လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ငွေစက္ကူ အတုရောင်းဝယ်သည့် ငွေအတုဖြန့်ဖြူးရေးလုပ်ငန်း၊ ငွေအတုရောင်းဝယ်ရေး၊ ငွေစက္ကူရောင်းဝယ်ရေး၊ ငွေအတု ဖြန့်ချီရေး စတဲ့ စာမျက်နှာများတွေ့ရှိလာခဲ့ပြီးနောက်ပိုင်း စျေးကွက်ထဲတွင်လည်း ငွေစက္ကူအတုတွေ့ရှိသူများရှိလာသည်။
မြန်မာကျပ်ငွေ စက္ကူ အတုများကိုမည်သည့် ရည်ရွယ်ချက်ဖြင့် ထိုကဲ့သို့ ဖြန့်ဖြူးရောင်းချနေကြသည်ကို အသေးစိတ် မသိရှိရသေးသော်လည်း စစ်တပ်ကနိုင်ငံအာဏာသိမ်းခံထားရမှု၊ ကိုဗစ်ဂယက်နှင့် ရေမီးပျက်သည့် ဒဏ်၊ စီးပွားရေးကျဆင်းမှု ဒဏ်ခံစားနေကြရသည့် လူထုအတွက် စိုးရိမ်စရာ တခုထပ်တိုးစေခဲ့သည်။
ထို့ကြောင့် ငွေစက္ကူ အတု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတဦးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ ငွေစက္ကူအတု ကြုံခဲ့ရပုံ ရှင်းပြပါဦး။
ဖြေ ။ ။ ကျမက ဆောက်လုပ်ရေး ပစ္စည်းဆိုင်ဖွင့်ထားတာဆိုတော့ ငွေက တနေ့နဲ့တနေ့ အဝင်အထွက်ကတော့ အမြဲတမ်း ရှိတယ်။ အရောင်းအဝယ်ကတော့ နည်းနည်းလေးလည်း ရှုပ်နေတယ်။ သတိထားမိတဲ့ ညနေပိုင်း ငွေတွေ ပြန်စစ်တဲ့အခါ ကျတော့မှပဲ အဲဒီအထဲကမှပဲ ၅ သိန်းတန် တအုပ်ထဲက တရွက်တော့ ပါလာတယ်။ ပါလာတော့ နည်းနည်းလေး ပြောင်းလဲ နေတော့မှပဲ သိတယ်။
သေချာလေး ကြည့်လိုက်တဲ့ အခါကျတော့ အသားက နည်းနည်း ကွာနေတယ်။ စက္ကူသားနဲ့ ပိုက်ဆံသားက သိသာတယ် လေနော်။ ကွာနေတာနဲ့ သေချာကြည့်လိုက်တဲ့ အခါမှာတော့ သူက အတုဖြစ်နေတာပေါ့နော်။ သူက အတုဖြစ်နေတာ ပေါ့နော်။
ပိုက်ဆံကတော့ အရမ်း အများကြီးတော့ မဟုတ်ဘူးပေါ့နော်။ ငါးထောင်တန် တအုပ်။ အဲဒီ ငါးသိန်းထဲကမှ ငါးထောင်တန် တရွက်ထဲပါ။
မေး။ ။ အတုအစစ်ကို ဘယ်လိုပုံစံနဲ့ ခွဲခဲ့လဲ။ ငွေစက္ကူအတုက သိသာလား။
ဖြေ။ ။ ပိုက်ဆံအတုက နည်းနည်း အလုပ်ရှုပ်တဲ့သူဆိုရင်တော့ တရွက်ချင်း စိစစ်ဖို့ မနိုင်ဘူးလေ။ ဒီလိုပဲ ကြည့်လိုက်တာနဲ့ မသိသာဘူးလေ။ တရွက်ချင်းစီ သေသေချာချာလေးကြည့်မှ သူက ပိုပြီးသိသာတာပေါ့နော်။ ဒီအတိုင်းပဲ မြန်မြန် စစ်လိုက် မယ်ဆိုရင်တော့ မသိသာဘူးပေါ့။ သူက ဘယ်လိုကွာလဲ ဆိုရင်က အဓိက ကိုင်ရတာ စက္ကူသား ကွာတယ်။ ပိုက်ဆံနဲ့ စက္ကူသား ဒီပိုက်ဆံ အတုနဲ့က တော်တော်ကွာတယ်။ ပိုက်ဆံအတုရဲ့ စက္ကူသားက ချောချောကြီးပေါ့။ တကယ့် ပိုက်ဆံ အစစ်မှာတော့ စက္ကူသားက နည်းနည်း ကြမ်းတယ်။ အဲဒီဟာက သိသာတာ တချက်။ နောက်တခုက အရောင်ပေါ့နော်။ ဆေးအရောင် လည်း ကွာတယ်။ အတုက ဆေးအရောင်က မည်းမည်းကြီး ဖြစ်နေတာပေါ့။ ဒါကလည်း သေချာကြည့်မှ သတိထားမိတာပေါ့။
ကျမလည်း တရွက်ရတုန်းက သေချာလား မသေချာလားဆိုပြီး ဖြစ်ခဲ့တာ။ ငွေမျှင်ပါလားဆိုပြီး ကြည့်လိုက်တော့လည်း ငွေ မျှင်လည်း ပါတယ်။ ငွေကြိုးပါလို့ အစစ်လားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ အရောင်က ကွာနေတော့ ထပ်ပြီး အရုပ်ကို စစ်ကြည့်တယ်။ အရုပ်ကလည်း အရိပ်က ထင်နေတယ်။ ရုတ်တရက်ကြည့်လိုက်တော့ အရိပ်လည်း ပါနေတယ်။ အဲဒါနဲ့ အစစ်လားဆိုပြီး ဒွိဟဖြစ်နေတဲ့အချိန် သေချာကြည့်တော့ ငွေကြိုးတော့ ငွေကြိုးပါတယ်။ အရောင်ပြောင်းတဲ့ ငွေကြိုး မဟုတ်ဘူး။
ကျမ တွေ့တဲ့ ပိုက်ဆံ အတုမှာတော့ အရောင်ပြောင်းတဲ့ ငွေကြိုး မတွေ့ဘူး။ နောက်တော့ ဆင်အရုပ်ရဲ့ အရိပ် ပေါ့။ ပထမတော့ ဆင်အရုပ်ရဲ့ အရိပ်ကို အရိပ်စစ်ဆိုပြီး ထင်ခဲ့တာ။ အဲဒီလို အရိပ်လို့ ထင်အောင် ဆေးရိုက်ပြီး ထပ်ထည့် ထားတာ။ ရုတ်တရက် ကြည့်လိုက်ရင်တော့ အရိပ်။ သေချာ ကြည့်လိုက်ရင်တော့ ဆေးရိုက်ထားတာ။ ဆေးအဖြူနဲ့ ဆင်ရုပ် ကို ရိုက်ထားတာ။
အဲဒီတော့ မသိရင် ရုတ်တရက် ထောင်ကြည့်ရင် အရိပ်လို့ပဲ ထင်ရတာ။ နောက်တော့ ဂဏန်း ရိုက်ထားတဲ့ နေရာမှာ လွဲ နေတာ။ ဆေးအဖြူပေါ်မှာ ရိုက်ထားတော့ လက်သန့်ဆေးရည်က ပိုက်ဆံမှာ ဘောပင်တွေနဲ့ ရေးထားတဲ့ စာတွေတောင် ရေးထားရင် လက်သန့်ဆေးနဲ့ ရေးထားရင် ပြန့်သွားတာ။ အဲဒါကို စဉ်းစားမိတာနဲ့ သေသေချာချာ သိသွားအောင် အတုနဲ့ အစစ်ကို ယှဉ်ပြီးတော့ လက်သန့်ဆေးရည်နဲ့ ဖြန်းကြည့်လိုက်တာ။ အဲဒီမှာ အစစ်က လုံးဝ မင်မရွေ့သွားဘူး။ ဘယ်လောက် ပဲ ဖြန်းဖြန်း စက္ကူသားက ပျော့ပျော့လေးပဲ ဖြစ်သွားတာ။ အတုက ကျတော့ ဘယ်လိုဖြစ်လဲဆိုရင် သူ ရိုက်ထားတဲ့ ဆေးက လုံးဝ ပျော်ကျသွားတာ။ အဲဒီမှာ ဂဏန်းတွေရော ဆင်ရုပ်တွေရော ဆေးပျယ်သွားတာ။
မေး။ ။ ငွေစက္ကူအတု တွေ့ပြီးတဲ့နောက် လုပ်ငန်းပိုင်း ထိခိုက်မှု ရှိလား။
ဖြေ။ ။ အခု ဒီရက်ပိုင်းထဲတော့ ပိုပြီးတော့ စစ်ဖြစ်တယ်။ ဒီပိုက်ဆံ အတုအစစ်ကို သေချာလေး သတိထားပြီး စစ်ဖြစ်တယ်။ ဒီရက်ပိုင်းထဲမှာလည်း ငွေအတုနဲ့ ပတ်သက်ပြီး ပို့စ်အတုတွေလည်း များလာပြီး ကြုံရတဲ့လူတွေလည်း များလာတယ်လို့ သိရတော့ ပိုပြီးတော့ သတိထားပြီးတော့ စစ်ဖြစ်လာတာပေါ့နော်။ ပိုက်ဆံအတုကတော့ အတုအစစ်ခွဲပြီဆိုရင် သေချာ အချိန်လေးပေးပြီးတော့ လုပ်ရမလို ဖြစ်နေတာပေါ့နော်။ အနည်းအကျဉ်း တရွက်၊ နှစ်ရွက်ပါတာ မသိသာပေမယ့် ဒီအများ ကြီး အုပ်လိုက်လာတဲ့ အခါကျတော့လည်း အချိန်ပေးပြီး ခွဲမှပဲ ရမှာလေ။ ပြီးတော့လည်း သေချာလေး ကြည့်တော့မှ သူ က သိရတာပေါ့လေ။
အခုနောက်ပိုင်း ပိုဆိုးတာက အရင်က ဆိုရင်တောင် ဒီလို ငွေကြိုးဆိုရင်တောင် ဒီလိုမျိုး အစစ် မဟုတ်ဘူး။ ဒီပရင်တာနဲ့ ထုတ်ထားလို့ အရောင်လောက်ပဲ ကွာမယ်လို့ ထင်ထားတာ။ အရောင်မပြောင်းတာဘာညာ အရင်တုန်းက အဲဒီလိုပဲ ခွဲတက်ကြတာ။ အခုကျတော့ ငွေကြိုးအစစ်ကိုပဲ ထည့်လာကြတယ်။ ပြီးတော့ အရိပ်ပုံစံတွေလည်း လုပ်လာကြတယ်။ ပိုပြီးတော့ ဒွိဟကျပြီး အတု အစစ် ခွဲရခက်လာတယ်။
မေး။ ။ ငွေစက္ကူအတုတွေ ဈေးကွက်ထဲရောက်လာတဲ့ အပေါ် စိုးရိမ်မှုပိုတိုးလာလား။
ဖြေ။ ။ ဒီ ၅၀၀၀၊ ၁၀၀၀၀ ဆိုတာ အဆင်ပြေနေတဲ့သူတွေအတွက်တော့ တရွက် နှစ်ရွက်က မသိသာပေမယ့် တကယ် ခက်ခဲနေတဲ့ ပြည်သူတွေအတွက်ကျတော့ တရွက်ဆို ဆိုသလောက် ထိခိုက်တော့ သူတို့က ၅၀၀၀ တန် ၁၀၀၀၀ တန် တွေကို အတုလုပ်တာ ဆိုတော့ ခက်ခဲနေတဲ့သူတွေ အတွက်ကျတော့ သိသာတဲ့ ပမာဏပေါ့။ ဒီဟာကို ခွဲဖို့ကြတော့လည်း မခွဲတက်တဲ့ သူတွေလည်း ရှိတော့ ခက်ခဲတာပေါ့။ စိုးရိမ်ရတာပေါ့။ ကိုယ်ကိုင်ထားတဲ့ ပိုက်ဆံက အတုအစစ်လား။ ကိုယ်သွားဝယ်တဲ့ ပိုက်ဆံက အတုလား အစစ်လားဆိုပြီး စိတ်ပူရတယ်။
အခုဆိုရင် ရောဂါတွေက ဖြစ်နေတာ ဆိုတော့ ဘာပဲပြောပြော လက်သန့်ဆေးနဲ့ ဖြန်းလိုက်တဲ့အခါမှာတော့ ပိုက်ဆံမှာ ကပ် နေတဲ့ ပိုးတွေ သေနိုင်တယ်။ ဒီပိုက်ဆံ အတုအစစ်ကိုလည်း ခွဲနိုင်တယ်။ တကယ်လို့ အတုရခဲ့မယ်ဆိုရင်လည်း လက်သန့် ဆေးရည်နဲ့ ဖြန်းလိုက်မယ်ဆိုရင် ကွဲထွက်သွားလို့ ဒီနည်းက အဆင်ပြေဆုံးပါပဲ။
You may also like these stories:
စက်သုံးဆီနှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ အဆမတန်မြင့်တက်နေ
လျှပ်စစ်မီး မမှန်သဖြင့် အထည်ချုပ် စက်ရုံတချို့ ရပ်ဆိုင်းမှု ရှိလာ