နော်ဝေးအခြေစိုက် တယ်လီနောအုပ်စု၏ မြန်မာနိုင်ငံက လုပ်ငန်းခွဲဖြစ်သော တယ်လီနောမြန်မာ အရောင်းအဝယ်ကိစ္စ သည် ပြီးခဲ့သည့်ရက်ပိုင်းတွင် စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပိုင်ရှင်အသစ်ကို အတည်ပြုပေးလိုက်ပြီ ဖြစ်သောကြောင့် အပြီးသတ်သွားခဲ့ပြီ ဖြစ်သည်။
တယ်လီနောမြန်မာကို လက်ဘနွန်အခြေစိုက် M1 အုပ်စုနှင့် မြန်မာပြည်တွင်းတွင် အာဏာသိမ်းစစ်အုပ်စု ခေါင်းဆောင်ပိုင်း များနှင့် နီးစပ်သည့် ဆက်ဆံရေးရှိသော ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုတို့ ဖက်စပ်ထူထောင်ထားသည့် Investcom PTE Ltd က ဝယ်ယူခွင့် ရရှိထားသည်။
ထိုသို့ စစ်အုပ်စုနှင့် နီးစပ်သည့် ကုမ္ပဏီတခုက ဆက်သွယ်ရေးအော်ပရေတာ တယ်လီနောမြန်မာ၏ အဓိကပိုင်ဆိုင်သူ ဖြစ်လာမည့်အပေါ် သုံးစွဲသူ ၁၈ သန်း၏ အချက်အလက်များသည် စစ်တပ်ဆီ ရောက်ရှိသွားမည်ဖြစ်ကို သုံးစွဲသူများနှင့် အရပ်ဖက်အဖွဲ့အစည်းများက စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
တယ်လီနောမြန်မာ အရောင်းအဝယ် အခြေအနေ၊ သုံးစွဲသူများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ စိုးရိမ်နေမှု အခြေအနေ များနှင့် ပတ်သက်ပြီး Investcom PTE Ltd ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စတာ Jamal Ramadan ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ တယ်လီနောမြန်မာရဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေကို M1 နဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်ထားတဲ့ Investcom PTE Ltd ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုလိုက်ပြီဆိုတော့ လုပ်ငန်းလွှဲပြောင်းမှုတွေက ဘယ် အချိန်လောက် အပြီးသတ်နိုင်ဖို့ ဖြစ်လာမလဲ။ အဲဒီ လုပ်ငန်းစဉ်ပြီးသွားရင် Investcom PTE Ltd အနေနဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို ဘယ်လိုပုံစံမျိုး ဆောင်ရွက်သွားဖို့ရှိမလဲ ခင်ဗျ။
ဖြေ ။ ။ လုပ်ငန်းလွှဲပြောင်းစဉ် ကာလအတွင်းမှာ M1 Group က တယ်လီနောမြန်မာရဲ့ သုံးစွဲသူတွေ၊ ဝန်ထမ်းတွေနဲ့ စီးပွားရေးမိတ်ဖက်တွေ အားလုံးအတွက် လုပ်ငန်းစဉ်ဆက်မပြတ်ရေး၊ အခြေကျရေးနဲ့ ယုံကြည်စိတ်ချမှု ရှိစေရန်အတွက် တယ်လီနောအုပ်စုနဲ့အတူ လက်တွဲလုပ်ဆောင်သွားမှာဖြစ်ပြီး လုပ်ငန်းလွှဲပြောင်းရယူမှုကို အမြန်ဆုံး ပြီးစီးအောင် ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။ လုပ်ငန်းကိုတော့ တယ်လီနောမြန်မာ အမည်အောက်မှာ ၄ လလောက် ဆက်လက် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ လုပ်ငန်းလွှဲပြောင်းမှုဆိုင်ရာ သဘောတူညီမှုကတော့ ၆ လလောက် ကြာမြင့်မယ်လို့ ခန့်မှန်းထားပါ တယ်။
Investcom PTE အနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍ တိုးတက်ရန်အတွက် ပါဝင်အားထုတ်သွားမှာ ဖြစ်ပါတယ်။ ဦးစွာ ပထမအနေနဲ့ ကျနော်တို့က မြန်မာပြည်သူတွေအတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်တဲ့နည်းလမ်းတွေနဲ့ဖြစ်စေ အလုပ်အကိုင် အခွင့်အလမ်း ၁၀၀၀ ကျော်ကို ပံ့ပိုးပေးသွားဖို့ ရည်ရွယ်ထားပြီး နိုင်ငံ့စီးပွားရေး ဦးမော့လာစေဖို့ အရေးပါတဲ့ အခြေ ခံအဆောက်အဦတွေ၊ Content ဖန်တီးသူတွေ၊ ဒီဂျစ်တယ်အက်ပလီကေးရှင်း တီထွင်ဖန်တီးသူတွေ စတဲ့ အလုပ်အကိုင်တွေအတွက် အကူအညီဖြစ်စေမယ့် စီးပွားရေးဂေဟစနစ်ကို ကူညီတည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။
မေး ။ ။ နောက်တခုက M1 ရဲ့ အခုမိတ်ဖက်ကုမ္ပဏီဖြစ်လာတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီနဲ့ တယ်လီနောမြန်မာလုပ်ငန်းတွေ ကို ဖက်စပ်လုပ်ကိုင်ဖို့ ဘယ်လို ဖြစ်လာတာပါလဲ။ အဲဒီ ရွှေဗျိုင်းဖြူကုမ္ပဏီက ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး အာဏာ ရယူထားတဲ့ စစ်အုပ်စုနဲ့နီးစပ်တဲ့ ကုမ္ပဏီဖြစ်တာကိုရော သိခဲ့ပါသလား။
ဖြေ ။ ။ စွပ်စွဲပြောဆိုနေတာတွေ အားလုံးဟာ အထောက်အထား မခိုင်လုံပါဘူး။ ကျနော်တို့မှာရှိတဲ့ အချက်အလက်တွေ အရ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုနဲ့ ပိုင်ရှင်တွေက စစ်တပ်နဲ့ဆက်နွယ်မှု မရှိသလို နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေမှာလည်း မပါဝင်နေပါဘူး။ မြန်မာနိုင်ငံမှာ နာမည်ကောင်းနဲ့ ရပ်တည်နေတဲ့ကုမ္ပဏီတခုသာ ဖြစ်ပါတယ်။ ပြည်တွင်းက ကုမ္ပဏီတခုနဲ့ ပူးပေါင်းဆောင်ရွက်တာက လုပ်ငန်းဆောင်ရွက်ခွင့် အတည်ပြုခြင်း စည်းမျဉ်းစည်းကမ်းတွေရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုကနေပြီးတော့ Investcom PTE ရဲ့ ရည်ရွယ်ချက်အတိုင်း မြန်မာနိုင်ငံက သုံးစွဲသူတွေ အတွက် အရေးပါတဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး လုပ်ငန်းလွှဲပြောင်းမှု ဆောင်ရွက် နေစဉ်မှာလည်း သက်ဆိုင်ရာအစုရှယ်ယာရှင် (Shareholder) တွေနဲ့ အတူလက်တွဲလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
မေး ။ ။ အခု Investcom PTE Ltd မှာ M1 က ၅၁ ရာခိုင်နှုန်းနဲ့ ရွှေဗျိုင်းဖြူက ၄၉ ရာခိုင်နှုန်းဆိုပြီး သိထားပါတယ်။ အဲဒီ အချက်က မှန်ကန်ပါလား။ ဧရာဝတီရဲ့ လေ့လာစုံစမ်းထားမှုအရ ရွှေဗျိုင်းဖြူကုမ္ပဏီက ရှေ့အနာဂတ်မှာ Investcom PTE Ltd ကုမ္ပဏီရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့်ရမယ်ပေါ့။ အဲဒီအခြေအနေကရော မှန်ကန်ပါသလား။
ဖြေ ။ ။ Investcom PTE မှာ ပါဝင်တဲ့ M1 Group ရဲ့ ပိုင်ဆိုင်မှုဟာဆိုရင် လွှဲပြောင်းကာလ ပြီးသွားတဲ့အခါမှာ ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်မှုကို ရရှိမှာ ဖြစ်ပါတယ်။ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု အနေနဲ့ကတော့ ကုမ္ပဏီရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းထိ ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် Investcom PTE ရဲ့ အဓိက ရည်မှန်းချက်တွေကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘဲ တယ်လီနောမြန်မာရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ဆက်လက် ထိန်းသိမ်းသွားမှာဖြစ်ပြီး ကျနော်တို့ Customer တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ဆက်စပ်လုပ်ကိုင်သူတွေနဲ့ အဖွဲ့ဝင်တွေအတွက် ချိတ်ဆက်မှုတွေကို သေ ချာအောင် ဆောင်ရွက်ပြီး အာမခံမှုရှိအောင် လုပ်ပေးသွားမှာ ဖြစ်ပါတယ်။
မေး ။ ။ လူ့အခွင့်အရေးအဖွဲ့တွေရော၊ ပြည်တွင်းက သုံးစွဲသူတွေမှာရော သုံးစွဲသူတွေရဲ့ အချက်အလက်တွေ စစ်တပ်ဆီ ကို ရောက်သွားမလားဆိုတဲ့ စိုးရိမ်ချက် ရှိတယ်ပေါ့။ အဲဒီအပေါ်ရော M1 အနေနဲ့ ဘယ်လို လူ့အခွင့်အရေးစံနှုန်းတွေ ဆုပ် ကိုင်ပြီး ဆောင်ရွက်သွားမလဲ။
ဖြေ ။ ။ M1 Group ဟာ လုပ်ငန်းလုပ်ကိုင်ရာ နိုင်ငံရဲ့ သက်ဆိုင်ရာဥပဒေနဲ့ လူ့အခွင့်အရေးတွေကို အရင်ကလည်း လိုက်နာခဲ့သလို အခုလည်း ဆက်လက် ကျင့်သုံးသွားမှာဖြစ်ပြီး တချိန်တည်းမှာပဲ စားသုံးသူအကာအကွယ်ပေးရေး စည်းမျဉ်းများ အထူးသဖြင့် သတင်းအချက်အလက် လုံခြုံမှု၊ ခိုင်မာမှု၊ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု၊ ကွန်ယက်ဆက်သွယ်မှု၊ အင်တာ နက် ရရှိမှု၊ အသုံးပြုမှုနဲ့ အခြားစည်းမျဉ်းတွေကို လိုက်နာဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။
Investcom PTE အနေနဲ့လည်း ကမ္ဘာ့ဆက်သွယ်ရေး အော်ပရေတာတွေရဲ့ သတ်မှတ်စံနှုန်းများအတိုင်း ကျင့်သုံးကာ သုံးစွဲသူတွေအတွက် နိုင်ငံအနှံ့အတားအဆီးမရှိ ဆက်သွယ်ရေး ချိတ်ဆက်နိုင်ဖို့အတွက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကျနော်ကတော့ ကုမ္ပဏီအသစ်တခုကို အကဲဖြတ်တဲ့နေရာမှာ ထင်မြင်ယူဆချက်တွေနဲ့ မဟုတ်ဘဲ ကုမ္ပဏီရဲ့ လုပ်ဆောင် ချက်တွေအပေါ်ကို ကြည့်ပြီးအကဲဖြတ်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖိတ်ခေါ်ချင်ပါတယ်။
မေး ။ ။ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းထုတ်ပြန်ချက်မှာ M1 CEO ဖြစ်သူ Azmi T. Mikati ပြောကြားထားတာလည်း တွေ့ ပါတယ်။ အဲဒီမှာ တခုမေးစရာရှိတာ လုပ်ငန်းလည်ပတ်ရာမှာ နိုင်ငံရဲ့ ဥပဒေများကို လေးစားလိုက်နာပြီး ဆောင်ရွက်သွား မယ်ဆိုတာ ပါပါတယ်။ တကယ်လို့သာ စစ်ကောင်စီက ကြားဖြတ်နားထောင်တဲ့ ဆော့ဖ်ဝဲတွေ တပ်ဆင်ခိုင်းမယ်ဆိုရင် M1 အနေနဲ့ ဘယ်လို ဆောင်ရွက်သွားပါမလဲ။
ဖြေ ။ ။ M1 Group အနေနဲ့ ကမ္ဘာတဝှမ်းမှာရှိတဲ့ ကျနော်တို့ သုံးစွဲသူသန်းပေါင်းများစွာအပေါ် လူ့အခွင့်အရေးဆိုင်ရာ ကျင့်ဝတ်တွေချိုးဖောက်ဖို့နဲ့ တရားဥပဒေမဲ့ ကြားဖြတ်နားထောင်တဲ့စနစ်တွေ တောင်းဆိုလာမှုကို လိုက်လျောလုပ်ဆောင်မှာ မဟုတ်ဘဲ တရားဝင် ဥပဒေဆိုင်ရာ ကျင့်ဝတ်ကျင့်ထုံးများကိုသာ လိုက်နာသွားမယ်လို့ သန္နိဋ္ဌာန်ချမှတ်ထားပါတယ်။ M1 အနေနဲ့ ဥပဒေမဲ့ ကြားဖြတ်နားထောင်ခြင်း တောင်းဆိုမှုတွေကို မည်သည့်နိုင်ငံတွင်မှ လက်ခံသွားမှာ မဟုတ်ပါဘူး။
Investcom PTE အနေနဲ့ တယ်လီနောမြန်မာက ချမှတ်ထားတဲ့ လုပ်ဆောင်မှု နိယာမတွေအတိုင်းသာ ဆက်လက် လိုက်နာ လုပ်ဆောင်သွားမှာဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေနဲ့ စည်းမျဉ်းတွေအတိုင်း သုံးစွဲသူအခွင့်အရေးကို ထိန်းသိမ်း သွားမှာ ဖြစ်ပါတယ်။ ထုတ်ပြန်ချက်တချို့မှာ ဖတ်ရှုရတာကတော့ ကြားဖြတ်နားထောင်တဲ့စနစ်တွေကို မြန်မာပြည်က ဝန်ဆောင်မှုတွေမှာ ထည့်သွင်းတာက ဥရောသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုဆိုင်ရာ သတ်မှတ်ချက်ကို ဖောက်ဖျက်ရာကျပါတယ်။ ကျနော်တို့ M1 အုပ်စုနဲ့ ကျနော်တို့ မိတ်ဖက်ကုမ္ပဏီ Investcom PTE အနေနဲ့ ပိတ်ဆို့အရေးယူမှုဆိုင်ရာ သတ်မှတ်ချက်တွေကို ဘယ်တော့မှ သွေဖယ်ပြီး လုပ်ဆောင်သွားမှာ မဟုတ်ကြောင်း ခိုင်မာစွာ ပြောကြားချင်ပါတယ်။
မေး ။ ။ နောက်ဆုံးအနေနဲ့ အခု ပြည်တွင်းမှာ မြန်မာစစ်တပ်ရဲ့ ကုမ္ပဏီတွေ၊ စစ်တပ်နဲ့ နီးစပ်တဲ့ကုမ္ပဏီတွေအပေါ် သပိတ်မှောက်မှုကို တော်တော်လေးခံနေကြရတယ်။ သူတို့နဲ့ ဖက်စပ်လုပ်ကြတဲ့ တချို့နိုင်ငံခြားကုမ္ပဏီတွေ ထွက်ခွာတာ၊ လုပ်ငန်းရပ်ဆိုင်းခဲ့ကြတဲ့ သတင်းတွေ တွေ့မယ်ထင်ပါတယ်။ M1 အနေနဲ့ရော အဲဒီစိန်ခေါ်ချက်အပေါ် စိုးရိမ်မှုရှိပါသလား။ ဘယ်လို ကျော်ဖြတ်ဖို့ ပြင်ဆင်ထားပါသလဲ။
ဖြေ ။ ။ စစ်တပ်နဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အထောက်အထား ခိုင်လုံမှုမရှိတဲ့အတွက် ကျနော်တို့ အနေနဲ့ အဲဒီလို အခြေအနေမျိုး ကြုံတွေ့ရမှာ မဟုတ်ဘူးဆိုတာ သေချာပြောကြားလိုပါတယ်။ မြန်မာနိုင်ငံက ပြည်သူတွေ အနေနဲ့ မရေရာမှုတွေနဲ့ ကြုံတွေ့နေရတဲ့အချိန်မှာ M1 အုပ်စုအနေနဲ့ တခြားသော လုပ်ငန်းများကဲ့သို့ ရှောင်ဖယ်မသွား ဘဲ ထောက်ပံ့မှုတွေကို ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့လုပ်ငန်းရဲ့ အဓိက ကွဲပြားခြားနားချက် တခု ကတော့ အခြားသော တယ်လီကွန်းကုမ္ပဏီတွေက အခက်အခဲများတယ်လို့ သတ်မှတ်ထားတဲ့ ဈေးကွက်နေရာတွေမှာ လုပ်ငန်းအမှန်တကယ် ဖြစ်မြောက်အောင် လုပ်ဆောင်ပေးချင်စိတ် ရှိတာပါပဲ။
Investcom PTE အနေနဲ့ ကတိပြုနိုင်တာကတော့ အခက်ခဲဆုံး အခြေအနေတွေမှာတောင် လူတိုင်းအတွက် စိတ်ချရတဲ့ အရည်အသွေးမြင့် တယ်လီကွန်းတခုဖြစ်စေဖို့နဲ့ မြန်မာပြည်သူတွေရဲ့ လိုအပ်ချက်ဖြစ်တဲ့ အမှီခိုကင်းပြီး အားထားရတဲ့ အော်ပရေတာအဖြစ် ဝန်ဆောင်မှုပေးချင်တာပဲ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး မြန်မာနိုင်ငံက ပြည်သူတွေအနေနဲ့ ကျနော်တို့ ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်လုပ်ငန်းစဉ်တွေကို မြင်လာနိုင်ပြီး အသိအမှတ်ပြုကာ ကုမ္ပဏီကိုလည်း အားပေးထောက်ခံ သွားမယ်လို့ ယုံကြည်ပါတယ်။