်တယ်။
အဓိကက ချင်းပြည်နယ် ၉ မြို့နယ်ရဲ့ မြို့ပေါ်တွေမှာတော့ သူတို့က(စစ်ကောင်စီ) အုပ်ချုပ်ရေးက တည်ဆောက်နိုင် တယ် ပြောရမယ်။ ဒီလို တည်ဆောက်တယ် ဆိုတာက CDM လုပ်တဲ့ စစ်တပ်ရော၊ ရဲရော၊ ဝန်ထမ်းတွေရော ကိုတော့ ဆက်ပြီး မထိန်းချုပ်နိုင်ဘူး။ မြို့ပေါ်မှာတော့ သူတို့က ခြေကုပ်ယူတာ ၉ မြို့လုံးတော့ သူတို့ ခြေကုပ်ယူပါတယ်။ တော ထဲ နယ်ထဲတော့ ရာနှုန်းပြည့်နီးပါး သူတို့ (စစ်ကောင်စီ) ထိန်းချုပ်မှု မရှိဘူး။ မြို့ပေါ်ရယ်၊ တမြို့နယ်နဲ့ တမြို့နယ် ဆက် သွယ်တဲ့ လမ်းမကြီးရယ်၊ အဲဒီ တလျှောက်ကတော့ သူတို့ လှုပ်ရှားနေတာတော့ ရှိပါတယ်။ တခြား တောထဲ နယ်ထဲမှာ တော့ ဘာမှ လှုပ်ရှားမှုတော့ မရှိဘူးပေါ့နော်။
မြို့ပေါ်မှာ စစ်ရေးအရ လှုပ်ရှားမှုတော့ လည်ပတ်နေတယ် ပြောလို့ရပါတယ်။ သို့သော် ဌာနဆိုင်ရာ လုပ်ငန်းတွေက တော့ လုံး၀ မလည်ပတ်ဘူးလို့ ပြောလို့ရပါတယ်။ ၁၀၀ မှာ ၃၀ ရာခိုင်နှုန်းလောက်ပဲ လည်ပတ်တယ်လို့ ပြောရမှာပေါ့။ ဝန်ထမ်းတွေ ဆိုတာကလည်း ၁၀ နာရီကနေ ၁၂ နာရီထိ ရုံးတက်လိုက်၊ ပြန်လာလိုက်နဲ့ ရုံးတက်တဲ့ ဝန်ထမ်းတွေက မစုံတော့ဘူး ဆိုတော့ ဝန်ထမ်းတွေကို အမိန့်ပေးဖို့၊ သူတို့ရဲ့ ထိန်းချုပ်မှု ဆိုတာလည်း ဘာမှ မလုပ်နိုင်ဘူး။ စစ်တပ်ရဲ့ လုံခြုံရေး အဆင့်လောက်ပဲ မြို့ပေါ်မှာ သူတို့ ထိန်းချုပ်နေတာ တွေ့ရတယ်။
မေး။ ။ လက်ရှိ အခြေအနေအရ ချင်းတောင် တိုက်ပွဲတွေမှာ ချင်းတော်လှန်ရေး တပ်တွေရဲ့ အခက်အခဲက ဘာတွေရှိ လဲ။
ဖြေ။ ။ အဓိကက ရှင်းရှင်းပြောရရင်တော့ လက်နက်ခဲယမ်း အခက်အခဲ ရှိတာပေါ့နော်။ သူတို့နဲ့ ယှဉ်ရင် လက်နက်ခဲ ယမ်းမှာတော့ အင်မတန်မှ အားနည်းတယ် ပြောလို့ရတယ်။ အဲဒီမှာတော့ ကျနော်တို့ အခက်အခဲ ရှိတယ်။ နောက် တခုကတော့ ပြောက်ကျားတပ်ဖွဲ့ ၊ ဒေသခံ တပ်ဖွဲ့တွေလည်း အနည်းနဲ့ အများတော့ ဒီတိုက်ပွဲ အမိန့်ပေးမှု စနစ် အောက်မှာ နည်းနည်းတော့ အားနည်းချက်တော့ ရှိတာပေါ့။ အဲဒါက လွဲလို့ ကျန်တာကတော့ အိုကေပါတယ်။ ရှိသမျှ လက်နက်တွေရော တူးမီးတွေရော စနစ်တကျ သုံးတတ်အောင် လုပ်ပြီးတော့ အတတ်နိုင်ဆုံး အဲဒီလိုနဲ့
တိုက်ပွဲ ဝင်နေတာပါ။
မေး။ ။ ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ ချင်းအမျိုးသားနေ့ကို စစ်ကောင်စီက ပြုလုပ်တဲ့ အပေါ်မှာရော ချင်းလူထုတွေရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ CNF အနေနဲ့ ဒီ ၇၂ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဦးတည်ချက် ၃ ရပ်နဲ့ ဆင်နွှဲ ကျင်းပကြဖို့ ချင်း ပြည်သူတွေကို တပ်လှန့်ထားတာ။ အဲဒါကတော့ ပထမဦးဆုံး စစ်အာဏာရှင် ဖြုတ်ချရေး၊ ချင်းအမျိုးသား တည် ဆောက်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ ချင်းအမျိုးသားနေ့ကို ကျင်းပကြဖို့ ပြည်တွင်းရော၊ ပြည်ပ ရော ချင်းလူမျိုးတွေ ရောက်ရှိရာ နေရာတိုင်းကို တပ်လှန့်ထားတာ ဖြစ်တယ်။ အဓိက ကတော့ ချင်းပြည်နယ် မြို့ပေါ် တွေမှာ ချင်းအမျိုးသားနေ့ ကျင်းပဖို့ စစ်ကောင်စီက ပြင်ဆင်နေတာတွေ ရှိပါတယ်။ ဒါပေမယ့် အဲဒါတွေက ဘယ်သူမှ စိတ်ဝင်စားတာ မဟုတ်ဘူး။
ဒီနေ့ ဒီအချိန်မှာ စစ်ကောင်စီက လုပ်တဲ့ ချင်းအမျိုးအသားနေ့ဆိုတာ အတွေ့အကြုံအရဆိုရင် သူတို့က အရင်က ချင်း အမျိုးသားနေ့အစား ချင်းပြည်နယ်နေ့ဆိုပြီး အစားထိုး ကျင်းပခဲ့တယ်။ နောက် ကျနော်တို့ CNF အနေနဲ့ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ NCA လမ်းကြောင်းကနေ လိုက်လျှောက်ပြီးတော့ ချင်းအမျိုးသားနေ့ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြန်ကျင်း ပ ခွင့်ရတယ်။ ဒါပေမယ့် စစ်ကောင်စီ အာဏာသိမ်းလာတော့ အဲဒါတွေ ချင်းအမျိုးသားနေ့ဆိုပြီး သူတို့ (စစ်ကောင်စီ) ကျင်းပတာဟာ NCA လမ်းကြောင်းလည်း ပျက်ပြယ်သွားတယ်။ ၂၀၀၈ ဖွဲ့စည်းပုံလည်း ဘာမှ အသက်မဝင်တော့ဘူး ဆိုတော့ စစ်ကောင်စီက ကျင်းပတဲ့ ချင်းအမျိုးသားနေ့ဆိုတာ ဟန်ပြ။ ပြည်သူလူထုကို သူတို့ဘက် ပါအောင်လို့ ကျနော် တို့ ရှိနေပါတယ်၊ အမျိုးသာနေ့ကို အသိအမှတ် ပြုပါတယ်ဆိုတဲ့ ပုံစံနဲ့ လုပ်နေတဲ့ ချင်းအမျိုးသားနေ့က နိုင်ငံ ရေးအရ သော်လည်းကောင်း၊ အမျိုးသားရေး အရသော်လည်းကောင်း လုံး၀ အနှစ်သာရ ကင်းမဲ့တဲ့ အမျိုးသားနေ့ ကျင်းပတာ ဖြစ်မှာပါ။ အဲဒါကြောင့် ပြည်သူက သော်လည်းကောင်း ဘယ်သူမှ စိတ်မဝင်စားပါဘူး။
စစ်ကောင်စီ အာဏာသိမ်းပြီး NUG နဲ့ သဘောတူ လက်မှတ် ရေးထိုးထားတယ်။ ပြီးတော့ ဒီက ဒေသခံ ကာကွယ်ရေး တပ်တွေရော၊ CDM တွေရော ပြည်တွင်း ပြည်ပက ချင်းအမျိုးသား တရပ်လုံးနဲ့ရော တသွေးတည်း တသားတည်း ကျနော်တို့ စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ရပ်တည်နေတဲ့ အချိန်နဲ့ အမျိုးသားနိုင်ငံရေး ရေချိန်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရေချိန်ကို အမြင့်ဆုံး ခင်းပြီးတော့ လှုပ်ရှားနေတဲ့ အချိန် ဖြစ်တယ်လို့ ပြောလိုပါတယ်။
မေး။ ။ အပေါ်မှာ ပြောခဲ့သလို ပွင့်လင်းရာသီ ရောက်လာပြီဆိုရင် စစ်ကောင်စီဘက်က ထိုးစစ် ဆင်လာတာမျိုးတွေ ဖြစ်လာနိုင်တော့ စစ်ရေးအရ ဘယ်လို ပြင်ဆင်ထားပြီး တုံ့ပြန်မလဲ။
ဖြေ။ ။ ၇၅ ရာခိုင်နှုန်း ထိန်းချုပ်လို့ ရတယ်ဆိုတာ ခု ကျေးလက်ဒေသတွေ အားလုံး နီးနီးမှာ ဒီပလက်၀ မြို့နယ်က လွဲ ရင် ကျနော်တို့ စာသင်ကျောင်းလေးတွေ၊ လူမှုရေး လုပ်ငန်းတွေ၊ ဆေးခန်းတွေ ကျနော်တို့ ကိုယ့်ဘာသာ လုပ်နေ တယ်။ ဒါပေမယ့် ရေရှည်မှာ အဲဒါတွေက ပြည်သူ လူထု လုံခြုံရေး၊ ဒေသလုံခြုံရေးအတွက် အဲဒါတွေရှိမှပဲ ဆက်လက် ပြီးတော့ လုပ်ဆောင်နိုင်မယ့် အနေအထား ဖြစ်နေပါတယ်။ စစ်ရေးအရ ပြည်သူ့ လုံခြုံရေးကိုတော့ အတတ်နိုင်ဆုံး ဘယ်လောက်ထိ ယူနိုင်မလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။
ယခင်ကထက် ဒီနှစ်ကတော့ ကျနော်တို့အတွက် တကယ့် စိန်ခေါ်ပွဲ။ အမျိုးသားရေး၊ အမျိုးသား နိုင်ငံရေးအတွက် တကယ့် စိန်ခေါ်ပွဲကြီး ဒီနှစ်ကတော့ ဖြစ်မှာပါ။ ကျနော်တို့က အဲဒီလိုပဲ သုံးသပ်ထားပြီးသား။ အဲဒီအတွက် အတတ်နိုင် ဆုံး ဆက်လက် ဆောင်ရွက်ဖို့ စစ်ရေးအရ ကျနော်တို့က အကောင်းဆုံးတော့ ပြင်ဆင်ထားတာ ပေါ့နော်။
မေး ။ ။ ချင်းမှာတော့ လက်တလော တိုက်ပွဲတွေ ငြိမ်နေတယ်ပေါ့နော်။ ဒါပေမယ့် ကရင်နီလို တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေက ပြင်းထန်ပြီး နေ့စဉ် ဆိုသလို ဖြစ်နေတယ်။ စစ်ကိုင်းတို့ မကွေးတို့လို မြေပြန့်မှာဆိုလည်း တိုက်ပွဲတွေ ရှိနေတာပါပဲ။ အဲဒီတော့ စစ်ကောင်စီနဲ့ ရင်ဆိုင်နေရတဲ့ လက်နက်ကိုင် အဖွဲ့တွေကို အကြံပြုချင်တာ ဘာများ ရှိမလဲ။
ဖြေ ။ ။ စစ်ကောင်စီရဲ့ လုပ်ရပ်ကို တလျှောက်လုံး ကြည့်လိုက်ရင် စစ်ကောင်စီရဲ့ စစ်ရေးဗျူဟာက စစ်မျက်နှာပြင် တခု တည်းမှာ သာလွန် အင်အားနဲ့ ထိုးစစ်ဆင်ပြီးတော့ စစ်အောင်နိုင်ရေးကို အသုံးပြုလေ့ရှိပါတယ်။ တကွက်တနေရာပဲ ဖွင့်ခဲ့တာ တွေ့ရတယ်။ စစ်မျက်နှာကို အများကြီး ဖွင့်လိုက်ရင် သူတို့ဘက်က အင်အားက ယုတ်လျော့နိုင်တယ်။ သူတို့ လုပ်ရပ်က တကွက် တနေရာ လုပ်လေ့ရှိတယ်။ အဲဒါကို ကျနော်တို့ သတိထားဖို့ လိုတယ်။ အဲဒါကြောင့် ဒီ စစ်ဆင်ရေး ခွင်ကို စစ်မျက်နှာများများ ဖွင့်နိုင်အောင်က ကျနော်တို့ဘက်က လုပ်ရပါမယ်။
အဲဒါမှသာ ဟိုဘက်က အင်အား အလုံးအရင်း မသွားနိုင်အောင်ဆိုပြီးတော့ ကျနော်တို့က အင်အား ခွဲထုတ်တဲ့ ဗျူဟာ ရှိဖို့ ကျနော်တို့ဘက်က ဖွင့်ဖို့ အများကြီးလိုပါတယ်။ အဲဒီအတွက်က ဒီ ဒေသခံကာကွယ်ရေးဆိုတာ ချင်းဒေသခံ ကာ ကွယ်ရေးတင် မဟုတ်ပါဘူး။ ပြည်မက PDF တွေရော တခြားဒေသက ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေရော ကျနော် တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရော ဒီအချိန်မှာ စုစုစည်းစည်းနဲ့ စစ်ရေးအရ ဟန်ချက်ညီညီ ထိုးစစ်ဆင်နိုင် ဖို့က အဓိက ဖြစ်ပါတယ်။ အဲဒါမှသာ သူတို့ အင်အားကို ခွဲလို့ ရမှာပါ။ သူတို့ လုပ်လေ့ လုပ်ထရှိတဲ့ဗျူဟာကို ကျနော် တို့ နားလည်ပြီးသား၊ အဲဒီအပေါ်မှာ ကျနော်တို့ရှိတဲ့ အင်အားနဲ့ ကျနော်တို့ စုစုစည်းစည်းနဲ့ လုပ်ဖို့ လိုပါတယ်။
ဒီနေ့ဒီအချိန်မှာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်တွေရော၊ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေရော၊ CDM ရော စစ်ကောင်စီကို ဆန့်ကျင်တဲ့ အစုအဖွဲ့ အသီးသီးကနေ ဒါကို သိထားဖို့ လိုပါတယ်။ အဲဒါကို ကျနော်တို့ ဘယ်လို တုံ့ပြန် ရမလဲ ဆိုရင် စစ်ကောင်စီရဲ့ သာလွန်အင်အားနဲ့ တနေရာ တကွက်တည်းမှာ ထိုးစစ် မဆင်နိုင်ဖို့ ကျနော်တို့ အချိတ် အဆက်ရှိရှိနဲ့ ဟန်ချက်ညီညီ စစ်ရေးကို ပူးတွဲပြီးတော့ ဆောင်ရွက်ဖို့ လိုပါတယ်။
You may also like these stories:
စစ်ရှိန်မြင့်လာတဲ့ ချင်းတောင်တန်း
အထိနာလာသော စစ်ကောင်စီ လေကြောင်းစစ်ကူဖြင့် ရမ်းကားနေ
စစ်ကောင်စီ လမ်းပိတ်ထား၍ ချင်းတောင်ပိုင်း မြို့နယ်တချို့ စားနပ်ရိက္ခာ ပြတ်နေ